News @ M-Media

Blog

  • အီသီယိုးပီးယား ခရစ်ယာန်များအား IS သတ်ဖြတ်မှု အလ်-အဇ်ဟာရ် ရှုတ်ချ

    အီသီယိုးပီးယား ခရစ်ယာန်များအား IS သတ်ဖြတ်မှု အလ်-အဇ်ဟာရ် ရှုတ်ချ

    ဧပြီ ၂၂၊ ၂၀၁၅
    M-Media

    IS

    – စွန်နီကမ္ဘာ၏ အကြီးဆုံး ဘာသာရေးတက္ကသိုလ်နှင့် အဖွဲ့အစည်းဖြစ်ပြီး အီဂျစ်နိုင်ငံတွင် တည်ရှိသည့် အလ်- အဇ်ဟာရ် တက္ကသိုလ်က ယခုသီတင်းပတ်အစောပိုင်း လစ်ဗျားနိုင်ငံ၌ အီသီယိုးပီးယား ခရစ်ယာန်များအား IS ၏ သတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

    ၎င်းတို့၏ Facebook စာမျက်နှာတွင် “Daesh(IS) အကြမ်းဖက်အဖွဲ့ ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက် ရာဇ၀တ်မှုကို အလ်-အဇ်ဟာရ်က ရှုတ်ချပါတယ်။ Daesh နဲ့ အဲဒီလို အခြားအဖွဲ့အစည်းတွေဟာ ဘယ်လိုဘာသာတရားမျိုး၊ ဘယ်လို လူ့ကျင့်ဝတ်မျိုး၊ ဘယ်လို ဓလေ့ထုံးတမ်းမျိုးနဲ့မှ ကိုက်ညီခြင်း မရှိပါဘူး ” ဟု ရေးသားထားခြင်းဖြစ်ပြီး AFP သတင်းဌာနက ယမန်နေ့တွင် ပြန်လည်ဖော်ပြခဲ့သည်။

    IS အဖွဲ့က လစ်ဗျားတွင် အီသီယိုးပီးယားမှ ခရစ်ယာန်များအား ခေါင်းဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းတို့ကို ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် အလ်-အဇ်ဟာရ်က ထိုကဲ့သို ရှုတ်ချခဲ့ခြင်းဖြစ်သည်။

    ထိုဗီဒီယိုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး ထိုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလွန်အမင်း စိတ်ပျက်ဝမ်းနည်းမိသည်ဟု အများစုက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အီသီယိုးပီးယား ခရစ်ယာန်များအား လစ်ဗျားရှိ IS အဖွဲ့က သတ်ဖြတ်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ၎င်းတို့မှာ အီဂျစ်ခရစ်ယာန် ၂၀ ကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်ကလည်း ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ဓမ္မပညာရှင်များနှင့် မွတ်စလင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကာ အီဂျစ်ကလည်း ၎င်းတို့နိုင်ငံသားများ အသတ်ခံရသည့်အတွက် ချက်ချင်းပင် ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

    IS အဖွဲ့ ပေါ်ပေါက်ကာ အဖျက်လုပ်ငန်းများကို စတင်လုပ်ဆောင်စဉ်ကတည်းက ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များနှင့် အစ္စလာမ့်ဓမ္မပညာရှင်များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အဆိုပါအဖွဲ့အား တိုက်ဖျက်ရေးအတွက် တိုက်တွန်းမှုများလည်း ပြုလုပ်ခဲ့ကာ လက်ရှိတွင် မွတ်စလင်များကပင် တို့အဖွဲ့အား ရင်ဆိုင် တိုက်ခိုက်လျက် ရှိနေသည်။

    စုပေါင်းတောင်းဆု

    အီသီယိုးပီးယားနိုင်ငံကမူ ၃ ရက်တာ ၀မ်းနည်းဖွယ်နေ့ သတ်မှတ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ခရစ်ယာန်နှင့် မွတ်စလင်များမှာလည်း စုပေါင်း၍ ၀တ်ပြု ဆုတောင်းပြုမှုများ ပြုလုပ်ခဲ့ကာ ရိုင်းစိုင်းကြမ်းကြုတ်သော ထိုလုပ်ရပ်အား ရှုတ်ချခဲ့သည်။

