News @ M-Media
Blog
  • ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော
    ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    Lighting candles in memory of Holocaust victims
    – ရုရှားသမ္မတ ဗလာဒီမာပူတင် ဖြုတ်ချခံရပါက ရုရှားရှိ ဂျူးလူမျိုးများမှာ ဆိုးရွားသည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားရှိ ဂျူးဘုန်းတော်ကြီး အလက်ဇန်ဒါ ဘိုရိုဒါက ပြောကြားလိုက်သည်။
    ရုရှားဂျူးလူ့အဖွဲ့အစည်းအသင်း ခေါင်းဆောင်ဖြစ်သူ ဘိုရိုဒါမှာ သောကြာနေ့က ပြုလုပ်ခဲ့သည့် ဂျူးအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် အခြားသော ဥရောပနိုင်ငံများထက် လက်ရှိရုရှားအစိုးရက ဂျူးလူမျိုးများ၏ လုံခြုံရေးကို အာမခံပေးကာ ရုရှားရှိ ဘာသာရေး အသင်းအဖွဲ့များကလည်း ဂျူးဆန့်ကျင်ရေးဝါဒကို ပိုမို၍ ဆန့်ကျင်ကာကွယ်ပေးကြသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။
    “ပူတင်အစိုးရ ပြိုလဲသွားမယ်ဆိုတဲ့ ဖြစ်နိုင်ချေနဲ့အတူ အန္တရာယ်တွေဟာလည်း တစ်ပါတည်း ပါလာမယ်ဆိုတာ ရုရှားကဂျူးတွေ နားလည်ထားရပါမယ်။ ပြီးတော့ ကစားပွဲရဲ့ ဥပဒေတွေကို နားလည်ထားရမှာဖြစ်သလို၊ ကန့်သတ်မှုတွေကိုလည်း သတိထားရပါမယ်” ဟု ဘိုရိုဒါက ဆိုသည်။
    ထို့ပြင် ရုရှား၌ သဘောတရားအရ အကန့်အသတ်မရှိသည့် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး ဂျူးလူ့အဖွဲ့အစည်းက ထိုအခြေအနေအား ဆက်လက်တည်ရှိနေရေး သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုရှားရှိ ဂျူးများအားလုံး အထူးသဖြင့် ပူတင်နှင့် ၎င်း၏ အစိုးရကို ဆန့်ကျင်သောသူများမှာ မိမိတို့အပေါ်တွင် ရှိနေသည့် အန္တရာယ်များနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို မဖြစ်မနေ နားလည်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ရုရှားအစိုးရအား ထောက်ခံမှုမှာ လစ်ဘရယ်ဂျူးများနှင့် ယူကရိန်းရှိ ဂျူးများအကြားတွင် လျော့ကျလာခဲ့ပြီး ၎င်းတို့က မော်စကိုမှာ ပြည်သူများ၏ လွတ်လပ်ခွင့်များကို ထိပါးကာ ယူကရိန်းရှိ ပြဿနာကိုလည်း မီးထိုးပေးနေသည်ဟု စွပ်စွဲကြသည်။
    ရုရှား ဂျူးလူ့အဖွဲ့အစည်းအသင်းကမူ နိုင်ငံအတွင်းရှိ ဂျူးများအား ပြန်လည်စုစည်းရာတွင် ပူတင်၏ ကူညီမှုကို ချီးကျူးခဲ့သည်။ ရုရှားနိုင်ငံတွင် ဂျူးအရေအတွက်မှာ ၃၅၀၀၀၀ ခန့်ရှိနေသည်။
    ပူတင်အစိုးရကလည်း ဂျူးဘုရားကျောင်းများ ပြင်ဆင်မှုတွင် ကူညီပေးခဲ့ပြီး မော်စကိုတွင် ကြီးမားသည့် ဂျူးပြတိုက်တစ်ခု ဆောက်လုပ်ရန်အတွက်လည်း ရန်ပုံငွေ မတည်ပေးခဲ့သည်။
    Ref: RT
  • ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်လာတဲ့ ချယ်ဆီး၊ မန်ယူတို့ ရှုံးပွဲထပ်တွေ့ခဲ့ပြီး တန်းဆင်းဇုန်မှာ အကြိတ်အနယ်ဖြစ်လာတဲ့ ပရီးမီးယားလိဂ်
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    epl 2
