ဧပြီ ၂၃၊ ၂၀၁၅
M-Media

– အဖျက်သဘောဆောင်သည့် တစ်ဖက်ဆွဲအတွေးများကို ချေဖျက်ရန်ရည်ရွယ်၍ အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ၊ ကျောင်းသားများက အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ်တစ်ခုကို ဧပြီ ၂၀ ရက် တနင်္လာနေ့က စတင်ခဲ့ပြီး အတန်းဖော်များအား မိမိတို့၏ ဘာသာတရားနှင့်ပတ်သက်၍ အသိပညာများ ဝေမျှခဲ့ကြသည်။
“ကျွန်တော့်ရဲ့အယူဝါဒနဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းပဲ နှစ်နှစ်ကာကာဖြစ်ပါတယ်။ ဒီလိုပွဲမျိုးက စစ်မှန်တဲ့မွတ်စလင်တွေဟာ ဘယ်လိုမျိုးဆိုတာကို လူတွေကိုပြဖို့ ကျွန်တော့်အတွက် အခွင့်အရေး ရစေပါတယ်” ဟု အရီဇိုးနားတက္ကသိုလ် မွတ်စလင်ကျောင်းသားများအဖွဲ့ MSA ၏ ဥက္ကဌဖြစ်ပြီး စိတ်ပညာဆိုင်ရာ ကျောင်းသားတစ်ဦးဖြစ်သူ အာဆင်မ် ဇဲဟ်ရီက The Daily Woldcat သို့ ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းတွင် မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မကြုံစဖူး မြင့်တက်လာပြီးနောက် ပြုလုပ်သော အဆိုပါ အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ်မှာ ဧပြီ ၂၄ ရက်နေ့ သောကြာနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို စီစဉ်သူများက ထိုသို့ စီစဉ်ရခြင်းမှာ မွတ်စလင်များအပေါ် ရှိနေသည့် ယူဆချက်အမှားများကို မောင်းထုတ်ရန်နှင့် အစ္စလာမ်၏ စစ်မှန်သော သရုပ်သကန်ကို မြှင့်တင်ပေးရန် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အရီဇိုးနားတက္ကသိုလ်မှ ကျောင်းသားများမှာ အဆိုပါသီတင်းပတ်မှ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ပတ်သက်၍ သင်ယူရမည်ဖြစ်ပြီး၊ အစ္စလာမ်က သတ်မှတ်ထားသည့် ၀တ်စားဆင်ယင်မှုများကိုလည်း စမ်းသပ် ၀တ်ဆင် ခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် တက်ရောက်လာသူများအတွက် စားကောင်းသောက်ဖွယ်များကိုလည်း စီစဉ်ထားသည်။
“မွတ်စလင်နဲ့ ဆော်ဒီနိုင်ငံသားတစ်ယောက် ဖြစ်တာကြောင့် ဒီပွဲမှာပါဝင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။ အစ္စလာမ်ရဲ့ ပတ်ပတ်လည်မှာရှိနေတဲ့ နားလည်မှု လွဲမှားတာတွေကို ရှင်းလင်းချေဖျက်ဖို့ နည်းလမ်းတွေကို ဖော်ဆောင်ရာမှာ လုံလာက်သွားပြီဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး” ဟု ပထ၀ီဝင်၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရေးရာကို အထူးပြု သင်ယူလေ့လာနေသည့် ကျောင်းသား ဟာလာ အလ်ဝဂ်ဒါနီက ပြောကြားခဲ့သည်။
“အစ္စလာမ့်အနုပညာနှင့် လက်ရေးလက်သားအတတ်” ပြပွဲတစ်ခုကိုလည်း တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ ကျောင်းသားများ အောက်မေ့ဖွယ်ခန်းမတွင် တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး တက်ရောက်သူများအား လက်ရေးလက်သားအတတ် မည်ကဲ့သို့ ရေးသားရသည်ကို သင်ကြားပေးခဲ့သည်။
အင်္ဂါနေ့တွင် “အမျိုးသမီးအခွင့်အရေးနှင့် ဟိဂျဘ်နေ့” ခေါင်းစဉ်ဖြင့် အသိပညာပေးခဲ့ပြီး အစ္စလာမ်က ပေးထားသော အမျိုးသမီးအခွင့်အရေးများ၊ ဟိဂျဘ်၏ သဘောတရားများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အစ္စလာမ်၊ ဂျီဟတ်နှင့် မီဒီယာ
