News @ M-Media

Blog

  • အကောင်းဆုံး အားထုတ်မှုတွေနဲ့ အစဉ်အလာကြီးတဲ့အသင်းတွေ ဆီမီးတက်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    အကောင်းဆုံး အားထုတ်မှုတွေနဲ့ အစဉ်အလာကြီးတဲ့အသင်းတွေ ဆီမီးတက်သွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲများ

    ဧပြီ ၂၃၊ ၂၀၁၅
    M-Media

    champion 2

    – ပြီခဲ့တဲ့တစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ မထင်မှတ်ထားတဲ့ရလဒ်တွေ ထွက်လာခဲ့ပေမယ့် ဒီတစ်ပတ် ဒုတိအကျော့မှာတော့ အစဉ်အလာရှိတဲ့ အသင်းကြီးတွေက အနိုင်ရအောင် ကစားသွားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ရီးယဲလ်မက်ဒရစ် ၁-၀ အက်သလက်တီကို (နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိဖြင့် ရီးယဲလ် ဆီမီးတက်)

    ပထမအကျော့ အဝေးကွင်းမှာ ဂိုးသမားအိုဘလက်ရဲ့ အစွမ်းပြမှုကြောင့် ကြိုးစားခဲ့သမျှ အရာမထင်ခဲ့တဲ့ ရီးယဲလ် ဒီမနက်မှာလည်း ဒီကံကြမ္မာအတိုင်း ခံစားခဲ့ရပြီး ဟာနက်ဒက်ဇ်ရဲ့ ၈၈ မိနစ်ဂိုးကြောင့်သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်ဟာ ပထမပိုင်းမှာ ဖိကစားနိုင်ခဲ့ပြီး ဟာနန်ဒက်ဇ်၊ ရော်နယ်ဒို ရော်ဒရီဂက်ဇ်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို အက်သလက်တီကို ဂိုးသမား အိုဘလက် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုကတော့ ရီးယဲလ်ရဲ့ စိုးမိုးမှုအောက်မှာ လိုက်ကစားခဲ့ရပြီး တစ်ပွဲလုံးမှ ဂိုးသွင်းခွင့် ၂ ကြိမ်လောက်သာ ရရှိခဲ့ပါတယ်။ ရီးယဲလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒီပွဲမှာ အကောင်းဆုံးဆု ရခဲ့တဲ့ ဟာနက်ဒက်ဇ်က ၈၈ မိနစ်မှာ ရော်နယ်ဒိုဆီက လွတ်လာတဲ့ဘောလုံးကို အပိုင် ကန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပျါတယ်။ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ ရီးယဲလ် ၅ နှစ်ဆက်တိုက် ဆီးမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    မိုနာကို ၀-၀ ဂျူဗင်တပ်စ် (နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိဖြင့် ဂျူဗင်တပ်စ် ဆီမီးတက်)

    ပထမအကျော့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတာကြောင့် ဂျူဗင်တပ်စ်တို့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေနဲ့စုဖွဲ့ထားတဲ့ မိုနာကိုတို့ ဒီနေ့မနက်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဂျူဗီနောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းမရှိတာကြောင့် ဆီးမီးတက်ခွင့်နဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

    ဘာစီလိုနာ ၂-၀ ပီအက်စ်ဂျီ (နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ဘာကာ ဆီမီးတက်)

    ပဲရစ်မှာကစားတုန်းက လူမစုံတဲ့ ပီအက်စ်ဂျီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘာကာ မနေ့က အိမ်ကွင်းမှာ သက်တောင့်သက်သာကစားပြီး နေးမာရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရကာ ရလဒ်ပြတ်သားစွာနဲ့ ဆီမီးတက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘိုင်ယန်အတွက် ချန်ပီယံလိဂ် နောက်ဆုံး ၈ ရာသီမှာ ၇ ကြိမ်မြောက် ဆီမီးဖိုင်နယ်တက်နိုင်တာလည်း ဖြစ်ပါတယ်။

