News @ M-Media

Blog

  • အမေရိကန်သမ္မတ အိုဘားမား၏အဖွား မက္ကာဟ်သို့သွားရောက်၍ အွမ္မရာဟ်ပြု

    အမေရိကန်သမ္မတ အိုဘားမား၏အဖွား မက္ကာဟ်သို့သွားရောက်၍ အွမ္မရာဟ်ပြု

    ဧပြီ ၂၄၊ ၂၀၁၅
    M-Medi

    obama's grandmother 2

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ကင်ညာနိုင်ငံမှ အဖွားဖြစ်သူ ဆာရာ အိုမာရ်မှာ အွမ္မရာဟ်ဘုရားဖူးခရီးစဉ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဟ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ဆာရာမှာ သားဖြစ်သူ စအီးဒ်၊ မြေးဖြစ်သူ မူဆာတို့နှင့်အတူ ရောက်ရှိလာခဲ့ပြီး အွမ္မရာဟ်ပြုပြီးနောက် မြေးဖြစ်သူနှင့်အတူ မက္ကာဟ်မြို့ရှိ တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ပြပွဲသို့ သွားရောက်ခဲ့ကြသည်။

    ဆာရာက ပြပွဲသို့ သွားရောက်ကြည့်ရှုရခြင်းကို အလွန်ပျော်ရွှင်မိပြီး စစ်မှန်သည့် အထောက်အထားများ၊ သိပ္ပံဆိုင်ရာ အထောက်အပံ့များဖြင့် ထိုသို့ပြသခြင်းမျိုးက ယခုခေတ် အစ္စလာမ်သာသာနာ ပြန့်ပွားရေးအတွက် ဥပမာကောင်းဖြစ်သည်ဟု Arab News သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘုရားဖူးခရီးစဉ်အတွက် မက္ကာဟ်နှင့် မဒီနာတို့တွင် ဆော်ဒီအစိုးရ၏ စီစဉ်ထားမှုများ၊ အသုံးအဆောင်၊ အဆောက်အဦးများမှာလည်း အလွန်ကောင်းမွန်သည်ဟု ထည့်သွင်းပြောကြားခဲ့ကာ အစ္စလာမ်နှင့်ပတ်သက်၍ ယူဆချက်အလွဲများကို ဖယ်ရှားရန်အတွက် တမန်တော်မုဟမ္မဒ်သခင်အကြောင်း ပြသထားသည့် ထိုပြပွဲများကို အခြားနိုင်ငံများသို့ သွားရောက်ပြသရန် မျှော်လင့်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆာရာအိုမာရ်မှာ အိုဘားမား၏ ဖခင်ဖြစ်သော ဘာရက်ဟူစိန်အိုဘားမား စီနီယာ၏ မိခင်ဖြစ်သည်။ အိုဘားမား စီနီယာမှာ ကင်ညာနွယ်ဖွားတစ်ဦးဖြစ်ပြီး အမေရိကန်တွင် စီးပွားရေးဘာသာရပ်ဖြင့် လာရောက်ပညာသင်ကြားစဉ် အိမ်ထောင်ကျကာ အိုဘားမားအား မွေးဖွားခဲ့ခြင်းဖြစ်သည်။

    ဆာရာအိုမာရ်မှာ အလှူအတန်းရက်ရောသူဖြစ်ပြီး ၂၀၀၆ ခုနှစ်က အိုဘားမား ကင်ညာသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ကင်ညာနိုင်ငံအတွင်း နာမည်ကြီးလာခဲ့သည်။

    ၂၀၀၈ ခုနှစ် အိုဘားမား သမ္မတဖြစ်ပြီးနောက်ပိုင်း သူမ၏ လယ်တောအိမ်လေးမှာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့်နေရာ ဖြစ်လာခဲ့သည်။ ဆာရာမှာ ယခုတစ်ခေါက် မက္ကာဟ်မြို့သို့ အွမ္မရာဟ်ခရီးစဉ် လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၀ ခုနှစ်ကလည်း ဟဂ်ျခရီးစဉ် လာရောက်ခဲ့ဖူးသည်။

    Ref: Onislam

  • လူဦးရေထိန်းချုပ်မှု ဥပဒေ လူနည်းစုများအတွက် ပစ်မှတ်ဖြစ်မည်ဟု အမေရိကန် လူ့အခွင့်အရေးအဖွဲ့ ပြော

    လူဦးရေထိန်းချုပ်မှု ဥပဒေ လူနည်းစုများအတွက် ပစ်မှတ်ဖြစ်မည်ဟု အမေရိကန် လူ့အခွင့်အရေးအဖွဲ့ ပြော

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    MYANMAR-POLITICS-PARLIAMENT