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးလ်ကလွဲလို့ အသင်းကြီးတွေအားလုံး နိုင်ပွဲမရခဲ့ဘဲ သရေပွဲ ၄ ပွဲအထိ ရှိခဲ့ပါတယ်။ လန်ဒန်ဒါဘီမှာ ချယ်ဆီးက သရေကစားသွားပြီး ချန်ပီယံဖြစ်ရေးအတွက် အကောင်းဆုံး အနေအထားကို ရောက်ရှိလို့ လာခဲ့ပါတယ်။
    ဒီတစ်ပတ်မှာ နောက်ဆုံးကစားသွားတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီဟာ စွဲမက်စရာမရှိဘဲ သရေပွဲနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ ချယ်ဆီးက သူတို့ရဲ့ ပုံစံအတိုင်း ခံစစ်ကို အထိုင်ချကစားသွားပြီး အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ချယ်ဆီးနောက်တန်းကိုတော့ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ ကွင်းလယ်မှာ အချိန်ကုန်ခဲ့ပါတယ်။ ပထမပိုင်းမှာ အော်စကာက အာဆင်နယ်ဂိုးသမား အော့စ်ပီနာကိုကျော်ပြီး ကန်သွင်းမှုကို ဘယ်လာရင် ဂိုးစည်းပေါ်ကနေ
    ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အာဆင်နယ်တို့ ဂိုးသွင့်အချို့ ရခဲ့ပေမယ့် ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ဒီပွဲသရေကြောင့် ချယ်ဆီးဟာ ၁၀ မှတ်အသာနဲ့ ဇယားကို ဆက်လက်ဦးဆောင်ထားပြီး လက်ကျန် ၅ ပွဲမှာ ၂ ပွဲ နိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။
    အီတီဟတ်မှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်စတွန်ဗီလာတို့ပွဲမှာ အိမ်ရှင်တို့ ခြေစွမ်းမပြနိုင်ဘဲ ပွဲအစ ၃ မိနစ်မှာ အဂူရို၊ ၆၆ မိနစ်မှာ ကိုလာရော့ဗ်ရဲ့ဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိ ဦးဆောင်ထားနေရာကနေ ၂ ဂိုးပြန်ပေးလိုက်ရပြီး ဖာနန်ဒင်ဟိုရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာကတော့ ဒီပွဲအရှုံးကြောင့် တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာတော့ပြီး လက်ကျန်ပွဲတွေမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ချယ်ဆီးကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အရှုံးပေးခဲ့ရတဲ့ မန်ယူတို့ မနေ့ကပွဲမှာလည်း အဲဗာတန်ကို အဝေးကွင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲဗာတန်တို့က ချယ်ဆီးရဲ့ပုံစံအတိုင်း ခံစစ်ကို အာရုံစိုက်ခဲ့ပြီး ပွဲအစ ၅ မိနစ်မှာ ဂျိမ်းစ် မက်ကာသီရဲ့ ဦးဆောင်ဂိုးက အိမ်ရှင်တို့အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ၃၅ မိနစ်မှာ ဂျွန်စတုန်းစ်က ဒုတိယဂိုးသွင်းပေးခဲ့ပြီး ၇၄ မိနစ်မှာ ကီဗင် မီရာလက်စ်က တတိယဂိုးသွင်းပေးခဲ့တာကြောင့် အဲဗာတန်တို့ ၃
    ဂိုးပြတ်နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ အဝေးကွင်းမှာ ဂိုးကံခေတာကြောင့် ၀က်စ်ဘရွန်းကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်ကလွတ်ဖို့ကြိုးစားရင်း နောက်ပိုင်းမှာ နိုင်ပွဲတွေဆက်လာတဲ့ လက်စတာက ဘ၀တူ ဘန်လေကို ဂျာမီဗာဒီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာ ရှိနေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆောက်သက်တမ် ၂-၂ စပါး