    အဆိုပါ ၀တ်ပြုဆုတောင်းမှုကို အီသီယိုးပီးယား အစ္စလာမ့်ရေးရာ ဗဟိုကောင်စီမှ အကြီးအကဲဖြစ်သူ ရှိခ် မိုဟာမက် ဂျမာလ်က ဦးဆောင်ခဲ့ပြီး လူများအား ကြက်ကလေး၊ ငှက်ကလေး သတ်သကဲ့သို့ သတ်ဖြတ်မှုအတွက် အစ္စလာမ်တွင် နေရာမရှိဟု ပြောကြားခဲ့သည်။

    “တကယ်လို့ IS သာ ဘာသာတရားကို လိုက်နာမယ်ဆိုရင် သူတို့ လူတွေကို သတ်ဖြတ်မှာ မဟုတ်ပါဘူး။ ဒီလူငယ်လေးတွေ သေဆုံးခြင်းဟာ ကျွန်တော်တို့ မိသားစုထဲကတစ်ယောက်ယောက် အသတ်ခံရသလိုပါပဲ” ဟု အဆိုပါ ၀တ်ပြုဆုတောင်းမှုသို့ တက်ရောက်လာသည့် မွတ်စလင်တစ်ဦးဖြစ်သူ ကဒရ် ဟူစိန်က ပြောကြားခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ထိုကဲ့သို့ အသတ်ခံရသူများအတွက် ၀မ်းနည်းကြောင်း သတင်းစကားကို အီသီယိုးပီးယား တီဝါဟီဒို အော်သိုဒေါ့စ်အသင်းတော် အကြီးအကဲသို့ ပေးပို့ခဲ့သည်။

    အသတ်ခံရသူများ၏ ဆွေမျိုးသားချင်းများကလည်း IS ၏ ထိုလုပ်ရပ်မှာ လူသားဆန်မှုအပြင်ဘက်မှ လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် တော်တော်လေးဝမ်းနည်းပါတယ်။ ကျွန်တော့်ရဲ့ညီကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီလေးပါ။ ဒါပေမယ့် အသက်တွေဆုံးရှုံးခဲ့ကြတဲ့ အီသီယိုးပီးယားနိုင်ငံသားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ သမုဒ္ဒရာထဲကို ပစ်ချခံနေရပါတယ်။ ဒီကိစ္စ ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတာ ဘုရားသခင်သာလျှင် သိပါတယ်” ဟု သေဆုံးသွားသူများထဲမှ တစ်ဦး၏ အကိုဖြစ်သူ တက်စ်ဖာယီက ၀မ်းနည်းခြင်း အခမ်းအနားသို့ လာရောက်ခဲ့သည့် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

    ၂၀၀၇ ခုနှစ် အစိုးရ၏ သန်းခေါင်စာရင်းကောက်ယူမှုအရ အီသီယိုးပီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်မှာ ၃၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

