News @ M-Media

Blog

  • နိုဝင်ဘာလကုန်မှစ၍ စင်ကာပူ-မလေးရှား အပြန်အလှန် ခရီးသွားနိုင်မည်

    နိုဝင်ဘာလကုန်မှစ၍ စင်ကာပူ-မလေးရှား အပြန်အလှန် ခရီးသွားနိုင်မည်

    နို၀င်ဘာ ၈၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေအတွက် ခရီးသွားလမ်းကြောင်းတစ်ခု (VTL) ဖန်တီးထားပြီး နို၀င်ဘာ ၂၉ ရက်နေ့ကစတင်ကာ အသုံးပြုနိုင်တော့မယ်လို့ စင်ကာပူနဲ့ မလေးရှားတို့က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်တို့ ဒီကနေ့ ဖုန်းပြောဆိုပြီးတဲ့နောက် ဒီကြေငြာချက် ထွက်ပေါ်လာတာပါ။

    ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံပြည်သူတွေဟာ အဆက်အသွယ် ပြတ်တောက်ကုန်ပြီး မိသားစုတွေ လပေါင်းများစွာ ၀ေးကွာနေရတာကို ၀န်ကြီးချုပ်တွေက သိရှိထားကြောင်း၊ ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးတာ၊ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာမှာ သိသာတဲ့ တိုးတက်မှုတွေလည်း ရရှိထားတာကြောင့် နှစ်နိုင်ငံဆက်သွယ်သွားလာမှုကို အန္တရာယ်ကင်းကင်းနဲ့ ပြန်စဖို့ အချိန်ကျပြီဆိုတာကို သဘောတူခဲ့ကြကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်နဲ့ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်တို့ကို အပြန်အလှန် သွားရမယ့် လမ်းကြောင်းဖြစ်ပြီး နှစ်ဖက်လေဆိပ်တွေက သီးသန့်ကောင်တာ ၆ ခုကနေ ဝင်ရမှာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသုံးပြီး ခရီးသွားနိုင်ဖို့အတွက် Vaccinated Travel Pass လျှောက်ရမှာဖြစ်ကာ နိုဝင်ဘာ ၂၂ ရက်နေ့ကနေ စတင် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးပြီးထားသူတွေ နှာခေါင်းတို့ဖတ်စစ်လို့ ပိုးမတွေ့ဘူးဆိုရင် ကွာရန်တင်းကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ လေကြောင်းလမ်းတစ်ခုကိုသာ ဖွင့်ပေးထားပေမယ့် သိပ်မကြာခင် ကုန်းကြောင်းလမ်းပါ ဖွင့်ပေးမယ်လို့ ခေါင်းဆောင်နှစ်ဦး ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    VTL အစီအစဉ်ဟာ နှစ်နိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာဖို့၊ ပြည်သူအချင်းချင်း ပြန်လည်ဆက်သွယ်ကာ ဆက်ဆံရေးခိုင်မာစေဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့ပြီး၊ မလေးရှားဝန်ကြီးချုပ် ဆာဘရီက နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလိုက်တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: CNA

  • Pfizer ထုတ် ကိုဗစ်သောက်ဆေး သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

    Pfizer ထုတ် ကိုဗစ်သောက်ဆေး သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

    နိုဝင်ဘာ ၈၊ ၂၀၂၁
    M-Media

    -Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုဗစ်သောက်ဆေးဟာ ဝေဒနာ အပြင်းအထန်ခံစားရမှု၊ သေဆုံးမှုတွေကို ၈၉ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်ဆိုတာ စမ်းသပ်သုံးစွဲမှုမှာ တွေ့ရပါတယ်။

    ဆေးကို Paxlovid လို့ အမည်ပေးထားပြီး ရလဒ်တွေက အလွန်ကောင်းနေတဲ့အတွက် ကနဦးစမ်းသပ်မှုကို ရပ်ဆိုင်းကာ အများပြည်သူထံ အမြန်ဆုံးဖြန့်ချီဖို့ စီစဉ်နေတယ်လို့ Pfizer စီအီးအိုက ပြောပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတွေကိုသာ အဓိက အားထားနေရပြီး အခုအချိန်မှာတော့ အလားအလာကောင်းတဲ့ ကိုဗစ်သောက်ဆေး ၂ မျိုးအထိ ရှိလာပြီ ဖြစ်ပါတယ်။ Pfizer ရဲ့ Paxlovid အပြင် နောက်တစ်မျိုးက အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Merck Sharp နဲ့ Dohme တို့ ပူးပေါင်း ထုတ်လုပ်တဲ့ Molnupiravir ဆေး ဖြစ်ပါတယ်။

