News @ M-Media

Blog

  • Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    Charlie hebdo ၊ Teo Seng Chan နှင့် အရက်ပုလင်းပေါ်က ရွှေတိဂုံစေတီတော်ပုံ တံဆိပ်

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media
    ခင်မောင်တိုး ရေးသည်။

    Charlie+Hebdo 2
    ဒီကနေ့ အွန်လိုင်းမီဒီယာထက်မှာ လတ်တလောနေရာယူထားတဲ့ သတင်းက မလေးရှားနိုင်ငံထုတ် အရက်ပုလင်းပေါ်မှာ ကျွန်တော်တို့ မြန်မာတွေ အလေးအမြတ်ထားရာ ရွှေတိဂုံစေတီတော်ပုံကို တံဆိပ်အနေနဲ့ အသုံးပြုထားတဲ့ကိစ္စဘဲဖြစ်ပါတယ်။

    ဒီဓါတ်ပုံနဲ့ ဒီအရက်ပုလင်းတွေသတင်းက အရင်တုန်းကလည်း မကြာခဏတွေ့ဖူးနေပေမယ့် အခုတစ်ကြိမ်မှာတော့ အရင်ကထက် ပိုမိုအရေးတယူ ပြောဆိုနေကြတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ သတိပြုမိတာကတော့ ယခုဒီသတင်းကို FB ပေါ်မှာ Please Share This Post ဆိုပြီး ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ဖြန့်ဝေသူကတော့ Tomorrow ဂျာနယ် Contributor တစ်ယောက်ဖြစ်တဲ့ ကိုကျော်စွာမြင့် ဖြစ်ပါတယ်။

    ဆက်လက်ပြီး ကိုကျော်စွာမြင့်ရဲ့ ဖေစ်ဘွတ် လူမှုကွန်ယက်မှာ “ကျနော်တို့ရဲ့ အထွဋ်အမြတ် ရွှေတိဂုံ စေတီတော်ကို မဖွယ်မရာ မလုပ်သင့်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီကုမ္ပဏီကို ရှာဖွေပြီး တခုခု အရေးယူ ပေးစေလိုပါတယ်”  လို့လည်း ဖော်ပြထားသည်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး နေ့စဉ်ထုတ်သတင်းစာတွေ၊ သတင်းဌာနတွေရဲ့တရားဝင် အွန်လိုင်း စာမျက်နှာတွေ၊ သတင်းနှင့် စာနယ်ဇင်းလောက ကနာမည်ကြီး ပုဂ္ဂိုလ်တွေ ရေးသားပြောဆိုနေကြတာတွေ၊ သူတို့ဆိုလိုရင်းတွေကို ဆန်းစစ်ကြည့်တဲ့အခါ

    “ ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို အခုလို အရက်ပုလင်းမှာ တံဆိပ်ကပ်လိုက်တဲ့အခါ သက်ဆိုင်ရာ ဘာသာဝင်တွေရဲ့ စိတ်ခံစားချက်ဟာ အမျက်ဒေါသကိုဖြစ်ပေါ်စေတယ်၊ ဒါမျိုးမလုပ်သင့်ဘူး၊ မလိုလားအပ်တဲ့ တုန့်ပြန်မှုမျိုး ကြုံရနိုင်ပါတယ်၊ ” ဆိုပြီး အနှစ်ချုပ် သဘောပေါက်မိပါတယ်။

    ခံစားချက်ပြင်းထန်သူအချို့ကတော့ ဒီသတင်းအပေါ် စီစစ်သုံးသပ်ခြင်းအလျဉ်းမရှိဘဲ မလေးနိုင်ငံထုတ် ဆိုတာနဲ့တင် “မြန်မာပြည်မှာရှိတဲ့ ကုလားတွေအကုန်သတ်” ဆိုတဲ့အထိ ပေါက်ကွဲသံစဉ်တွေကို တွေ့ရပါတယ်။

    ကျွန်တော့်ပြောချင်တာက အခုလို ဘာသာတရားတစ်ခုရဲ့ အထွဋ်အမြတ်ထားရာတွေကို သူတို့ရဲ့ စီးပွားရေးအတွက် မဖွယ်မရာ အသုံးချတာကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါတယ်။ မည်သည့်ဘာသာရဲ့ အထွဋ်အမြတ်ထားရာမဆို လုံးဝမလုပ်သင့်တဲ့ ကိစ္စလို့ဘဲ ရှုမြင်မိပါတယ်။

