News @ M-Media

Blog

  • လူမျိုးရေးစော်ကားမှုကို မားမားမတ်မတ် ရပ်တည်ဆန့်ကျင်ပေးခဲ့တဲ့ သြစတေးလျမှ အမျိုးသမီး

    လူမျိုးရေးစော်ကားမှုကို မားမားမတ်မတ် ရပ်တည်ဆန့်ကျင်ပေးခဲ့တဲ့ သြစတေးလျမှ အမျိုးသမီး

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    australia muslim

    – သြစတေးလျက ရထားတစ်စီးပေါ်မှာ မွတ်စလင်အမျိုးသမီးကို စော်ကားပြောဆိုတဲ့ ခရီးသွားတစ်ယောက်ကို ရင်ဆိုင်ဟန့်တားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ “သူရဲကောင်း” အဖြစ် သြစေတေးလျ ပြည်သူတွေကြားထဲမှာ ချီးကျူးခံခဲ့ရပါတယ်။

    မနေ့ကဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ၀င်ရောက်ဟန့်တားခဲ့သူကတော့ ဆစ်ဒနီမှာနေတဲ့ စတေစီ အေဒင်ဆိုသူ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က သူဘေးနားက မွတ်စလင်အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးကို IS ထောက်ခံသူတွေလို့ စတင် စွပ်စွဲစော်ကားခဲ့ပါတယ်။

    နောက်ပြီး ၁၀ မိနစ်လောက် ရိုင်းရိုင်းစိုင်းစိုင်းတွေပြောဆိုခဲ့ပြီး ဟီဂျဘ်ဝတ်ဆင်ထားတဲ့ အဲဒီ မွတ်စလင်အမျိုးသမီးကို “၆ နှစ်ကလေးမလေးကို အိမ်ထောင်ပြုခဲ့တဲ့ သူအတွက် နင်ဘာ့ကြောင့် ဒါကိုဝတ်တာလဲ” လို့ မေးခဲ့ပါတယ်။

    ကလေးငယ်ထည့်ထားတဲ့ လှည်းနဲ့အတူ ထိုင်နေတဲ့ မွတ်စလင်အမျိုးသမီးနဲ့ အမျိုးသားကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဒါပေမယ့် အေဒင်ကတော့ မနေနိုင်ဘဲ “သူဟာသူဝတ်ထားတာပဲ၊ ဟုတ်တယ်မှတ်လား။ သူ့ရဲ့ခန္ဓာကိုယ်ကို လုံလုံခြုံခြုံရှိစေချင်လို့ ၀တ်ထားတာပဲ။ ရှင့်လို လူမျိုးတွေ အဲဒီမှာထိုင်ပြီး မလေးမစားလုပ်ဖို့မဟုတ်ဘူးလို့” ပြန်လည် ပြောဆိုခဲ့ပါတယ်။

    အေဒင်က အဲဒီလိုပြောနေတုန်းမှာပဲ အမျိုးသမီးကြီးက “နင်တို့ကလေးတွေ ဆီးရီးယားမှာ ခေါင်းဖြတ်နေတယ် …. သတင်းစာကို ဖတ်ကြည့်၊ ကင်ညာမှာ ခရစ်ယာန် ၁၄၈ ဦး အသတ်ခံရတယ်။ ဆီးရီးယားမှာလည်း သူတို့ တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတယ်လို့” ထပ်ပြောခဲ့ပါတယ်။

    အဲဒီအချိန်မှာတော့ အေဒင်က စိတ်ဆိုးမာန်ဆိုးနဲ့ “ဒါတွေနဲ့ဘာမှ မပတ်သက်တဲ့လူတစ်ယောက်ကို စော်ကားဖို့ဆိုရင် ရှင် ဒီမှာမထိုင်ပါနဲ့။ နည်းနည်းလောက် ရိုသေသမှုရှိပါ။ စကားအကောင်း ပြောစရာမရှိဘူးဆိုရင် ပါးစပ် ပိတ်နေပါ” လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးကြီးက ဘာမှ ပြန်မပြောတော့ပါဘူး။

