News @ M-Media

Blog

  • လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    လက်တွင် ဆေးမင်ကြောင်ရှိသူများ ဝတ်ဆင်ပါက Apple Watch အပြည့်အ၀ အလုပ်မလုပ်

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    Apple CEO Tim Cook introduces the Apple Watch during an Apple event in San Francisco, California March 9, 2015.  REUTERS/Robert Galbraith (UNITED STATES  - Tags: SCIENCE TECHNOLOGY BUSINESS)   - RTR4SNIB

    – မကြာသေးမီက ထွက်ရှိခဲ့သည့် Apple Watch မှာ လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသူများ ၀တ်ဆင်ပါက ပုံမှန်အတိုင်း အလုပ်မလုပ်သည့် ပြဿနာများ ရှိနေသည်ဟု သုံးစွဲသူများထံမှ သိရသည်။

    လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူတစ်ယောက်က ၎င်း၏ Apple Watch မှာ ကွန်နက်ရှင် ပျောက်ပျောက်သွားပြီး နှလုံးခုန်နှုန်းကိုလည်း အတိအကျ မဖတ်ပေးနိုင်ဟု သတင်းနှင့် ဆိုရှယ်ဆိုက်တစ်ခုဖြစ်သည့် Reddit တွင် ပထမဆုံး ရေးသားခဲ့သည်။

    ထို့နောက် လက်ကောက်ဝတ်တွင် ဆေးမင်ကြောင်ထိုးထားသည့် သုံးစွဲသူအများအပြားကလည်း ၎င်းတို့မှာ ထိုကဲ့သို့ ပြဿနာမျိုးကို ရင်ဆိုင်နေရသည်ဟု ပြောဆိုမှုများ ရှိလာခဲ့သည်။ ဆေးမင်ကြောင် ဆေးထူသူများသည့် ဆေးပါးသူများထက် ထိုပြဿနာကို ပို၍ခံစားရပြီး ဆေးမင်ကြောင်မရှိသည့်လက်တွင် ပတ်လိုက်ပါက Apple Watch မှာ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်သည်ကိုလည်း တွေ့ရှိရသည်။

    Apple Watch တွင် လက်ကောက်ဝတ်အား စကန်ဖတ်သည့် လုပ်ငန်းစဉ် ပါရှိပြီး ထိုလုပ်ငန်းမှာ ဆေးမင်ကြောင်ကြောင့် အလုပ်မလုပ်ဘဲ နာရီကို လက်မှ ချွတ်လိုက်သည်ဟုဆိုကာ Lock ကျသွားတတ်ပြီး လုံခြုံရေး PIN နံပါတ်များကို တောင်းသောကြောင့် အသုံးပြုသူများမှာ နာရီအား လက်တွင် ပတ်ထားသော်လည်း PIN နံပါတ်များကို မကြာခဏရိုက်ထည့်နေရသည်။

    Apple Watch မှ နှလုံးခုန်နှုန်းကို တိုင်းတာရာတွင် အရေပြားသို့ဖြတ်၍ အလင်းစုတ်ယူမှုဖြင့် တိုင်းတာခြင်းဖြစ်သည်ဟု Apple မှ စောစောပိုင်းတွင် ရှင်းပြထားသည်။

    အဆိုပါ နာရီ၏ လက်ကောက်ဝတ်စကန်ဖတ်သည့် စနစ်ကို ပိတ်ထား၍ ရနိုင်သော်လည်း ထိုသို့ပိတ်ထားပါက Apple Pay ကို အသုံးပြုနိုင်တော့မည်မဟုတ်ချေ။ Apple ကမူ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    Ref: news.sky

  • အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    အလုပ်သမားတစ်ဦး မတော်တဆသေဆုံးမှုအတွက် အမေရိကန်အစားအသောက်ကုမ္ပဏီ တရားစွဲခံရ

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us food

    – အလုပ်သမားတစ်ဦးကို တူနာငါး ပေါင် ၁၂၀၀၀ နှင့်အတူ စက်ရုံ၏ မီးဖိုထဲတွင် အရှင်လတ်လတ် ချက်ပြုတ်မိခဲ့သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုဆိုကာ အမေရိကန်မှ Bumble Bee Foods အစားအသောက်ကုမ္ပဏီနှင့် ၎င်းတို့ မန်နေဂျာ ၂ ဦးအား လော့စ်အိန်ဂျလိစ် တရားရုံးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ အဖြစ်အပျက်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် အလုပ်သမား ဂျိုဆေး မီလီနာမှာ စက်ရုံရှိ ၃၂ ပေရှိသော မီးဖိုထဲတွင် သန့်ရှင်းရေးပြုလုပ်နေစဉ် လုပ်ဖော်ကိုင်ဖက်တစ်ဦက မီလီနာ အိမ်သာသွားနေသည်ဟု ထင်မှတ်ကာ မီးဖိုထဲတွင် တူနာငါးစည်းသွတ်ဘူးများကို ထည့်၍ မီးဖိုအား ဖွင့်ခဲ့ခြင်းဖြစ်သည်။

    အလုပ်သမားခေါင်းဆောင်က မီလီနာ ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သောကြောင့် စက်ရုံနှင့် ကားပါကင်တို့တွင် ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် အပူချိန် ၂၇၀ ဒီဂရီအထိ ရောက်သွားခဲ့သည့် မီးဖိုးထဲတွင် ၂ နာရီကြာပြီးနောက် မီလီနာ၏ အလောင်းကို တွေ့ရှိခဲ့ရသည်။

    တရားသူကြီးများကမူ ကုမ္ပဏီနှင့် မန်နေဂျာ ၂ ဦးတို့အား ကယ်လီဖိုးနီယား အလုပ်အကိုင်ရေးရာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့ OSHA မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟုဆိုကာ စွဲချက် ၃ ခုဖြင့် တရားစွဲဆိုခဲ့သည်။

    ပြစ်မှုထင်ရှားပါက မန်နေဂျာ ၂ ဦးမှာ ၃ နှစ်အထိ ထောင်ဒဏ်ကို ကျခံရမည်ဖြစ်ပြီး၊ ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ကုမ္ပဏီမှာ အမြင့်ဆုံးဒဏ်ကြေး ကန်ဒေါ်လာ ၁.၅ သန်းကို ပေးဆောင်ရဖွယ်ရှိနေသည်။