    အဲဒီလိုဘဲ သိပ်မကြာသေးခင်ကာလက ပြင်သစ်နိုင်ငံ Charlie Hebdo သတင်းဌာနရဲ့ လုပ်ရပ် ရှုံ့ချသလို လက်တုန့်ပြန်တဲ့ မွတ်ဆလင်တွေကိုလည်း အထင်သေး ရှုတ်ချပါတယ်။ Charlie Hebdo သတင်းစာတိုက်က လူဘယ်နှစ်ယောက်ပဲသေသေ သူတို့အတွက် စီးပွားရေး အမြတ်အစွန်း ကြီးကြီးမားမားရလိုက်ပါတယ်။ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ ပုဂ္ဂိုလ် အရှင်သူမြတ်တွေကို ထိခိုက်စော်ကားပြီး အဲဒီဘာသာဝင်တွေရဲ့ အကြမ်းဖက် တုန့်ပြန်မှု လုပ်အောင်ကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာပါ။ ရွှေတောင်ကြားက Gastro Bar က ဗုဒ္ဓပုံတော်ကို နားကြပ် တပ်ပေးတဲ့ ကိစ္စလည်း အတူတူပါဘဲ။

    မသမာသူတွေရဲ့ အကျိုးစီးပွား ရှာဖွေမှုမှာ သားကောင်ဖြစ်ခံရသူများဟာ ပုံစံသာခြားပါတယ်။ မင်းတို့က ဘာမို့လို့ခံရတာ ခံပါစေ၊ ငါ့ကျတော့ ဒါမျိုးလုပ်တာ မကောင်းဘူးဆိုရင် သူများ မိဘတွေသေတုန်းက တရားပြပြီး ကိုယ့်အမေသေတော့ ငိုလို့မ၀တဲ့ ဘုန်းကြီး ပုံပြင်လို ဖြစ်သွားပါလိမ့်မယ်။

    ကျွန်တော်ပြောချင်တဲ့ လိုရင်းက မြန်မာ စာနယ်ဇင်းလောကက ပုဂ္ဂိုလ်တွေအနေနဲ့ Charlie Hebdo သတင်းစာတိုက် အကြမ်းဖက် တိုက်ခိုက်ခံရတုန်းက လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အတွက် I am Charlie ဆိုပြီး Charlie Hebdo သတင်းစာတိုက်ဘက်က ရပ်တည်ခဲ့သလိုမျိုး အခုအချိန်အခါမှာ လွတ်လပ်စွာ စီးပွားရှာခွင့်အတွက် I am Song Shigha လို့များ ရေးတင်ပြီး Teo Seng Chan ကုမ္ပဏီဘက်က ရည်တည်နိုင်ကြပါ သလားလို့ မေးချင်ပါတယ်။

    လူဆိုတာ မိမိကိုယ်တိုင် ခံစားဖူးမှ ကိုယ်ချင်းစာတတ်ကြပါတယ်။ သူများတွေခံရတုန်းကတော့ I am Charlie, We stand with you. လုပ်နိုင်ခဲ့ကြပေမယ့်။ ကိုယ့်အလှည့်ရောက်လာတဲ့အခါမှာတော့ အရင်က ခံဖူးသူတွေကို ကိုယ်ချင်းစာနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ကိုယ်ချင်းစာနာတတ်ခြင်းဟာ တရားစစ် တရားမှန်ဖြစ်တယ်ဆိုတဲ့ အဆိုရှိတယ် မဟုတ်လားခင်ဗျာ။

    .
    ကျွန်တော့်အနေနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အခုလို ၀ိသမလောဘသားတွေရဲ့ အသုံးချခံရမှုအပေါ် ညီနောင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ ရင်ထဲကနာကျင်မှုထက် မလျော့တဲ့ ခံပြင်းမှုရှိပါတယ်။ အစိုးရအနေနဲ့ ပဲ ဖြစ်ဖြစ်၊ မဟန အနေနဲ့ပဲဖြစ်ဖြစ် တရားဝင်ကန့်ကွက်ရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