    ဒီအဖြစ်အပျက်ကို အေဒင်ကိုယ်တိုင် ဗီဒီယိုရိုက်ကူးကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့တာဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာပဲ လူတွေရဲ့စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ ပြီးတော့ မွတ်စလင်အမျိုးသမီးတစ်ဦး အရှက်တကွဲအကျိုးနည်းဖြစ်မှာကို ၀င်ရောက်ရပ်တည်ပေးခဲ့တဲ့ သူမရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့လည်း ချီးကျူးသြဘာပေးခြင်း ခံခဲ့ရပါတယ်။

    သြစတေးလျ အစ္စလာမ်ကြောက်ရောဂါ မှတ်တမ်းတင်ရေးအဖွဲ့က မာရီယမ် ဗီစ်ဇာဒါဟ်ကတော့ မစ် အေဒင်ရဲ့ အဲဒီလို ရပ်တည်ပေးတာနဲ့ပတ်သက်လို့ အရမ်းပဲ အားတက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူမရဲ့ ဒီလုပ်ရပ်က လူမျိုးရေးနဲ့ ဘာသာရေး စော်ကားပြောဆိုမှုတွေကို ဆန့်ကျင် ရပ်တည်ဖို့ အခြားသူတွေ အတုယူစရာဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

    မစ် အေဒစ်ကလည်း အဲဒီဗီဒီယိုအတွက် သူမအနေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ အများအပြားရခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီလို သေးသေးကွေးကွေးလေးဟာ အရမ်းအရေးပါလာလိမ့်မယ်လို့ ကျွန်မ ထင်မထားပါဘူး။ လူတွေပို့တဲ့ မက်ဆေ့ခ်ျတွေကိုဖတ်ပြီး မျက်ရည်တောင် ကျမိပါတယ်ရှင်” လို့ သူရဲ့ပီတိကို Facebook စာမျက်နှာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

    Ref: Independent

  • ဘာကာ၏ လက်ရှိခြေစွမ်းနှင့် ဖလားမရပါက အဓိပ္ပါယ်မရှိဟု ပီကေးပြော

    ဘာကာ၏ လက်ရှိခြေစွမ်းနှင့် ဖလားမရပါက အဓိပ္ပါယ်မရှိဟု ပီကေးပြော

    ဧပြီ ၁၆၊ ၂၀၁၅

    M-Media

    pique

    – ယခုနှစ်ရာသီတွင် ခြေစွမ်းကောင်းများ ပြသနေသည့် မိမိတို့အသင်း ဆုဖလားတစ်ခုခု မရရှိပါက အဓိပ္ပါယ်ရှိမည်မဟုတ်ဟု ဘာစီလိုနာ နောက်ခံလူ ပီကေးက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ပဲရစ်တွင်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဘာကာမှာ အိမ်ရှင်ပီအက်စ်ဂျီအား ၃ ဂိုး ၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အလားအလာကောင်းနေသည်။ ထို့ပြင် လာလီဂါတွင်လည်း ထိပ်ဆုံး၌ရှိနေပြီး စပိန်ဘုရင့်ဖလားတွင်လည်း ဘီလ်ဘာအိုအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ယမန်နှစ်က ဖလားလက်မဲ့ဖြစ်ခဲ့သည့် ဘာကာမှာ ယခုနှစ်တွင် ပို၍ တိုးတက်လာခဲ့ပြီး ပီကေးကမူ မိမိတို့၏ တောင့်တင်းသော ယခုခြေစွမ်းဖြင့် ဖလားတစ်လုံးလုံး မရခဲ့လျှင် အဓိပ္ပါယ်ရှိမည်မဟုတ်ဟု ဆိုသည်။