    ဘိုင်ယန် ၆-၁ ပေါ်တို (နှစ်ကျော့ပေါင်း ၇ ဂိုး ၄ ဂိုးဖြင့် ဘိုင်ယန် ဆီမီးတက်)

    ပထမအကျော့ ပေါ်တူဂီမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ ဘိုင်ယန်တို့ ဥရောပရဲ့ အသင်းကြီးတစ်သင်းဖြစ်ကြောင်း မနေ့က သက်သေပြနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက အနိုင်ရရေး တင်ကစားခဲ့တဲ့ ဘိုင်ယန်တို့ ပထမပိုင်း မိနစ် ၄၀ အတွင်းမှာပဲ ၅ ဂိုးရခဲ့ပြီး အဖြေထွက်သွားခဲ့ပါတယ်။ အဲဒီ ၅ ဂိုးကို သီယာဂို အလ်ကန်တာရာ၊ ဘိုအာတင်း၊ မူလာတို့က တစ်လုံးစီနဲ့ လီဝန်ဒေါ့စကီးက ၂ လုံး သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၇၃ မိနစ်မှာ မာတီနက်ဇ်က မိုနာကိုအတွက် ချေပဂိုး ၁ ဂိုး ထပ်သွင်းပေးခဲ့ပေမယ့် အလွန်ဆိုက ၈၈  မိနစ်မှာ ဆဌမမြောက်ဂိုး သွင်းပေးခဲ့တာကြောင့် ဘိုင်ယန်တို့ ဆီမီးဖိုင်နယ်ကို ၄ နှစ်ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မဲခွဲမှုတွေကိုတော့ မနက်ဖြန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

  • ကလောမြို့တွင် ၁၃ နှစ်သား ရေနစ်သေဆုံးမှုအား နိုင်ငံရေးပါတီတခုမှ ဘာသာရေး/လူမျိုးရေး ပြသနာဖြစ်အောင် လှုံ့ဆော်ဝါဒဖြန့်နေ

    ကလောမြို့တွင် ၁၃ နှစ်သား ရေနစ်သေဆုံးမှုအား နိုင်ငံရေးပါတီတခုမှ ဘာသာရေး/လူမျိုးရေး ပြသနာဖြစ်အောင် လှုံ့ဆော်ဝါဒဖြန့်နေ

    ဧပြီ ၂၃ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    Ka Law Case 3
    ရှမ်းပြည်နယ် ကလောမြို့တွင် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က အသက် ၁၃ နှစ် အရွယ်ရှိ ကျောင်းသားတဦး သူငယ်ချင်းများနှင့် ရေကူးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

    ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ရာ ကလောမြို့ခံ တဦးမှ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ မောင်သူရိန်မင်းထွန်းဟာ သူငယ်ချင်း(၂) ယောက်နှင့် အတူ အိမ်မှ  လူကြီးမိဘများ မသိအောင် ရေကူးကန်၌ ရေကူးရန် သွားခဲ့ကြောင်း၊ သင်္ကြန်တွင်းကာလဖြစ်၍ ရေကူးကန် ပိတ်ထားသောကြောင့် လူငယ်(၃)ဦး ကလောမြို့နှင့် (၅) မိုင်အကွာ ရေယားရွာ အောက်ဘက် ညောင်ထောက်ရေတံခွန် ရေသွားကူးခဲ့ကြောင်း၊ သူငယ်ချင်း(၃) ဦး ရေကူးရင်း မောင်သူရိန်မင်းထွန်း ရေနစ်သွား၍ ကျန်သူငယ်ချင်း (၂) ဦး လိုက်ဆယ်ရာမှ မမှီတော့ကြောင်း၊ မောင်သူရိန်မင်းထွန်းရေနစ်ရာ မှ ပြန်မပေါ်လာသဖြင့် ကျန် လူငယ်(၂) ယောက်မှာ ကျောင်းသားကလေး အရွယ်များဖြစ်၍ လူကြီးမိဘများ၏ အရိုက်ခံရမည်ကို ကြောက်ရွံ၍ မည်သူကိုမျှ အကြောင်းမကြားဘဲ နေလိုက်ကြောင်း၊ မောင်သူရိန်မင်းထွန်း မိဘများမှ ၄င်းတို့၏သားပျောက်ဆုံး၍ မေးမြန်းသည့် အခါ၌လဲ မသိဘူးလို့ ပြောကြားခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့မှ လူငယ်(၂) ယောက်ထဲမှ တယောက်က ဖြစ်စဉ်ကို ပြောပြပြီး ရေနစ်သည့် နေရာကို လိုက်ပြခဲ့ကြောင်း၊ ဧပြီလ ၁၆ ရက်နေ့တွင် မောင်သူရိန်ထွန်း ရေနစ်ခဲ့သည့် ညောင်ထောက်ရေတံခွန်မှာ အလောင်းပြန်တွေ့ခဲ့ပြီး မျက်နှာမှာ ဂဏာန်းကိုက်ထား၍ အနည်းငယ်ပျက်ဆီးနေကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် မောင်သူရိန်မင်းထွန်းအား ကုလားက သတ်လိုက်သည့် ဟု လှုံ့ဆော်သည့် သတင်းများမိမိတို့ ကြားသိရကြောင်း၊ အဆိုပါကိစ္စမှာ လုံးဝ မှားယွင်းနေပြီး မောင်သူရိန်မင်းထွန်းနှင့် ရေအတူ သွားကူးခဲ့သည့် သူငယ်ချင်း (၂) ယောက်မှာ ဗုဒ္ဓဘာသာဝင် ကလေးငယ်များသာ ဖြစ်ပြီး မွတ်စလင်များ လုံးဝမဟုတ်ကြောင်း ကလောမြို့ခံ ကပြောကြားခဲ့ပါတယ်။

    Ka Law Case 2

    အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး  နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ မှ ၄င်းရဲ့ စာမျက်နှာထပ်တွင် ကလောမှ ကျောင်းသား ရေနစ်သေဆုံးမှုကို လူမျိုးရေး/ဘာသာရေး အဓိကရုဏ်းများဖြစ်စေမည့် အချက်အလက်အမှား များစွာဖြင့် ရေးသားပြီး အကြိမ်များစွာ ဖြန့်ဝေခဲ့တာကိုတွေ့ပါတယ်။ ၄င်းက အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို အကြမ်းဖက်ဖျက်ဆီးရန် ရေးသားခဲ့ပြီး အခြေခံဥပဒေမှ တရားဝင် အသိအမှတ်ပြုထားသည့် ဘာသာတရား တခုအားလည်း ရင့်သီးရိုင်းစိုင်းသည့် အသုံးအနှုန်းများဖြင့် လှုံ့ဆော်ရေးသားနေတာကိုလည်း တွေ့ရပါတယ်။

    ဦးနေမျိုးဝေနှင့် ၄င်း၏ ပါတီဝင်များမှာ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေ၊ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး  ဆိုရှယ်မီဒီယာမှတဆင့် အမုန်းတရားများ ဖြန့်ဝေခြင်း၊ ဟောပြောပွဲများတွင် လူမျိုးရေး/ဘာသာရေး အမုန်းပွားစေမည့် ကိစ္စရပ်များ လှုံဆော်ဟောပြောခြင်း ကို ပြောင်ပြောင်းတင်းတင်း လုပ်ဆောင်နေသည့်မှာ အချိန်ကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

    Ka Law Case

  • ပွဲတိုင်းနိုင်ချင်ပါက နည်းပြအသစ်ရှာဟု ဘိုင်ယန်နည်းပြ ပြော

    ပွဲတိုင်းနိုင်ချင်ပါက နည်းပြအသစ်ရှာဟု ဘိုင်ယန်နည်းပြ ပြော

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    gurdiola

    – ဘိုင်ယန်မြူးနစ်အနေဖြင့် ပွဲတိုင်း အနိုင်ရချင်ပါက နည်းပြအသစ်တစ်ယောက် လိုအပ်သည်ဟု ဂွါဒီယိုလာက ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရေး ကြိုးပမ်းခဲ့ကြသည့် အသင်းသားများကိုလည်း ချီးကျူးခဲ့သည်။

