News @ M-Media

Blog

  • သက်တမ်းမတိုးသော်လည်း ရောင်းချမည်မဟုတ်ဟု စတာလင်အား ရော်ဂျာသတိပေး

    သက်တမ်းမတိုးသော်လည်း ရောင်းချမည်မဟုတ်ဟု စတာလင်အား ရော်ဂျာသတိပေး

    မေ ၂၊ ၂၀၁၅
    M-Media

    sterling

    – မိမိတို့၏ ကမ်းလှမ်းသော စာချုပ်ကို ပယ်ချသော်လည်း လာမည့်နွေရာသီတွင် ရောင်းချသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက အသင်း၏ အလယ်တန်းလူ ရဟီးမ် စတာလင်အား သတိပေး ပြောဆိုလိုက်သည်။

    အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် စတာလင်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းဖြင့် အသင်းမှ အောက်တိုဘာလတွင် ကမ်းလှမ်းခဲ့သည့် စာချုပ်အား ငြင်းပယ်ခဲ့ပြီး ရာသီကုန်မှသာ အပြောင်းအရွှေ့အတွက် စကားပြောမည်ဟု ပြောကြားခဲ့သည်။

    ဧပြီလတွင် စတာလင်မှာ အသင်း၏ ခွင့်ပြုချက်မရဘဲ မီဒီယာနှင့် အင်တာဗျူးလုပ်ခဲ့ပြီး ထိုအင်တာဗျူးတွင် ၎င်း၏ အနာဂတ်အတွက် ပြောကြားမှုများ ရှိခဲ့သောကြောင့် အသင်းမှ ဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော်လည်း ရော်ဂျာကမူ စတာလင်ကို မည်သည့်အခြေအနေမျိုးတွင်မှ ထွက်ခွာခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “သက်တမ်းတိုးစာချုပ်အတွက် သဘောမတူရင်တောင်မှ ဒီနွေရာသီမှာ ရဟီမ်း (စတာလင်)ဟာ ဘယ်မှသွားရမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ သူ အိမ်ကိုလာပြီး ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုတွေလည်း ရှိပါတယ်။ ဒါဟာ ဘောလုံးဘက် တစ်ဖက်တည်းအတွက် မဟုတ်ပါဘူး။ သူ့ရဲ့ ကောင်းကျိုးအတွက်ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ ငယ်သေးပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူ တော်တော်လေး ဖြတ်ကျော်ပြီးပါပြီ။ ဒါ့ကြောင့် သူ့ကို ကျွန်တော် အကြမ်းဖျင်းစကားပြောထားပြီး၊ သူဟာ
    ယခုအချိန်မှာ အကောင်းဆုံးနေရာကို ရောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းမှာ စတာလင်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မိမိတို့၏ သဘောထားအပေါ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း မိမိတို့အသင်းမှာ စတာလင်အတွက် ယခုအချိန်တွင် အကောင်းဆုံး နေရာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါတီမှ အမည်စာရင်းတင်သွင်းပါက သမ္မတလောင်းအဖြစ် ပြိုင်သွားမည်ဟု သူရဦးရွှေမန်းပြော

    ပါတီမှ အမည်စာရင်းတင်သွင်းပါက သမ္မတလောင်းအဖြစ် ပြိုင်သွားမည်ဟု သူရဦးရွှေမန်းပြော

    မေ ၂၊ ၂၀၁၅
    M-Media

    ဧပြီလအတွင်းက တရုတ်သမ္မ ဇီဂျင်ပင်းနှင့်အတူ တွေ့ရသည့် ဦးရွှေမန်း

    – ပါတီမှ အဆိုပြုပါက သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက ပြောကြားလိုက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် သို့မဟုတ် မည်သူနှင့်မဆို တိုင်းပြည်၏အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။

    အမေရိကန်တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအား တွေ့ဆုံရန် ၀ါရှင်တန်သို့ ရောက်ရှိနေသည့် ဦးရွှေမန်းမှာ Carnegie Endowwment for International Peace အဖွဲ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်း၏ ပါတီမှာ စစ်တပ်လွှမ်းမိုးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် ပြင်းပြသော ရည်မှန်းချက်များ ရှိနေသော်လည်း နိုဝင်ဘာတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်ရန်မှာ အချိန်နည်းသွားပြီဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ၎င်း၏ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ယခင်စစ်အာဏာရှင်များက ဖွဲ့စည်းထားသည့် လူမှုရေးလှုပ်ရှားမှုအဖွဲ့အား အသွင်ပြောင်းထားခြင်း ဖြစ်ပြီး စစ်ဘက်အရာရှိဟောင်းများစွာ ပါဝင်သည့် ပါတီလည်းဖြစ်သည်။

    ပါတီမှ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းပါက ဆောင်ရွက်မည်လားဟု မေးမြန်းရာတွင် ဦးရွှေမန်းက