    “ရာသီကုန်မှာ ကျွန်တော်တို့ဟာ ဖလားတစ်လုံးမှ မရဘူးဆိုရင် ဒါဟာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ လုပ်စရာတွေတော့ အများကြီး ရှိတုန်းပါ။ ပြီးတော့ ရာသီပြီးဖို့လည်း လိုပါသေးတယ်။ ပဲရစ်ကိုလာပြီး နိုင်ပွဲယူရတာ ကျွန်တော်တို့အတွက် ရင်ဖိုလှိုက်မောစေပါတယ်။ အုပ်စုအဆင့် ကျွန်တော်တို့ ဒီမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့တယ်။ ဒီညမှာတော့ မတူညီတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ အဆုံးအဖြတ်တော့ မဟုတ်သေးပါဘူး” ဟု ပီကေးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘာစီလိုနာမှာ ယခုနှစ် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ပါက နောက်ဆုံး ၈ နှစ်အတွင်း ၇ ကြိမ်မြောက် တက်ရောက်နိုင်ခြင်း ဖြစ်မည်ဖြစ်သည်။ ပီကေးကမူ မိမိတို့ ယခုနှစ်အတွင်း ရရှိခဲ့သည့် ရလဒ်များအတွက် အလွန် ယုံကြည်မှုရှိနေပြီး မတူညီသော ပြိုင်ပွဲ ၃ ခုတွင် အခွင့်အရေးများ ရရန် ခက်ခဲသည်ကိုလည်း သိရှိထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • FARC သူပုန်များကို ကိုလံဘီယာအစိုးရ ဗုံးပြန်ကြဲ

    FARC သူပုန်များကို ကိုလံဘီယာအစိုးရ ဗုံးပြန်ကြဲ

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    columbia

    – ယမန်နေ့က ဖြစ်ပွားခဲ့သော ချုံခိုတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆနုးတို့စ်က FARC သူပုန်စခန်းများကို ဗုံးကြဲရန် အမိန့်ပေးခဲ့သည်ဟု သိရသည်။

ုကိုလံဘီယာ လွတ်မြောက်ရေးတပ် FARC နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆန်းတို့စ်မှာ သူပုန်များပုန်းခိုရာ နေရာများအား ဗုံးကြဲမှုများကို ပြီးခဲ့သည့်လက ရပ်တန့်ခဲ့ပြီး FARC မှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် တစ်ဖက်သတ် ကြေညာခဲ့သော အပစ်ရပ်ရေးကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ခဲ့သည်။

    သို့သော်လည်း ယမန်နေ့နံနက် အစောပိုင်းတွင် နိုင်ငံအနောက်တောင်ပိုင်း ကော်ကာပြည်နယ်တွင် FARC က အစိုးရတပ်အား ခြုံခိုတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ စစ်သားများ အကာအကွယ်ယူထားသော ဘောလုံးကွင်းထဲသို့ ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် စစ်သားများ သေဆုံးခဲ့ရသည်ဟု ကိုလံဘီယာစစ်တပ်က ပြောကြားခဲ့သည်။

    “ဒီအဖြစ်အပျက်ဟာ FARC က တမင်သက်သက်ပြုလုပ်တဲ့ တိုက်ခိုက်မှုမျိုးပါ။ မတော်တဆ ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ ဒါဟာ သူတို့ဘက်က ကြေညာခဲ့တဲ့ အပစ်ရပ်ရေးကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ FARC စခန်းတွေ ဗုံးကြဲချမှု ရပ်တန့်ထားတာကို ဖျက်သိမ်းဖို့ ကျွန်တော် အမိန့်ပေးခဲ့ပါတယ်” ဟု ဆန်းတို့စ်က မြို့တော်ကာလီတွင် ကာကွယ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပြောကြားခဲ့သည်။

    ထို့ပြင် ထိုတိုက်ခိုက်မှုအတွက် အပြစ်မပေးဘဲ နေသွားမည်မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း အစိုးရတပ်မှ ၉ ဦး ဒဏ်ရာရခဲ့သည်။ ကော်ကာပြည်နယ်မှာ ဥပဒေစိုးမိုးမှုမရှိဘဲ FARC များကြီးစိုးရာ ဒေသဖြစ်ပြီး ထိုအဖွဲ့မှ ခေါင်းဆောင်ပိုင်းများမှာ မူယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေကြသည်။

    Ref: Aljazeera

  • မေ၀ယ်သာကို နိုင်မယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပက်ကွီအိုဆို

    မေ၀ယ်သာကို နိုင်မယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပက်ကွီအိုဆို