    Bumble Bee Foods ကုမ္ပဏီကမူ ၎င်းတို့မှာ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဒဏ်ကြေးအတွက် အယူခံဝင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီမှာ ယခင်ကလည်း OSHA ၏ စည်းကမ်းကို ချိုးဖောက်မှုကြောင့် ကန်ဒေါ်လာ ၇၄၀၀၀ ဒဏ်ငွေဆောင်ခဲ့ရဖူးသည်။

    Ref: RT

  • ဆူးငှက် – သက်တော်ရှည် မန္တလေးတက္ကသိုလ်

    ဆူးငှက် – သက်တော်ရှည် မန္တလေးတက္ကသိုလ်

    ဧပြီ ၂၉ ၊ ၂၀၁၅
    ဆူးငှက် ရေးသည်။
    dir-photo
    တကယ်တော့ မန္တလေးတက္ကသိုလ်ဟာ မြန်မာလူမျိုးများရဲ့ ၀ံသာနုစိတ်နဲ့ ဇာတိမာန်သက်သက်က တဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက် ခဲ့ ရတဲ့ မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့တဲ့ မြန်မာအမျိုးသား တက္ကသိုလ်ကြီးဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ စတင်ခဲ့တဲ့ သပိတ်တိုက်ပွဲရဲ့ အသီးအပွင့်လည်းဖြစ်ပါတယ်။ ဒီအသီးအပွင့်ကြောင့် ၁၉၂၅ ခုနှစ်မှာ မန္တလေးမြို့မိမြို့ဖများ အားထုတ်မှုနဲ့ မန္တလေး ဥပစာကောလိပ် ဖွင့်လှစ်ခွင့်ရခဲ့တယ်။

    ၁၉၂၀ခုနှစ် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသားကောလိပ်နဲ့ အမျိုးသားပညာရေးတောင်းဆိုမှုတွေနဲ့ အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ်တစ်ခုဖွင့်လှစ်ပေးဖို့ မန္တလေးမှာ ရှိကြတဲ့ ဗဟိုစည် ဦးဘဦး၊ ကျောက်စာ ၀န်တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောရင် မန္တလေးမြို့လူထုအနေနဲ့ ကိုယ့်အလှူငွေနဲ့ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမယ်လို့တင်ပြလာကြတယ်။ နိုင်ငံရေး မျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်း ဆိုကြတယ်။ တစ်ဆက်တည်း ၀ံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ပြည့်နှစ် တကသိုလ် အက်ဥပဒေကို ပြင်ဆင်ဖို့ ဥပဒေ အကြမ်းတင်ခဲ့တယ်။ ပထမအဆင့်အနေနဲ့ ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကို ပြင်ဆင်ဖို့ အတည်ပြုပေးခဲ့ရတယ်။ ဒါ့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ဖို့ ကော်မတီ ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာ ရှိတဲ့ သိပ္ပံကျောင်းဝင်းထဲက တစ်ထပ်အုတ်တိုက်နီကလေးမှာ ၁၉၂၅ ဇူလိုင် ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။

    အခုမန္တလေး တက္ကသိုလ်ဝင်းထဲ အ၀င်စ မုဒ်ဦးအကျော်လမ်း အရှေ့ဘက်က အုတ်တိုက်နီလေးပါ။ တက္ကသိုလ်သက်တမ်းတလျှောက်လုံး အင်ဂျင်နီယာရုံးအဖြစ် ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။အခုလက်ရှိမြင်နေရတဲ့မန္တလေး တက္ကသိုလ်ပင်မအဆောက်အဦးကြီးကတော့ ၁၉၂၁ခုနှစ်မှာ အုတ်မြစ် ချပြီး ၁၉၂၄ခုနှစ်မှာ စိုက်ပျိုးရေး သိပ္ပံရုံး အဖြစ် ဖွင့်လှစ်ခဲ့တာပါ။

    268696_248263078520740_100000111498246_1079748_2751383_n
    မန္တလေးဥပစာကောလိပ် စပြီး ဖွင့်လှစ်တော့ ကောလိပ်အုပ်ချုပ်ရေးအဖွဲ့မှာ ကပ္ပတိန်ကျော်ညွန့်က သဘာပတိအိဖြစ်ဆောင်ရွက်တယ်။ မစ္စတာ ထင်ဝီ(M.A)က ကျောင်းအုပ်ကြီးနဲ့ အင်္ဂလိပ်ဘာသာကထိက၊ ဦးဖိုးသာ (M.Sc)က ရူပဗေဒနဲ့ ဓာတုဗေဒကထိက၊ ဦးလှပေါ်ဦး (M.A) က သင်္ချာကထိက၊ ဦးဘကျား(B.A)က ပါဠိ မြန်မာစာ၊ မစ္စတာ အက်စ်ဒါမိုဒါရမ်က သိပ္ပံပညာနည်းပြတို့ ဖြစ်ကြတယ်။ မန္တလေး ဥပစာကောလိပ် စဖွင့်တော့ ကျောင်းသူ (၂)ယောက်အပါအ၀င်း ကျောင်းသား (၃၁)ယောက်ရှိတယ်။ ဖွင့်လို့တစ်နှစ်အကြာ ၁၉၂၆ခုသြဂုတ်လရောက်တော့ ဥပဒေပြုကောင်စီမှာ ရွှေတောင်ကြားပါတီက မန္တလေးဥပစာကောလိပ်က ကျောင်းသားနည်းလို့ ပိတ်ပါဆိုပြီး အဆိုတင်တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ မန္တလေးဥပစာ ပိတ်ပင်ရေး အစီအစဉ်ကတော့ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲအနေနဲ့ နောက်မဆုတ်ဘူး။

