News @ M-Media

Blog

  • ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    မေ ၁၊ ၂၀၁၅
    M-Meida

    germany

    – ပြီးခဲ့သည့်လများအတွင်း ဂျာမနီနိုင်ငံတစ်ဝှမ်းနှင့် ဥရောပတို့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒန်မြို့အခြေစိုက် အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ Pegida မှ ခေါင်းဆောင်ဟောင်းဖြစ်သူ ကက်သရင်း အော်တဲလ်က ၎င်းတို့၏ အမုန်းတရား ဖြန့်ဖြူးခဲ့မှုအတွက် မွတ်စလင်များကို တောင်းပန်လိုက်သည်။

    “Pegida လှုပ်ရှားမှုမှာ ဆက်ရှိနေတဲ့သူတွေအားလုံး သိထားဖို့လိုတာက သူတို့ဟာ မှားယွင်းတဲ့ အကြောင်းအရာ ကိစ္စတစ်ခုကို ဖြန့်ဖြူးနေတယ်ဆိုတာပါပဲ။ ဥရောပနဲ့ ဂျာမနီက ကျွန်မတို့ ပြဿနာတွေအတွက် ခိုလှုံဝင်ရောက်လာသူတွေက အပြစ်တင်ခံရတယ်။ ဒါပေမယ့် သူတို့ဟာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်း မဟုတ်ပါဘူး။ ပြောင်းရွှေ့အခြေချလာသူတွေနဲ့ မွတ်စလင်တွေအားလုံး၊ အဲဒီအထဲက ငြိမ်းချမ်းစွာနေသူတွေ၊ ဂျာမနီလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သူတွေ၊ ကျွန်မတို့ရဲ့ယဉ်ကျေးမှုနဲ့ ဥပဒေတွေကို လေးစားသူတွေကို
    ကျွန်မ တောင်းပန်ပါတယ်။ ဒီလိုနေသူတွေက အများစုဖြစ်ကြပြီး ဂျာမန်တွေက ဒါကို ကျော်ကြည့်ကြပါတယ်” ဟု ကက်သရင်း အော်တဲလ်က အွန်လိုင်းတွင် လွှင့်တင်ခဲ့သည့် ဗီဒီယို၌ ပြောကြားခဲ့ပြီး ၀ါရှင်တန်ပို့စ်က အဆိုပါ ဗီဒီယိုအား ကိုးကားဖော်ပြခဲ့သည်။

    Pegida ၏ ခေါင်းဆောင်ဖြစ်သူ လုဇ် ဘခ်ျမန်းမှာ ဆိုရှယ်မီဒီယာတွင် ဟစ်တလာ၏ဓာတ်ပုံ တင်သောကြောင့် ဝေဖန်မှုများ ခံရပြီး အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည့်အချိန်တွင် ကက်သရင်းက အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ကက်သရင်းမှာ ပြီးခဲ့သည့် ဇန်န၀ါရီတွင် ရုတ်တရက်နှုတ်ထွက်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ လှုပ်ရှားမှုမှာလည်း ထိုအချိန်မှစ၍ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

    “ကျွန်မတို့လုပ်ခဲ့တဲ့ အမုန်းတရားလှုပ်ရှားမှုအတွက် ကျွန်မဟာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပြီး၊ ကျွန်မလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒီတင်းမာမှုတွေကို ဖြေရှင်းရာမှာ ကူညီဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အဆိုပါ Pegida အဖွဲ့မှာ ဂျာမနီနိုင်ငံတစ်ဝှမ်း အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများကို ပြုလုပ်ခဲ့ပြီး လူထောင်နှင့်ချီ၍ ပါဝင်ခဲ့သည်။

    ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက Pegida ၏ နိုင်ငံခြားသားမုန်း ကြွေးကြော်သံများ၊ လူမျိုးရေးခွဲခြားမှု ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များက နိုင်ငံရပ်ခြားတွင် ဂျာမနီ၏ ပုံရိပ်ကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့သည်။ ထိုအဖွဲ့၏ ကျွေးကြော်မှုတွင် ၁၉၂၂ ခုနှစ်က ဟစ်တလာတို့၏ ကြွေးကြော်သံများလည်း ပါဝင်သည်။

    ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း မွတ်စလင်များကို ထောက်ခံအားပေးသည့်အနေဖြင့် ပြီးခဲ့သည့် နှစ်ပတ်က ဘာလင်၌ ကျင်းပခဲ့သော သည်ခံမှုရှိရေး စုပေါင်း ဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး မြင့်တက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် လက်ယာစွန်းရောက် Pegida ၏ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။