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    pacquio

    – လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးပြိုင်ပွဲအဖြစ် မေလ ၂ ရက်နေ့မှာ ထိုးသတ်မယ့် ဖလွိုက် မေ၀ယ်သာနဲ့ ပွဲအတွက် ပြင်ဆင်နေတဲ့ ပက်ကွီအိုက သူလေ့ကျင့်နေတဲ့ လော့စ်အိန်ဂျလိစ် ဂျင်မ်မှာ မနေ့က မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ အနိုင်ရမယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပြိုင်ဘက် မေ၀ယ်သာကို သတိပေးလိုက်ပါတယ်။

    “နိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုဟာ ဒီပွဲလောက် ဘယ်တုန်းကမှ မမြင့်မားခဲ့ပါဘူး။ နိုင်ကိုနိုင်မယ်ဆိုတဲ့ အာရုံတွေ ကျွန်တော် ပြန်ရနေပါတယ်” လို့ ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။

    ဒီထိုးပွဲမှာ ကန်ဒေါ်လာ သန်း ၁၂၀ ထက်မနည်း ရမယ့် ပက်ကွီအိုဟာ ငယ်ငယ်တုန်းက တော်တော်လေးဆင်းရဲခဲ့ပြီး ၂ ဒေါ်လာလောက် ရဖို့အတွက် အသက် ၁၂ နှစ်လောက်က လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်ခဲ့တာလို့လည်း ဒီတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

    “တစ်ယောက်က လက်ဝှေ့ပွဲတွေ မြို့ထဲမှာရှိနေတယ်လို့ ကျွန်တော်နဲ့ သူငယ်ချင်းတွေကို လာပြောပါတယ်။ လက်ဝှေ့ဆိုတာ ဘာမှန်းတောင် ကျွန်တော်မသိပါဘူး။ ဒါပေမယ့် နိုင်နိုင် ရှုံးရှုံး ဆုရမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ နိုင်ရင် ပီဆို ၂၀၀ (ကန် ၂ ဒေါ်လာနဲ့) ရှုံးရင် ပီဆို ၁၀၀ လို့ပါ။ ဒ့ါကြောင့် ကျွန်တော်တို့ သွားပြိုင်ခဲ့ပြီး ကျွန်တော် နိုင်ခဲ့ပါတယ်” လို့ သူ့ရဲ့ ငယ်ဘ၀ကို ပက်ကွီအိုက ရင်ဖွင့်ခဲ့ပါတယ်။

    ရလာတဲ့ ပီဆို ၂၀၀ ကို မိသားစုထမင်းဝိုင်းလေး စိုပြေဖို့အတွက် အမေကိုပေးခဲ့ပြီး၊ အမေက ဘယ်ကရလဲလို့ မေးတဲ့အခါမှာတော့ လက်ဝှေ့ပွဲက ရတယ်လို့ ပက်ကွီအိုတစ်ယောက် မပြောရက်ခဲ့ပါဘူး။

    “ဒီပိုက်ဆံတွေ ဘယ်ကရလဲလို့ အမေက မေးတဲ့အခါမှာတော့ ကျွန်တ်ာက လက်ဝှေ့ထိုးလို့ ရခဲ့တယ်လို့ မပြောခဲ့ပါဘူး။ တနင်္ဂနွေနေ့တိုင်း ကျွန်တော်တို့ သွားထိုးခဲ့ပြီး၊ ကျွန်တော်က ပီဆို ၂၀၀ ဆက်တိုက်ရခဲ့ပါတယ်”

    ပက်ကွီအိုကို လက်ဝှေ့ပိုး ထည့်ပေးခဲ့သူကတော့ သူ့ရဲ့ ဦးလေးဖြစ်ပြီး မိုဟာမက်အလီနဲ့ ဖိုးမန်းတို့ ထိုးတဲ့ပွဲတွေ၊ ဟိုလီဖီးရဲ့ပွဲတွေနဲ့ အခြား လက်ဝှေ့ကျော်တွေရဲ့ ထိုးပွဲဗီဒီယိုတွေကို ပက်ကွီအိုဆီ ယူလာပေးခဲ့ပါတယ်။

    “လက်ဝှေ့ဆိုတာ အကောင်းဆုံး အားကစားပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘ၀အကြောင်းသင်ပေးတယ်လေ။ ဥစ္စာရင်လိုရင် ဥစ္စာရင်ခဲရမယ်ဆိုတာကို လက်ဝှေ့ပွဲကနေ ကျွန်တော် သင်ယူခဲ့ရတယ်” လို့ ပက်ကွီအိုက ဆိုပါတယ်။

