News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုကို လက်မခံဟု ဒုတိယစစ်ခေါင်းဆောင် ပြော

    ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် အာဆီယံကိုယ်စားလှယ်၏ တောင်းဆိုမှုကို လက်မခံဟု ဒုတိယစစ်ခေါင်းဆောင် ပြော

    နိုဝင်ဘာ ၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ် အရီဝမ် ယူစွဖ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းဆိုမှုကို လက်ခံမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယအကြီးအကဲ​ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အာဆီယံအစည်းအဝေးတစ်ခုမှာ ပြောလိုက်ပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ ၆ ကြိမ်မြောက်အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ အထူးဧည့်သည်တော်အနေနဲ့ မိန့်ခွန်းပြောခွင့် ရခဲ့တာပါ။

    ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူတစ်ဦးကို နိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ခွင့်ပေးဖို့ဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့လည်း မိန့်ခွန်းမှာ ဒုတိယစစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဘယ်နိုင်ငံကမှ တည်ဆဲဥပဒေကိုကျော်ပြီး ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”

    ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံကို လာရောက်ကာ နိုင်ငံရေးအသိုင်းအ၀ိုင်းက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် အထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်က မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့တွေ့ဆုံဖို့ သူ့ရဲ့တောင်းဆိုမှုကို စစ်ကောင်စီက လက်မခံဘူးလို့ အစောပိုင်းမှာ ထုတ်ပြောထားပါတယ်။

    အခုတော့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်က လူသိရှင်ကြား သူတို့ရဲ့ သဘောထားကို ထုတ်ပြောလိုက်တာပါ။

    အောက်တိုဘာနှောင်းပိုင်းမှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို မဖိတ်တာဟာ အာဆီယံ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်နေကြောင်း၊ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု ပုံရိပ်ကို ထိခိုက်စေကြောင်း ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သလို၊ ပြင်ပနိုင်ငံတွေရဲ့ သပ်လျှိုသွေးခွဲမှုကို အာဆီယံအဖွဲ့က ခံနေရပြီလို့လည်း ဆိုပါတယ်။

    Ref: Reuters

  • ဒေသတွင်းအရေး အာဆီယံနိုင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုန့်ပြန်တော့မည်

    ဒေသတွင်းအရေး အာဆီယံနိုင်ငံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တုန့်ပြန်တော့မည်

    နိုဝင်ဘာ ၃၊ ၂၀၂၁
    M-Media

    -အဖွဲ့၀င်နိုင်ငံတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဏာလွန်ဆွဲပွဲတွေ ဖြစ်တဲ့အခါ ကိုယ့်နည်းလမ်းနဲ့ကိုယ် တုန့်ပြန်ဖို့ အာဆီယံနိုင်ငံတွေက စဥ်းစားလာကြပြီလို့ မလေးရှား ဒုတိယ နိုင်ငံခြားရေး၀န်ကြီး ကမာရွတ်ဒင် ဂျာဖာက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို မဖြေရှင်းနိုင်တဲ့အတွက် အာဆီယံအဖွဲ့ဟာ ၀ေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

    အဖွဲ့၀င်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ဖို့ဆိုတဲ့ စည်းမျဥ်း အာဆီယံမှာရှိပေမယ့် လက်ရှိ မြန်မာကိစ္စမှာတော့ မကြုံစဖူး စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအ၀ေး တက်ခွင့်မပေးတာမျိုးတွေ ရှိလာပါတယ်။

    မလေးရှား ဒုတိယနိုင်ငံခြားရေး၀န်ကြီး ကမာရွတ်ဒင် ဂျာဖာက အဖွဲ့၀င်နိုင်ငံတွေရဲ့ ပြဿနာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာမျိုးကို ပိုတွေ့လာရပြီး အထူးသဖြင့် လတ်တလော မြန်မာကိစ္စမှာ ဖြစ်တယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ၀င်မစွက်ရေးစည်းမျဥ်းကို ရှုဒေါင့်အသစ်ကနေ ချဥ်းကပ်နေကြပြီလို့ ကျွန်တော် ထင်ပါတယ်။ အဖွဲ့၀င်နိုင်ငံတွေရဲ့ သဘောထားကို ဖော်ထုတ်တင်ပြတာ၊ ၀င်ရောက်ပါ၀င်တာ၊ အရေးယူတာတွေကို တားဆီးလို့မရတဲ့ ရှုထောင့်မျိုးပါ”

    မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကိုလုပ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလို ကိစ္စမျိုး ဖြစ်လာတဲ့အခါ ၀င်မစွက်ရေးမူ၀ါကို သုံးသပ်ဖို့ မလေးရှားက အာဆီယံအဖွဲ့ကို တောင်းဆိုမလားလို့ လွတ်တော်အမတ်တစ်ဦးက မေးမြန်းရာမှာ ဂျာဖာက အာဆီယံမှာ ဒီစည်းမျဥ်း ဆက်ရှိနေမှာ ဖြစ်ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အခြားပြဿနာတွေ ဖြစ်လာတဲ့အခါမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တုန့်ပြန်ဖို့အတွက် အဖွဲ့၀င်နိုင်ငံတွေက ပိုပြီး ဆန္ဒရှိလာကြတယ်လို့ ဖြေကြားခဲ့ပါတယ်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ဖိနှိပ်၊ ညှင်းပမ်း၊ သတ်ဖြတ်ရာမှာ ဒီဒဏ်ကို အခံရဆုံးက မလေးရှားနိုင်ငံဖြစ်ပြီး အာဆီယံစည်းမျဥ်းကနေတစ်ဆင့် ဒီပြဿနာကိုဖြေရှင်းရေး နည်းလမ်းရှာဖို့ ကြိုးစားသွားမယ်လို့ ဂျာဖာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြေရှင်းရေး မလေးရှားက အာဆီယံအစည်းအ၀ေးမှာ ကြိမ်ဖန်များစွာ တင်ပြခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်တော့ဘဲ ရေရှည်အဆင်ပြေမယ့် အဖြေမျိုးရှာဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်”

    မလေးရှားမှာ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းလောက်ရှိပြီး ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေအရ တတိယနိုင်ငံတွေကို ပို့နိုင်ခဲ့တဲ့အရေအတွက်ဟာ အလွန်နည်းပါးခဲ့ကြောင်း၊ ဒီပြဿနာကိုဖြေရှင်းရေး အဖွဲ့၀င်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဂျာဖာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : The Star

  • ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် လူ ၁၇၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် လူ ၁၇၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    ​ကော့ဆက်ဘဇားမှ ရိုဟင်ဂျာဒုက္ခသည်စခန်း

    -ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟီဘူလာ အသတ်ခံရမှုအတွက် လူပေါင်း ၁၇၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာ မိုဟီဘူလာဟာ ကော့ဆက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက သူ့ရုံးခန်းရှေ့မှာ စက်တင်ဘာလနှောင်းပိုင်းက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။

    ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ဒုက္ခသည်စခန်းက လူပေါင်း ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၁၀ ဦးဟာ မိုဟီဘူလာကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိခံရသူတွေဖြစ်ကြောင်း ဘင်္ဂလားလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ APB အကြီးအကဲ နိုင်မူလ် ဟက်က ပြောပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေကို ဆက်လက် ဖမ်းဆီးသွားမယ်လို့လည်း ဟက်က ပြောပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA ဟာ မိုဟီဘူလာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့ဖူးပါတယ်။

    မိုဟီဘူလာရဲ့ မိသားစုတွေကိုတော့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပါတယ်။ ဖမ်းဆီးထားသူတွေထဲမှာ ၁၁၄ ဦးက သူတို့ကိုယ်သူတို့ ARSA အဖွဲ့ဝင်တွေလို့ ပြောကြားကြောင်း APB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မိုဟီဘူလာဟာ ‘ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့အစည်း’ (ARPSH) ကို တည်ထောင်ကာ ရိုဟင်ဂျာအရေးကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် နိုင်ငံတကာက အဖိနှိပ်ခံလူမျိုးစု ကိုယ်စားလှယ်တွေကို အိမ်ဖြူတော်မှာ ခေါ်ယူတွေ့ဆုံစဉ်အတွင်း မိုဟီဘူလာတစ်ယောက် ရိုဟင်ဂျာတွေကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်မှုအပြီး ဖွဲ့စည်းခဲ့တဲ့ ARPSH ဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ညှင်းပမ်းခံရမှု၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုတွေအကြောင်း မိသားစုတစ်ခုချင်းစီကနေ စနစ်တကျ မှတ်တမ်းယူတာမျိုး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    ARSA အဖွဲ့ဝင်တွေ ဒုက္ခသည်စခန်းတွေမှာ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်က အရင်တုန်းက ငြင်းဆိုထားပြီး စခန်းအတွင်း သတ်ဖြတ်မှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဂိုဏ်းတွေကြောင့်ဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပရဟိတလုပ်ငန်းအတွက် အမေရိကန်သံအမတ်ဟောင်း မြန်မာနိုင်ငံသို့ လာမည်

    ပရဟိတလုပ်ငန်းအတွက် အမေရိကန်သံအမတ်ဟောင်း မြန်မာနိုင်ငံသို့ လာမည်

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    ယခင်ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ရစ်ချက်ဆန်

    -အမေရိကန်သံအမတ်ဟောင်းဖြစ်ပြီး နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ဘီလ် ရစ်ချက်ဆန်ဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီပေးမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့က ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး နောက်ပိုင်း​ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုအတွက် စစ်​ကောင်စီကို အမေရိကန်က ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း ထပ်တိုးပြုလုပ်ထားပါတယ်။

    ရစ်ချက်ဆန်က သူ့ရဲ့အဖွဲ့ဟာ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ သမိုင်းကြောင်းမျိုး ရှိခဲ့တယ်လို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းမှု အကြောင်း၊ သူ့ရဲ့ ခရီးစဉ် ဘယ်လောက်ကြာမယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အကြောင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