    ဘန်လေ ၀-၁ လက်စတာ
    ခရစ္စတယ်ပဲလေ့စ် ၀-၂ ဟားလ်စီးတီး
    နယူးကာဆယ် ၂-၃ ဆွမ်ဆီး
    ကျူပီအာရ် ၀-၀ ၀က်စ်ဟမ်း
    စတုတ် ၁-၁ ဆန်းဒါးလန်း
    မန်စီးတီး ၃-၂ အက်စတွန်ဗီလာ
    အဲဗာတန် ၃-၀ မန်ယူ
    အာဆင်နယ် ၀-၀ ချယ်ဆီး
  • အစ္စလာမ်အပေါ် နားလည်ရေး တောင်ကိုရီးယားမွတ်စလင်များ၏ ကြိုးပမ်းမှု အောင်မြင်
    အစ္စလာမ်အပေါ် နားလည်ရေး တောင်ကိုရီးယားမွတ်စလင်များ၏ ကြိုးပမ်းမှု အောင်မြင်
    ဧပြီ ၂၇၊ ၂၀၁၅
    M-Media
    mosque in soul
    – အစ္စလာမ်အား ယဉ်ကျေးမှုနှင့် ဘာသာတရားအဖြစ် နားလည်မှု ပိုမိုရှိလာစေရန်အတွက် တောင်ကိုရီးယားမွတ်စလင်များ၏ ကြိုးပမ်းမှုမှ အသီးအပွင့်များကို စာသုံးနေရပြီး ထောင်ပေါင်းများစွာသော မွတ်စလင်များကလည်း တိုင်းပြည်၏ လူမှုအသိုင်းအ၀ိုင်းတွင် ထဲထဲဝင်ဝင် ပါဝင်နေကြသည်။
    “ဒီနေ့အချိန်မှာ ကျွန်တော့်ရဲ့ မွတ်စလင်ဖြစ်မှုအခြေခံကို ကြည့်ပြီးတော့ ကိုရီးယားတွေက ခွဲခြားမှု မလုပ်ကြပါဘူး။ ၂၀၁၀ ခုနှစ် ကျွန်တော် ဒီကိုရောက်လာတဲ့အခါ မွတ်စလင်တွေ၊ ဒါမှမဟုတ် မွတ်စလင်ဝတ်ပြုဆောင်ကို သွားတဲ့သူတွေကို ကိုရီးယားတွေက အေးတိအေးစက်နဲ့ ဆက်ဆံပါတယ်” ဟု Kyung Hee တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မိုဟာမက်က The Korea Herald
    သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂျော်ဒန်နိုင်ငံသား မိုဟာမက်မှာ တက္ကသိုလ်တွင် သင်ယူမှုများပြီးနောက် တက္ကသိုလ်ရှိ ၀တ်ပြုဆောင်သို့ သူငယ်ချင်းများနှင့်အတူ သွားရောက်၍ ၀တ်ပြုလေ့ရှိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိုရီးယားမွတ်စလင်များမှာ တွေ့ဆုံဆွေးနွေးမှုများ၊ ဘာသာပေါင်းစုံ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ထိုလုပ်ရှားမှုများကြောင့်ပင် တောင်ကိုရီးယား လူ့အဖွဲအစည်းမှာ မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များ ရှိလာခဲ့သည်။
    “ဒီမှာ နှစ်တိုင်း ဘာသာပေါင်းစုံအကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ကြပါတယ်။ ကျွန်တော်တို့ဟာ အတူယှဉ်တွဲနေထိုင်ရေး၊ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေကို ဆွေးနွေးကြပါတယ်” ဟု ဆိုးလ်မြို့ရှိ ဗဟိုဗလီကြီးမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ လီ ဂျူ ဟွာက ပြောကြားခဲ့သည်။
    အပြန်အလှန် ဆွေးနွေးမှုများအပြင် ကိုရီးယားများအား အာရဗီဘာသာစကားသင်တန်းများ တက်ရောက်ရန်၊ မွတ်စလင်တို့၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ တရားပွဲများကိုလည်း တက်ရောက်ရန် တိုက်တွန်းအားပေးလေ့ရှိကြသည်။
    “လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျောင်းသားနှစ်ယောက်ဟာ အာရဗီဘာသာစကားကို လေ့လာဖို့ ရောက်လာကြပါတယ်။ အခုအချိန်မှာတော့ ဒီကိုလာပြီး အာရဗီဘာသာစကား သင်ယူသူဟာ တစ်လကို ၁၀၀ ကျော် ရှိပါတယ်။ အာရဗီစကားပြောသူအများစုဟာ မွတ်စလင်တွေဖြစ်တာကြောင့် အာရဗီသင်တဲ့ ကိုရီးယားကျောင်းသားတွေဟာ မွတ်စလင်ဆရာတွေနဲ့ ဆက်သွယ်ခြင်းအားဖြင့် အစ္စလာမ့် ယဉ်ကျေးမှုတွေကို နားလည်ဖို့ အခွင့်အရေး ရပါတယ်” ဟု Markaz အာရဗီစင်တာမှ အမှုဆောင်ဖြစ်သူ ကင်မ် ဆန် ကျူက