    Ref: Onislam

  • ကမ္ဘာ့ အသက်အငယ်ဆုံး ကွန်ပြူတာဆော့ဖ်ဝဲ ပရိုဂရမ်မာ ပါကစ္စတန်နိုင်ငံသား

    ကမ္ဘာ့ အသက်အငယ်ဆုံး ကွန်ပြူတာဆော့ဖ်ဝဲ ပရိုဂရမ်မာ ပါကစ္စတန်နိုင်ငံသား

    Suleman-Malik edit
    ဆူလေမန်မာလစ်ခ်ဟာ ကမ္ဘာ့အသက်အငယ်ဆုံးကွန်ပျူတာ ဆော့ဖ်ဝဲပရိုဂရမ်မာ တဦးပါ။ ကွန်ပျူတာတွေမှာ Hardware နဲ့ Software ဆိုပြီးရှိပါတယ်။ ဆော့ဖ်ဝဲ ဆိုတာက အစီအစဉ်တကျ သတ်မှတ်ထားတဲ့အတိုင်းကွန်ပျူတာ အလုပ်လုပ်ဖို့ ခိုင်းစေတာပါ။ အဲဒီလိုခိုင်းစေဖို့ ပရိုဂရမ်တွေချ အစီအစဉ်ချ ရေးသားတဲ့သူဟာ ပရိုဂရမ်မာပါ။ ဆူလေမန်မာလစ်ခ်က ပရိုဂရမ်ရေးသူပဲပေါ့။ ဧရာဝတီဘလော့ဂ်က သူ့အကြောင်း တင်ပြပေးလိုက်ပါတယ်။
    .
    ဆူလေမန်ကို ၁၉၉၄ ခုနှစ် မတ် ၁၉ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ ပက်ရှဝါမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ပါကစ္စတန်ရဲ့ အိုင်တီပါရမီရှင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာအသက် ၆ နှစ်အရွယ်ကတည်းက ကွန်ပျူတာပရိုဂရမ်မင်းတွေ ရေးသားနိုင်ခဲ့တာကြောင့်ပါ။
    .
    ဆူလေမန်ဟာအသက် ၁၂ အရွယ်မှာတော့ ကွန်ပျူတာ ဆော့ဖ်ဝဲရေးရာမှာ အရေးပါတဲ့ Microsoft Visual C++ ကို သုံးစွဲပြီး ဆော့ဖ်ဝဲတွေ ပရိုဂရမ်တွေရေးနေပါပြီ။ အင်တာနက် ၀က်ဘရောင့်ဆာကို သုံးပြီး ရေးသားရင်းနဲ့ ကမ္ဘာ့အသက် အငယ်ဆုံးပရိုဂရမ်မာဘွဲ့ရရှိသွားတာလို့ သိရပါတယ်။
    .
    ဆူလေမန်ဟာ အမေရိကန် အိုင်တီသိပ္ပံကျောင်းတွေက Software နဲ့ webmaster professional ဆိုင်ရာအသိအမှတ်ပြု လက်မှတ် ၁၇ ခု ရရှိခဲ့သူပါ။ အဲဒီနောက် သူဟာ ကွန်ပျူတာသိပ္ပံဘာသာရပ်နဲ့ အိုင်တီပညာရပ်ကို ဆက်လက် လေ့လာ သင်ယူခဲ့ပါတယ်။ ကမ္ဘာကျော် Microsoft ကလည်း ဆူလေမန်မာလစ်ခ်ကို ကမ္ဘာ့အသက်အငယ်ဆုံး ကွန်ပျူတာ ပရော် ဖက်ရှင်နယ် ပရိုဂရမ်မာလို့ အသိအမှတ်ပြုခဲ့ပါတယ်။
    .
    ပြီးတော့ နိုင်ငံတကာစီးပွားရေးလုပ်ငန်း ၂၀ ရဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ အမှားအယွင်းတွေကို အသက် ၁၃ နှစ်အရွယ် ကတည်းက ထောက်ပြ ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆူလေမန်မာလစ်ခ်ဟာ မကြာသေးခင်ကမှ ပက်ရှ်ဝါမှာ ရှိတဲ့ မွတ်စလင်ပညာရေးဆိုင်ရာ ကျောင်းက ပညာသင်ပြီးဆုံးခဲ့တာပါ။ သူက ၀က်ဘ်ဆိုက်ရေးသားခြင်းနဲ့ ဆော့ဖ်ဝဲ ရေးသားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတဲ့အပြင် ကွန်ပျူတာဆော့ဖ်ဝဲ ရေးသားတဲ့ ဘာသာစကား အများအပြား တတ်မြောက်ထားတယ်လို့ ဆိုပါတယ်။
    .
    သူဟာ ဆော့ဖ်ဝဲရေးသားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီးအမေရိကန် အမျိုးသား ကွန်ပျူတာသိပ္ပံအကယ်ဒမီကလည်း အသိအမှတ်ပြုလက်မှတ်တွေ ရရှိခဲ့ပါသေးတယ်။ အဲဒီထဲမှာ Webmasters Centre က ပေးအပ်တဲ့ Windows Series Experts, Microsoft က ပေးအပ်တဲ့ professional, mcts, mcsa, mcitp တွေလည်း ပါဝင်ပါသတဲ့။ ဆူလေမန် မာလစ်ခ်က သူဟာ အသက် ၇ နှစ်အရွယ်မှာပဲ ကွန်ပျူတာကို စွဲလမ်းခဲ့ပြီး၊ ကိုယ်ပိုင်ဆော့ဖ်ဝဲတွေ ရေးသားခဲ့ပါတယ်လို့ ဆိုပါတယ်။ အခုတော့ ကမ္ဘာကျော် BMW အတွက် ဆော့ဖ်ဝဲတွေ ရေးသားနေတယ်လို့ သိရပါတယ်။
    .
    ကွန်ပျူတာကိုကျွမ်းကျင်ပေမယ့် တခြားဆော့ဖ်ဝဲတွေ ၊ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်နှောင့်ယှက်တဲ့ Hacking အလုပ်ကိုမလုပ်ဘူးလို့ ဆိုပါတယ်။ ဆော့ဖ်ဝဲတွေကို ဘယ်လို ပိုကောင်းအောင်လုပ်မလဲလို့ပဲ တွေးတောနေတတ်ပါသတဲ့။
    .
    ဆူလေမန် မာလစ်ခ်ရဲ့ အစ်ကိုက လူငယ်တွေဟာ အိုင်တီနယ်ပယ်မှာ ထူးချွန်ထက်မြက်ပြီး ထင်ရှားလာပြီ ဖြစ်လို့ ဂုဏ်ယူတဲ့အကြောင်း ပြောမဆုံး ဖြစ်နေပါတော့တယ်။
    .
    သူ့အကြောင်းကို Facebook မှာလည်း ရှာဖွေကြည့်နိုင်သလို၊ သူ့ရဲ့ ၀က်ဘ်ဆိုက် မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
    .
    သူရရှိခဲ့တာတွေက
    .
    certified from google certification
    certified from googleadsene
    certified from googleadword
    certified from google analytic
    certified from microsoft
    certified from microsoft certified information technology specilist
    certified from microsoft network administrator
    certified from national computer science academy of USA
    certified from w3 online certified
    certified from logiczap html newyork
    certified from logiczapcssnewyork
    certified from logiczapphpnewyork
    certified from govt of USA certified
    Made a great world record…တွေ ဖြစ်ပါတယ်။
    .
    သူစိတ်ဝင်စားတာက Computer programming Software developing ဖြစ်တယ်လို့ သိရပါတယ်။
    .
    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။
    http://blog.irrawaddy.org/2015/04/blog-post_86.html

  • သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

    သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ

    ဧပြီ ၂၁ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    11182096_1586580691609741_4016973431402178927_n
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဟောင်း  သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁) နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနား တရပ်ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ယနေ့ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (NLD) နာယက သူရဦးတင်ဦး ၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော သံဃာတော်များ၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ နှင့် ဟံသာဝတီ ဦးဝင်းတင်အား လေးစားချစ်ခင်သည့် ပြည်သူများ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

    11146215_1586580321609778_123759405149610255_n

    အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက ဦးတင်ဦး အပြင် ကိုမင်းကိုနိုင် အခြား တက်ရောက်လာသူများမှ အမှတ်တရ ဂုဏ်ပြု စကားများပြောခဲ့ကြပါတယ်။
    1471857_1586583598276117_2710812492952258322_n

    ဒေါ်အောင်ဆန်းစုကြည်က ဆရာကြီးဦးဝင်းတင်ဟာ ဒီမိုကရေစီ ရဲဘော်တဦးဖြစ်တယ်လို့ ဂုဏ်ပြုပြောခဲ့ပါတယ်။

    ” ဆရာကြီး ဦးဝင်းတင်ကို ဒီမိုကရေစီ ရဲဘော်တယောက်အနေနဲ့ ဂုဏ်ပြုလိုကြောင်း၊ ခေါင်းဆောင်အနေဖြင့် မဟုတ်ကြောင်း၊ ခေါင်းဆောင်ဆိုတာ ရဲဘော်နှင့် မတူကြောင်း၊ ခေါင်းဆောင်ဆိုတာ အမိန့်ပေးမယ်၊ ထိပ်ကနေပြိး ဦးဆောင်ပြီးလုပ်မယ်၊ ရဲဘော်ဆိုတာ နေ့တဓူဝ အလုပ်တွေကို အောက်ခြေသိမ်း လုပ်နိုင်တဲ့ ပုဂိုလ်တွေကို  ရဲဘော်အနေနဲ့ သတ်မှတ်ပါကြောင်း၊ တကယ်တော့ ခေါင်းဆောင်တွေဆိုတာ ရဲဘော်တွေ မရှိဘဲ မရှိနိုင်ကြောင်း၊ ” ဆရာကြီး ဥိးဝင်းတင်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အမှတ်တရ ဂုဏ်ပြုစကားဖြစ်ပါတယ်။