    Molnupiravir ဆေးဟာ ဝေဒနာ အပြင်းအထန် ခံစားရမှု၊ သေဆုံးမှုတို့ကို ၅၀ ရာခိုင်နှုန်း လျော့ချနိုင်ပြီး ယူကေ အစိုးရက အသိအမှတ်ပြုလိုင်စင်ထုတ်ပေးကာ မကြာခင် ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။

    အမေရိကန်အစိုးရရဲ့ အသိအမှတ်ပြုမှုကို Paxlovid ဆေးက အခုနှစ်ကုန်ပိုင်းမှာ ရနိုင်ဖွယ်ရှိနေပြီး၊ ယူကေကလည်း ဆေးရဲ့အန္တရာယ်ကင်းမှု၊ ထိရောက်မှုတွေတွေကို ​လေ့လာဆန်းစစ်နေပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Paxlovid ဆေးကို သန်းချီ ဝယ်ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဒီဆေးကို ဖြန့်ချီနိုင်ဖို့အတွက် နိုင်ငံပေါင်း ၉၀ ကျော်နဲ့ ဆွေးနွေးနေပြီး လူတွေရဲ့လက်ထဲ အမြန်ဆုံးရောက်အောင် စီစဉ်နေတယ်လို့ Pfizer စီအီးအို အဲဘတ် ဘူလာက ပြောပါတယ်။

    Ref: Reuters

  • ဒီယားဘွန်းမြို့၏ ပထမဆုံး အာရပ်နွယ်ဖွားမြို့တော်ဝန်က အလုပ်ကြိုးစားရန် လူငယ်များကို တိုက်တွန်း

    ဒီယားဘွန်းမြို့၏ ပထမဆုံး အာရပ်နွယ်ဖွားမြို့တော်ဝန်က အလုပ်ကြိုးစားရန် လူငယ်များကို တိုက်တွန်း

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ဒီးယားဘွန်းမြို့ရဲ့ ပထမဆုံး အာရပ်နွယ်ဖွားမြို့တော်ဝန်က လူငယ်တွေကို ရည်မှန်းချက်ထားပြီး အလုပ်ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

    လက်ဘနွန်နိုင်ငံက ပြောင်းရွှေ့အခြေချလာသူ မိဘတွေကနေ မွေးဖွားလာတဲ့ အဘ်ဒူလာ ဟမ်မွဒ်ဟာ အင်္ဂါနေ့က ဒီးယားဘွန်းမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ဒါဟာ မြို့ရဲ့သမိုင်းမှာ ပထမဆုံး အာရပ်နွယ်ဖွား မွတ်စလင်တစ်ဦးက မြို့တော်ဝန်ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒီးယားဘွန်းမြို့ဟာ အမေရိကန်မှာ အာရပ်နွယ်ဖွားတွေ အများဆုံးရှိတဲ့ မြို့တစ်ခုဖြစ်ပြီး စုစုပေါင်း လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းက အာရပ်နွယ်ဖွားတွေပါ။

    “မာန်ဆွယ်ကြိုးရတဲ့ အတွေ့အကြုံပါ။ ဒီမြို့မှာ လူတွေဟာ ဘယ်လိုဝတ်ပြုဆုတောင်းလည်းဆိုတာကို မကြည့်ဘဲနဲ့ ဘယ်လို ဦးဆောင်မှုပေးလဲဆိုတာကိုကြည့်ပြီး မဲပေးကြတယ်ဆိုတာမျိုးက ရင်ထဲကို ထိပါတယ်။ အဘ်ဒူလာ ဟူစိန် ဟမ်မွဒ်လို့ အမည်ရှိတဲ့ ကျွန်တော့်လိုလူမျိုးဟာ အောင်မြင်မှုရဖို့အတွက် နာမည်ပြောင်းစရာမလိုဘူး၊ ကိုယ့်လူမျိုးကြောင့် ရှက်ရွံ့နေစရာမလိုဘူးဆိုတာကို ပြသလိုက်တာမျိုးကလည်း ကျွန်တော့်ကို ကျိုးသွားစေပါတယ်” လို့ အသက် ၃၁ နှစ်အရွယ် ဟမ်မွဒ်က ပြောပါတယ်။