    ပြောကြားခဲ့သည်။
    အတူယှဉ်တွဲနေထိုင်ရေး
    အီမာမ် လီ ဂျူ ဟွာ၏ ပြောကြားမှုအရ ၂၀၀၇ ခုနှစ်တွင် ကိုရီးယားနိုင်ငံသားများ အာဖဂန်တွင် ပြန်ပေးဆွဲခံရမှုပြီးနောက် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ကိုရီးယားပြည်သူများအကြား စူးစမ်းလိုမှု ဖြစ်လာခဲ့သည်။
    တောင်ကိုရီးယားတွင် အစ္စလာမ်ဘာသာဝင် အများစုမှာ နိုင်ငံရပ်ခြားမှ လာရောက်၍ အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများ ဖြစ်ကြပြီး ဌာနေကိုရီးယားပြည်သူများမှ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူ အရေအတွက်မှာ ၄၅၀၀၀ ၀န်းကျင်ခန့် ရှိနေသည်။
    ဗုဒ္ဓဘာသာဝင် ဦးရေမှာ ၅၂ ရာခိုင်နှုန်းရှိပြီး ခရစ်ယာန်ဘာသာဝင်များမှာ ၂၀ ရာခိုင်နှုန်းရှိသည်။ တောင်ကိုရီးယားတွင် မည်သည့်ဘာသာကိုမှ မကိုးကွယ်သူများမှာ ၂၅.၃ ရာခိုင်နှုန်း ရှိနေသည်။
    ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကိုရီးယားမွတ်စလင်အသင်း၏ အဆိုအရ တောင်ကိုရီးယားနိုင်ငံအတွင်း ဌာနေနှင့် နိုင်ငံခြားသာ အစ္စလာမ်ဘာသာဝင်အရေအတွက် စုစုပေါင်းမှာ ၁၂၀၀၀၀ မှ ၁၃၅၀၀၀ ခန့်အထိရှိနေသည်ဟု သိရသည်။
    Ref: Onislam
  • # မင်းဘက်က အပျင်းပြေ၊ ငါတို့အတွက်တော့ ဘဝတွေ #
    # မင်းဘက်က အပျင်းပြေ၊ ငါတို့အတွက်တော့ ဘဝတွေ #
    ဧပြီ ၂၇ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။
    11170344_662359473870209_4930574308894873819_n
    မင်းရဲ့ကျောပေါ်မှာ ကစားနေတဲ့ ကလေးငယ်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်သွားရှာပြီ။
    x
    မင်းရဲ့  ကျောပေါ်မှာ မေတ္တာပို့နေတဲ့ အမေအိုကြီး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ ကျောပေါ်မှာ ဝန်ထမ်းထားတဲ့ ကိုယ်ဝန်သည်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ ဆောက်ထားတဲ့ မူလတန်းကျောင်းလေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ တည်ထားတဲ့ ဘုရားဆောင်လေး
    ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
    x
    မင်းရဲ့ကျောပေါ်မှာ ရုန်းကန်နေတဲ့ ပစ္စုပန်တွေ
    မင်းရဲ့ကျောပေါ်မှာ ငဲ့ကြည့်နေတဲ့ အတိတ်တွေ
    မင်းရဲ့ကျောပေါ်မှာ ပြေးလွှားနေတဲ့ အနာဂတ်တွေ
    ခုတော့လည်း အရာအားလုံးက မင်းအလိုကျပေါ့ကွယ်။
    x
    မင်းရဲ့ ဆာလောင်မှုအတွက် ဘဝတွေရင်းရတယ်။
    မင်းရဲ့ အကြောတဆန့်အတွက် အသက်တွေပေးရတယ်။
    ခုတော့လည်း
    မင်းရဲ့ ကျောပေါ်မှာ စိုက်ထားတဲ့
    “ကမ္ဘာမြေစိမ်းလန်းပါစေ”ဆိုတဲ့ ဆိုင်းဘုတ်လေး ကွယ်လွန်ခဲ့ပြီ။
    ငါတို့ဘဝတွေနဲ့ အနာဂတ်ကိုယ်စီလည်း တိမ်းပါးခဲ့ကြရပါပြီ။
    x
    ဟေ့-ကမ္ဘာမြေ !