    ၁၉၃၀ခုနှစ်ရောက်တော့ မန္တလေးဥပစာကောလိပ် ပိတ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး မန္တလေးမြို့ မြို့မိမြို့ဖတွေကလည်း ကန့်ကွက်ကြတယ်။ အိမ်တော်ရာ ၁၄ခန်း ဇရပ်မှာလည်း ကျောင်းသားတွေက ရဟန်းပျိုသမဂ္ဂ ၊ ဈေးချိုတော်၊ မန္တလေးမြို့ခံတွေနဲ့အတူ ကန့်ကွက် သပိတ်မှောက်ကြတယ်။ ဒါကြောင့် မန္တလေးဥပစာကောလိပ်ပိတ်ရေးကိစ္စဟာ အောင်မြင်မသွားခဲ့ပါဘူး။ အင်္ဂလိပ် အစိုးရအနေနဲ့ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲကြောင့် အကျပ်အတည်းကျရောက်နေတာကြောင့်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့စစ်ကြီး ဖြစ်ပွားတော့ဖွင့်လှစ်ဆဲ မန္တလေးဥပစာကောလိပ်ကို ဥပစာကောလိပ်ရဲ့ကျောင်းသား ဟောင်း တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိ ဥပစာကောလိပ် ဓာတုဗေဒ ဆရာဖြစ်သူ ဦးကိုလေး (ဇေယျာမောင်)က စောင့်ရှောက်ရတယ်။ မန္တလေးလည်း စစ်ရောက်ရော ဥပစာကောလိပ်လည်း ပိတ်လိုက်ရတယ်။

    စစ်ကြီးပြီးတော့ မန္တလေးဥပစာ ကောလိပ်ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး (ဇေယျာမောင်)တို့ပဲ ပြန်လည် ဦးဆောင် ဆောင်ရွက်ကြတယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ကတော့ မသိလိုက်မသိဘာသာပါပဲ။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အစိုးရဖွဲ့တော့ ဦးရာဇတ် ၀န်ကြီးတာဝန်အယူ ရန်ကုန်ရောက်စဉ် မန္တလေးဥပစာကောလိပ်ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေးနဲ့ ထပ်မံကြိုးစားကြပြန်တယ်။ ဒါကြောင့် ၁၉၄၇ ခုမေလ၂၉ရက်နေ့မှာပဲ ဆရာဦးကိုလေး (ဇေယျာမောင်) ကို ကျောင်းအုပ်ကြီး အဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာဝန်ပေးလိုက်ပါတယ်။

    စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂတွေ ၊ ကျောင်းဆောင်တွေ ပြန်လည်ရရှိဖို့ အခက်အခဲအမျိုးမျိုးကို ဆရာဦးကိုလေး (ဇေယျာမောင်) ဟာ ကြိုးစားကျော်ဖြတ်ပြီး ၁၉၄၈ခု ဇွန်လရောက်မှ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။ စိုက်ပျိုးရေးသိပ္ပံရုံးအဖြစ် အသုံးပြုဆဲဖြစ်တဲ့ ပင်မအဆောင်ကြီးကိုလည်းမန္တလေးယူနီဗာစီတီကောလိပ်ပင်မစာသင်ဆောင်ကြီးအဖြစ် ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်ပွဲကို မန္တလေးမြို့လူထုကလည်း ၀မ်းပန်းတသာပါဝင်ဆင်နွှဲကြတယ်။ မန္တလေးယူနီဗာစီတီကောလိပ်ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဆရာကြီးဦးရာဇတ်ကတော့ ဖွင့်ပွဲမတိုင်ခင် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကပဲ မသမာသူတို့ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရှာပြီပေါ့။

    11182262_903248299713714_6362724170924074286_nဒီဥပစာကောလိပ်ကလည်း အတိုက်အခံ အခက်အခဲအမျိုးမျိုးကြားက ရုန်းကန်ပြီး ဆရာကြီးဦးရာဇတ်နဲ့ ဆရာဦးကိုလေး(ဇေယျာမောင်)တို့ ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ် ဇွန်လမှာ မန္တလေးယူနီဗာစီတီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် မြို့မိမြို့ဖတွေ ဆက်လက်အားထုတ်ကြိုးပမ်းခဲ့ကြလို့လည်း ၁၉၅၈ ခုနှစ် ဇွန်လ ၁ ရက်မှာ မန္တလေးတက္ကသိုလ် အဖြစ် သီးခြားရပ်တည်ခဲ့တယ်။ ပြောင်းလဲလာတဲ့ ပညာရေးစံနစ်တွေကြောင့် ၁၉၆၄ ခုနှစ်မှာ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်အသွင်ပြောင်းခဲ့ရတယ်။ ၁၉၈၀ ခုနှစ်မှာတော့ မန္တလေး တက္ကသိုလ်ဆိုတဲ့ မူလအမည်နဲ့ တည်ရှိခဲ့တာပါ။

    မန္တလေးဥပစာကောလိပ်မှသည် မန္တလေးတက္ကသိုလ်ဆိုတဲ့ ဖြတ်သန်းမှု သမိုင်းရှည်ကြီးအတွင်း ဒီတက္ကသိုလ်ကြီးက ဂုဏ်ရောင်ပြောင်တဲ့ နိုင်ငံရေးသမားတွေ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ၊ အရပ်ဘက် စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ ဌာနဆိုင်ရာ ပညာရှင်ကြီးတွေ၊ ပါမောက္ခကြီးတွေ မွေးထုတ်ပေးခဲ့ရုံမက အနုပညာရှင်ပေါင်းများစွာ၊ အားကစားသမားပေါင်းများစွာလည်း မွေးထုတ်ပေးခဲ့ပါတယ်။

    အခု… ခေတ်ပြောင်း စနစ်ပြောင်းချိန် ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ပြန်လည်မွေးဖွားခြင်း အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့အတူ သမိုင်းအစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ်ကြီးကလည်း ဒီအချိန်အခါကောင်းမှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်နိုးထ ရှင်သန်ဖို့ ကောင်းပါတယ်။

    မန္တလေးမြို့လူထုက ရွေးကောက် တင်မြှောက်လိုက်ပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်တွေ ကို ဖော်ဆောင်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတဲ့ မန္တလေးက အသီးသီးသော လွှတ်တော်ကိုယ်စားလှယ်ကြီးများ ထံက မန္တလေးတက္ကသိုလ်နဲ့ပတ်သက်တဲ့ တင်ပြတောင်းဆိုမေးမြန်းတဲ့အသံကို လွှတ်တော်သက်တမ်း ၄နှစ်ကျော် ၅နှစ် အကြာ လွှတ်တော်သက်တမ်းကုန်ဆုံးလု အချိန်ထိ မကြားရတာကလည်း မဲဆန္ဒရှင် မန္တလေးသူ၊ မန္တလေးသားများအဖို့ ကံဆိုးလှချည်ရဲ့လို့ ရင်ပတ်စည်တီးရမယ့် ကိန်းပါပဲ။

