News @ M-Media
Blog
  • ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ
    ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    A barrier tape of German airline Lufthansa's low-cost carrier Germanwings is pictured at a closed gate of Berlin Tegel airport
    – ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရခြင်းကြောင့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ လေယာဉ်တစ်စင်းမှာ ယမန်နေ့ညပိုင်းက အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
    Germanwings ၏ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်သော Lufthansa လေကြောင်းလိုင်းမှ Flight 4U 826 လေယာဉ်ဖြစ်ပြီး ကိုးလုံးလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့သို့ ထွက်ခွာမည့် လေယာဉ်ဖြစ်သည်။ ထိုလေယာဉ်ကို ပြေးလမ်းသို့ ဆွဲသွားစဉ် လေယာဉ်အား ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်သောကြောင့် ခရီးစဉ် ဖျက်သိမ်းရန် လေကြောင်းထိန်းသိမ်းရေးမျှော်စင်မှ လေယာဉ်မှူးအား အကြောင်းကြားခဲ့သည်ဟု Germanwings က သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
    ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုကို ဖဒရယ်ရဲတပ်ဖွဲ့လည်း ရရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှူထမ်း စုစုပေါင်း ၁၃၂ ဦးကို ကယ်ထုတ်ခဲ့ရသည်။
    ထို့နောက် လေယာဉ်ပေါ်တွင်ပါရှိသည့် ၀န်စည်စလယ်များနှင့် လေယာဉ်တစ်ခုလုံးကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အရာမှ တွေ့ရှိခဲ့ခြင်းမရှိချေ။ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် Germanwings က အဆိုပါ ခရီးသည်များ အားလုံးကို တနင်္ဂနွေနေ့ညတွင် အခြားလေယာဉ်တစ်စင်းဖြင့် မီလန်သို့ ပို့ဆောင်ပေးခဲ့သည်။
    Germanwings မှ လေယာဉ်တစ်စင်းမှာ မတ်လ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းပေါ်၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်။ ထိုပျက်ကျမှုမှာ တွဲဘက်လေယာဉ်မှူးကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း Germanwings ၏ လေယာဉ်မှူးများ စောင့်ကြည့်ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
    Ref: Reuters
  • ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့ နီးလာ၊ ဒါဘီမှာအောင်ပွဲခံခဲ့တဲ့ မန်ယူနဲ့ ရာသီးသိမ်းကာနီး ပိုကောင်းလာတဲ့ အာဆင်နယ်တို့ရဲ့  ပရီးမီးယားလိဂ်ပွဲစဉ် ၃၂
    ချယ်ဆီးတို့ ချန်ပီယံဖြစ်ဖို့ နီးလာ၊ ဒါဘီမှာအောင်ပွဲခံခဲ့တဲ့ မန်ယူနဲ့ ရာသီးသိမ်းကာနီး ပိုကောင်းလာတဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    epl 32 a
    – ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ကစားခဲ့ရာမှာတော့ ချယ်ဆီးက နောက်ကျအနိုင်ဂိုးနဲ့ ၃ မှတ်ရပြီး ချန်ပီယံဖြစ်ဖို့ အတော်လေး နီးစပ်လာပါတယ်။ မန်ချက်စတာ ဒါဘီမှာတော့ မန်ယူက ပုံစံကောင်းကို ဆက်ထိန်းပြီး အနိုင်ပြတ်သားခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ လက်ရှိချန်ပီယံ မန်စီးတီးတို့ ပွဲအစပိုင်းကစားပုံ အတော်လေးကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ယူရဲ့ထိန်းချုပ်မှုကို ခံလိုက်ရပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ အဂူရိုက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းပေးခဲ့ပြီး နောက်ပိုင်းမှာလည်း မန်စီးတီးတို့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်တာက မန်စီးတီးတို့ အရှုံးဆီကို