    ပရဟိတသမားဖြစ်တဲ့ သူက အသုံးအဖြုန်းကြီးတဲ့ မေ၀ယ်သာကို အလှူဒါနပြုဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

    “သူရှာထားတဲ့ငွေဖြစ်တာကြောင့် ဖလွိုက်ဟာ ဒီငွေတွေကို သုံးဖို့အတွက် ထိုက်တန်ပါတယ်။ ဒီပုံစံမျိုးနဲ့ ငွေတွေသုံးဖို့လည်း သူ့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့သူတွေကို ကူညီရတဲ့အခါ ဘယ်လောက်ပီတိဖြစ်ရတယ်ဆိုတာကိုလည်း သူ့ကို ကျွန်တော် အသိပေးချင်ပါတယ်။ လူတွေကို မြေလေးတွေဝယ်ပေးတာ၊ အိမ်လေးတွေဆောက်ပေးတာမျိုးပေါ့”

    ဒါတင်မကသေးဘဲ လက်ဝှေ့အားကစားကို မြတ်နိုးမိပြီး ပရိတ်သတ်တွေကိုလည်း ပြန်လည်ပေးဆပ်ချင်တယ်လို့ ဆိုပါတယ်။

    “လက်ဝှေ့ကို အခုအချိန်အထိ အရူးအမူး ဖြစ်နေတုန်းပါပဲ။ ပရိတ်သတ်တွေ ကျေနပ်စေဖို့၊ သူတို့ရဲ့အားပေးမှုအတွက် စိတ်လှုပ်ရှားမှုတွေ ပြန်ပေးဖို့ ကျွန်တော် ထိုးနေတာပါ။ ပိုက်ဆံအတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ပစ္စည်းမက်သူမဟုတ်ပါဘူး”

    မေ၀ယ်သာကတော့ အင်္ဂါနေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူအနေနဲ့ လက်ဝှေ့ကို ချစ်ခင်မြတ်နိုးမိပြီး အခုအချိန်မှာတော့ စီးပွားရေးအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်ကို အလဲထိုးအနိုင်ယူခဲ့တာကို ထောက်ပြပြီး ပက်ကွီအိုအား မညှာမတာ ထိုးတတ်တဲ့ လက်ဝှေ့သမားဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ နောက်ပြီး ပက်ကွီအိုနဲ့ နောက်တစ်ပွဲ ထိုးချင်တယ်လို့လည်း မေ၀ယ်သာက ဖွင့်ဟသွားခဲ့ပါတယ်။

    Ref: Dailymail

  • ဖိလစ်ပိုင်၏ ပထမဆုံး ဟာလာလ် အသားထုတ်စက်ရုံ မကြာမီ လည်ပတ်တော့မည်

    ဖိလစ်ပိုင်၏ ပထမဆုံး ဟာလာလ် အသားထုတ်စက်ရုံ မကြာမီ လည်ပတ်တော့မည်

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    halal

    – နိုင်ငံအတွင်းရှိ မွတ်စလင်များ ဟာလာလ်အသားများကို လွယ်ကူစွာ ၀ယ်ယူစားသုံးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများအား ဟာလာလ်အသားများ တင်ပို့နိုင်ရန်အတွက် နိုင်ငံ၏ ပထမဆုံး ဟာလာလ်နည်းကျ အသားများ ထုတ်လုပ်ပေးသော စက်ရုံကို ဖိလစ်ပိုင်အစိုးရက တည်ဆောက်ပေးခဲ့ပြီး မကြာမီ လည်ပတ်တော့မည်ဟု သိရသည်။