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (NLD) နာယက သူရဦးတင်ဦး က ဆရာကြီးဦးဝင်းတင်ဟာ အဖွဲ့အစည်းနဲ့ လုပ်ကိုင်ရာမှာ သူသဘောထားထက် အဖွဲ့အစည်းရဲ့ သဘောထားကို အမြဲလေးစားလိုက်နာသူဖြစ်တဲ့အတွက် ဒီမိုကရေစီရင့်ကျက်သူဖြစ်တယ်လို့ မှတ်ချက်ပေး ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

    ဓါတ်ပုံများကို (ကိုတင်ရွှေ NLD) ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • အီတလီသို့ ပြန်လိုစိတ်မရှိဟု အန်ဆယ်လော့တီပြော

    အီတလီသို့ ပြန်လိုစိတ်မရှိဟု အန်ဆယ်လော့တီပြော

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    acellotti

    – အီတလီရှိ ဦးနှောက်မရှိသော ပရိတ်သတ်များနှင့် လူမရှိသော ဘောလုံးကွင်းများကြောင့် မိမိအနေဖြင့် စီးရီးအေသို့ ပြန်သွားရန် စိတ်ဝင်စားမှုမရှိဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဆယ်လော့တီမှာ အေစီမီလန်တွင် ၈ နှစ်ကြာ တာဝန်ယူခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်နှင့် စီးရီးအေဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်က ၎င်း၏ မွေးရပ်မြေ အီတလီကို စွန့်ခွာ၍ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ကိုင်တွယ်ခဲ့သည်။

    ထို့နောက် ချယ်ဆီးမှတစ်ဆင့် ပီအက်စ်ဂျီ၊ ထိုမှတစ်ဆင့် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းလဲကိုင်တွယ်ခဲ့သည်။

    အန်ဆယ်လော့တီမှာ အမြဲတမ်းလိုလိုပင် အီတလီ ထိပ်တန်းကလပ်များ၏ ကမ်းလှမ်းမှု၊ အီတလီ လက်ရွေးစင်အသင်းတို့၏ ကမ်းလှမ်းမှုများကို ခံခဲ့ရသည်။ သို့သော်လည်း ၎င်းက အိမ်ပြန်ချင်စိတ် မရှိဟု ဆိုသည်။

    “ကျွန်တော်အီတလီက ထွက်မလာခင်တုန်းက အကြောင်းအရာတွေအများကြီး တွေးခဲ့ပါတယ်။ အဲဒါ မလွယ်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာက သက်တောင့်သက်သာဖြစ်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ပြန်သွားမှာမဟုတ်ပါဘူး။ အီတလီဘောလုံးလောက က တော်တော်လေး အပြိုင်အဆိုင်ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ပတ်ဝန်းကျင်ပါ။ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဘောလုံးကွင်းတွေမှာ လူမရှိဘဲ တိုက်ခိုက်မှုတွေကလည်း အခြားနေရာတွေထက် အီတလီမှာ ပိုဖြစ်ပါတယ်” ဟု အန်ဆယ်လော့တီက Radio Rai သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ကာဂလီယာရီ၊ ရိုးမားနှင့် ဗာရီဆီအသင်းတို့၏ ပွဲများတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများကို ထောက်ပြခဲ့ပြီး ကစားသမားများမှာ ဦးနှောက်မရှိသော ပရိတ်သတ်များ၏ ဓားစားခံများ ထပ်ဖြစ်၍ မရတော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အီတလီနည်းပြ ကွန်တီ၏ အခြေအနေမှာ မတည်မငြိမ်ဖြစ်နေပြီး မကြာမီ အန်ဆယ်လော့တီမှာ အီတလီနည်းပြ ဖြစ်တော့မည်ဆိုသည့် သတင်းကိုလည်း ၎င်းက ငြင်းဆိုခဲ့သည်။