    ငါတို့ ဘဝတွေ…မယိမ်းယိုင်စေဖို့
    ကျေးဇူးပြုပြီး
    မင်းရဲ့ကျောပြင်ကို ဖြေးဖြေးဆန့်ပေးစမ်းပါကွယ့်။
    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    (မှတ်ချက်)
    ကျွန်တော်တို့ လူသားတွေရဲ့ ကိုယ်ကျင့်တရားဟာ ကျွန်တော်တို့ ကမ္ဘာမြေရဲ့
    စိမ်းလန်းခြင်း၊ ဆုတ်ယုတ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့အတူ
    မြေကမ္ဘာမှာ ဖြေသာလောက်တဲ့ လေညှင်းလေးတွေ တိုက်ခတ်နိုင်ပါစေလို့ ဆုမွန်
    တောင်းခဲ့ပါတယ်။
    x
    (စာကြွင်း)
    အစိုးရနဲ့ ပြည်သူ၊ တွဲလက်တွေတူညီလို့ အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါစေ။
    နီပါလ်နိုင်ငံသားတွေရဲ့ ဘေးအန္တရာယ်အတွက် ကျွန်တော် ဝမ်းနည်းမိတာတော့
    အမှန်ပါပဲ။ ဒါပေမယ့် အဲ့ဒီ့ငလျင်ဟာ ကျွန်တော်တို့တိုင်းပြည်မှာ မဖြစ်သွားတဲ့အတွက်
    ဝမ်းသာမိတာလည်း အမှန်ပါပဲ။ ဘေးအန္တရာယ်တစ်ခုခုကျရင် ထိထိရောက်ရောက်
    မလုပ်တဲ့ အစိုးရ၊ ပြည်ပအကူအညီရရင်လည်း ရတာကို အိတ်ထဲထည့်တတ်တဲ့
    အစိုးရ။ ဒီအချက်တွေကို သတိထားမိရုံနဲ့ သူများနိုင်ငံမှာတော့ ငါတို့ နိုင်ငံထက်
    ပိုပြီးမဆိုးလောက်ပါဘူးလေ ဆိုတဲ့အသိနဲ့ ဒီအဖြစ်အပျက်ကြီးက မြန်မာပြည်မှာ
    ဖြစ်မသွားတာကိုပဲ ကျွန်တ်ာဝမ်းသာမိပါတယ်။
  • ကအ်ဘာကျောင်းတော်ရှိ မာတာ့ဖ်ဧရိယာတိုးချဲ့မှု ပြီးစီး
    ကအ်ဘာကျောင်းတော်ရှိ မာတာ့ဖ်ဧရိယာတိုးချဲ့မှု ပြီးစီး
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    macca
    – မြင့်မြတ်သော ၀တ်ကျောင်းတော်ရှိရာ မက္ကာမြို့တော်သို့ ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီးစဉ် လာရောက်ကြသည့် မြင့်တက်လာသော မွတ်စလင်လူဦးရေအား နေရာချထားပေးနိုင်ရန်အတွက် ကအ်ဘာကျောင်းတော်ဝန်းကျင်ရှိ မာတာ့ဖ်ဧရိယာ (၀တ်ကျောင်းတော်အား လှည့်ပတ်ရသည့် ဧရိယာ) တိုးချဲ့မှု ပြီးစီးခဲ့ပြီဟု သိရသည်။
    ထိုးချဲ့ထားသည့်နေရာကို လာမည့် ရမ်ဇာန်ဥပုလ်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်နာရီလျှင် လူပေါင်း ၁၀၀၀၀၀ ထိုဧရိယာတွင် လှည့်ပတ်နိုင်မည်ဖြစ်သည်။