    တကယ်တော့ ၁၉၂၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မန္တလေးဥပစာကောလိပ်ဟာ ဒီနှစ် ၂၀၁၅ မှာ အနှစ် ၉၀ တင်းတင်းပြည့်ပါပြီ။ ဒါဟာ မန္တလေးအတွက်သာမက တစ်မျိုးသားလုံးအတွက် ကောင်းမွေပါပဲ။ အလားတူ ၁၉၄၈ခုနှစ်မှာ အခက်အခဲအမျိုးမျိုးကြားက မန္တလေးဥပစာကောလိပ် ကနေ အဆင့်မြှင့်ဖွင့်လှစ်ခဲ့တဲ့ မန္တလေးယူနီဗာစီတီကောလိပ်ကလည်း ဒီနှစ်မှာ ၆၇နှစ်ပြည့်ပါပြီ။ တစ်ခါ ၁၉၅၈ခုနှစ်မှာ မန္တလေးယူနီဗာစီတီကောလိပ်မှသည် မန္တလေးတက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်နိုင်တာလည်း ၅၇နှစ်ပြည့်ပါပြီ။

    ဘာပဲပြောပြော မန္တလေး တက္ကသိုလ်ရဲ့ သန္ဓေအစ မူလကတွက်ရင် ဒီ ၂၀၁၅ခုနှစ်ဟာ နှစ် ၉၀ တင်းတင်းပြည့်တဲ့ မင်္ဂလာ အခါသမယ ပါပဲ။ လက်ရှိ မန္တလေးတက္ကသိုလ်ကို မောင်းနှင် တာဝန်ယူနေကြသူတွေရဲ့အများစုဟာ လာမယ့်၁၀နှစ် မန္တလေးတက္ကသိုလ်ရာပြည့်ကို ပဲ့ကိုင်ခွင့်ရဖို့ မသေချာနိုင်ပေဘူး။

    ဆူးငှက်

    * စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    မူရင်းလင်ခ် =>https://www.facebook.com/sue.hnget.3/posts/903248346380376

  • စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း

    စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း

    ဧပြီ ၂၉၊ ၂၀၁၅
    ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

    Dol San Na Mu

    အမည်ရင်း ဦးဘသိန်းဖြစ်သည်။ မန္တလေးမြို့နေ ဦးမောင်မောင်နှင့် ဒေါ်ဂွမ်းတို့မှ ၁၉၀၈-ခုနှစ်တွင် ဖွားမြင်သည်။ သားချင်းများအနက် စတုတ္ထ မြောက်ဖြစ်သည်။ ဖခင်ဦးမောင်မောင်သည် မန္တလေးမြို့ လျှပ်စစ် မီးစက် ကန်ထရိုက်တာ ဖြစ်သည်။

    ဦးဘသိန်းသည် ငယ်စဉ်က မန္တလေးမြို့ ၀က်စလီယန်ကျောင်းတွင် ၁၀-တန်းအထိ သင်ယူခဲ့ပြီး အမရပူရမြို့ရှိ မိဘများပိုင် လျှပ်စစ် ဓာတ်အားပေးစက်တွင် ၀င်ရောက်လုပ်ကိုင်သည်။ အိမ်ထောင်ဘက်မှာ ပဲခူးမြို့နေ ၀တ်လုံတော်ရ ဦးဘမောင်နှင့် ဒေါ်သိန်းရွှေတို့၏ သမီး ဒေါ်မမ ဖြစ်သည်။

    ဦးဘသိန်းသည် ၁၉၂၈-ခုနှစ်မှစ၍ စာရေးခဲ့သည်။ ဗဟိုသိပ္ပံ မဂ္ဂဇင်း၊ ဘုံဘေဘားမားမဂ္ဂဇင်း၊ ၀ပ်ဆင်ကုန် တိုက်ထုတ် ကောဇာသစ် မဂ္ဂဇင်း၊ မန္တလေးမြို့ ပြည်ညွန့်ရတနာတိုက်ထုတ် ဆရာကြီးမြမျိုးလွင် ဦးစီးသော ချွေတာ ရေးမဂ္ဂဇင်း၊ ရွှေဗမာမဂ္ဂဇင်း၊ အမရပူရမြို့ ရက္ကန်း ကုမ္ပဏီထုတ် အမျိုးသားမဂ္ဂဇင်း၊ ဗန္ဓုလဂျာနယ် စသည့်စာနယ်ဇင်း များတွင် ပါဝင်ရေးသားခဲ့သည်။

    ၄-ပဲတန် ၀တ္ထုခေတ်စားစဉ်က ဆရာသည် ကလောင်ရုံး၊ ဒီဂရီ အမြင့်ဆုံးဘ၀က၊ သေမင်းလက်မခံ၊ လှလှ၊ အသက်စသော ၄-ပဲတန် ၀တ္ထုများကို ရေးသားခဲ့သည်။ ဗန္ဓုလဂျာနယ်တွင်လည်း ၀တ္ထုတို ကလေးများ ရေးသားခဲ့ သည်။ “ဦးလေးမှားပြီ” ၀တ္ထုတိုနှင့် အခြားဝတ္ထုတိုများအတွက် မကြာခဏပင် ဆုရရှိခဲ့သည်ဟု သိရသည်။

    ကလောင်အမည်ခွဲများမှာ စိန်ကလောင်၊ မြားနတ်မောင်၊ မြားနတ်ရှင်၊ ပဲခူးဆား၊ ဟံသာသိန်း၊ လေညင်းသုန်သုန်၊ သိန်းထီ၊ က၀ိရှင် စသည်တို့ဖြစ်သည်။