    “သေချာတာပေါ့။ တကယ်လို့ ပါတီက ကျွန်တော့်ကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ကျွန်တော် ပျော်ပျော်ကြီး လက်ခံမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် နိုင်ငံခြားသားအား လက်ထပ်ထားသည့်အတွက်ကြောင့် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ အခြေခံဥပဒေ၏ တားမြစ်မှုကို ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်ဖွဲ့ရန် ဆန္ဒရှိလားဟု မေးမြန်းရာတွင်လည်း ဦးရွှေမန်းက မိမိတို့မှာ သူငယ်ချင်းကောင်းများဖြစ်ပြီး တစ်ချိန်တည်းတွင် ပြိုင်ဘက်ကောင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

    “ရွေးကောက်ပွဲပြီးရင် ညွှန့်ပေါင်းစိုးရအဖွဲ့ ဖွဲ့နိုင်ခြေရှိမလားဆိုတဲ့ မေးခွန်းကို ခင်ဗျားတို့က မေးနေပါတယ်။ အမှန်ပါပဲ… တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သူ(ဒေါ်စု)နဲ့ ပူးပေါင်းဖို့ ဒီနေ့လည်း အဆင်သင့်ဖြစ်နေတယ်။ နက်ဖြန် ပြီးတော့ အနာဂတ်အတွက်လည်း အဆင်သင့်ဖြစ်နေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပြည်သူနှင့် နိုင်ငံကိုကြည့်သည့် မည်သည့်ပါတီနှင့်မဆို၊ မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်မှုအတွက် ဖြစ်နိုင်ချေနှင့်ပတ်သက်၍လည်း ဦးရွှေမန်းက လွှတ်တော်တွင် စစ်သား ၂၅ ရာခိုင်နှုန်းထည့်သွင်းထားမှု အပါအ၀င် အချို့သော ပြင်ဆင်မှုများမှာ အခြားသော ပြင်ဆင်မှုများထက် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွင် ပြည်သူ့ဆန္ဒ ခံယူရန် လိုအပ်မည်ဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International မှ ကိုယ်စားလှယ် တီ ကူမားရ်၏ မေးခွန်းအား ဖြေကြားရာတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဘင်္ဂါလီဟု သုံးနှုန်းခဲ့သည့်အတွက် ဦးရွှေမန်းမှာ ဝေဖန်မှုကို ခံခဲ့ရသည်။

    ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူအများစု အပါအ၀င် ရခိုင်ပြည်နယ်အနောက်ပိုင်းရှိ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုအတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေခြင်းမှာ လူ့အခွင့်ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

    ဦးရွှေမန်းကမူ အခြေခံအခွင့်အရေး၊ နိုင်ငံတိုင်းက လေးစားရမည့် ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ လွှတ်တော်တွင်း ကော်မတီတစ်ခုကို ဖွဲ့စည်းရန် ရည်ရွယ်ချက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • တနင်္ဂနွေနေ့မှာ ချယ်ဆီးနေ့ဖြစ်ရမည်ဟု ဒရော့ဘာပြော

    တနင်္ဂနွေနေ့မှာ ချယ်ဆီးနေ့ဖြစ်ရမည်ဟု ဒရော့ဘာပြော

    မေ ၂၊ ၂၀၁၅
    M-Media

    drogba

    – မိမိတို့အသင်း ပရီးမီးယားလိဂ်ဖလား ရရှိမည်ဆိုသည့် ယုံကြည်ချက်မှာ မိမိနှင့် အသင်းဖော်များတွင် ပြီးခဲ့သည့် မတ်လကတည်းက ရှိခဲ့ကြောင်း ချယ်ဆီးတိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမည်ဖြစ်သည်။ သို့သော်လည်း အိုက်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာကမူ မိမိတို့မှာ မတ်လ ၁ ရက်နေ့ လိဂ်ဖလားကို ဆွတ်ခူးရရှိကတည်းက ပရီးမီးယားလိဂ်ဖလား ရှရှိတော့မည်ဆိုသည်ကို သေချာသိခဲ့သည်ဟု ဆိုသည်။

    ချယ်ဆီးမှာ ၂၀၀၅ ခုနှစ်က အေဗရာဟီမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်း လိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးရရှိခဲ့ပြီးနောက် ထိုနှစ်မှာပင် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။