    “လက်ရှိအချိန်မှာ အခြား ထွေအထွေအဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်။ အဲဒီမှာ အစိုးရရုံးတွေပါမယ်။ ကြီးကြပ်ရေးရုံး၊ လုံခြုံရေးဌာနချုပ်၊ ကျန်းမာရေးဌာန၊ လခြမ်းနီ၊ ပြည်သူကာကွယ်ရေးဌာနနဲ့ အခြားသော ဆက်စပ်တဲ့ ရုံးခန်းတွေ ပါဝင်ပါမယ်။ အဆောက်အဦးတွေရဲ့ ၉၅ ရာခိုင်နှုန်းက ပြီးစီးနေပါပြီ” ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုရေးရာ ဥက္ကဌရုံးမှ စီမံကိန်း စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်သူ အလ်-ကူရာရှီက ပြောကြားခဲ့သည်။
    နောက်ဆုံးတိုးချဲု့မှုတွင် မြေအောက်ခန်း၊ မြေညီထပ်နှင့် ပထမထပ်များမှ ကြမ်းပြင်များခင်းခြင်းကဲ့သို့ စီမံကိန်း၏ နောက်ဆုံးအဆင့် ဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်သည်။ ကအ်ဘာ ၀တ်ကျောင်းတော်၏ မြောက်ဘက်တွင်ရှိသည့် ၀တ်ပြုရန် ဧရိယာများနှင့် အိမ်သာများမှာလည်း လာမည့် ရမ်ဇာန်တွင် အဆင်သင့်ဖြစ်မည် ဖြစ်သည်။
    တိုးချဲု့မှုကို ကအ်ဘာကျောင်းတော်၏ အနောက်မြောက်ဘက် မီတာ ၂၀၀ မှ နောက်ထက် ၄၅၈ မီတာအထိ ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းတော်၏ Shami ဘက်တွင် တိုးချဲု့မှုမှာ ၀တ်ပြုသူပေါင်း ၁ သန်းခန့်ကို နေရာထိုင်ခင်းပေးရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
    စုစုပေါင်း တိုးချဲ့မှုဧရိယာ ၇၅၀၀၀ စကွဲယားမီတာတွင် ၀န်ဆောင်မှုဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လေအေးပေးစက်စနစ်၊ ရေတိုင်ကီများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စနစ်များ၊ ဗဟိုထိန်းချုပ်မှုရှိသည့် သန့်ရှင်းရေးစနစ်နှင့် အိမ်သာပေါင်း ၁၂၅၀၀ ပါဝင်မည်ဖြစ်သည်။
    တိုးချဲ့မှုအစိတ်ပိုင်းအဖြစ် ကအ်ဘာကျောင်းတော်တည်ရှိရာ မစ်ဂျစ်ဒ် အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်၏ ပရ၀ုဏ်အတွင်းတွင်လည်း နေရောင်ကာအမိုးများကို ထည့်သွင်းတပ်ဆင်ခဲ့သည်။
    လွန်ခဲ့သည် နှစ်များအတွင်း ဆော်ဒီအစိုးရမှာ ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီး လာရောက်ကြသူများ အဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် ကအ်ဘာကျောင်းတော်၊ မတ်စ်ဂျစ်ဒ် အလ်-ဟရမ်နှင့် မက္ကာမြို့တို့အား တိုးချဲု့မှုများ၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။
    Ref: Onislam