News @ M-Media

Blog

  • တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်

    တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    south africa

    – တောင်အာဖရိကနိုင်ငံအတွင်း နိုင်ငံခြားသားများအား ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နိုက်ဂျီးရီးယားက ၎င်းတို့၏ သံအဖွဲ့အား ပြန်လည်ခေါ်ယူခဲ့ခြင်းကို ရှုတ်ချကြောင်း တောင်အာဖရိက က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နစ္စဘတ်နှင့် ကမ်းရိုးတမ်းမြို့ ဒါဘန်တို့တွင် နိုင်ငံခြားသားများအား ပစ်မှတ်ထားသည့် ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုက်ဂျီးရီးယားက တောင်အာဖရိကဆိုင်ရာ ၎င်းတို့၏ သံအမတ်အပါအ၀င် သံအဖွဲ့ကို စနေနေ့က ပြန်လည်ခေါ်ယူခဲ့သည်။

    သို့သော်လည်း တောင်အာဖရိက အစိုးရက နိုက်ဂျီးရီးယား၏ ထိုလုပ်ရပ်မှာ အကြောင်းမလှသည့်၊ နောက်တရဖွယ်ရှိနိုင်သည့် ခြေလှမ်းဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တိုင်းပြည်အတွင်းရှိ နိုင်ငံခြားသားများကို တိုက်ခိုက်ခြင်းအား အစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများအားလုံးမှ ပြတ်ပြတ်သားသားနှင့် အတိအလင်း ဆန့်ကျင်ရှုတ်ချသည်ဟုလည်း အဆိုပါ ကြေညာချက်၌ ဖော်ပြခဲ့သည်။

    တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် ၂၀၁၄ ခုနှစ်က နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျမှုအတွင်း တောင်အာဖရိကနိုင်ငံသား ၈၄ ဦးသေဆုံးခဲ့မှုတွင် မိမိတို့ဘက်မှ အပြစ်မတင်ခဲ့ဟုလည်း ဖော်ပြခဲ့သည်။

    Africa Report မဂ္ဂဇင်းမှ အနောက်အာဖရိကရေးရာ အယ်ဒီတာဖြစ်သူ တိုလူ အွန်လီစီကမူ ထိုကြေညာချက်၏ ရည်ရွယ်ချက်ကို ဝေဖန်ခဲ့ပြီး နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်း ပြိုကျခြင်းနှင့် တောင်အာဖရိကတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံခြားသားများအား တိုက်ခိုက်မှုမှာ မတူညီကြောင်း၊ ထိုသို့ ရည်ညွှန်းခြင်းမှာ သံတမန်ရေးအရ ကိုင်တွယ်မှု မှားယွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားနှင့် တောင်အာဖရိကတို့မှာ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး ယခုပြဿနာကြောင့် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆိုးဝါးလာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့

    အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    morinho

    – ခံစစ်အားပြုသည့် မိမိတို့အသင်းက ပျင်းစရာကောင်းသည်မဟုတ်ဘဲ ၁၀ နှစ်ခန့် ဖလားလက်မဲ့ဖြစ်ရခြင်းကသာ ပျင်းစရာကောင်းခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်ပရိတ်သတ်မျာားး ခနဲ့လိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်ဆီးမှာ မရှုံးအောင်သာ အဓိကထား၍ ကစားသွားခဲ့ပြီး ပွဲမှာ မြိုင်ဆိုင်ခြင်း မရှိခဲ့ပ။ ထို့ကြောင့် အာဆင်နယ်ပရိတ်သတ်များက “ပျင်းစရာကောင်းတဲ့ ချယ်ဆီး” ဟု သံပြိုင်ဟစ်အော်ကာ ချယ်ဆီးအား လှောင်ပြောင်ခဲ့သည်။

    မော်ရင်ဟိုကမူ ပွဲအပြီးတွင် အာဆင်နယ်အသင်း၏ ဖလားလက်မဲ့ရာသီများကို ရည်ညွှန်း၍ ပြန်လည်ချေပခဲ့သည်။