    ၂၀၁၄ ဒီဇင်ဘာလက ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင်လည်း မာကဲလ်က ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအား ကူညီရန် ဂျာမန်ပြည်သူများအား တိုက်တွန်းခဲ့ပြီး၊ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရှုတ်ချကာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း အမုန်းတရားများဖြင့် ပြည့်နှက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တွေ့ဆုံဆွေးနွေးရေး

    ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သတင်းစကားအသစ်ကို ဖြန့်ဝေသည့်အနေဖြင့် ကက်သရင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှု အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကသာ တင်ကူးမှန်းဆ ပြောဆိုချက်တွေကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ”

    ထို့ပြင် မိမိအနေဖြင့် အစ္စလာမ်အား မည်သည့်အခါမှ တိုက်ခိုက်တော့မည်မဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “လူတွေနဲ့ဆက်သွယ်ဖို့ တစ်ယောက်ယောက်လိုပါတယ်” ဟုဆိုကာ မိမိမှာ ထိုသူမျိုးဖြစ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ယခုအချိန်အထိ ကမ္ဘာကြီး ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက် ထောက်ခံမှုရရှိရန် သူမအနေဖြင့် မဆောင်ရွက်နိုင်ဟုလည်း ဆိုသည်။

    “ကျွန်မတို့ဟာ ပြိုင်ဘက်တွေကို နှုတ်နဲ့သာ တိုက်ခိုက်နေကြတာပါ”

    အဆိုပါ စကားများက ယခုနှစ်အစောပိုင်း သူမအား အင်တာဗျူးပြုလုပ်စဉ်က စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဇန်န၀ါရီက CNN နှင့် အင်တာဗျူးတွင် ကက်သရင်းက အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်များကို ဖြေကြားခဲ့သည်။ Pegida ၏ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကလည်း The Guardian နှင့် အင်တာဗျူးတွင် ခိုလှုံလာသူများက ဈေးကြီးသည့် မိုဘိုင်းဖုန်းများကို ကိုင်နိုင်ပြီး မိမိမှာ ထိုကဲ့သို့ မကိုင်နိုင်ဟု ပြစ်တင် ပြောကြားခဲ့သည်။

    မွတ်စလင်များနှင့်ပတ်သက်၍ ကက်သရင်း၏ ယခုကဲ့သို့ အမြင်ပြောင်းသွားခြင်းက ၎င်းအား ထောက်ခံအားပေးသူများကို အံအားသင့်စေခဲ့သည်။

    “သူများကို မဝေဖန်ခင်အရင် ခြေတစ်လှမ်းဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်ကြည့်ရပါမယ်။ တစ်ဦးတစ်ယောက်ဟာ အခြားတစ်ဦးတစ်ယောက်ကို ပြောင်းလဲဖို့ ခွင့်ပေးရပါမယ်။ အခြားသူတွေကလည်း ဒီလိုပဲ သွားရပါမယ်။ ရန်သူတွေ ဖန်တီးတာမျိုးကို ရပ်တန့်ဖို့လိုပါပြီ” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကက်သရင်းမှာ အစ္စလာမ်၊ ဂျာမနီတွင် ပြောင်းရွှေ့အခြေချသူများနှင့် ခိုလှုံလာသူများနှင့် ပတ်သက်၍ လုံလောက်စွာ ဝေဖန်မှုမရှိဟု ယခင်က မီဒီယာမျာကို ပြစ်တင်ခဲ့သော်လည်း ယခုဗီဒီယိုတွင် သူမက အဓိက မီဒီယာများက မွတ်စလင်များနှင့် အစ္စလာမ်သာသာတို့အား ဆိုးဆိုးဝါးဝါး ဝေဖန်မှုများကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး မီဒီယာများမှာ မွတ်စလင်များကို ဓားစာခံအဖြစ် ပြုလုပ်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Onislam

  • ဂါဇာစစ်ရာဇ၀တ်မှုအတွက် ဘက်မလိုက်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးပြော

    ဂါဇာစစ်ရာဇ၀တ်မှုအတွက် ဘက်မလိုက်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးပြော

    မေ ၂၊ ၂၀၁၅
    M-Media

    ICC

    – ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား အစ္စရေးတို့၏ ရက် ၅၀ ကြာ တိုက်ခိုက်မှုတွင် ကျူးလွန်ခဲ့ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးမှုအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ဘက်လိုက်မှု ရှိမည်မဟုတ်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က အစ္စရေးအား ပြောကြားလိုက်သည်။