    ဟမ်မွဒ်ဟာ မီချီဂန် ပြည်နယ်လွှတ်တော်မှာ ၂၀၁၆ ခုနှစ်ကစပြီး ခရိုင်အမှတ် ၁၅ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်​နေသူ ဖြစ်ပါတယ်။

    သူဟာ ဇန်နဝါရီလမှာ ဒီးယားဘွန်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် အပါအဝင် မြို့ကိုထိခိုက်တဲ့ ပြဿနာတွေကို အထူးအလေးထား ဖြေရှင်းသွားမှာဖြစ်ပြီး၊ အခွန်လျှော့ချရေး၊ ကိုဗစ်နောက်ဆက်တွဲ စီးပွားရေးပြဿနာကြောင့် အတိဒုက္ခရောက်နေကြတဲ့ မြို့နေပြည်သူတွေကို ကူညီရေး ဆောင်ရွက်သွားမယ်လို့လည်း ဟမ်မွဒ်က ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့အောင်မြင်မှုဟာ လူငယ်တွေ အထူးသဖြင့် ခွဲခြားဆက်ဆံခံရသူတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လိမ့်မယ်လို့လည်း ဟမ်မွဒ်က ယူဆနေပါတယ်။

    “ကိုယ့်ရဲ့ဖြစ်တည်မှုကြောင့် ဘယ်တော့မှ ရှက်ရွံ့မနေပါနဲ့။ ကိုယ်ရဲ့ အမည်ကို ဂုဏ်ယူပါ။ ကိုယ့်ရဲ့အမှတ်သညာအပေါ်မှာ စိတ်မပျက်ပါနဲ့။ ဇွဲနဘဲနဲ့ အလုပ်ကြိုးစားပြီး လူတွေအကျိုးကိုလုပ်ရင် နေရာဆိုတာ ရလာမှာပါ”

    Ref: CNN

  • တရုတ်၏ နျူလက်နက်ထုတ်လုပ်မှု မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေ

    တရုတ်၏ နျူလက်နက်ထုတ်လုပ်မှု မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေ

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -တရုတ်ရဲ့ နျူလက်နက်ထုတ်လုပ်မှုဟာ အရင်က မျှော်မှန်းထားတာထက် ပိုမိုမြန်ဆန်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန (ပင်တဂွန်) က အခုတစ်ပတ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၂၀၂၇ ခုနှစ်မှာ တရုတ်ဟာ အသုံးပြုနိုင်တဲ့ နျူထိပ်ဖူးပေါင်း ၇၀၀ လောက် ပိုင်ဆိုင်လာနိုင်ပြီး ၂၀၃၀ အရောက်မှာတော့ ၁၀၀၀ လောက်အထိ ရှိလာနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်အရင် ပင်တဂွန်ရဲ့ ခန့်မှန်းမှုထက် ၂ ဆခွဲလောက် များပြားနေတာ ဖြစ်ပါတယ်။

    အမေရိကန်မှာ နျူထိပ်ဖူးပေါင်း ၃၇၅၀ ခုရှိပြီး ဒီပမာဏကို နောက်ထပ် ထပ်တိုးဖို့ မရှိပါဘူး။ ၂၀၀၃ ခုနှစ်ကဆိုရင် အမေရိကန်မှာ နျူထိပ်ဖူး တစ်သောင်းနီးပါးလောက် ရှိခဲ့တာ ဖြစ်ပါတယ်။

    တရုတ်က ကြည်း၊ ရေ၊ လေ ၃ မျိုးစလုံးကနေ နျူလက်နက်တွေ ပစ်လွှတ်နိုင်ဖို့ ပိုမိုအားထည့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပင်တဂွန်က လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာမှာ အမေရိကန်နဲ့ ရုရှားတို့လိုပဲ တရုတ်ကလည်း မြေပြင်၊ ဝေဟင်နဲ့ ရေငုပ်သင်္ဘောတွေကနေ နျူလက်နက် ပစ်လွှတ်နိုင်တဲ့ အနေအထားမျိုးရောက်အောင် တည်ဆောက်နေတယ်လို့ ဖော်ပြထားပါတယ်။