    ခင်မောင်တိုး
    ၂၁-၄-၂၀၁၅

  • ပီအက်စ်ဂျီအသင်း ဘာစီလိုနာကို ဖြတ်ကျော်နိုင်မည်ဟု ဇိဒိန်းဆို

    ပီအက်စ်ဂျီအသင်း ဘာစီလိုနာကို ဖြတ်ကျော်နိုင်မည်ဟု ဇိဒိန်းဆို

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    zidane

    – ပထမအကျော့ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ထားသော်လည်း ပီအက်စ်ဂျီအသင်းမှာ ဘာစီလိုနာအား ဖြတ်ကျော်၍ ဆီးမီးဖိုင်နယ်သို့ တက်သွားမည်ဟု ယုံကြည်ကြောင်း ရီးယဲလ်ကွင်းလယ်လူဟောင်း ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် ပဲရစ်တွင်ကစားခဲ့သည် ပထမအကျော့တွင် ဘာစီလိုနာမှာ ဆွာရစ်ဇ်နှင့် နေးမာတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အားသာချက်ရခဲ့သည်။ ပီအက်စ်ဂျီက ထိုပွဲတွင် လူမစုံခဲ့ဘဲ ချေပဂိုး ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နျူးကမ့်တွင် ကစားရမည့်ပွဲတွင် ၃ ဂိုးပြတ်ဖြင့် အနိုင်ကစားရမည် ဖြစ်သောကြောင့် နောက်တစ်ဆင့်တက်ရေး ခက်ခဲနေသည်။

    ဒုတိယအကျော့တွင်မူ အီဗရာဟီမိုဗစ်နှင့် ဗာရက်တီတို့ ပြန်လည်ပါဝင်လာမည်ဖြစ်ပြီး ဇီဒိန်းက ပီအက်စ်ဂျီတွင် ၃ ဂိုးသွင်း၍ ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အရည်အသွေးရှိနေသည်ဟု ပြောကြားခဲ့သည်။

    “နျူးကမ့်မှာ ၃ ဂိုးသွင်းဖို့ဆိုတာ ပီအက်စ်ဂျီအတွက် ခက်ခဲမှာပါ။ သူတို့ လုပ်ကိုလုပ်ရပါမယ်။ သူတို့လုပ်နိုင်ပါတယ်။ သူတို့မှာ အရည်အသွေးပြည့်တဲ့ကစားသမားတွေရှိပါတယ်။ သူတို့ဟာ ထက်မြတ်တယ်။ ပွဲအတွင်းမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါဟာ အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်ပေမယ့် သူတို့လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဇီဒိန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဇီးဒိန်းကိုင်တွယ်သည့် ရီးယဲလ်မက်ဒရစ် အရန်အသင်းမှာ ပြင်သစ်ကလပ် စိန့်အီတီယန်အသင်းနှင့် ဆင်းရဲသားများရန်ပုံငွေပွဲကို ယမန်နေ့က ကစားခဲ့သည်။

    Ref: Goal.com

  • မင်ဒဲလားသမိုင်း ရိုင်းတော့မှာလား

    မင်ဒဲလားသမိုင်း ရိုင်းတော့မှာလား

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    south africa 2

    – တောင်အာဖရိကမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံခြားသားဆန့်ကျင်းရေး လှုပ်ရှားမှုတွေ ခေါင်းထောင်ထလာပြီး တိုက်ခိုက်မှုတွေ ဖျက်ဆီးလုယက်မှုတွေအထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ယခုအချိန်အထိ လူ ၇ ဦး သေဆုံးခဲ့ပြီလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

    မကြာခင်ရက်ပိုင်းကပဲ မိုဇမ်ဘက်နိုင်ငံသားတစ်ဦးကို တောင်အာဖရိကဒေသခံ လူတစ်စုကသတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပိုကောင်းတဲ့ဘ၀ကို ရရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်အာဖရိကကို ရောက်လာတဲ့ အီမန်နျူယဲလ် ဆီသိုလီတစ်ယောက် တိုင်းတစ်ပါးက ရောက်လာသူ ဖြစ်တယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုတည်းနဲ့ လူတစ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