    “၂၀၀၄-၀၅ လောက်တုန်းက အခုထက် နည်းနည်းကွာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကစားသမားတွေဟာ ရင့်ကျက်မှုနည်းနည်းပဲရှိတယ်။ ပြီးတော့ အတွေ့အကြုံကလည်း နည်းပါတယ်။ အခုတော့ အသင်းဟာ ဖလားတွေယူပြီး အတွေ့အကြုံတွေ ရှိနေပါပြီ။ ၂၀၀၄-၀၅ က ကျွန်တော်တို့ဟာ နေရာတစ်နေရာကနေ စခဲ့ရပြီး လီဗာပူးလ်နဲ့ ကစားရတာက ကြီးမားတဲ့အရာ ဖြစ်ခဲ့ပါတယ်။ သူတို့ကို အနိုင်ရခဲ့တာက ကျွန်တော်တို့ ရှေ့ဆက်သွားဖို့၊ အမှတ်ပေးဖလားကို ရရှိဖို့ ယုံကြည်မှု ရစေခဲ့ပါတယ်။ အခုနှစ်ဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား ရတော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်”
    ဟု ဒရော့ဘာက ချယ်ဆီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ဒရော့ဘာမှာ ၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်များတွင် ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ဖူးပြီး အခြားသော ဖလားများကိုလည်း အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။ ဒရော့ဘာကမူ တနင်္ဂနွေနေ့ပွဲကို မစောင့်နိုင်တော့ကြောင်း၊ မိမိအနေဖြင့် ပရီးမီးယားလိဂ် ဖလား ၃ လုံး ရရှိဖူးပြီး ယခုတစ်ကြိမ်မှာ စတုတ္ထမြောက် ဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “အနိုင်ဂိုး သွင်းရပြီဆိုရင်တော့… တကယ်ပါ။ ကျွန်တော် တော်တော်လေးကို ပျော်မှာပါ။ အထူးသဖြင့် ဒီ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာပေါ့ဗျာ။ သိပ်အံ့သြစရာကောင်းမှာပါ။ တနင်္ဂနွေနေ့ဟာ အပြာရောင်တပ်သားတွေရဲ့နေ့ပဲ ဖြစ်ရပါမယ်”

    Ref: Goal

  • ငလျင်အပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်  ကြိုးပမ်းနေရသည့် နီပေါ

    ငလျင်အပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် ကြိုးပမ်းနေရသည့် နီပေါ

    မေ ၂ ၊ ၂၀၁၅
    M-Media
    9d0605f45043425f801e983ef4d37663_18
    – ဘခ်တာပူးရ် ရှေးဟောင်းမြို့ရှိ ဘုရားကျောင်း အပျက်အစီးပုံပေါ် ရပ်နေသောသူများက ပေါက်တူးများ၊ လက်ဗလာများဖြင့် ဖုန်များ၊ အပျက်အစီးများအကြားတွင် စိတ်အားထက်သန်စွာ တူးဆွနေကြသည်။

    ကြာသာပတေးနေ့ နေ့လည်ပိုင်းက ကြီးမားသည့် ကျောက်တုံးပန်းပုလက်ရာ တစ်ခုကို ၎င်းတို့ တူးဖော်ရရှိသည့် အချိန်တွင် အခြားသူများကလည်း အလျင်အမြန် ၀ိုင်းအုံလာကာ ထိုပန်းပုရုပ်တုကြီးကို မ,တင်ပေးကြသည်။ ထိုသို့ တင်ပေးနေစဉ် တစ်ယောက်က “ငါတို့နိုင်ငံကို ချစ်တယ်” ဟု အော်လိုက်သည်။ တူးဖော်ရရှိခဲ့သည့် အဆိုပါ ပန်းပုရုပ်တုကြီးက ငလျင်ကြောင့် ပြိုကျသွားခဲ့သည့် ဘဟာဂ်ဝတီ ဘုရားကျောင်း၏ အခြေတွင် ထားရှိသည့် ရုပ်တုကြီးဖြစ်လေသည်။

    ပြီးခဲ့သည့် စနေနေ့က ပြင်းအား ၇.၈ မဂ္ဂနီကျုရှိသော မြေငလျင်လှုပ်ပြီးသည့်နောက် ငလျင်ဒဏ် ခံစားရသည့် ဝေးလံခေါင်သီသော ဒေသ များသို့ အကူအညီများမှာ ယခုအချိန်မှ စတင်ရောက်ရှိသည်။ ထိုသို့ ဒုက္ခပင်လယ် ဝေခဲ့ရသည့် နီပေါတွင် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ အပြည့်အ၀ကိုလည်း မသိရသေး။ သေဆုံးသူ စာရင်းကတော့ သောကြာနေ့ နံနက်ပိုင်းတွင် ၆၂၅၄ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ၁၉၇၉ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းခြင်းခံခဲ့ရသည့် ခတ္တာမန်ဒူတောင်ကြားရှိ ထင်ရှားသော နေရာ ၇ နေရာမှ အထိမ်းအမှတ်အဆောက်အအုံနှင့် ဘုရားကျောင်းအများအပြားမှာ ငလျင်အတွင်း ပျက်ဆီးသွားခဲ့သည်။

    ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဘခ်တာပူးရ်မြို့ရှိ ဒါဘာရ်ရင်ပြင်တွင် ရုပ်ထုများကို ပြန်ဖော်နေသူများကဲ့သို့ နီပေါပြည်သူများက နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ကယ်တင်ရန် ကြိုးစားနေကြသည်။ ခတ္တာမန်ဒူမြို့ ဒါဘာရ်ရင်ပြင်ရှိ ဘုရားကျောင်းများ၊ ပါတန်နှင့် ဘခ်ပူးရ်မြို့ရှိ ဘုရားကျောင်းများက အင်အားပြင်းသည့် ငလျင်အတွင်း အပျက်အစီးနှင့် အုတ်ပုံများအဖြစ်သို့ ပြောင်းသွားကြသည်။ ကြီးကျယ်ခမ်းနားပြီး တောင်ထိပ်တွင်ရှိသည့် ရှေးဟောင်း ဟိန္ဒူအဆောက်အဦးဖြစ်သော ချန်ဂူ နာရာယန်၏ အစိတ်အပိုင်းများကလည်း အပျက်အစီးများကြားတွင် ထီးထီးကြီးရှိနေသည်။

    ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်ပြီး ခတ္တာမန်ဒူ ဒါဘာရ်ရင်ပြင်၏ သမိုင်းအမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်သူ အလော့က် တူလဒ်ဟာရ်၏ အဆိုအရ ယူနက်စကိုက ပုံမှန်မဟုတ်သော အစည်းအဝေးတစ်ခုကို ကြာသာပတေးနေ့က ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူများနှင့် ငလျင်အတွင်း ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရန် ရှိနေသည့် ပြင်သစ်ရှေးဟောင်း သုတေသနပညာရှင်တစ်ဦး ပါဝင်ခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုအား မည်ကဲ့သို့ ဆန်းစစ်ကြမည်ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    “ကွင်းဆင်း ဆန်းစစ်မှုတွေပြုလုပ်ဖို့အတွက် နိုင်ငံလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တစ်ခုဖွဲ့စည်းဖို့ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု တူလဒ်ဟာက ပြောကြားခဲ့သည်။
    84be0977366048f692fd5ed57158589a_18

    နည်းပညာအသုံးပြု ရှာဖွေသိမ်းဆည်းမှု

    ကွင်းဆင်းလေ့လာဆန်းစစ်မှုကို နည်းပညာအသုံးပြု ဆောင်ရွက်သွားမည်ဟု တူလဒ်ဟာက ဆိုသည်။ GIS မှ ကျွမ်းကျင်သူများက သောကြာနေ့တွင် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဖန်တီးခဲ့ပြီး ထို အက်ပလီကေးရှင်းဖြင့် အပျက်အစီးများကြားမှ ရှာဖွေရရှိသည့် အနုပညာလက်ရာများ၊ အုတ်ခဲမျာနှင့် သစ်သားများ၏ သက်သေအထောက်အထားများ၊ ဓာတ်ပုံများကို မြန်မြန်ဆန်ဆန် မျှဝေနိုင်မည်ဖြစ်သည်။ အပျက်အစီးများအား မည်ကဲ့သို့ လေ့လာဆန်းစစ်ရမည်ကို တိုင်းပြည်အတွင်းရှိ လူငယ်ရှေးဟောင်းသုတေသနပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ အနုပညာရှင်များနှင့် အနုပညာဆိုင်ရာ သမိုင်းပညာရှင်များအား လေ့ကျင်သင်ကြားပေးမှုကို ချက်ချင်းဆောင်ရွန်ရန် အစီအစဉ်လည်း ရှိနေသည်။

    ငလျင်အတွင်း ပျက်စီးခဲ့သည့် သမိုင်းဝင်နေရာ အများစုက အလယ်ခေတ်ကာလမှဖြစ်ပြီး အခြားသော နေရာများက လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က ဆောက်လုပ်ထားသော အဆောက်အဦးများ ဖြစ်သည်ဟု တူလဒ်ဟာရ်က ဆိုသည်။ နှစ်ပေါင်း ၄၀၀၀ ခန့် သက်တမ်းရှိပြီဖြစ်သည့် ရှေးဟောင်းနေရာများလည်း ပါဝင်သည်။

    နီပေါရှိ အထိမ်းအမှတ်အဆောက်အဦးများက ရှေးဟောင်း အမွေအနှစ် မဟုတ်သော်လည်း ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုလှုပ်ရှားမှုတို့အတွက် အရေးပါသည့်နေရာများ ဖြစ်သည်ဟု တူလဒ်ဟာရ်က ထောက်ပြသည်။ ဘုန်းတော်ကြီးများက ထိန်းသိမ်းစောင့်ရှောက်သည့် နေရာဖြစ်ပြီး၊ ကြည်ညိုသူများက လာရောက်လည်ပတ်ကြသည်။ ပွဲတော်ရက်များတွင်လည်း ကြိတ်ကြိတ်တိုးကြသည်။