    Ref: Goal.com

  • Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media
    ခင်မောင်တိုး ရေးသည်။

    Charlie+Hebdo 2
    ဒီကနေ့ အွန်လိုင်းမီဒီယာထက်မှာ လတ်တလောနေရာယူထားတဲ့ သတင်းက မလေးရှားနိုင်ငံထုတ် အရက်ပုလင်းပေါ်မှာ ကျွန်တော်တို့ မြန်မာတွေ အလေးအမြတ်ထားရာ ရွှေတိဂုံစေတီတော်ပုံကို တံဆိပ်အနေနဲ့ အသုံးပြုထားတဲ့ကိစ္စဘဲဖြစ်ပါတယ်။

    ဒီဓါတ်ပုံနဲ့ ဒီအရက်ပုလင်းတွေသတင်းက အရင်တုန်းကလည်း မကြာခဏတွေ့ဖူးနေပေမယ့် အခုတစ်ကြိမ်မှာတော့ အရင်ကထက် ပိုမိုအရေးတယူ ပြောဆိုနေကြတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ သတိပြုမိတာကတော့ ယခုဒီသတင်းကို FB ပေါ်မှာ Please Share This Post ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ဖြန့်ဝေသူကတော့ Tomorrow ဂျာနယ် Contributor တစ်ယောက်ဖြစ်တဲ့ ကိုကျော်စွာမြင့် ဖြစ်ပါတယ်။

    ဆက်လက်ပြီး ကိုကျော်စွာမြင့်ရဲ့ ဖေစ်ဘွတ် လူမှုကွန်ယက်မှာ “ကျနော်တို့ရဲ့ အထွဋ်အမြတ် ရွှေတိဂုံ စေတီတော်ကို မဖွယ်မရာ မလုပ်သင့်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီကုမ္ပဏီကို ရှာဖွေပြီး တခုခု အရေးယူ ပေးစေလိုပါတယ်”  လို့လည်း ဖော်ပြထားသည်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး နေ့စဉ်ထုတ်သတင်းစာတွေ၊ သတင်းဌာနတွေရဲ့တရားဝင် အွန်လိုင်း စာမျက်နှာတွေ၊ သတင်းနှင့် စာနယ်ဇင်းလောက ကနာမည်ကြီး ပုဂ္ဂိုလ်တွေ ရေးသားပြောဆိုနေကြတာတွေ၊ သူတို့ဆိုလိုရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ

    “ ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို အခုလို အရက်ပုလင်းမှာ တံဆိပ်ကပ်လိုက်တဲ့အခါ သက်ဆိုင်ရာ ဘာသာဝင်တွေရဲ့ စိတ်ခံစားချက်ဟာ အမျက်ဒေါသကိုဖြစ်ပေါ်စေတယ်၊ ဒါမျိုးမလုပ်သင့်ဘူး၊ မလိုလားအပ်တဲ့ တုန့်ပြန်မှုမျိုး ကြုံရနိုင်ပါတယ်၊ ” ဆိုပြီး အနှစ်ချုပ် သဘောပေါက်မိပါတယ်။

    ခံစားချက်ပြင်းထန်သူအချို့ကတော့ ဒီသတင်းအပေါ် စီစစ်သုံးသပ်ခြင်းအလျဉ်းမရှိဘဲ မလေးနိုင်ငံထုတ် ဆိုတာနဲ့တင် “မြန်မာပြည်မှာရှိတဲ့ ကုလားတွေအကုန်သတ်” ဆိုတဲ့အထိ ပေါက်ကွဲသံစဉ်တွေကို တွေ့ရပါတယ်။

    ကျွန်တော့်ပြောချင်တာက အခုလို ဘာသာတရားတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို သူတို့ရဲ့ စီးပွားရေးအတွက် မဖွယ်မရာ အသုံးချတာကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါတယ်။ မည်သည့်ဘာသာရဲ့ အထွဋ်အမြတ်ထားရာမဆို လုံးဝမလုပ်သင့်တဲ့ ကိစ္စလို့ဘဲ ရှုမြင်မိပါတယ်။