    ပြီးခဲ့သည်တစ်ပတ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်းတွင် ပေါ်တိုအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဘိုင်ယန်မှာ ယနေ့နံနက်အိမ်ကွင်း၌ ပထမပိုင်းသွင်းဂိုး ၅ ဂိုး အပါအ၀င် ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

    ပထမအကျော့ ရှုံးနိမ့်စဉ်က ဂွါဒီယိုလာမှာ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားခဲ့ရပြီး ၎င်းက ယခုပွဲအပြီးတွင် ပြန်လည်ချေပခဲ့သည်။

    “သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အဲလောက်မကောင်းပါဘူး။ ကစားသမားတွေကိုသာလျှင် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ပထမပိုင်း ၄၅ မိနစ်ဟာ ပြီးခဲ့တဲ့အကျော့အတွက် တုန့်ပြန်မှုပါ။ ဒီလိုကစားသမားတွေကို နည်းပြရတာ ကျွန်တော် ကံကောင်းပါတယ်။ ဒါပေမယ့် တကယ်လို့ လူတွေက ဘိုင်ယန်ဟာ ပွဲတိုင်းနိုင်ရမယ်လို့ ထင်နေရင်တော့ သူတို့ နည်းပြအသစ် ရှာရပါမယ်” ဟု ပွဲအပြီးတွင် Sky သို့ ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းကြောင့် နည်းပြအဖြစ် တာဝန်ထမ်းဆောင်သည့် ၆ နှစ်အတွင်း နှစ်တိုင်း ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် စံချိန်ကိုလည်း ဂွါဒီယိုလာက ရရှိခဲ့သည်။

    ဂွါဒီယိုလာကမူ ပထမအကျော့ပြီးကတည်းက မိမိတို့မှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဟု ခံစားခဲ့ရကြောင်း ပေါ်တိုမှာ အိမ်ကွင်းတွင် ကောင်းသော်လည်း ယနေ့ပွဲတွင် မကောင်းခဲ့ကြောင်း၊ ဆီမီးဖိုင်နယ်တွင် ရီးယဲလ်၊ ဘာကာ၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ်၊ မိုနာကို မည်သည့်အသင်းနှင့်တွေ့တွေ့ မိမိတို့မှာ အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဆယ်စုနှစ်များအတွင်း ပထမဆုံးနိုင်ငံခြားဘဏ် ရန်ကုန်တွင် ဖွင့်လှစ်

    ဆယ်စုနှစ်များအတွင်း ပထမဆုံးနိုင်ငံခြားဘဏ် ရန်ကုန်တွင် ဖွင့်လှစ်

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    japan bank

    – ဂျပန်ဘဏ်တစ်ခုဖြစ်သည့် Tokyo-Mitsubishi UFJ (BTMU) မှာ ၎င်းတို့၏ ဘဏ်ခွဲကို ယနေ့တွင် ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားဘဏ်တစ်ခု မြန်မာနိုင်ငံတွင် စတင်လည်ပတ်ခြင်းလည်း ဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားသို့ ဗဟိုဘဏ်အကြီးအကဲ ဦးကျော်ကျော်မောင်က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ထိုသို့ဖွင့်လှစ်လိုက်ခြင်းက တိုင်းပြည်အတွင်း သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်ခြင်းဖြစ်ကာ ထိုဘဏ်က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေး ခိုင်မာလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သော BTMU ကမူ အဆိုပါ ရန်ကုန်ဘဏ်ခွဲမှာ ငွေအပ်နှံခြင်း၊ ကာလရှည် ချေးငွေပေးခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်းတို့ အပါအ၀င် မြန်မာနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်နေကြသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို အပြည့်အ၀ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    BTMU မှာ အခြား ဂျပန်ဘဏ်တစ်ခုဖြစ်သည့် Sumitomo Mitsui Banking Corporation (SMBC)၊ စင်ကာပူဘဏ် Oversea-Chinese Banking Corporation (OCBC) တို့နှင့်အတူ လုပ်ငန်းများ စတင်လုပ်ကိုင်ရန် ယခုလအစောပိုင်းက ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