    “BIMP-EAGA (ဘရူးနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်- အာဆီယံအရှေ့ပိုင်း ဖွံ့ဖြိုးရေး ဧရိယာ) ကို အသားတွေ တင်ပို့နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီစက်ရုံတည်ထောင်မှုမှာ ပါဝင်သူတွေအနေနဲ့ ဟာလာလ်အသား ထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပြဌာန်းကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဌာန DA မှ အတွင်းရေးမှူး ပရိုဆက်ဆို အလ်ကာလာက Philippines Information Agency သို့ ဧပြီ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ စက်ရုံမှာ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုပြည်နယ်ရှိ ကိုတာဘာတိုမြို့တွင် တည်ရှိပြီး တစ်နာရီတွင် ကျွဲနွား ၁၅ ကောင်၊ ရေကျွဲ ၁၀ ကောင်၊ ဆိတ် အကောင် ၄၀ တို့ကို လှီးဖြတ်ကာ အသားများ ထုတ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ စက်ရုံကို DA ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ရန်ပုံငွေမတည်ကာ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ကိုတာဘာအို၊ မင်ဒါနာအို အလယ်ပိုင်းနှင့် အခြားသော ဒေသများရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအတွက်ပါ အသားများ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

    အလ်ကာလာ က DA ၏ ၂၀၁၆ ခုနှစ် ဘက်ဂျက်အတွင်း စီမံကိန်းသစ်အဖြစ် ပါဝင်သော အသားထုတ်လုပ်ရေးဆိုင်ရာ လမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော်ခြင်းအား စစ်ဆေးရန်အတွက်လည်း အထူးအဖွဲ့တစ်ခု ထားရှိသွားမည်ဟု တည်ပြုခဲ့သည်။ မွတ်စလင်လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် အလ်ကာလာမှာ ကိုတာဘာတိုမြို့ရှိ တိရိစ္ဆာန်ကုဆရာဝန်များ တောင်းဆိုသော ဟာလာလ် ကြက်၊ ဘဲ မွေးမြူရေးစီမံကိန်း ဖော်ဆောင်ပေးရေးကိုလည်း ထောက်ခံသည်ဟု ပြောဆိုခဲ့သည်။

    “ဒီလိုဆောင်ရွက်မှုတွေကတစ်ဆင့် အစိုးရဟာ မင်ဒါနာအိုပြည်နယ်မှာ ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး မြှင့်တင်ပေးမှုအတွက် စိတ်စေတနာရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြသချင်ပါတယ်။ ဒီက ကျွန်တော်တို့ရဲ့ ညီနောင်တွေကို သေနတ်တွေအစား၊ စိုက်ပျိုးမွေးမြူရေးပစ္စည်းတွေ ကိုင်တာကိုပဲ မြင်ချင်ပါတယ်” ဟု အလ်ကာလာက ထည့်သွင်းပြောကြားခဲ့သည်။

    “ဟာလာလ်” ဆိုသည်မှာ အာရဘီစကားလုံးဖြစ်ပြီး “ခွင့်ပြုထားသောအရာ”ဟု အဓိပ္ပါယ်ရကာ များသောအားဖြင့် အစားအသောက်များတွင် သတ်မှတ်သည်။ မွတ်စလင်များမှာ အစ္စလာမ်က စားသုံးရန် ခွင့်ပြုထားသော တရိစ္ဆာန်များအား ဟာလာလ်နည်းကျ လှီးဖြတ်ကာ ထုတ်ယူထားသော အသားများကိုသာ စားသုံးရသည်။ အခြားသော အစားသောက်များတွင်လည်း သန့်ပြန်ပြီး၊ ရောဂါပိုးကင်းရှင်းစေရန် ဆောင်ရွက်ရပြီး ထိုသို့ ဆောင်ရွက်ခြင်းကိုလည်း ဟာလာလ်နည်းကျ စီမံထားသည်ဟု ခေါ်ဆိုသည်။

    ထို့ပြင် စီးပွားရေး၊ လူမှုရေးနှင့် အခြားသောလုပ်ငန်းဆောင်တာများတွင်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ ညစ်ညမ်းစွန်းထင်းမှုမှ ကင်းစင်သော နည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကာ မိမိတို့၏ အသက်တာကို မွေးမြူကြရန် အစ္စလာမ်က တိုက်တွန်းထားသည်။ ထို နည်းလမ်းများကိုလည်း ဟာလာလ်နည်းလမ်းများဟု ခေါ်ပြီး အစ္စလာမ့်ရေးရာ ကျမ်းစာများတွင် အသေးစိတ် သတ်မှတ်ပြဌာန်းထားသည်။

    Ref: Onislam