    – မြန်မာနိုင်ငံ၏ သားဖွားမှုကျန်းမာရေး တိုးတက်မှုများအတွက် ဆိုးရွားသော ဆုတ်ယုတ်မှုကို ဖြစ်စေနိုင်သည့် လူဦးရေး ထိန်းချုပ်ရေးဥပဒေက မြန်မာနိုင်ငံရှိ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများကို ပစ်မှတ်ထားခြင်း၊ စော်ကားခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းတို့ ဖြစ်ကောင်းဖြစ်သွားနိုင်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Physicians for Human Rights က ပြောကြားလိုက်သည်။

    သားဆက်ခြားခြင်းကို အကောင်အထည်ဖော်ရန် စတင်ပြဌာန်းခဲ့သည့် အဆိုပါဥပဒေအရ အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်မှုကာလကို ၃ နှစ်ခြားရန် လိုအပ်မည်ဖြစ်ကာ ထိုဥပဒေက ကိုဝန်ဆောင်မိခင်နှင့် ကလေးငယ်များသေဆုံးမှုကို လျှော့ချနိုင်မည်ဟု ဆိုသည်။

    သို့သော်လည်း ယခုနှစ်အစောပိုင်းက လွှတ်တော်မှ အတည်ပြုလိုက်ပြီး သမ္မတ၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် အဆိုပါ ဥပဒေမှာ ကလေး မည်သို့ယူရမည်ဆိုသည်နှင့် ပတ်သက်၍ အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို ဆုံးရှုံးနိုင်မည်ဟု ပြောကြားခဲ့သည်။

    “ကလေးမွေးဖွားမှုနှုန်း မြင့်မားမှုမရှိတာကို ကျွန်တော်တို့ အားပေးပါတယ်။ ဒါပေမယ့် ဒီအချက်နဲ့ ပစ်ပယ်ခံထားရတဲ့ လူအုပ်စုတွေရဲ့ တိုးတက်မှုကို နိုက်ထက်စီးနင်းလုပ်တာ ဒါမှမဟုတ် ဖိနှိပ်ချုပ်ချယ်တာမျိုး လုပ်လို့ မရပါဘူး။ တစ်ကယ်လို့ ဒီဥပဒေကို လက်မှတ်ထိုးပြီး ခွဲခြားဆက်ဆံမှုကို သိသိသာသာ ခံနေရပြီးဖြစ်တဲ့ တိုင်းရင်းသားလူနည်းစု ဒါမှမဟုတ် ဘာသာရေးလူနည်းစုတွေရဲ့ဒေသတွေမှာ ကွက်ပြီး ကျင့်သုံးသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ထင်ရှားတဲ့ လူ့အခွင့်အရေးချိုဖောက်မှုရဲ့ မြင့်မားတဲ့ အန္တရာယ်ကို ကြုံတွေ့လာရတာပါပဲ” ဟု Physicians for Human Rights ၏ စီမံကိန်းဒါရိုက်တာဖြစ်သူ ၀င်ဒ်နေ ဘရောင်းက ပြောကြားခဲ့သည်။

    အဆိုပါဥပဒေအား ကျင်းသုံးပါက အမျိုးသမီးများမှာ အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခံရခြင်း၊ အမျိုးသား၊ အမျိုးသမီး ၂ ဦးစလုံး သားကြောဖြတ်ခံရခြင်းတို့ကို ကြုံတွေ့ရနိုင်သည်ဟု ဘရောင်းက ထည့်သွင်းပြောကြားခဲ့သည်။

    “နိုင့်ထက်စီးနင်း မပြုပါဘူး၊ ခွဲခြားမှုမပြုပါဘူးဆိုတဲ့ ရှင်လင်းတဲ့ဖော်ပြချက် မပါဘဲနဲ့ ဒီဥပဒေကို ရှေ့ဆက်မတိုးသင့်ပါဘူး”

    အထူးသဖြင့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင်များမှာ အဆိုပါဥပဒေဖြင့် နိုက်ထက်စီးနင်းပြုခံရမည့် အန္တရာယ်တွင် ရှိနေပြီး လက်ရှိအချိန်တွင်လည်း ၎င်းတို့မှာ အိမ်ထောင်ပြုရာတွင် ကန့်သတ်ခံရခြင်း၊ မွေးဖွားမှုအတွက် စာရင်းပေးရခြင်းနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေ့နေရသည်ဟု Physicians for Human Rights က ပြောကြားခဲ့သည်။

    ထိုဥပဒေဖြင့် ရိုဟင်ဂျာများ ကလေးယူမှုကို ထိန်းချုပ်ရန် ကြိုးစားသွားနိုင်သည်ဟုလည်း ဘရောင်းက ထပ်လောင်း ပြောကြားခဲ့သည်။