    ဦးဘသိန်းသည် အိမ်ထောင်ပြုပြီးစတွင် ဇနီးသည် ဒေါ်မမ ပိုင် သိန်းတန်ရုပ်ရှင်ရုံကို  ဦးစီးဆောင်ရွက်ခဲ့ သည်။ အကျိုး မပေးသဖြင့် ရုပ်ရှင်ရုံကို ရောင်းချလိုက်ပြီး အမိမြန်မာဆေးတိုက်ကို တည်ထောင်သည်။ တစ်ဖက်မှ လည်း ပဲခူးမြို့တွင် လောကအလင်းမဂ္ဂဇင်းကို ၁၉၃၇-ခုနှစ်မှ ၁၉၄၀-ခုနှစ်အထိ ၃-နှစ်တိုင် ကိုယ်တိုင်တည်းဖြတ် ထုတ်ဝေခဲ့သည်။ ထိုစဉ် ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုရှည်များစွာ ရေးသားခဲ့သည်။ မဂ္ဂဇင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာရေး၊ အသိပညာပေးရန် ဖြစ်သည်။ လူငယ် လူရွယ်တို့ သွေးသားလှုံ့ဆော်မှုကြောင့် အမှားမှား အယွင်းယွင်း ဖြစ်တတ်ပုံ၊ ကာလသားရောဂါ ရရှိခြင်းဖြင့် သားစဉ်မြေးဆက် ရောဂါရရှိ ဖိစီးနှိပ်စက်တတ်ပုံတို့ကို ထုတ်ဖော်တင်ပြ သည်။ သတို့သား လက်စွဲကျမ်းကို လည်း ပြုစုထုတ်ဝေခဲ့သည်။

    OLYMPUS DIGITAL CAMERA

    ဟံသာသိန်း၊ မန်းသီဟ၊ ဂွသမား၊ အညာသားဟူသော ကလောင် အမည်အမျိုးမျိုးတို့ဖြင့် အပြုသဘော ရေးသားတင်ဆက်သည်။ ဇနီးသည် ဒေါ်မမကိုပါ စာပေနယ်တွင်း လက်တွဲခေါ်ကာ ဇနီးမောင်နှံ စာရေးဆရာ အဖြစ် စာပေလောကကို အကျိုးပြုခဲ့သည်။

    စစ်ပြီးခေတ်တွင် သွေးသောက်၊ ရှုမ၀၊ ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ စာပေဗိမာန်၊ ငွေတာရီ၊ စုံထောက်၊ မီးရထားမဂ္ဂဇင်းများတွင် ၀တ္ထု ဆောင်းပါးများ ရေးသားသည်။ ၀ါသနာအရ သတင်းစာ ဆရာ ဒီပလိုမာ သင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။

    ၁၉၅၀-ခုနှစ် တစ်ဝိုက်တွင် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းကြီးမှ စာဆိုတော်နေ့ အထိမ်းအမှတ် ပြဇာတ်များ တင်ဆက်ရာ ဆရာကြီး ဒဂုန်ရွှေများ၊ ဦးသုခ၊ ဦးဥာဏ၊ ဦးတက်တိုးတို့နှင့်အတူ ဇာတ်ညွှန်း၊ ဇာတ်ကွက် ဆိုင်ရာ ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်သည်။ ၁၉၅၃-ခုနှစ်တွင် “မမိုက်နဲ့”၊ “အချစ်နဲ့”စသည့်ရုပ်ရှင် ဇာတ်ညွှန်းများ ရေးသားခဲ့သည်။

    ပါလီမန်ခေတ်တွင် ထိပ်တန်း စက်မှုလက်မှု လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် မစ္စတာ နူရ်မုဟမ္မဒ်ခေါ် ဟာဘီးဗ်ခြောက်ပြား၏ လုပ်ငန်းတစ်ခုတွင် မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉၅၂-ခုတွင် ထိုပုဂ္ဂိုလ်ကြီး၏ အထောက်အပံ့ဖြင့် ကမ္ဘာ့အလင်း လစဉ်စာစောင်ကို ဦးစီးထုတ်ဝေသည်။ ကမ္ဘာ့အလင်းစာစောင် အယ်ဒီတာချုပ်မှာ မောင်လာနာနူရ်း မုဟမ္မဒ် (မဇွာဟီရိ)ဖြစ်သည်။ ဆရာဒဂုန်သိန်းမှာ တာဝန်ခံအယ်ဒီတာအဖြစ် အောက်ခြေသိမ်း ဆောင်ရွက်ပေးသည်။ ဆရာသည် ကမ္ဘာ့အလင်း မပေါ်မီက ရပ်ဆိုင်းသွားသော အနုမြူစာစောင်တွင်လည်း အဖွဲ့ဝင် စာတည်း ဖြစ်ခဲ့သည်။

    ဆရာသည် ကမ္ဘာ့အလင်း စာစောင်တွင် ဒဂုန်သိန်းဟူသော ကလောင်အမည် သာမက ဒဲ့ဒိုး၊ မြကလောင်၊ စိန်ကလောင်၊ ကမ္ဘာ့အလင်း ၀င်းထိန်၊ ဖိုးသုည၊ မျိုးဂုဏ်ရောင်၊ သော်တာမြ၊ လောကအလင်း၊ မောင်သုတစသော ကလောင်အမည်ခွဲ အမျိုးမျိုးဖြင့် ရသစုံအောင် ပါဝင်ရေးသား ဦးဆောင်လမ်းပြခဲ့သည်။ ဇနီးသည် ဒေါ်မမကလည်း ပါရမီ ဖြည့်ဘက်ပီပီ ပဲခူးကြည် ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားအားဖြည့်ခဲ့သည်။

    ဆရာသည် အနုပညာရှင်ပီပီ ဖန်တီးတတ်သူ ဖြစ်သည်။ သော်တာကြယ် အမည်ဖြင့်လည်းကောင်း၊ ဒဲ့ဒိုးအမည်ဖြင့် လည်းကောင်း အတိုဆုံးဝတ္ထု(တစ်မျက်နှာဝတ္ထု)များကို ဖန်တီးတင်ဆက်ခဲ့သည်။

    OLYMPUS DIGITAL CAMERA

    ၁၉၅၄-ခုနှစ် မတ်လတွင် ကမ္ဘာ့အလင်းတွင် အခန်းဆက် ဖော်ပြခဲ့သော “ဒို့စံနမူ” ဗမာမွတ်စလင်ခေတ် ၀တ္ထုရှည်ကို စန်းသော်တာစာပေ ရိပ်သာမှ ထုတ်ဝေသည်။ ဗမာမွတ်စလင်ယဉ်ကျေးမှုကို ဖော်ကျူးသော ခေတ်ဝတ္ထု ဖြစ်သည်။ ၁၉၅၄ ခု ဧပြီလမှစဎ “ချစ်ခွင့်မပိုင်”၀တ္ထုကို ကမ္ဘာ့အလင်းတွင် အခန်းဆက်ဖော်ပြသည်။ ထိုနှစ် အောက်တိုဘာလတွင် “ဟောဒီလောကီ တစ်ခွင်”၀တ္ထုကို ဝေဘူလ စာအုပ်တိုက်မှ ထုတ်ဝေသည်။ ဆာရ်ဆာရ်ခေါ် အိန္ဒိယဇာတ်ကားကြီးကို မှီငြမ်းရေးသားခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် ဆရာဥာဏ၏ “မချစ်နဲ့” ရုပ်ရှင်ဇာတ်လမ်း ကောင်း တစ်ခုကို ၀တ္ထုရှည်အဖြစ် ရေးသားသည်။ ဝေဘူလတိုက်မှပင် ထုတ်ဝေခဲ့သည်။