    အဲဒီလိုဘဲ သိပ်မကြာသေးခင်ကာလက ပြင်သစ်နိုင်ငံ Charlie Hebdo သတင်းဌာနရဲ့ လုပ်ရပ် ရှုံ့ချသလို လက်တုန့်ပြန်တဲ့ မွတ်ဆလင်တွေကိုလည်း အထင်သေး ရှုတ်ချပါတယ်။ Charlie Hebdo သတင်းစာတိုက်က လူဘယ်နှစ်ယောက်ပဲသေသေ သူတို့အတွက် စီးပွားရေး အမြတ်အစွန်း ကြီးကြီးမားမားရလိုက်ပါတယ်။ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ ပုဂ္ဂိုလ် အရှင်သူမြတ်တွေကို ထိခိုက်စော်ကားပြီး အဲဒီဘာသာဝင်တွေရဲ့ အကြမ်းဖက် တုန့်ပြန်မှု လုပ်အောင်ကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာပါ။ ရွှေတောင်ကြားက Gastro Bar က ဗုဒ္ဓပုံတော်ကို နားကြပ် တပ်ပေးတဲ့ ကိစ္စလည်း အတူတူပါဘဲ။

    မသမာသူတွေရဲ့ အကျိုးစီးပွား ရှာဖွေမှုမှာ သားကောင်ဖြစ်ခံရသူများဟာ ပုံစံသာခြားပါတယ်။ မင်းတို့က ဘာမို့လို့ခံရတာ ခံပါစေ၊ ငါ့ကျတော့ ဒါမျိုးလုပ်တာ မကောင်းဘူးဆိုရင် သူများ မိဘတွေသေတုန်းက တရားပြပြီး ကိုယ့်အမေသေတော့ ငိုလို့မ၀တဲ့ ဘုန်းကြီး ပုံပြင်လို ဖြစ်သွားပါလိမ့်မယ်။

    ကျွန်တော်ပြောချင်တဲ့ လိုရင်းက မြန်မာ စာနယ်ဇင်းလောကက ပုဂ္ဂိုလ်တွေအနေနဲ့ Charlie Hebdo သတင်းစာတိုက် အကြမ်းဖက် တိုက်ခိုက်ခံရတုန်းက လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အတွက် I am Charlie ဆိုပြီး Charlie Hebdo သတင်းစာတိုက်ဘက်က ရပ်တည်ခဲ့သလိုမျိုး အခုအချိန်အခါမှာ လွတ်လပ်စွာ စီးပွားရှာခွင့်အတွက် I am Song Shigha လို့များ ရေးတင်ပြီး Teo Seng Chan ကုမ္ပဏီဘက်က ရည်တည်နိုင်ကြပါ သလားလို့ မေးချင်ပါတယ်။

    လူဆိုတာ မိမိကိုယ်တိုင် ခံစားဖူးမှ ကိုယ်ချင်းစာတတ်ကြပါတယ်။ သူများတွေခံရတုန်းကတော့ I am Charlie, We stand with you. လုပ်နိုင်ခဲ့ကြပေမယ့်။ ကိုယ့်အလှည့်ရောက်လာတဲ့အခါမှာတော့ အရင်က ခံဖူးသူတွေကို ကိုယ်ချင်းစာနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်ချင်းစာနာတတ်ခြင်းဟာ တရားစစ် တရားမှန်ဖြစ်တယ်ဆိုတဲ့ အဆိုရှိတယ် မဟုတ်လားခင်ဗျာ။

    .
    ကျွန်တော့်အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုလို ၀ိသမလောဘသားတွေရဲ့ အသုံးချခံရမှုအပေါ် ညီနောင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရင်ထဲကနာကျင်မှုထက် မလျော့တဲ့ ခံပြင်းမှုရှိပါတယ်။ အစိုးရအနေနဲ့ ပဲ ဖြစ်ဖြစ်၊ မဟန အနေနဲ့ပဲဖြစ်ဖြစ် တရားဝင်ကန့်ကွက်ရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

    ခင်မောင်တိုး
    ၂၁-၄-၂၀၁၅