    “၁၀ နှစ်လောက် ဖလားမရတာကသာ ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖလားရဖို့ ၁၀ နှစ်လောက် စောင့်ရင်း၊ စောင့်ရင်း၊ စောင့်ရင်းနဲ့ ပျင်းစရာကောင်းသွားတာပါ။ ဒီလိုအော်ကြတာ (ပျင်းစရာကောင်းတယ်လို့ အာဆင်နယ်ပရိတ်သတ်တွေပြောတာ) ကျွန်တ်ာတို့ကိုပြောတာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ကွင်းမှာကစားတဲ့ပွဲမှာ (အာဆင်နယ်က) တိုက်စစ်မှူးကို ထုတ်ထားတယ်…. သူတို့ (ပရိတ်သတ်တွေ) က ဂျရူးနဲ့ ၀ဲလ်ဘတ်ကို အတူတွဲကစားတာ မြင်ကောင်းမြင်ချင်မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပျင်းစရာကောင်းသည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်တွင် ဒုတိယဂိုးအများဆုံးသွင်းထားကြောင်း၊ ရဂိုး၊ ပေးဂိုး ကွာခြားချက်မှာလည်း အကောင်းဆုံး ဖြစ်နေကြောင်း၊ ထိပ်တန်းအသင်းများကသာ ရာသီအစကတည်းက ထိပ်ဆုံးတွင် ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် လက်ကျန် ၅ ပွဲတွင် ၂ ပွဲသာ အနိုင်ကစားရန်လိုတော့ပြီး အာဆင်ဝင်းဂါးကလည်း ချယ်ဆီးမှာ ခြေမချော်နိုင်တော့ဟု ပြောကြားခဲ့သည်။

    Ref: Goal.com

  • ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    A child is taken to Leady Reading Hospital for treatment after torrential rains caused flooding and houses to collapse in Peshawar

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယမန်နေ့တွင် မီနီဆိုက်ကလုန်းဟု ခေါ်ဆိုသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး ယခုအချိန်အထိ လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ် ရှိနေသည်။

    ယမန်နေ့ညပိုင်းတွင် မုန်တိုင်းကြောင့် ပက်ရှ်ဝါရ်မြို့နှင့် အနီးအနားရှိ ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်များ၊ အဆောက်အဦးများ၊ သစ်ပင်များ ပြိုကျ ပျက်ဆီးခဲ့ကြသည်။

    ဒဏ်ရာရသူများမှာ ကလေးငယ် ၁၀၀ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး လယ်သမားများ၏ ကောက်ပဲသီးနှံများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြကာ ကျွဲနွားတိရစ္ဆာန်များလည်း သေကျေပျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    “အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၂၀၂ ဦးလောက် ဒဏ်ရာရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးကာ မိုးသက်မုန်တိုင်းတွေ တိုက်ခက်ခဲ့ပြီး ဂျုံတွေ၊ သီးပင်စားပင်တွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ပြည်နယ် ပြန်ကြားရေးဝန်ကြီး မွတ်ရှ်တက် ဂါနီက ပြောကြားခဲ့သည်။

    တာဝန်ရှိသူများမှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တွက်ချက်နေပြီး၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင်လည်း လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိနေသည်။

    ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အကြီးတန်းတာဝန်ရှိသူ အမီရ် အာဖက်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက်ပို၍ မြင့်မားလာနိုင်သည်။

    Ref: Alarabiya

  • ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ

    ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    beyar

    – ဒုတိယနေရာမှ ၀ုလ်ဖ်ဘတ်အသင်းက ယမန်နေ့တွင် မိုချန်ဂလာဘ်ကို ရှုံးနိမ့်သွားသောကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါဖလားကို ၂၅ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဘိုင်ယန်မှာ ဟာသာဘာလင်အား စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ၀ုလ်ဖ်ဘတ်အသင်းက ရှုံးနိမ့်သွားကာ ကစားရန် ၄ ပွဲ ကျန်ရှိနေသော်လည်း ၁၅ မှတ် ဖြတ်ထားနိုင်သောကြောင့် ယခုကဲ့သို့ ချန်ပီယံဘွဲ့အား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    ထိုသို့ဆွတ်ခူးခြင်းမှာ ဂွါဒီယိုလာ ဘာစီလိုနာမှ ရောက်ရှိလာပြီးနောက် ၂ ရာသီစလုံး ဘွန်ဒစ်လီဂါကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မှာ ပွဲစဉ် ၅ ပြီးကတည်းက ဇယားအား တောက်လျှောက် ဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး ၃ ရာသီဆက်တိုက် ဘွန်ဒစ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဘိုင်ယန်မှာ ရာသီမကုန်ခင် ၇ ပွဲအလိုတွင် ဘွန်ဒစ်လီဂါဆုဖလားကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ပြည်တွင်း ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ဆီးမီးဖိုင်နယ်သို့ ရောက်ရှိနေကာ ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင် ရှိနေသည်။