    ဆရာဒဂုန်သိန်းသည် “နှစ်ဘ၀တွက်တာ” ဗမာမွတ်စလင် ခေတ် ၀တ္ထုရှည်ကိုလည်း ရေးခဲ့သည်။ ဒို့စံနမူလာ ၀တ္ထုဇာတ်ဆောင်အချို့နှင့် ဇာတ်လမ်း ဆက်ထားခြင်းဖြစ်သည်။ ၁၉၅၄-ခုနှစ်တွင် “ဘာလဲဟဲ့ သေဒဏ်” နှင့် “မင်းကျင့်တရား၊ ရှိုင်တွာန် ကွန်ဖရင့်” ၀တ္ထုရှည်ကြီးများ ထုတ်ဝေသည်။ ဆရာသည် သီရိပျံချီ ဦးဘစိန်၏ “အစ္စလာမ် ဘာလဲ” နှင့် ကမ္ဘာ့အလင်း အယ်ဒီတာချုပ် မောင်လာနာနူးရ် ပြန်ဆိုသည့် “နမာဇ်” စာအုပ်များကို တည်းဖြတ်မွမ်းမံပေးခဲ့သည်။

    ၁၉၅၄ ခု စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးမှ ဆရာ့ကို မြန်မာမွတ်စလင်မ် ကလောင်ရှင်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်။

    ဆရာသည် အမြင်ကျဉ်းမြောင်းသော၊ ဘာသာရေး လုပ်စားသော ပုဂ္ဂိုလ်များကို ကြည်ညိုလေးစား နောက်လိုက်နေကြသမျှ မြန်မာ မွတ်စလင်လောက မတိုးတက်နိုင်ဟု ယုံကြည်သူဖြစ်သည်။ ဗမာမွတ်စလင်များ စာပေစိတ် ထက်သန်စေလိုသည် အမြင်ကျယ်စေလိုသည်။

        “ဆရာ၏ ဒို့စံနမူဝတ္ထု ရေးသားထုတ်ဝေမှုနှင့် ပတ်သက်၍ နှစ်ပရိစ္စေဒများစွာကပင်၊ မြန်မာစာပေလောက တွင် ကာလပေါ် ၀တ္ထုများ၊ ခေတ်အစားကြီး စားနေလင့်ကစား မြန်မာမွတ်စလင် ကာလပေါ်ဝတ္ထုဟူ၍ကား  မရှိခဲ့ဖူး သေးပါ။”မည်သို့ဆိုစေ၊ အပြုသဘော သက်ရောက်သော ခေတ်ပြင် ၀တ္ထုများအားဖြင့်လည်း စာရိတ္တဗလကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်ဟူ၍ကား ဓားမြှောင်ထက် ကလောင်ထက်ဟူသော စကားအရ ကျွန်ုပ်တို့ ယုံကြည်ရပေ လိမ့်မည်၊ ယင်းယုံကြည်ချက်ကို လက်ကိုင်ထားကြသော စန်းသော်တာစာပေရိပ်သာ ပိုင်ရှင်များ၏ တောင်းဆိုချက်အရ ကျွန်တော်သည် ဤမည်သော “ဒို့စံနမူ” မြန်မာမွတ်စလင်ကို ရေးသားရပေသည်”

    ဟု ဖော်ထုတ်တင်ပြသည်။

    “ဒို့စံနမူ”၀တ္ထုကို ကြိုတင်ဖတ်ရှုလေ့လာခွင့်ရသည့် စာပေလောကတွင် ထင်ရှားသော စာရေးဆရာကြီးများ ဖြစ်ကြ သည့် ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်၊ မော်လ၀ီ ဦးခင်ရွှေ၊ ဆရာတက်တိုး၊ စာရေးဆရာ မြင့်ဆွေ၊ ကမ္ဘာ့အလင်း ဦးကိုလေး(ဖြူး)၊ ဦးမောင်ကိုဂဖာရီတို့က ချီးကျူး ထောက်ခံ အမှာစာများ ရေးသားပေးပို့ ကြပါသည်။ ထိုအမှာစာများကို ၀တ္ထုရှေ့ပိုင်းတွင် ထည့်သွင်းဖော်ပြထားပါသည်။

    ဆရာကြီးတို့၏ သဘောထားမှတ်ချက်များတွင် –

    –    ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် ပံ့ပိုးနိုင်သည့် စာအုပ်ကောင်း ဖြစ်သည်။

    –    အစ္စလာမ်ဘာသာဝင်တို့၏ အိမ်တိုင်းထားရှိသင့်သောဝတ္ထု ဖြစ်သည်။ မြန်မာမွတ်စလင်များမှ အစပြု၍ ပြည်ထောင်စုသားများ အားလုံး ဖတ်ရှုလေ့လာသင့်သော ၀တ္ထုဖြစ်သည်။

    –    အစ္စလာမ်ဘာသာဝင် စာသင်ကျောင်းများ၌ ဤ၀တ္ထုကိုကျောင်းသုံး စာအုပ်အဖြစ် သင်ကြားပေးရန် အထူး လျော်ကန်သည်။

    –    သာမန်လုံးချင်းဝတ္ထုများကဲ့သို့ အပျင်းပြေသာမန်ကာလျှံကာဖတ်ပြီး မေ့လျော့လိုက်ရမည့် ၀တ္ထုမျိုးမဟုတ်ပါ။

    –    မြန်မာမွတ်စလင်များသည် အတုယူထိုက်သော ဒို့စံနမူများ ဖြစ်လာ ပေလိမ့်မည်”