    ဒီတုန်လှုပ်စရာကောင်းတဲ့ ဓာတ်ပုံတွေဟာ မြို့တော် ဂျိုဟန်နစ္စဘတ်နားက အလက်ဇန်ဒရာဆိုတဲ့ မြို့ငယ်လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင်လူတစ်စုက ဆီသိုလီကို ဓားနဲ့ အချက်ပေါင်းများစွာထိုးပြီး ဂွရှင်နဲ့ ထုရိုက်နေတဲ့ အခိုက်အတန့်တွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

    ကျောချမ်းစရာကောင်းတဲ့ ဒီဖြစ်စဉ်မှာ ဆီသိုလီဟာ လမ်းဘေးရေမြောင်းနားမှာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတာ အခင်းဖြစ်တဲ့နေရာက ပေ ၃၀၀ အဝေးမှာ ရှိနေတဲ့ဆေးခန်းက ဆရာဝန်ဟာ နိုင်ငံခြားသားဖြစ်ပြီး တိုက်ခိုက်ခံရမှာစိုးတဲ့အတွက် ဆေးခန်းပိတ်ထားတာကြောင့် အချိန်မီ ကုသမှုတွေ မပြုလုပ်နိုင်ဘဲ သေဆုံးရတာဖြစ်ပါတယ်။

    ဒီဓာတ်ပုံတွေကို တောင်အာဖရိကရဲ့ Sunday Tmes သတင်းစာက ဂျာနယ်လစ်တစ်ယောက်ဟာ ပြီးခဲ့တဲ့ စနေနေ့မနက်မှာ ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ အဲဒီဂျာနယ်လစ်ဟာ သောကြာနေ့ညက လုယက်ခံလိုက်ရတဲ့ နိုင်ငံခြားသားဆိုင်ပိုင်ရှင်တွေကို တွေ့ဆုံးမေးမြန်းဖို့ အဲဒီဒေသတစ်ဝိုက်ကို ရောက်နေချိန်မှာ ဒီလိုတိုက်ခိုက်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

    လမ်းပေါ်မှာ ကလေးတွေက ကစားနေပြီး တစ်ချို့က ဖျက်ဆီးခံရတဲ့နေရာတွေကို လာကြည့်နေတုန်းမှာ လမ်းဘေးက ဖြတ်သွားတဲ့ ဆီသိုလီကို ဂွရှင်ကိုင်ထားတဲ့ လူတစ်ယောက်က ရုတ်တရက် တိုက်ခိုက်ခဲ့တာပါ။

    ဆီသိုလီဟာ ဒဏ်ရာကြောင့် အမှိုက်ပုံမှာ ထိုင်နေတဲ့အချိန် နောက်ထပ် လူတစ်ယေက် ရောက်လာပြီး ဓားမြှောင်နဲ့ အချက်ပေါင်းများစွာ ထိုးခဲ့ပါတယ်။ အဲဒီအချိန်မှာ ပထမတစ်ယောက်ကလည်း ဂွရှင်နဲ့ ဆက်လက် ထုရိုက်ခဲ့ပါတယ်။

    မီးခိုးရောင် ခေါင်းစွပ်အနွေးထည် ၀တ်ထားတဲ့ တတိယတစ်ယောက်ကလည်း ဒီတိုက်ခိုက်မှုထဲကို ၀င်ရောက်လာပြီး ဆီသိုလီရဲ့ မျက်နှာကို ပြေးဝင်ကန်ကျောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူက သားလှီးဓားကို ထုတ်ပြီး တိုက်ခိုက်ဖို့ စိုင်းပြင်းပါတော့တယ်။ ဒါပေမယ့် ဘေနားကလူတစ်ယောက် သူ့ကိုဝင်တားခဲ့ပြီး သူတို့ ၃ ယောက်စလုံး အခင်းဖြစ်ရာနေရာကနေ ထွက်ပြေးခဲ့ပါတယ်။