    “ပျက်ဆီးသွားတဲ့ အထိမ်းအမှတ်အဆောက်အဦးတွေဟာ အသုံးပြုနေတဲ့ အဆောက်အဦးတွေပါ။ လူတွေလာကြည့်ကြတဲ့ ပြတိုက်လိုမျိုး မဟုတ်ပါဘူး။ အဲဒါတွေဟာ ကျွန်တော်တို့ ရှင်သန်အောင် ထိန်းသိမ်းနိုင်ခဲ့ဖူးတဲ့ ခိုင်မာတဲ့၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့၊ ဖော်မပြနိုင်တဲ့ အမွေအနှစ်တွေနဲ့ တိုက်ရိုက် စက်ဆပ်မှုရှိပါတယ်” ဟု သူက ပြောကြားခဲ့သည်။

    ထိုသို့ ပျက်ဆီးဆုံးရှုံးမှုများ၏ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆိုးကျိုးက သိသာလာမည်ဟု သူက ယုံကြည်နေသည်။ မပြိုဘဲ ကျန်ရှိနေသည့် အဆောက်အဦး အများအပြားကို ကျွမ်းကျင်သူများ၏ လေ့လာစူးစမ်းမှုများပြီးလျှင် ဖြိုချဖျက်ဆီးပစ်ရန် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သည်။

    EARTHQUAK26415e

    ပြည်သူများ၏ အသိပညာကလည်း အရေးကြီး

    တူလဒ်ဟာရ်က အစိုးရနှင့် ယူနက်စကိုတို့မှာ ကမ္ဘာ့အမွေအနှစ် နေရာများကို ဦးစားပေးရမည်ဟု ဆိုသည်။ သို့သော်လည်း လူထုအခြေပြု ပါဝင်မှုနှင့်ပတ်သက်၍ အလေးထားရမည်ဖြစ်ပြီး၊ ၎င်းတို့ ပတ်ဝန်းကျင်ရှိ အဖိုးမဖြစ်နိုင်သည့် ရတနာများကို အတွင်းကျကျသိသည့် ဒေသခံပြည်သူများနှင့်အတူ အလုပ်လုပ်ရမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုက အထိမ်းအမှတ်အဆောက်အဦးများကို ကျော်လွန်သွားသည်။ ပျက်ဆီးသွားခဲ့သည့် သမိုင်းဝင်နေရာများတွင် ဘခ်တာပူးရ်ကဲ့သို့ နေရာများ၌ ပြည်သူများ၏ အိမ်များလည်း ပါဝင်ခဲ့သည်။

    ကြာသာပတေးနေ့တွင် ဘခ်တာပူးရ်ရှိ ဒါဘာရ်ရင်ပြင် ၀င်ပေါက်မှ မုခ်ဦးမှာ ကွဲအက်လာသောကြောင့် ဖြိုချခဲ့ရသည်။ သစ်သားဖြင့်ထုထားသည့် နတ်ဘုရားရုပ်တုများကလည်း နံရံထဲမှ ငေါထွက်လာသည်။

    ဒါဘာရ်ရင်ပြင်၏ အတွင်းပိုင်းတွင် ဘုရားကျောင်းအစောင့်များက ကျောက်နှင့် သစ်သားတို့ဖြင့် ထုလုပ်ထားသည့် ရုပ်တုပေါင်း ၁၅၀ ခန့်နှင့် ကြေးသွန်းခေါင်းလောင်းများကို စောင့်ကြပ်နေကြသည်။ ထိုအစောင့်များထဲမှ တစ်ဦးဖြစ်သူ ရမ် ဘာဟာဒူရ် ကူမဲလ်က လူများမှာ ဒါဘာရ်ရင်ပြင်မှ အနုပညာလက်ရာများကို ယူဆောင်ရန် ကြိုးစားကြပြီး ပစ္စည်းတစ်ခု ပျောက်သွားသည်ဟု ဆိုသည်။

    ဘဟာဂ်ဝတီ ဘုရားကျောင်း၏ အနောက်ဘက်တွင် အမျိုးသားများက ကျောက်သားရုပ်တုတစ်ခုကို ဘုရားကျောင်း၏ အခြေသို့ ရောက်ရှိရန် ကြိုးဖြင့်ဆွဲနေသည်။ ရိုးရာအရ တစ်နှစ်တာ၏ အချိန်အများစုတွင် ဖုံးကွယ်ထားရသည့် ဟိန္ဒူနတ်ဘုရား ပုံတော်တစ်ခုကိုလည်း မြင်နေရပြီး ပြည်သူများက အပျက်အစီးများပေါ်သို့ တက်ကာ အဆိုပါ ပုံတော်အား ပူဇော်မှုများ ပြုလုပ်သောကြောင့် အချို့က ထိုသို့မလုပ်ရန် တားဆီး၍ ပြန်ခိုင်းကြရသည်။