    စသည့် အချက်များ ဖော်ပြပါရှိပါသည်။

    အလားတူပင် ဆရာကြီး ဘ၀မြှုပ်နှံကာ ကြိုးပမ်းခဲ့သော ကမ္ဘာ့အလင်း စာစောင်ကြီးသည်လည်း စာပေလောကတွင် ထိုက်ထိုက်တန်တန် နေရာ ရခဲ့ပါသည်။ ပြည်တွင်းပြည်ပမှ သောင်းသောင်းဖြဖြ အားပေးကြိုဆို ကြပါသည်။ နှစ်ပတ်လည် အထိမ်းအမှတ် စာစောင်အတွက် သ၀ဏ်လွှာ ပါးကြသူများတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးဘသန်း (မြန်မာနိုင်ငံ စာနယ်ဇင်း)၊ ဇေယျကျော်ထင် ဗိုလ်ဗကို၊ စာရေးဆရာကြီး ဒဂုန်ရွှေမျှား၊ သိပ္ပံစိုးလှ(စာပေဗိမာန် တာဝန်ခံအယ်ဒီတာ)၊ ဦးစိန်လွင်လေး (စာပေဗိမာန် ပြန်ကြားရေး)၊ စာရေးဆရာဦးမြင့်ဆွေ၊ ဟာဂျီဦးတင်မောင် (ရန်ကုန်မြူ ချယ်ရာမင်) စသူတို့၏ သ၀ဏ်လွှာများ ပါဝင်ပါသည်။

    ဆရာနှင့် ဇနီးသည်တို့သည် မန္တလေးမြို့၌ ၁၉၅၅-ခု ဇန်န၀ါရီလ စတင်ထုတ်ဝေသော အလင်းရောင် စာစောင်ကိုလည်း အားပေးသည်။ အလင်းရောင်စာစောင် ၁၉၅၅ ခု ဧပြီလထုတ် အတွဲ ၁၊ အမှတ် ၃ တွင်“မွတ်စလင်” ဟူသည့် ဆောင်းပါးကိုလည်းကောင်း၊ ၁၉၅၅ ခု နိုဝင်ဘာ လထုတ် အတွဲ ၁၊ အမှတ် ၅ တွင် “မြတ်နိုးသူ”၀တ္ထုကိုလည်း ကောင်း အစောပိုင်းလက်ရာများအဖြစ် တွေ့ရသည်။

    မြက်နုတ်ပေါင်းသင် လန်းလန်းရွှင်အောင်၊ လုံ့လကြီးစွာအား သည်းကာ ကမ္ဘာ့အလင်းကို ပျိုးထောင်ခဲ့သော ဥယျာဉ်မှူးကြီး တစ်ဦးဟု တင်စားထိုက်သည့် တာဝန်ခံအယ်ဒီတာ ဆရာသည် ၁၉၅၆-ခု ဖေဖော်ဝါရီလ ၇-ရက်၊ ၁၃၁၃ ခု ပြာသိုလပြည့်ကျော် ၁၁-ရက် အင်္ဂါနေ့ ညနေအချိန်တွင် ရုတ်တရက် မူးဝေသော ရောဂါဖြင့် အလ္လာဟ်အရှင် အမိန့်တော်ခံယူရသည်။

    လုပ်ဖော်ကိုင်ဖက် ဥယျာဉ်မှူးတစ်ဦးဖြစ်သူ အယ်ဒီတာချုပ် ဆရာနူးရ်က ဆရာကြီး ကွယ်လွန်သွားသည့် အတွက် –

    “သူ ကွယ်လွန်သွားတာ ဘယ်လောက်အထိ၊  မြန်မာမွတ်စလင် တစ်မျိုးသားလုံး နစ်နာတယ်ဆိုတာ သူ့အရည်အချင်းကို သိသူတိုင်း ၀န်ခံရမှာပဲ၊ ၀ါသနာပါတဲ့ စာပေဘက်မှာ ထင်သလောက် အချိန်မသုံးလိုက်ရတာ ဟာလဲ အမျိုးသား မွတ်စလင်တို့ကံဆိုးတာဘဲ”

    ဟု အသေစော၍ နှမြောလှချည့်ဟု တမ်းတရှာပါသည်။

    ဤတွင် စာဆိုမောင်နှံ၏ ကမ္ဘာ့အလင်း စာစောင်ဘွဲ့နှစ်ပုဒ်ကို ဖော်ပြပါသည်။

    ကမ္ဘာ့အလင်းဘွဲ့ ရှစ်ဆယ် ပေါ်

    ပေါင်းစုညီညာ၊ သာသနာ့အတွက်မို့၊  ၀ါဒမဖက် ကိုယ်ကျိုး ရှောင်၊ “နှစ်ဌာန” အတွက် စုပျိုးထောင်သည်၊ အမျိုးဂုဏ်ရောင် ဆောင်ကာထူး။

    ကမ္ဘာ့အလင်း ငွေစန်းယုန်ငယ်၊ ရွှေဒါန်းအစုံ ဆင်နွှဲပါ လို့ကြူး၊ လောကီ လောကုတ် စုပေါင်းချယ်ပြီ၊ ရှုကြောင်း တစ်သွယ်၊ ကွန့်ကွန့်မြူး၊ နုပြောင်းစေဖွယ်၊ ညွန့်ညွန့်ဖူးငဲ့ လွန့်လွန့်ထူးတဲ့ ဥာဏ် အမြော်၊ တိုင်းမြတ်ဇမ္ဗူ ဝေဖြာလွင့်လို့၊ တေဇာသတင့် လှိုင်ပြန့်ကာမို့ကြော်။ စာလွှာဆင့်လျက် စဉ်တစိုက်မော်တယ်၊ ၀င်မကိုဋ်တော်-မှတ်ကာစွဲသမို့ ဖတ်ပါ အမြဲ “လင်း”ပစာသဘင် မယွင်းဟဒယမှာ ကြည်လင်၊ “အစ္စလာမ်”ထူစိုက်မှောင် အမိုက်ရှောင်ကြဉ်၊ နောင်အမြိုက်ပလဒင် စံစာမည်ပလေး။