ကျောင်းသားများ၏ အဆိုပါသီတင်းပတ်တွင် သန်းနှင့်ချီသော အမေရိကန်မွတ်စလင်များ၏ ဘ၀အပေါ် ရိုက်ခတ်နေသော ပြဿနာများစွာကိုလည်း ကိုယ်တွယ်ဖြေရှင်းသွားမည်ဖြစ်ကာ တတိယနေ့တွင် “ခေတ်သစ်ကာလ ဂျီဟတ်” ခေါင်းစဉ်ဖြင့် အစ္စလာမ်က သင်ကြားသည့် ဂျီဟတ်၏ စစ်မှန်သော အဓိပ္ပါယ်ကို သိရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
စတုတ္ထနေ့တွင်မူ အစ္စလာမ်နှင့်ပတ်သက်၍ အဓိကမီဒီယာများတွင် မည်ကဲ့သို့ ဖော်ပြနေသည်ဆိုသည်ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။
ဇဲဟ်ရီကမူ အစ္စလာမ်၏အမည်နာမအား အလွဲသုံးစားပြုမှုများကို မွတ်စလင်အဖွဲ့အစည်းများနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ရှုတ်ချမှုမပြုဟု အခြားသူများက အထင်မှားနေသောကြောင့် အဆိုပါ ဆွေးနွေးမှုကို ထည့်သွင်းရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒီလို နားလည်မှုလွဲမှားတာကို ဒီအခမ်းအနားက ဖြေရှင်းပေးပါလိမ့်မယ်။ အစ္စလာမ်ကြောက်ရောဂါ ရှိနေတဲ့သူတွေဟာ မွတ်စလင်တစ်ယောက်နဲ့တောင်မှ မတွေ့ဖူးဘူးလို့ ကျွန်တော် ခံစားရပါတယ်။ ပြီးတော့ ဒါဟာ အစ္စလာမ့်အသိပညာပေးရေး သီတင်းပတ် ဆောင်ရွက်ရတဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုပါပဲ။ ဒါမှသာ လူတွေဟာ မွတ်စလင်တွေနဲ့ စကားစမြည်ပြောဖို့ အခွင့်အရေးရမယ်။ ပြီးတော့ တစ်ကယ်တမ်း ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်တယ်ဆိုတာကို မှန်ကန်တဲ့ နားလည်မှုလည်း ရရှိမှာပါ” ဟု ဇဲဟ်ရီက ထည့်သွင်း ပြောကြားခဲ့သည်။
MSA မှ ကျောင်းသားများမှာ အမေရိကအတွက် မွတ်စလင်များ၏ ကူညီကြိုးပမ်းပေးမှုများ အကြောင်းကိုလည်း တင်ပြသွားမည်ဖြစ်သည်။
သီတင်းပတ်၏ နောက်ဆုံးနေ့တွင် တက်ရောက်လာကြသူများကို ဗလီဝတ်ကျောင်းတော်များသို့ အလည်အပတ် ခေါ်ဆောင်သွားမည်ဖြစ်ပြီး တက်ဆန် အစ္စလာမ့်စင်တာ၌ ဧည်သည့်တော် အစ္စလာမ့်ဓမ္မပညာရှင် ရှိခ် ခါလစ် အလ်အဇ်ဟာရီက တရားဒေသနာများ ဟောကြားသွားမည်ဖြစ်သည်။
“အစ္စလာမ်ကြောက်ရောဂါဆိုတာ အစ္စလာမ်ကို ကြောက်တာ မဟုတ်ပါဘူး။ အစ္စလာမ်နဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ သင်ကြားချက်တွေကို လေ့လာသင်ယူဖို့ ကြောက်နေတာပါ။ တစ်ချို့လူတွေက သူတို့ ခြွင်းချက်ထားစဉ်းစားတဲ့ အစ္စလာမ်နဲ့ပတ်သက်တာတွေဟာ မှားယွင်းနေတယ်ဆိုတာ၊ ပြီးတော့ သတင်းမှာ နားထောင်နေတာတွေဟာ အမှန်တွေမဟုတ်ဘူးဆိုတာကို သင်ယူဖို့ ကြောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ စိတ်မချရတဲ့သူတွေ ပြောတာတွေကို မဆင်မခြင်လက်ခံတာဟာ လူ့အဖွဲ့အစည်းမှာ အကြီးမားဆုံး အမှားပါပဲ။ ကျွန်တော်တို့မှာရှိတဲ့ ရင်းမြစ်တွေ၊ အသိပညာတွေကို ကျွန်တော်တို့က အသုံးချရမှာဖြစ်ပြီးလူ့အဖွဲ့အစည်းအတွင်းက ပညာမဲ့မှုတွေကို
အသိပညာနဲ့ စိန်ခေါ်ရပါမယ်” ဟု ဇဲဟ်ရီက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Onislam