    မနက်ဖြန်တွင် ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ရန် စီစဉ်ထားသည် OCBC က ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ချင်ကြသော ဖောက်သည် အသစ်အဟောင်များ၏ မေးမြန်းစုံစမ်းမှုများမှာ သိသိသာသာ တိုးလာသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။ OCBC မှာ ၁၉၆၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် နှစ် ၄၀ ကြာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ဖူးသည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း လုပ်ကိုင်ခွင့်လိုင်စင် ရထားသည့် အာရှ-ပစိဖိတ်ဒေသမှ အခြားသော နိုင်ငံခြားဘဏ် ၆ ခုမှာ လပိုင်းအတွင်း ၎င်းတို့လိုင်စင်အတွက် အပြီးသတ်လုပ်ငန်းများ ပြီးပြတ်မည်ဟု မျှော်လင့်ရသည်။

    ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းကာ နိုင်ငံအတွင်းရှိ လုပ်ငန်းများအားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပြီးနောက် နိုင်ငံခြားဘဏ်များမှာ မြန်မာနိုင်ငံမှ ပျောက်ကွယ်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း ထိုအချိန်မှစ၍ တစ်ရှိန်ထိုး ကျဆင်းသွားခဲ့သည်။

    Ref: Gmanetwork

  • ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရမည်ဟု နေးမာဆို

    ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရမည်ဟု နေးမာဆို

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    ney mar

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲသို့ ချီတက်ရမည်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် ပဲရစ်တွင်ကစားခဲ့သည့် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဆွာရက်ဇ်၏ ခြေစွမ်းပြမှုဖြင့် အနိုင်ရခဲ့သည့် ဘာစီလိုနာမှာ ယနေ့နံနက်က နျူးကမ့်တွင်ကစားခဲ့သည့် ဒုတိယအကျော့တွင်လည်း ၂ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

    အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူခဲ့သည့် နေးမာက မိမိတို့မှာ ရှေ့ဆက်လျှောက်ရမည်ဟု ဆိုသည်။

    “အခုလက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်ပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလမ်းကြောင်းထဲမှာတော့ မဖြစ်မနေ ဆက်သွားနေရပါမယ်။ လာလီဂါမှာ ထိပ်ဆုံးရောက်နေတယ် ချန်ပီယံလိဂ်မှာလည်း အခြေအနေကောင်းနေတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်” ဟု နေးမာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပထမဂိုးသွင်းယူနိုင်ရန် လှပစွာ ဖန်တီးပေးခဲ့သည့် ကွင်းလယ်လူ အင်နီယေစတာနှင့် အသင်းဖော်များ အားလုံးကိုလည်း နေးမာက ချီးကျူးခဲ့သည်။

    “ပဲရစ်မှာလိုပဲ ကျွန်တော်တို့ ကောင်းကောင်း ကစားခဲ့ပါတယ်။ ပြီးတော့ ပွဲကောင်းတစ်ပွဲကို ကစားပေးခဲ့တဲ့အတွက်လည်း အသင်းဖော်တွေအားလုံးကို ချီးကျူးချင်ပါတယ်။ ကျွန်တော်တို့ဟာ ၃ ဂိုး ၁ ဂိုးဆိုတဲ့ အသာနဲ့ ပွဲကို ဦးဆောင် ကစားခဲ့တာပါ။ ဒါပေမယ့် ဆီမီးအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ အဲဒါ (ပထမဂိုးအတွက် ဖန်းတီးပေးမှု) ဟာ အင်နီယေစတာဆီက ထူးခြားပြောင်မြောက်တဲ့ ပေးပို့မှုပါပဲ။ အဲဒီဖျက်တင်ဘောအပြီး ကျွန်တော်လုပ်ရတဲ့အလုပ်က ဂိုးထဲ တိုက်ရိုက် ကန်သွင်းရတာပါပဲ”

    Ref: Goal.com