    လူနည်းစုများအား ထုတ်ပေးထားသည့် ယာယီသက်သေခံလက်မှတ်များကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလက သတ်မှတ်ခဲ့သည့် မြန်မာအစိုးရ၏ အစီအစဉ်ပြီးနောက် လူဦးရေထိန်းချုပ်မှု ဥပဒေ၊ လွှတ်တော်၌ တင်သွင်းထားသည့် ဘာသာကူးပြောင်းမှု၊ ဘာသာမတူသူများ လက်ထပ်မှု၊ တစ်လင်တစ်မယားစနစ်တို့နှင့် ပတ်သက်သည့် ဥပဒေများ စသည်တို့မှာ တိုင်းရင်းသားများနှင့် တင်းမာမှုကို ပို၍ ဆိုးဝါးနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာယန်ဟီးလီက စောစောပိုင်းတွင် ပြောကြားထားသည်။

    Ref: Reuters

  • ဘိုကိုဟရမ်၏ နောက်ဆုံး စခန်းကို နိုက်ဂျီးရီးယား ဖြိုပြီ

    ဘိုကိုဟရမ်၏ နောက်ဆုံး စခန်းကို နိုက်ဂျီးရီးယား ဖြိုပြီ

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    nigeria

    – ဘိုကိုဟရမ်အဖွဲ့၏ ၆ နှစ်ကြာ သူပုန်ထမှုကို အဆုံးသတ်ရန်အတွက် ၎င်းတို့ ခြေကုပ်ယူထားရာ နောက်ဆုံးစခန်းဖြစ်သော ဆမ်ဘီဆာ သစ်တောအတွင်းသို့ လေတပ်ပစ်ကူဖြင် နိုက်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်နေသည်ဟု နိုက်ဂျီးရီးယား စစ်တပ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စစ်ဆင်ရေးတွင် နိုက်ဂျီးရီးယား၊ ချဒ်၊ နိုင်ဂျာနှင့် ကင်မရွန်းနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ပြီး ၎င်းတို့မှာ လွန်ခဲ့သည့် ၂ လခန့်မှစ၍ ဘိုကိုဟရမ်၏ စခန်းများအား တိုက်ခိုက်နေခြင်းဖြစ်သည်။

    ဆမ်ဘီဆာသစ်တောမှာ နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ရှိပြီး ယမန်နှစ်က ဘိုကိုဟရမ်မှ ကျောင်းသူ ၂၀၀ ကျော် ပြန်ပေးဆွဲသွားခဲ့သည့် ချီဘွတ်ရွာမှ ကီလိုမီတာ ၁၀၀ အကွာအဝေးတွင် ရှိနေသည်။ ထောက်လှမ်းရေးကမူ အဆိုပါ ကျောင်းသူများကို ဆမ်ဘီဆာသစ်တောအတွင်း၌ ထိန်းသိမ်းထားသည်ဟု ယုံကြည်နေသည်။ သို့သော်လည်း အမေရိကန် ဒရုန်းလေယာဉ်များက ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

    “စစ်ဆင်ရေးတွေ အထူးသဖြင့် သစ်တောထဲကနေရာတွေမှာလုပ်တဲ့ စစ်ဆင်ရေးတွေဟာ အတားအဆီးတွေ၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို အန်တုပြီး တိုးတက်မှုတွေ ရနေပါတယ်” ဟု နိုက်ဂျီးရီးယား စစ်တပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    မီဒီယာများနှင့် အစိုးရမဟုတ်သောအဖွဲ့များ ၀င်ရောက်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် အဆိုပါစစ်ဆင်ရေးနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ခက်ခဲနေသည်။

    သို့သော်လည်း ဘိုကိုဟရမ်အား တိုက်ထုတ်ရာတွင် စစ်တပ်ကို အထောက်အပံ့ဖြစ်စေရန် အရပ်သားများဖြင့်ဖွဲ့စည်းထားသော အရပ်သားပူးပေါင်းရေးတပ်ကမူ အဆိုပါ စစ်ဆင်ရေးအတွင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦးနှင့် စစ်သား ၂ ဦးတို့ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားတွင် နျူထိပ်ဖူး ၂၀ အထိရှိသည်ဟု တရုတ်ပညာရှင်များပြော