    ပြည်သူများမှာ ဒါဘာရ်ရင်ပြင်တစ်ဝှမ်းတွင် ကွဲကြေနေသော အထိမ်းအမှတ်အဆောက်အဦးများကို လှည့်လည် ကြည့်ရှုနေကြသည်။ နိုင်ငံတကာမှ အကူအညီပေးရေး ၀န်ထမ်းများက တဲများထိုးထားပြီး စိတ်ရှည်လက်ရှည်ဖြင့် ကြည့်နေကြသည်။ ကြက်ခြေနီ သွေးလှူဘဏ်တစ်ခုကလည်း သွေးလှူသူများထံမှ သွေးများကို စုဆောင်းနေကြပြီး သွေးအိတ်များမှာ ရေခဲထည့်ထားသည့် ပုံးထဲတွင် တောင်ပုံရာပုံဖြစ်နေသည်။

    ဒါဘာရ်ရင်ပြင် အနောက်ရှိ လမ်းကြားများတွင် နီပေါစစ်တုရင်အားကစားဝတ်စုံကို ၀တ်ထားပြီး လည်ပင်းတွင် အမှုန်ကာ မျက်နှာဖုံးတစ်ခုကို ချည်ထားသည့် အသက် ၃၈ နှစ်အရွယ် စစ်တုရင်ဒိုင်လူကြီး ဂျန်နန်ဒရာ ခိုင်ဂျူက ၎င်းကြီးပြင်းခဲ့သည့် သမိုင်းဝင် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေသည်။

    ခိုင်ဂျူမှာ ငလျင်ကြောင့် ပျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် ရွဲ့စောင်းနေကာ အန္တရာယ်ရှိသည့် အိမ်တစ်အိမ်မှ အိမ်နီးချင်းများ၏ ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းရာတွင် ကူညီပေးနေသည်။ ၎င်း၏ အိမ်နီးချင်းများက အခန်းတစ်ခန်းကို ငှားထားပြီး အခြားမိသားစုဝင်များက ဘခ်ပူးရ်ရှိ ဖြစ်သလိုပြုလုပ်ထားသော ကယ်ဆယ်ရေးစခန်းများသို့ သွားနေကြသည်။

    ခိုင်ဂျူမှာ လမ်းများရှိ အပျက်အစီးများကို ဖယ်ရှား၍သွားကာ အဆိုးဆုံး ထိခိုက်ခဲ့သည့် နေရာများကို ညွှန်ပြသည်။ အချို့သော လမ်းကြားလေးများတွင် အိမ်ကြီးအိမ်ကောင်းများ ပြိုလဲနေကြသည်။ သစ်သားရက်မများ၊ ကွန်ကရစ်များနှင့် အိပ်ယာအပျက်အဆီးများ တောင်လိုပုံနေသည်။ ပတ်ဝန်းကျင်တွင် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ပြည်သူများကလည်း ပြိုကျနေသော အိမ်များမှ အပျက်အစီးများကိုဖယ်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စုဆောင်းနေကြသည်။
    nepal-landmarks-before-after-earthquake-1430011886105-master495-v3
    လမ်းကြားတစ်ခုတွင် အိမ်များ အတန်းလိုက်ပြိုကျနေသည်။ ကာစီယို ဂဏန်းတွက်စက်၊ အောက်စက်မှ အစိတ်အပိုင်းများ၊ ကုသိုလ်ကံကို အခြေပြုကာ ကစားရသည့် ဒူခ်ကူတီ ကစားနည်းအတွက် စာအုပ်တစ်အုပ် စသည်တို့က အပျက်အဆီးများပေါ်တွင် ရှိနေသည်။ ခိုင်ဂျူ၏ အိမ်နီးချင်းဖြစ်သည့် လူလတ်ပိုင်း အမျိုးသမီး ၂ ဦးက ထိုနေရာတွင် သေဆုံးနေသည်။

    ခိုင်ဂျူက လုံးဝ အကောင်းပကတိအတိုင်းရှိနေသည့် အိမ်တစ်လုံးကို ညွှန်ပြသည်။ အဆိုပါအိမ်မှာ ရိုးရာ နီဝါရီပုံစံ တည်ဆောက်ထားသည့်အိမ်ဖြစ်ပြီး မျက်နှာစာကို အုပ်ဖြင့်ပြုလုပ်ထားသည်။ လေးထပ်မြောက်တွင် အုပ်ကျွပ်မိုး ခေါင်ဖြင့် ထပ်ခိုးရှိသည်။ အဆိုပါအိမ်၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀၀ ခန့်ရှိမည်ဟု ခိုင်ယူက ယုံကြည်နေသည်။

    တူလဒ်ဟာရ်က ရှေးဟောင်းအဆောက်အဦးများ ပြိုကျရခြင်း၏ အကြောင်းအရင်းမှာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှု မရှိခြင်း၊ သို့မဟုတ် အလောတကြီး ပြုပြင်မွမ်းမံခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