    ဧပြီလ ၁ ရက်နေ့က ICC ၏ အဖွဲ့ဝင် ဖြစ်လာပြီးနောက် ပါလက်စတိုင်းမှာ ဂါဇာအား တိုက်ခိုက်ခံရမှုအတွင်း အစ္စရေးနှင့် ဟားမက်စ် ၂ ဖွဲ့စလုံးမှ စစ်ရာဇ၀တ်မှုများ ကျူးလွန်နိုင်ဖွယ်ရှိမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် ICC သို့ တောင်းဆိုခဲ့ပြီး အစ္စရေးကမူ ICC မှာ ဘက်လိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

    သို့သော်လည်း ICC ကမူ ၎င်းတို့အနေဖြင့် အစ္စရေးနှင့်ပတ်သက်၍ ပါလက်စတိုင်းမှ တင်ပြသော စောဒကများ၊ အထောက်အထားများကို ကြောက်ရွံ့ခြင်း သို့မဟုတ် မျက်နှာသာပေးခြင်းမရှိဘဲ လွတ်လပ်လပ်လပ်နှင့် မျက်နှာမလိုက် စဉ်းစားသုံးသပ်နေသည်ဟု ICC မှ တရားသူကြီးချုပ် အမျိုးသမီး ဖာတူ ဘန်ဆူဒါက အစ္စရေး သတင်းစာတစ်စောင်ဖြစ်သော Haaretz သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဂါဇာတိုက်ခိုက်မှုအတွက် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရည်ရွယ်ထားပြီး ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အစ္စရေးနှင့် ဟားမက်စ် ၂ ဖက်စလုံးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုဆိုကာ လက်ရှိတွင် တရားဝင်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ရသေးဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ရရှိတဲ့ ဘယ်လိုအခြေမျိုးပေါ်မှာမဆို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီဆိုရင် ရာဇ၀တ်မှု အတုံးလိုက်အတစ်လိုက်ကို ကျူးလွန်ဖို့ အမိန်ပေးတဲ့ တာဝန်အရှိဆုံးသူတွေကို စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေလုပ်ဖို့ ပေါ်လစီအတွက် ကျွန်မတို့ ရုံးက လမ်းညွှန်ပေးသွားမှာပါ” ဟု ဘန်ဆူဒါက ပြောကြားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သား ၅၀ နီးပါး သေဆုံးခဲ့သည်။

    ဘန်ဆူဒါက မိမိတို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ရာဇ၀တ်မှုအတွက် အဓိကကြိုးကိုင်သူများကို အာရုံစိုက် စုံစမ်းသွားမည်ဖြစ်သော်လည်း အောက်ခြေမှ ကြိုးကိုင်သူများကိုလည်း အလွတ်ပေးသွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • သက်တမ်းမတိုးသော်လည်း ရောင်းချမည်မဟုတ်ဟု စတာလင်အား ရော်ဂျာသတိပေး

    သက်တမ်းမတိုးသော်လည်း ရောင်းချမည်မဟုတ်ဟု စတာလင်အား ရော်ဂျာသတိပေး

    မေ ၂၊ ၂၀၁၅
    M-Media

    sterling

    – မိမိတို့၏ ကမ်းလှမ်းသော စာချုပ်ကို ပယ်ချသော်လည်း လာမည့်နွေရာသီတွင် ရောင်းချသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက အသင်း၏ အလယ်တန်းလူ ရဟီးမ် စတာလင်အား သတိပေး ပြောဆိုလိုက်သည်။

    အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် စတာလင်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းဖြင့် အသင်းမှ အောက်တိုဘာလတွင် ကမ်းလှမ်းခဲ့သည့် စာချုပ်အား ငြင်းပယ်ခဲ့ပြီး ရာသီကုန်မှသာ အပြောင်းအရွှေ့အတွက် စကားပြောမည်ဟု ပြောကြားခဲ့သည်။