    ဒါပေမယ့် ဆီသိုလီအတွက် သိပ်နောက်ကျသွားပါပြီ။ သူဟာ လမ်းတစ်လျှောက် ဒယိမ်းဒယိုင်နဲ့ လျှောက်သွားခဲ့ပြီး သူ့ရဲ့ ဒဏ်ရာတွေအတွက် အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒဏ်ရာတွေကြောင့် အမှိုက်တွေနဲ့ ပွစတက်နေတဲ့ လမ်းဘေးရေမြောင်းနားမှာ လဲကြသွားခဲ့ပါတယ်။

    ဓာတ်ပုံရိုက်နေတဲ့ ဂျာနယ်လစ်အပါအ၀င် ဘေးနားမှာရှိတဲ့သူတွေက ဆီသိုလီကို ကားနောက်မှာတင်ပြီး အနီးအနားမှာရှိတဲ့ ဆေးခန်းကို ခေါ်ဆောင်သွားခဲ့ပေမယ့် နိုင်ငံခြားသားဖြစ်တဲ့ အဲဒီဆေးခန်းက ဆရာဝန်ကလည်း တိုက်ခိုက်ခံရမှာကြောက်တာကြောင့် ဆေးခန်းကို ပိတ်ထားပါတယ်။

    နောက်ပိုင်း ဆေးရုံကို ပို့ဆောင်တဲ့အချိန်အတွင်းမှာ ဆီသိုလီရဲ့ အခြေအနေဟာ ဆိုးရွားလာခဲ့ပြီး နာကျင်မှုကြောင့် မခံမရပ်နိုင်အောင် အော်ဟစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သတိလစ်မေ့မြောသွားခဲ့ပါတယ်။

    ရေမြောင်းဘေးနာမှာ လဲနေတဲ့ ဆီသိုလီကို သေပြီလို့ထင်တာကြောင့် အငှားသမားတွေက ဆေးရုံကိုပို့ဖို့ စောစောပိုင်းက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ချောင်းဆိုသံကို ကြားရပြီးနောက်ပိုင်း ဆေးရုံကို အလျင်အမြန်ပို့ခဲ့ပေမယ့် အသက်ကိုတော့ ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။

    သေဆုံးရတဲ့အကြောင်းအရင်းကို နောက်ပိုင်းထုတ်ပြန်ရာမှာ ဆီသိုလီဟာ နှလုံးကို တိုက်ရိုက် ဓားမြှောင်နဲ့ အထိုးခံရတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကတော့ သူ့ရဲ့ ဖုန်းကနေ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ ကြောက်ရွံ့နေတဲ့ ပြောင်းရွှေ့အခြေချလာသူတွေက သူတို့ဟာ အချိန်အတော်ကြာ အတူနေခဲ့တဲ့ အိမ်နီးချင်းတွေရဲ့ ပစ်မှတ်ထားမှုကို ခံနေရပြီး၊ သူတို့တွေက နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်ထားသူမှန်သမျှကို တိုက်ခိုက်သွားမယ်လို့ သတိပေးထားတယ်လို့ ဆိုပါတယ်။

    အလက်ဇန်ဒရာမြို့လေးမှာ နိုင်ငံခြားသားပိုင်ဆိုင်တွေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ အဲဒီက နိုင်ငံခြားသားတွေဟာ အဲဒီဒေသကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

    ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဒါဘန်မြို့မှာ လူ ၆ ဦးသေဆုံးခဲ့တဲ့ နိုင်ငံခြားသားတွေကို တိုက်ခိုက်မှု ပြီးတဲ့နောက်ပိုင်း အလက်ဇန်ဒရာမှာ ဒီလိုဖြစ်လာတာပါ။ ၂၀၀၈ ခုနှစ်ကလည်း တောင်အာဖရိကမှာ နိုင်ငံခြားသားကို ဆန့်ကျင်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး လူ ၆၀ လောက် သေဆုံးခဲ့ပါတယ်။

    နိုင်ငံခြားသားတွေက သူတို့နိုင်ငံကအလုပ်တွေကို လုယူတာကြောင့် တောင်အာဖရိကနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်ရတယ်ဆိုတဲ့ အယူအဆကနေ အခြေတည်ပြီး ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒီလို ဆန့်ကျင်တိုက်ခိုက်မှုတွေဟာ အရှိန်မြင့်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာပါတယ်။