    “ဒီနေရာမှာ ငလျင်တွေလှုပ်တယ်ဆိုတာ သမိုင်းနဲ့ချီပြီး ကျွန်တော်တို့ သိကြပါတယ်။ ဒီလိုငလျင်မျိုးက တော်တော်များများ မျှော်လင့် ထားတာမျိုးပါ” ဟု သူကဆိုသည်။

    ရှေးဟောင်းအိမ် အတော်များများမှာ ကနဦးက မိမိတို့ဘိုးဘေးများ၏ နှစ်ပေါင်းထောင်ချီ ရရှိခဲ့သည့် အသိပညာကို အခြေပြု၍ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားကြခြင်းဖြစ်သည်ဟု တူလဒ်ဟာရ်က ပြောကြားခဲ့သည်။

    ဗိသုကာ ပုံစံများက အရေးကြီး

    ဥပမာအားဖြင့် ခတ္တာမန်ဒူ ဒါဘာရ်ရင်ပြင်တွင်ရှိသည့် ကူမာရီဂါရ် အဆောက်အဦးမှာ အပျက်အဆီးအနည်းငယ်သာ ရှိခဲ့သည့် ရှေးဟောင်း အဆောက်အဦးဖြစ်သည်။ ၁၈ ရာစုအလယ်ပိုင်းတွင် ဆောက်လုပ်ထားသည့် အဆိုပါ အဆောက်အဦးမှာ ဟိန္ဒူနတ်ဘုရားမ ကာလီ ၀င်စားသည်ဟု ယုံကြည်ကြသည့် ကလေးတစ်ဦးဖြစ်သော ကူမာရီနေထိုင်သည့် နေအိမ်ဖြစ်သည်ဟု တူလဒ်ဟာရ်က ဆိုသည်။ သူမမှာ ယခုအချိန်အထိ ထိုအိမ်တွင် နေထိုင်သည်။ အဆိုပါ အိမ်၏ လေးဘက်လေးတန်မှ အဆောင်များက တစ်ခုနှင့်တစ်ခု ကျားကန်ပေးထားသည်ဟု သူက ဆိုသည်။

    ခိုင်ဂျူက လွန်ခဲ့သည့်နှစ်များတွင် အိမ်နီးချင်းများမှာ ရှေးဟောင်းအဆောက်အဦးများ၏ ဗိသုကာဒီဇိုင်းကို ပုံတူကူး၍ ဆောက်လုပ်သော်လည်း အဆိုပါ အဆောက်အဦးများ၏ နည်းပညာများကိုမူ အသုံးပြုခြင်းမရှိဟု ပြောကြားခဲ့သည်။ သူက အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။ ထိုအိမ်က ဒါဘာရ်ရင်ပြင်ရှိ မပြိုဘဲကျန်ခဲ့သော ညာတာပိုလာ ဘုရားကျောင်း တည်ထားသည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သူကပြောသည်။

    ရိုးရာ နီဝါရီ ဗိသုကာဒီဇိုင်းဖြင့် ဆောက်လုပ်ထားသည့် အောက်ပိုင်းရှိ ကြမ်းပြင်က အနည်းငယ်သာ ပျက်ဆီးခဲ့သည်။ သို့သော်လည်း ကွန်ကရစ်များလောင်း၍ ဆောက်လုပ်ထားသော အပေါ်ပိုင်းကြမ်းပြင်များက ပြိုကျခဲ့လေသည်။ ထိုပြိုကျမှုတွင် လူ ၄ ဦး ပိမိခဲ့ပြီး ၂ ဦးကိုသာ အသက်ရှင်လျက် ကယ်ထုတ်နိုင်သည်ဟု ခိုင်ဂျူက ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ် ကုန်စုံဆိုင်ပိုင်ရှင် ဒီပက်ရှ် ဒူဘန်ဇာရ်က ဦးလေးဖြစ်သူ၏ တည်းခိုခန်းရှိ လှေကားတွင် ထိုင်နေသည်။ ထိုတည်းခိုခန်းမှာ ဒါဘာရ်ရင်ပြင်ရှိ အခြားသော စားသောက်ဆိုင်များနှင့် တည်းခိုခန်းများကဲ့သို့ပင် ပြိုကျပျက်ဆီးခဲ့သည်။ အဆိုပါ စီးပွားရေးများကို တစ်လအတွင်း ပြန်ဖွင့်နိုင်မည်ဟု သူက တွက်ထားသည်။

    “မြို့ထဲကလူတွေက အခုအချိန်မှာ လုံးဝ တုန်လှုပ်နေကြပါတယ်။ အဓိကပြဿနာကတော့ စိတ်ဖိစီးမှုပါပဲ”

    မိသားစုနှင့်အတူ ငလျင်မှ လွတ်မြောက်ခဲ့သည့် ဒူဘန်ဇာတစ်ယောက် ဆွေမျိုးများ၏ ကံကြမ္မာကောင်းကိုလည်း သတိတရရှိနေသည်။