    Ref: Goal.com

  • ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော

    ပူတင်အစိုးရ ပြိုလဲပါက မိမိတို့အတွက် အန္တရာယ်ရှိသည်ဟု ရုရှား ဂျူးခေါင်းဆောင် ပြော

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    Lighting candles in memory of Holocaust victims

    – ရုရှားသမ္မတ ဗလာဒီမာပူတင် ဖြုတ်ချခံရပါက ရုရှားရှိ ဂျူးလူမျိုးများမှာ ဆိုးရွားသည့်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု ရုရှားရှိ ဂျူးဘုန်းတော်ကြီး အလက်ဇန်ဒါ ဘိုရိုဒါက ပြောကြားလိုက်သည်။

    ရုရှားဂျူးလူ့အဖွဲ့အစည်းအသင်း ခေါင်းဆောင်ဖြစ်သူ ဘိုရိုဒါမှာ သောကြာနေ့က ပြုလုပ်ခဲ့သည့် ဂျူးအခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နှင့် အခြားသော ဥရောပနိုင်ငံများထက် လက်ရှိရုရှားအစိုးရက ဂျူးလူမျိုးများ၏ လုံခြုံရေးကို အာမခံပေးကာ ရုရှားရှိ ဘာသာရေး အသင်းအဖွဲ့များကလည်း ဂျူးဆန့်ကျင်ရေးဝါဒကို ပိုမို၍ ဆန့်ကျင်ကာကွယ်ပေးကြသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    “ပူတင်အစိုးရ ပြိုလဲသွားမယ်ဆိုတဲ့ ဖြစ်နိုင်ချေနဲ့အတူ အန္တရာယ်တွေဟာလည်း တစ်ပါတည်း ပါလာမယ်ဆိုတာ ရုရှားကဂျူးတွေ နားလည်ထားရပါမယ်။ ပြီးတော့ ကစားပွဲရဲ့ ဥပဒေတွေကို နားလည်ထားရမှာဖြစ်သလို၊ ကန့်သတ်မှုတွေကိုလည်း သတိထားရပါမယ်” ဟု ဘိုရိုဒါက ဆိုသည်။

    ထို့ပြင် ရုရှား၌ သဘောတရားအရ အကန့်အသတ်မရှိသည့် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး ဂျူးလူ့အဖွဲ့အစည်းက ထိုအခြေအနေအား ဆက်လက်တည်ရှိနေရေး သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုရှားရှိ ဂျူးများအားလုံး အထူးသဖြင့် ပူတင်နှင့် ၎င်း၏ အစိုးရကို ဆန့်ကျင်သောသူများမှာ မိမိတို့အပေါ်တွင် ရှိနေသည့် အန္တရာယ်များနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို မဖြစ်မနေ နားလည်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ရုရှားအစိုးရအား ထောက်ခံမှုမှာ လစ်ဘရယ်ဂျူးများနှင့် ယူကရိန်းရှိ ဂျူးများအကြားတွင် လျော့ကျလာခဲ့ပြီး ၎င်းတို့က မော်စကိုမှာ ပြည်သူများ၏ လွတ်လပ်ခွင့်များကို ထိပါးကာ ယူကရိန်းရှိ ပြဿနာကိုလည်း မီးထိုးပေးနေသည်ဟု စွပ်စွဲကြသည်။

    ရုရှား ဂျူးလူ့အဖွဲ့အစည်းအသင်းကမူ နိုင်ငံအတွင်းရှိ ဂျူးများအား ပြန်လည်စုစည်းရာတွင် ပူတင်၏ ကူညီမှုကို ချီးကျူးခဲ့သည်။ ရုရှားနိုင်ငံတွင် ဂျူးအရေအတွက်မှာ ၃၅၀၀၀၀ ခန့်ရှိနေသည်။

    ပူတင်အစိုးရကလည်း ဂျူးဘုရားကျောင်းများ ပြင်ဆင်မှုတွင် ကူညီပေးခဲ့ပြီး မော်စကိုတွင် ကြီးမားသည့် ဂျူးပြတိုက်တစ်ခု ဆောက်လုပ်ရန်အတွက်လည်း ရန်ပုံငွေ မတည်ပေးခဲ့သည်။

    Ref: RT