    “စလာမ်”တင်ဆက် နှုတ်ခွန်းသံငယ်၊ စမုခ်ကွန်းယံ ငြိမ်းချမ်း ပါစေ့လေး။

    ဒဂုန်သိန်း

    သုံးနှစ်မြောက်ကမ္ဘာ့အလင်းဘွဲ့

        ယနံ့လှိုင်ကြူ ထုံကြည်သင်း၊ ပုဏ္ဏမီအဆင်း၊ ၀င်းလက်ဖြာ၊ ဂုဏ်ရည်သတင်း၌ ထင်းချက်မဟာရယ်၊ “လင်း”လျက် “ကမ္ဘာ” တည်စေဖို့၊ ဘေးရန်ခပ်သိမ်း စဉ်မပြတ်ကွာစေ၊ အရှင်မြတ် ထံမလေ တောင်းဆုဆင်ပြီမို့။ သုံးနှစ်စေ့မြောက် ရွေ့ရောက် လာသည်၊ ဖေးထောက်ခါခါ ကူညီစို့၊ အဝေးရောက်သဟာဆွေ “ယုမေ”တို့ရဲ့ ခုသွေမချို့ ကလောင်နှင်၊ ပေါင်းစုညီညာ ပြုပြင် ကြပါမှ၊ တုယှဉ်မရ ၀ါဒသြမြတ်လမ်းစဉ်၊ နောင်တစ်ခေတ်တော့  ဥဒါန်းတွင် အောင်ပြုစမ်းစေချင်၊ အားသွန် ကြိုးလို့၊ ကိုယ့်အမျိုးနဲ့ သာသနာစည်ပင်၊ တည်မြဲနိုင်စေချင်၊ “ကမ္ဘာ့အလင်း”မှ တဆင့် မိတ်အများ “ခင်”ကို ဖိတ်ကြားလွှာစဉ်၊ တင်ဆက်ပါရဲ့လေး။

    ပဲခူးကြည်

    ဒို့စံနမူ ဝတ္ထု ဖတ်လိုလျှင် =>http://goo.gl/JCIT4t

  • မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    မစ်ဇူရီရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး အစ္စလာမ်နှင့် ပတ်သက်သည့် ယူဆချက်အမှားများ ရှင်းလင်း

    ဧပြီ ၂၉၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်၏ စစ်မှန်သော အနေအထားကို ပြသရန်၊ တင်ပြမှုများ၊ ဆွေးနွေးမှုများနှင့် အခြားသော လှုပ်ရှားမှုများမှ တစ်ဆင့် အစ္စလာမ်အပေါ် ရှိနေသည့် ယူဆချက်အမှားများကို ချေဖျက်ရန်တို့အတွက် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အခမ်းအနားတစ်ခု ကျင်းပခဲ့သည်ဟု သိရသည်။

    မစ်ဇူရီအလယ်ပိုင်း အစ္စလာမ့်စင်တာ ICCM ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက်လောက်ကြသူများအား ဟောပြောတင်ပြမှုများ ပြုလုပ်ခဲ့ကာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ လေ့လာခွင့်၊ ၀တ်ပြုမှုများ ကြည့်ရှုခွင့်တို့ကိုလည်း ပေးအပ်ခဲ့သည်။

    “ဒါဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး မသိနားမလည်တာတွေ၊ မသေချာမရေရာတာတွေကို ရှင်လင်းသွားစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူတွေက မေးခွန်းတွေမေးဖို့ ကြောက်နေကြတယ်။ ဒါမှမဟုတ်ရင် သတင်းတွေက ပြောတာကိုပဲ သူတို့ သိကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအခမ်းအနားက လူတွေကို စကားပြောခွင့်ရစေတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပိုသိလာစေပြီး အဟန့်အတားတွေကို ဖျက်ဆီးပစ်ပါတယ်” ဟု အဆိုပါ အခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ပြီး၊ ဟောပြောတင်ပြမှုများ
    ပြုလုပ်ခဲ့သူ တာဟူရာ လော့ဒ်ဟီက ပြောကြားခဲ့သည်။

    မွတ်စလင်အမျိုးသမီးများအပေါ် ရှိနေသော အနုတ်လက္ခဏာဆောင်သည့် သမရိုးကျအမြင်များကို ဖြေရှင်းရန်အတွက် အဆိုပါအခမ်းအနားတွင် အစ္စလာမ့် အမျိုးသမီးကဏ္ဍအကြောင်းကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

    “သမရိုးကျအဖြစ်ဆုံး အမြင်က အမျိုးသမီးတွေကို ဖိနှိပ်ခြင်း၊ သူတို့ကို သီးခြားထားခြင်း ဒါမှမဟုတ် အရာမသွင်းခြင်းတို့နဲ့ တွဲမြင်ကြတဲ့ ဟီဂျဘ်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ့်လက်တွေမှာတော့ အစ္စလာမ်ဟာ အသိပညာပေးခြင်း၊ ခွန်အားပေးခြင်းပါပဲ” ဟု လော့ဒ်ဟီက ထပ်လောင်းပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်အတွင်း လေ့လာခွင့်နှင့် ၀တ်ပြုမှုအား ကြည့်ရှုခြင်းတို့အပြင် တက်ရောက်လာသူများကို ဟင်းလျာများနှင့် တည့်ခင်းဧည့်ခံခြင်း၊ အစ္စလာမ်နှင့်နွယ်သည့် ရိုးရာဝတ်စုံများကို ပြသခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။

    ထို့ပြင် မိမိတို့၏ အမည်များကို အာရဗီဘာသာစကားဖြင့် ရေးသားထားမှုကို မြင်ချင်သူများအတွက် ဗလီဝတ်ကျောင်းတော်ရှိ စေတနာ့ဝန်ထမ်းများက ရေးသားပေးခဲ့ပြီး၊ လက်ချောင်းကလေးများဖြင့် တက်ရောက်လာသူများကိုယ်တိုယ် အနုပညာ ဖန်တီးခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အထူး စိတ်ဝင်စားခဲ့သည်။

    ICCM ကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မစ်ဇူရီပြည်နယ်ရှိ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။ အဆိုပါဗလီဝတ်ကျောင်းတော်မှာ ဌာနေများ၊ နိုင်ငံတကာကျောင်းသားများနှင့် ပြောင်းရွှေ့အခြေချသူများဖြင့် ဖွဲ့စည်းထားသော မစ်ဇူရီရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား သဟဇာတဖြစ်သည့် ၀န်းကျင်တစ်ခု ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်။

    Ref: Onislam