    ဘဟာဂ်ဝတီဘုရားကျောင်းကို ရှင်းလင်းနေသူများ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် သူက အပျက်အဆီးများကို ဖယ်ရှားခြင်းမှာ အနည်းငယ်စိတ်သက်သာရသည်ဟု ဆိုသည်။ ဆယ်ယူရသမျှ အားလုံးကိုလည်း ဆယ်ယူထားရန် အရေးကြီးသည်ဟု သူကပြောသည်။

    “ဘုရားကျောင်းက အုတ်ခဲတစ်လုံးကလည်း ကျွန်တော်တို့ ပစ္စည်းပါ။ ကျွန်တော်တစ်ယောက်တည်းရဲ့ ပစ္စည်းမဟုတ်ဘူး။ အခြားသူတစ်ယောက်တည်းရဲ့ ပစ္စည်းလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ ပစ္စည်းပါ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အဲဒါကို ရှာဖွေ သိမ်းဆည်းထားရပါမယ်”

    ref: Al Jazeera
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • တောင်တရုတ်ပင်လယ်ရှိ အဆောက်အဦးများကို အားလုံးသုံးနိုင်သည်ဟု တရုတ်ပြော

    တောင်တရုတ်ပင်လယ်ရှိ အဆောက်အဦးများကို အားလုံးသုံးနိုင်သည်ဟု တရုတ်ပြော

    မေ ၁၊ ၂၀၁၅
    M-Media

    china

    – ဒေသတွင်း အခြားသောနိုင်ငံများနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ရာသီဥတုလေ့လာစောင့်ကြည့်ရေးတို့အတွက် တရုတ်နိုင်ငံမှ တည်ဆောက်နေသော အရပ်ဘက် အဆောက်ဦးများကို အသုံးပြုရန် အမေရိကန်နှင့် အခြားသောနိုင်ငံများအား ကြိုဆိုသွားမည်ဟု တရုတ် ရေတပ်အကြီးအကဲက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေတို့ ကြွယ်ဝမည်ဟု ယူဆရသည့် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်ဟု ကြေညာထားပြီး ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့ကလည်း အဆိုပါ ပိုင်နက်များကို အသီးသီး ပိုင်ဆိုင်ကြသည်ဟု ကြေညာထားသည်။

    မကြာသေးမီက ထုတ်ပြန်ခဲ့သော ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်နိုင်ငံမှာ ပိုင်ဆိုင်မှုအငြင်းပွားနေသော စပရက်တလေကျွန်းစုတွင် အဆောက်အဦးများနှင့် စစ်ဘက်ဆိုင်ရာ အသုံးပြုရန်အတွင် သင့်တော်သည့် လေယာဉ်ပြေးလမ်း တည်ဆောက်မှုတွင် အလျင်အမြန် တိုးတက်မှုများ ရရှိနေသည်ဟု သိရသည်။

    ထိုဆောင်ရွက်မှုက ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်တို့အား သတိပေးလိုက်သကဲ့သို့ဖြစ်ပြီး ယခုတစ်တစ်ပါတ်တွင် ပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံမှ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ထိုကိစ္စက လွှမ်းမိုးခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံက ကျေနပ်ခြင်းမရှိချေ။

    အမေရိကန် ရေတပ်အကြီးအကဲ ဂျိုနသန် ဂရင်းနာ့တ်နှင့် အွန်လိုင်းမှပြုလုပ်သော အစည်းအဝေးတွင် တရုတ်ရေတပ်အကြီးအကဲ ၀ူ ရှန်လီက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ အဆောက်ဦးတည်ဆောက်မှုက ရေကြောင်းသွားလာမှု သို့မဟုတ် လေယာဉ်ပျံသန်းမှုတို့ကို ထိခိုက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “(ကျွန်တော်တို့ဟာ) နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အမေရိကန်နဲ့ သက်ဆိုင်ရာနိုင်ငံတွေ အနာဂတ်မှာ အခြေအနေ အချိန်အခါပေးတဲ့အခါ နိုင်ငံတကာ ရေပိုင်နက်တွင်း လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လိုက်နာပြီး ဒီအဆောက်အဦးတွေကို အသုံးပြုဖို့အတွက် ကြိုဆိုပါတယ်” ဟု ၀ူက ဆိုသည်။

    ဂရင်းနာ့တ်ကလည်း တရုတ်နိုင်ငံအနေဖြင့် အဆောက်ဦးဆောက်လုပ်ခြင်း၏ ရည်ရွယ်ချက်ကို အချိန်နှင့်တစ်ပြေးညီ ဒေသအတွင်းနိုင်ငံများသို့ ရှင်းပြရန် မျှော်လင့်ကြောင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် အခြားသောနိုင်ငံများက အဆိုပါ အဆောက်အဦးများကို သုံးစွဲရသည့်အခါ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ခွင့်ပြုပါက ကောင်းမွန်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

    Ref: Reuters