    ဧပြီလတွင် စတာလင်မှာ အသင်း၏ ခွင့်ပြုချက်မရဘဲ မီဒီယာနှင့် အင်တာဗျူးလုပ်ခဲ့ပြီး ထိုအင်တာဗျူးတွင် ၎င်း၏ အနာဂတ်အတွက် ပြောကြားမှုများ ရှိခဲ့သောကြောင့် အသင်းမှ ဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော်လည်း ရော်ဂျာကမူ စတာလင်ကို မည်သည့်အခြေအနေမျိုးတွင်မှ ထွက်ခွာခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “သက်တမ်းတိုးစာချုပ်အတွက် သဘောမတူရင်တောင်မှ ဒီနွေရာသီမှာ ရဟီမ်း (စတာလင်)ဟာ ဘယ်မှသွားရမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ သူ အိမ်ကိုလာပြီး ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒါဟာ ဘောလုံးဘက် တစ်ဖက်တည်းအတွက် မဟုတ်ပါဘူး။ သူ့ရဲ့ ကောင်းကျိုးအတွက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ငယ်သေးပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူ တော်တော်လေး ဖြတ်ကျော်ပြီးပါပြီ။ ဒါ့ကြောင့် သူ့ကို ကျွန်တော် အကြမ်းဖျင်းစကားပြောထားပြီး၊ သူဟာ
    ယခုအချိန်မှာ အကောင်းဆုံးနေရာကို ရောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းမှာ စတာလင်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မိမိတို့၏ သဘောထားအပေါ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း မိမိတို့အသင်းမှာ စတာလင်အတွက် ယခုအချိန်တွင် အကောင်းဆုံး နေရာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါတီမှ အမည်စာရင်းတင်သွင်းပါက သမ္မတလောင်းအဖြစ် ပြိုင်သွားမည်ဟု သူရဦးရွှေမန်းပြော

    ပါတီမှ အမည်စာရင်းတင်သွင်းပါက သမ္မတလောင်းအဖြစ် ပြိုင်သွားမည်ဟု သူရဦးရွှေမန်းပြော

    မေ ၂၊ ၂၀၁၅
    M-Media

    ဧပြီလအတွင်းက တရုတ်သမ္မ ဇီဂျင်ပင်းနှင့်အတူ တွေ့ရသည့် ဦးရွှေမန်း

    – ပါတီမှ အဆိုပြုပါက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် သို့မဟုတ် မည်သူနှင့်မဆို တိုင်းပြည်၏အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။

    အမေရိကန်တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအား တွေ့ဆုံရန် ၀ါရှင်တန်သို့ ရောက်ရှိနေသည့် ဦးရွှေမန်းမှာ Carnegie Endowwment for International Peace အဖွဲ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်း၏ ပါတီမှာ စစ်တပ်လွှမ်းမိုးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ပြင်းပြသော ရည်မှန်းချက်များ ရှိနေသော်လည်း နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ရန်မှာ အချိန်နည်းသွားပြီဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ၎င်း၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယခင်စစ်အာဏာရှင်များက ဖွဲ့စည်းထားသည့် လူမှုရေးလှုပ်ရှားမှုအဖွဲ့အား အသွင်ပြောင်းထားခြင်း ဖြစ်ပြီး စစ်ဘက်အရာရှိဟောင်းများစွာ ပါဝင်သည့် ပါတီလည်းဖြစ်သည်။

    ပါတီမှ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းပါက ဆောင်ရွက်မည်လားဟု မေးမြန်းရာတွင် ဦးရွှေမန်းက

    “သေချာတာပေါ့။ တကယ်လို့ ပါတီက ကျွန်တော့်ကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီး လက်ခံမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် နိုင်ငံခြားသားအား လက်ထပ်ထားသည့်အတွက်ကြောင့် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ အခြေခံဥပဒေ၏ တားမြစ်မှုကို ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိလားဟု မေးမြန်းရာတွင်လည်း ဦးရွှေမန်းက မိမိတို့မှာ သူငယ်ချင်းကောင်းများဖြစ်ပြီး တစ်ချိန်တည်းတွင် ပြိုင်ဘက်ကောင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

    “ရွေးကောက်ပွဲပြီးရင် ညွှန့်ပေါင်းစိုးရအဖွဲ့ ဖွဲ့နိုင်ခြေရှိမလားဆိုတဲ့ မေးခွန်းကို ခင်ဗျားတို့က မေးနေပါတယ်။ အမှန်ပါပဲ… တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သူ(ဒေါ်စု)နဲ့ ပူးပေါင်းဖို့ ဒီနေ့လည်း အဆင်သင့်ဖြစ်နေတယ်။ နက်ဖြန် ပြီးတော့ အနာဂတ်အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပြည်သူနှင့် နိုင်ငံကိုကြည့်သည့် မည်သည့်ပါတီနှင့်မဆို၊ မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်မှုအတွက် ဖြစ်နိုင်ချေနှင့်ပတ်သက်၍လည်း ဦးရွှေမန်းက လွှတ်တော်တွင် စစ်သား ၂၅ ရာခိုင်နှုန်းထည့်သွင်းထားမှု အပါအ၀င် အချို့သော ပြင်ဆင်မှုများမှာ အခြားသော ပြင်ဆင်မှုများထက် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွင် ပြည်သူ့ဆန္ဒ ခံယူရန် လိုအပ်မည်ဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International မှ ကိုယ်စားလှယ် တီ ကူမားရ်၏ မေးခွန်းအား ဖြေကြားရာတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဘင်္ဂါလီဟု သုံးနှုန်းခဲ့သည့်အတွက် ဦးရွှေမန်းမှာ ဝေဖန်မှုကို ခံခဲ့ရသည်။

    ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူအများစု အပါအ၀င် ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်းမှာ လူ့အခွင့်ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

    ဦးရွှေမန်းကမူ အခြေခံအခွင့်အရေး၊ နိုင်ငံတိုင်းက လေးစားရမည့် ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ လွှတ်တော်တွင်း ကော်မတီတစ်ခုကို ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • တနင်္ဂနွေနေ့မှာ ချယ်ဆီးနေ့ဖြစ်ရမည်ဟု ဒရော့ဘာပြော

    တနင်္ဂနွေနေ့မှာ ချယ်ဆီးနေ့ဖြစ်ရမည်ဟု ဒရော့ဘာပြော

    မေ ၂၊ ၂၀၁၅
    M-Media

    drogba

    – မိမိတို့အသင်း ပရီးမီးယားလိဂ်ဖလား ရရှိမည်ဆိုသည့် ယုံကြည်ချက်မှာ မိမိနှင့် အသင်းဖော်များတွင် ပြီးခဲ့သည့် မတ်လကတည်းက ရှိခဲ့ကြောင်း ချယ်ဆီးတိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမည်ဖြစ်သည်။ သို့သော်လည်း အိုက်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာကမူ မိမိတို့မှာ မတ်လ ၁ ရက်နေ့ လိဂ်ဖလားကို ဆွတ်ခူးရရှိကတည်းက ပရီးမီးယားလိဂ်ဖလား ရှရှိတော့မည်ဆိုသည်ကို သေချာသိခဲ့သည်ဟု ဆိုသည်။

    ချယ်ဆီးမှာ ၂၀၀၅ ခုနှစ်က အေဗရာဟီမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်း လိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးရရှိခဲ့ပြီးနောက် ထိုနှစ်မှာပင် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။

    “၂၀၀၄-၀၅ လောက်တုန်းက အခုထက် နည်းနည်းကွာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကစားသမားတွေဟာ ရင့်ကျက်မှုနည်းနည်းပဲရှိတယ်။ ပြီးတော့ အတွေ့အကြုံကလည်း နည်းပါတယ်။ အခုတော့ အသင်းဟာ ဖလားတွေယူပြီး အတွေ့အကြုံတွေ ရှိနေပါပြီ။ ၂၀၀၄-၀၅ က ကျွန်တော်တို့ဟာ နေရာတစ်နေရာကနေ စခဲ့ရပြီး လီဗာပူးလ်နဲ့ ကစားရတာက ကြီးမားတဲ့အရာ ဖြစ်ခဲ့ပါတယ်။ သူတို့ကို အနိုင်ရခဲ့တာက ကျွန်တော်တို့ ရှေ့ဆက်သွားဖို့၊ အမှတ်ပေးဖလားကို ရရှိဖို့ ယုံကြည်မှု ရစေခဲ့ပါတယ်။ အခုနှစ်ဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား ရတော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်”
    ဟု ဒရော့ဘာက ချယ်ဆီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ဒရော့ဘာမှာ ၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်များတွင် ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ဖူးပြီး အခြားသော ဖလားများကိုလည်း အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။ ဒရော့ဘာကမူ တနင်္ဂနွေနေ့ပွဲကို မစောင့်နိုင်တော့ကြောင်း၊ မိမိအနေဖြင့် ပရီးမီးယားလိဂ် ဖလား ၃ လုံး ရရှိဖူးပြီး ယခုတစ်ကြိမ်မှာ စတုတ္ထမြောက် ဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “အနိုင်ဂိုး သွင်းရပြီဆိုရင်တော့… တကယ်ပါ။ ကျွန်တော် တော်တော်လေးကို ပျော်မှာပါ။ အထူးသဖြင့် ဒီ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာပေါ့ဗျာ။ သိပ်အံ့သြစရာကောင်းမှာပါ။ တနင်္ဂနွေနေ့ဟာ အပြာရောင်တပ်သားတွေရဲ့နေ့ပဲ ဖြစ်ရပါမယ်”

    Ref: Goal