    မြောက်ကိုရီးယားတွင် နျူထိပ်ဖူး ၂၀ အထိရှိသည်ဟု တရုတ်ပညာရှင်များပြော

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    north korea

    – လက်ရှိအချိန်တွင် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားထိပ်ဖူး ၂၀ ခန့် ပိုင်ဆိုင်ထားနိုင်ပြီး လာမည့်နှစ်တွင် ၂ ဆခန့် ဖြစ်လာနိုင်သည်ဟု တရုတ်နျူကလီးယား ပညာရှင်များက ပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ယခုလအတွင်း အမေရိကန် မြောက်ဘက်စစ်ဌာနချုပ်မှ အကြီးအကဲနှင့် မြောက်အမေရိက လေကြောင်းကာကွယ်ရေး စစ်ဌာနချုပ် အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ၀ီလီယံ ဂေါ့တ်နေးက မြောက်ကိုရီးယားမှာ ခြေရာခံရန်ခက်ခဲသည့် ရွှေ့ပြောင်းလောင်ချာများမှနေ၍ နျူးကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်များကို အမေရိကန် အနောက်ဘက်ကမ်းခြေသို့ ပစ်ခတ်နိုင်စွမ်းရှိသည်ဟု အမေရိကန်စစ်တပ်က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် အစောပိုင်းကလည်း ဂျွန်ဟော့ကင်းတက္ကသိုလ် အမေရိကန်-ကိုရီးယား အသင်းမှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး သိုလှောင်မှု ချဲ့ထွင်ခြင်းလုပ်ငန်း၏ အခြေအနေ ၃ ရပ်ကို ဖော်ပြခဲ့ပြီး လာမည့် ၅ နှစ်အတွင်း ထိပ်ဖူး ၂၀၊ ၅၀ သို့မဟုတ် ၁၀၀ အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။

    မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများက အဆိုပါခြိမ်းခြောက်မှုကို အကြီးဆုံး ရင်ဆိုင်ရသူများ ဖြစ်မည်ဟုဆိုပြီး အမေရိကန်အား တိုက်ခိုက်နိုင်စွမ်း ရှိမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု အဆိုပါအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    သို့သော်လည်း အမေရိကန်အား တိုက်ရိုက်ပစ်လွှတ်နိုင်ရန်အတွက်မူ မြောက်ကိုရီးယားအနေဖြင့် နိုင်ငံရပ်ခြားမှ ပညာရပ်များနှင့် အဆင့်မြှင့်တင်မှုကို လိုအပ်မည်ဟုလည်း ဆိုသည်။ မြောက်ကိုရီးယားမှာ ၂၀၀၆ ခုနှစ်က နျူးကလီးယားစမ်းသပ်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကလည်း တစ်ကြိမ်ပြုလုပ်ခဲ့သည်။

    Ref: RT

  • မိမိတို့အသင်း ဘာမှမရသေးဟု ဘူဖွန် သတိပေး

    မိမိတို့အသင်း ဘာမှမရသေးဟု ဘူဖွန် သတိပေး

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    bufoon

    – မိုနာကိုအားကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသော်လည်း အောင်မြင်မှုမဟုတ်ဘဲ မိမိတို့အနေဖြင့် မည်သည့်ဆုဖလားမှ မရရှိသေးဟု ဂျူဗင်တပ်စ်အသင်း၏ ဂိုသမား ဘူဖွန်က ပြောကြားလိုက်သည်။

    ယနေ့နံနက် ပြင်သစ်တွင် ကစားခဲ့သည့် ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် ဂိုးမရှိ သရေကျခဲ့သော်လည်း ပထမကျော့တူရင်တွင် ဂျူဗီက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားခြင်းကြောင့် နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိဖြင့် ဂျူဗင်တပ်စ်က ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံး တက်ရောက်ခြင်းလည်း ဖြစ်သည်။

    ဘူဖွန်ကမူ မိုနာကိုမှာ ၁၆ သင်းရှုံးထွက်ပွဲတွင် တွေ့ခဲ့ရသည့် ဒေါ့မွန်အသင်းထက် ပို၍ ခက်ခဲကြောင်း သို့သော်လည်း ဥရောပအကောင်းဆုံး ၄ သင်တွင် ပါဝင်ရသည့်အတွက် စိတ်လှုပ်ရှားကြောင်း ပြောကြားခဲ့သည်။

    “ဥရောပရဲ့ ဒီအဆင့်ကိုရောက်ဖို့ ကျွန်တော်တို့ အချိန်တစ်ခုကို စောင့်ခဲ့ရတာပါ။ ဒါပေမယ့် ဒီအဆင့်ကို ခက်ခက်ခဲခဲရောက်လာတာကြောင့်လည်း ကျွန်တော်တို့ဟာ ပိုပြီးတော့ ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာဆုဖလား ဒါမှမဟုတ် ဘာအောင်မြင်မှုမှ မရသေးပါဘူး။ အခွင့်အရေးက ကျွန်တော်တို့ကို စောင့်နေပါတယ်” ဟု ဘူဖွန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်း၏ ကစားပုံမှာ အေးတိအေးစက်ဖြစ်ခဲ့သည်ဟု ဝေဖန်မှုများရှိခဲ့ပြီး နည်းပြအလ်လီဂရီကမူ ပျော်စရာ ကြည့်ချင်ပါက ဆက်ကပ်ပွဲသွားကြည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

    Ref: Goal.com