    အမေရိကန်လို နျူပိုင်ဆိုင်တဲ့ ရန်ဘက်နိုင်ငံမျိုးကို လက်ဦးမှုရယူ ချေမှုန်းနိုင်တဲ့ အနေအထားမျိုးအထိ ရောက်အောင် လုပ်ဆောင်နေတာမျိုးမဟုတ်ပေမယ့် နျူနဲ့ တိုက်ခိုက်မှုကို ကောင်းကောင်းခုခံ လက်တုန့်ပြန်နိုင်တဲ့ အခြေအနေမျိုးကို တရုတ်က လိုချင်နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ယီက ပင်တဂွန်ရဲ့ ဒီအစီရင်ခံစာဟာ ချဲ့ကားပြောဆိုမှု ဖြစ်ပြီး၊ တရုတ်ကို နျူအန္တရာယ်နိုင်ငံအဖြစ် ပုံဖော်ဖို့ ကြိုးစားနေတာသာဖြစ်ကြောင်း၊ အမေရိကန်သာလျှင် နျူခြိမ်းခြောက်မှုအန္တရာယ်နိုင်ငံဖြစ်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ယူကေတွင် ကိုဗစ်ကုသောက်ဆေးကို အများပြည်သူထံ ဖြန့်ဖြူးမည်

    ယူကေတွင် ကိုဗစ်ကုသောက်ဆေးကို အများပြည်သူထံ ဖြန့်ဖြူးမည်

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကူးစက်သူတွေကို ကုသရာမှာ အသုံးပြုနိုင်မယ့် သောက်ဆေး Molnupiravir ကို အခုလကုန်ပိုင်းမှာ အများပြည်သူထံ ဖြန့်ဖြူးသွားမယ်လို့ ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဆူဆန် ဟော့ပ်ကင်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကေဟာ Molnupiravir ဆေးကို ပြီးခဲ့တစ်ပတ်က အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီး ကိုဗစ်ကု သောက်ဆေးကို ပထမဆုံး အသုံးပြုခွင့်ပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး အဓိကကျလာမယ့် ဒီဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီတွေဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးပေါင်း ထုတ်လုပ်တာပါ။

    ယူကေက ကိုဗစ်ကု Molnupiravir သောက်ဆေး အခွက်ရေ ၄၈၀၀၀၀ စာ၊ Pfizer က ထုတ်တဲ့ ကိုဗစ်ကုသောက်ဆေး အခွက်ရေ ၂၅၀၀၀၀ စာ ဝယ်ယူထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဟော့ပ်ကင်းက Molnupiravir ဆေးကို ခွင့်ပြုချက် ပေးလိုက်နိုင်တာဟာ သတင်းကောင်းတစ်ခုဖြစ်ပြီး စမ်းသပ်မှုအဆင့်တစ်ခုအနေနဲ့ နိုဝင်ဘာ လကုန်ပိုင်း ဒါမှမဟုတ် ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ အများပြည်သူထံ ဖြန့်ချီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Molnupiravir ပတ်သက်တဲ့ လက်ရှိ စမ်းသပ်မှု​တွေဟာ ကာကွယ်ဆေးမထိုးရသေးသူတွေမှာသာ လုပ်ဆောင်ထားတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲဆိုတာ အခုစမ်းသပ်ဖြန့်ချီမှုကနေ သိရှိနိုင်မယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကို​ဗစ်ရှိနေသူ ဒါမှမဟုတ် ရောဂါလက္ခဏာပြနေသူတွေဟာ Molnupiravir ဆေးကို သောက်သုံးမယ်ဆိုရင် သေဆုံးမှု၊ ရောဂါအပြင်းအထန်ခံစားရမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်ဆိုတာ စမ်းသပ်မှုအချက်အလက်တွေအရ သိရပါတယ်။ ဒီဆေးကို တစ်ရက် ၂ ကြိမ်နှုန်းနဲ့ ၅ ကြိမ် သောက်ရမှာ ဖြစ်ပါတယ်။

    ကိုဗစ်တိုက်ဖျက်ရေးအတွက် လက်ရှိမှာ ကာကွယ်ဆေးကိုသာ အဓိက အားထားနေရတာဖြစ်ပြီး ကိုဗစ်ကု Molnupiravir သောက်ဆေးက အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

    Ref: Reuters