    တောင်အာဖရိက အစိုးရကတော့ ဒီအဖြစ်အပျက်ကို ကြိုးစားထိန်းချုပ်နေပြီး အခုအချိန်အထိ လူ ၃၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

    Ref: Dialymail

  • မန်စီးတီးသို့ပြောင်းရွှေ့မည်ဆိုခြင်းကို ဂွါဒီယိုလာ ငြင်းဆို

    မန်စီးတီးသို့ပြောင်းရွှေ့မည်ဆိုခြင်းကို ဂွါဒီယိုလာ ငြင်းဆို

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    guadiola

    – ရာသီကုန်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းများကို ဂွာဒီယိုလာက ငြင်းပယ်လိုက်ပြီး လာမည့်နှစ်တွင်လည်း ဘိုင်ယန်၌ပင် ဆက်လက်ရှိနေမည်ဟု ပြောကြားလိုက်သည်။

    ဂွါဒီယိုလာ၏ လက်ရှိသက်တမ်းမှာ ၁ နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးရေးမှာလည်း ဖြစ်မလာသေးပေ။ ယခုနှစ်တွင် မျှော်လင့်သလောက် ဖြစ်မလာသည့် မန်စီးတီးအသင်းမှာ ၎င်းတို့၏နည်းပြ ပယ်လီဂရီနီ၏ နေရာတွင် ဂွါဒီယိုလာဖြင့် အစားထိုးရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ကျွန်တော့်ရဲ့အနာဂတ်က ဗုဒ္ဓဟူးနေ့ လေ့ကျင်ခန်းဆင်းဖို့၊ ကြာသာပတေးနေ့ နားဖို့၊ သောကြာနေ့ လေ့ကျင့်ခန်းပြန်ဆင်းဖို့ စနေနေ့ ဟာသာဘာလင်နဲ့ကစားပြီး ဘွန်ဒစ်လီဂါကိုရဖို့ စတာတွေပဲဖြစ်ပါတယ်။ နောက်နှစ် ကျွန်တော် ဒီမှာပဲ ဆက်ရှိသွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ အနာဂတ်ပါ” ဟု ဂွာဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဘိုင်ယန်မှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ အဝေးကွင်းတွင် ပေါ်တိုအား ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယခုညတွင် အိမ်ကွင်း၌ ဒုတိယအကျော့အဖြစ် ကစားရမည်ဖြစ်သည်။

    Ref: Goal.com

  • မြင့်တက်လာသော နိုင်ငံခြားသားကြောက်ရောဂါကို တောင်အာဖရိက မွတ်စလင်များ တွန်းလှန်

    မြင့်တက်လာသော နိုင်ငံခြားသားကြောက်ရောဂါကို တောင်အာဖရိက မွတ်စလင်များ တွန်းလှန်

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    south africa

    -နိုင်ငံခြားသားကြောက်ရောဂါကြောင့် တိုက်ခိုက်မှုများ မြင့်တက်လာသည့် နိုင်ငံအတွင်း ထိုလုပ်ရပ်များအား ရှုတ်ချရန်နှင့် အတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ရန်အတွက် မွတ်စလင်ခေါင်းဆောင်များက ပြည်သူများအား တိုက်တွန်းခဲ့သည်ဟု သိရသည်။

    “မေတ္တာတရား၊ လွတ်မြောက်မှု၊ ကြင်နာမှု၊ ရက်ရောမှု၊ စိတ်ဓာတ်မြင့်မားမှု စတာတွေနဲ့ ဖြန့်ကျက်ထားတဲ့ ပျော်ရွှင်ပြီး ငြိမ်ချမ်းတဲ့ နေရာတစ်ခုအဖြစ် တောင်အာဖရိကရဲ့ ပြုပြင်ပြောင်းလဲမှုကို ကြည့်ရှုဖို့ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ တောင်အာဖရိကကို မြင်ချင်တယ်။ နိုင်ငံခြားသားကြောက်ရောဂါကို ညီညီညွတ်ညွတ်ဆန့်ကျင်တဲ့ လူ့အဖွဲ့အစည်းမျိုးကို မြင်ချင်ပါတယ်။ ပြီးတော့ ဒီကမ္ဘာမှာ ပိုမြင့်မြတ်တယ်ဆိုတာ မရှိဘူးဆိုတာကိုလည်း ကျွန်တော်တို့ နှလုံးသွင်းရပါမယ်။ လူတစ်ယောက်ရဲ့ မြင့်မြတ်ခြင်းဆိုတာ ဘုရားသခင်ရဲ့ အမြင်မှာပဲ မူတည်ပါတယ်” ဟု ကိပ်တောင်း အစ္စလာမ့်ပညာရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဆရဒ် ရစ်ဒ်ဝမ် မိုဟာမက်က ပြောကြားခဲ့သည်။