    “မြန်မာနိုင်ငံ ခရီးစဉ်မှာ နိုင်ငံအတွင်းက ကျွန်တော်တို့ အဆက်အသွယ်တွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးနဲ့ ဆေးဝါးပစ္စည်း ဖြန့်ဖြူးပေးဖို့၊ အခြား ပြည်သူ့ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေကို ဆွေးနွေး အကောင်အထည်ဖော်သွားမှာပါ”

    ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယ်ဒီလင်း မဟိုနီက ဒီခရီးစဉ်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း သိရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

    မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ Frontier Myanmar အယ်ဒီတာ၊ အမေရိကန်သတင်းထောက် ဒန်နီ ဖန်စတာ ပြန်လည်လွတ်မြောက်ရေး ရစ်ချက်ဆန်က ဆောင်ရွက်ဖို့ရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို မဟိုနီက ဖြေကြားဖို့ ငြင်းဆိုပါတယ်။

    ဘီလ်ရစ်ချက်ဆန် မြန်မာနိုင်ငံကို နောက်ဆုံးရောက်ရှိခဲ့တာဟာ ၂၀၁၈ ခုနှစ်မှာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်မှုကျူးလွန်တဲ့ ကိစ္စကို ဖြေရှင်းရေး အကြံဉာဏ်ပေးဖို့အတွက် NLD အစိုးရက ဖွဲ့စည်းတဲ့ အကြံပေးအဖွဲ့မှာ ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ်ပေးဖို့ဖြစ်တယ်လို့ စွပ်စွဲကာ နောက်ပိုင်းမှာ ရစ်ချက်ဆန်တစ်ယောက် အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    Ref: VOA

  • ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းက လာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းက လာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    -ကွာရန်တင်းဝင်ဖို့မလိုဘဲ လာရောက်ခွင့်ပေးမယ့် နိုင်ငံပေါင်း ၆၃ နိုင်ငံကို ထိုင်းက ဒီကနေ့ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံ ပါဝင်လာခဲ့ပြီး ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာအောင် ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

    ကိုဗစ်အန္တရာယ် နည်းပါးတယ်လို့ ယူဆတဲ့ နိုင်ငံက လူတွေကို နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက အောက်တိုဘာအစောပိုင်းမှာ ကြေငြာခဲ့တာပါ။ ဝင်ခွင့်ပေးမယ့် နိုင်ငံ ၄၅ ခုစာရင်းကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ မနေ့က မြန်မာအပါအဝင် နိုင်ငံတစ်ချို့ကို ထပ်ပေါင်းထည့်ကာ စုစုပေါင်း ၆၃ နိုင်ငံ ဖြစ်လာပါတယ်။

    ခွင့်ပြုနိုင်ငံတွေက ခရီးသွားတွေဟာ လေကြောင်းနဲ့သာ ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့ အသိအမှတ်ပြုလက်မှတ်၊ ကန်ဒေါ်လာ ၅ သောင်းထက်မနည်းတဲ့ အာမခံ ပါရှိရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ဆိုက်ရောက်ရောက်ချင်းမှာ ကိုဗစ်စစ်ဆေးမှုခံယူရမှာပါ။ ခွင်ပြုနိုင်ငံတွေမှာ အနည်းဆုံး ၂၁ ရက်နေထိုင်ပြီး၊ ကိုဗစ်ကာကွယ်ဆေးထိုးထားမှသာ ကွာရန်တင်းမလိုဘဲ ထိုင်းနိုင်ငံကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

    မနေ့က ထပ်ပေါင်းထည့်လိုက်တဲ့ နိုင်ငံတွေက ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်ဒိုက်၊ ကူဝိတ်၊ အိုမန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ခရိုအေးရှားနဲ့ လူဇင်ဘတ်နိုင်ငံတွေ ဖြစ်ပါတယ်။

    ဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ ကိုဗစ်စစ်ဆေးမှု ရလဒ်ကို ချက်ခြင်း ရနိုင်မှာမဟုတ်သေးဘဲ ထိုင်းအစိုးရက အသိအမှတ်ပြုထားတဲ့ ဆေးရုံမှာ တစ်ညစောင့်ရမှာပါ။

    ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံ GDP ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အခုလို ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးလိုက်တာဟာ မိမိတို့တိုင်းပြည် ပုံမှန်ပြန်ဖြစ်ရေး အရေးပါတဲ့ ခြေလှမ်းရဲ့ အစသာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြီးခဲ့တဲ့လ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဝင်ခွင်ပြုတဲ့နိုင်ငံတွေကို စီးပွားရေးအကျိုးအမြတ်၊ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းစင်နိုင်မှု အချက်အလက်တွေနဲ့ ရွေးချယ်တာဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံကို အများဆုံး လာရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံ ၂၀ က အများစု ခွင့်ပြုစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

    Ref: Nikkei Asia