    တောင်အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံခြားသားကြောက်ရောဂါ မြင့်တက်လာပြီး တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး ယခုအချိန်အထိ လူ ၃၀၀ ကျော် ဖမ်းဆီးခံထားရသည်။

    “မွတ်စလင်တွေဟာလည်း ဒီတိုက်ခိုက်မှုရဲ့ သားကောင်တွေ ဖြစ်ကြပါတယ်။ မွတ်စလင်တွေဖြစ်တဲ့ ကျွန်တော်တို့ ၀တ်ပြုဆုတောင်းရာမှာက ကျွန်တော်တို့ တာဝန်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ တောင်အာဖရိကမြေပေါ်မှာ ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှု ပြန်လည်ရရှိဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းရပါမယ်” ဟု ရစ်ဒ်ဝန်က ထပ်လောင်းပြောကြားခဲ့သည်

    နိုင်ငံအတွင်း မြင့်တက်လာသည့် နိုင်ငံခြားသားကြောက်ရောဂါကို ဟန့်တားရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုများတွင် မွတ်စလင်ခေါင်းဆောင်များနှင့် ဗလီဝတ်ကျောင်းတော်များကလည်း ဆက်သွယ်ဆောင်ရွက်နေသည်။

    ကိပ်တောင်းမြို့ရှိ ဗလီဝတ်ကျောင်းတော်များတွင်လည်း သောကြောနေ့ တရားဒေသနာတော်များကို အသုံးပြု၍ ထိုပြဿနာကို ဖြေရှင်းနေကြသည်။

    အစွန်းရောက်ဝါဒကို ရှုတ်ချရေး ၀တ်ပြုရန်လာရောက်ကြသူများအား တိုက်တွန်းလျက် ကိပ်တောင်း အစ္စလာမ့်ပညာရေးစင်တာကို တည်ထောင်သူ အလ်လာမာ မောင်လာနာ ဆယဒ် အင်မ်ရန်း ရှားဟ် ဇီယေးက အာဖရိကပြည်သူများမှာ ငြိမ်းချမ်းမှု၊ လုံခြုံမှုနှင့် လူသားဆန်မှုကို ယခင်ကထက် ပိုလိုသည်ဟု ပြောကြားခဲ့သည်။

    သောကြာနေ့ တရားဒေသနာတော်တွင်လည်း ဇီယေးက သည်းမခံမှုကို ရှုတ်ချပြီး ငြိမ်းချမ်းရေးကို တိုက်တွန်းဆော်သြပေးသည့် ကုန်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များနှင့် တမန်တော်မြတ်၏ သြ၀ါဒတော်များကို ကိုးကား ဟောကြားခဲ့သည်။

    ထို့ပြင် ဇီယေးမှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား ပြောကြားခဲ့သည့် “လူတွေရဲ့ လူ့အခွင့်အရေးကို ငြင်းပယ်ခြင်းဟာ သူတို့ရဲ့ လူသားဖြစ်မှုကို စိန်ခေါ်ခြင်းသာ ဖြစ်တယ်” ဟူသည့် စကားကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး တောင်အာဖရိကနိုင်ငံသားများအဖြစ် လက်ရှိတွင် မိမိတို့မှာ နိုင်ငံခြားသားများ၏ လူ့အခွင့်အရေးကို ချိုးဖောက်နေကြသည်ဟု ထည့်သွင်း သတိပေးခဲ့သည်။

    တောင်အာဖရိက၏ ၄၉ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁.၅ ရာခိုင်နှုန်းရှိသည်ဟု စီအိုင်အေ၏ မှတ်တမ်းများအရ သိရသည်။

    Ref: Onislam