ဦးတည်သွားစေခဲ့ပါတယ်။ မန်ယူနောက်ခံလူ အက်ရှက်လေးယန်းက ၁၄ မိနစ်မှာ ချေပဂိုး သွင်းပေးခဲ့ကာ ၂၇ မိနစ်မှာ ဖယ်လိုင်နီက ဦးဆောင်ဂိုး ထပ်သွင်းနိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ မန်ယူတို့ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ၆၇ မိနစ်မှာ မာတာ၊ ၇၃ မိနစ်မှာ စမောလင်းတို့က ဂိုးတွေထပ်သွင်းပေးခဲ့ကာ မန်ယူရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး ပိုပြီး ခိုင်မာလာခဲ့ပါတယ်။ မန်စီးတီးအတွက် ဒုတိယချေပဂိုးကိုတော့ အဂူရိုကပဲ ၈၉ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဒီပွဲအရှုံးဟာ မန်စီးတီးတို့ရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲမြောက်အရှုံးလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ ဗန်ဂါးလ်က အသင်းရဲ့ ရလဒ်ကို ကျေနပ်ပေမယ့် ကစားပုံကိုတော့ မကျေနပ်ဘူးလို့ ပြောခဲ့ပါတယ်။ ပယ်လီဂရီနီကတော့ မန်ယူဟာ မိမိတို့အသင်းထက် ပိုကောင်းခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။
    မော်ရင်ဟိုရဲ့ ချယ်ဆီးက ကစားပုံမကောင်းခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ၈၈ မိနစ်မှာ ရရှိခဲ့တဲ့ ချယ်ဆီးရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုကို ဖာဘရီဂတ်စ်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် တစ်ပွဲလျော့ ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ဒီပွဲနိုင်လိုက်တာကြောင့် ချန်ပီယံဖြစ်ဖို့ အနိုင်ကစားရမယ့်ပွဲ တစ်ပွဲလျော့သွားပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ကျူပီအာရ်က တန်းမဆင်းရအောင် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
    အဝေးကွင်းမှာ ကစားခဲ့ရတဲ့ အာဆင်နယ်က အလယ်တန်းလူ ရမ်ဆေးရဲ့ ၁၂ မိနစ် သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက ချယ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ဆဲပါ။ ပွဲအစ စောစောပိုင်းကတည်းက ဂိုးရနိုင်တဲ့အခွင့်အရေးကို ရခဲ့ပေမယ့် ဆန်းချက်ဇ်ရဲ့ ကန်သွင်းချက် ဘေးထွက်သွားခဲ့ပါတယ်။ တန်းမဆင်းရဖို့ အားကုန်ထုတ်ခဲ့တဲ့ ကျူပီအာရ်က အာဆင်နယ်ထက် ပိုကောင်းခဲ့ပြီး ဂိုးသမား အော့စ်ပီနာရဲ့ ကာကွယ်မှုကောင်းတာကြောင့်လည်း အာဆင်နယ်တို့ ကံကောင်းသွားခဲ့တာပါ။ ဒီပွဲအနိုင်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ နောက်ဆုံး ၈ ပွဲဆက် အနိုင်ဖြစ်ပြီး ၀င်းဂါးကတော့ ပွဲအပြီးမှာ ဘန်လေကို ချီးကျူးခဲ့ပါတယ်။
    ပါဂျူးကိုင်တွယ်ပြီးနောက်မှာ ရလဒ်ကောင်းလာတဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း ဆန်းဒါးလန်းအိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ဥရောပ၀င်ခွင့်မှန်းနေတဲ့ စပါးကတော့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲကထွက်ဖို့ ကြိုးစားနေတဲ့ လက်စတာက အဝေးကွင်းမှာ ၀က်စ်ဘရွန်းရဲ့ ဦးဆောင်ဂိုး ၂ ဂိုးကို နောက်ကလိုက်ချေပပြီး ဒုတိယပိုင်း နာကျင်အချိန်ပို ဂိုးကြောင့် အဖိုးတန်အနိုင် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဆွမ်ဆီး ၁-၁ အဲဗာတန်
    ဆောက်သက်တမ် ၂-၀ ဟာလ်းစီးတီး
    ဆန်းဒါးလန်း ၁-၄ ခရစ္စတယ်ပဲလေ့စ်
    စပါး ၀-၁ အက်စတွန်ဗီလာ
    ဘန်လေ ၀-၁ အာဆင်နယ်
    ကျူပီအာရ် ၀-၁ ချယ်ဆီး
    မန်ယူ ၄-၂ မန်စီးတီး
  • အာကာသရှိ ဂြိုဟ်ငယ်တစ်ခုကို မာလာလာ၏ အမည်ပေး
    အာကာသရှိ ဂြိုဟ်ငယ်တစ်ခုကို မာလာလာ၏ အမည်ပေး
    ဧပြီ ၁၃၊ ၂၀၁၅
    M-Media
    malala
    – ကမ္ဘာ့အသက်ငယ်ဆုံး နိုဘယ်ဆုရှင် မာလာယူစွဖ်ဇိုင်အား ဂုဏ်ပြုသည့်အနေဖြင့် လွန်ခဲ့သည့် ငါနှစ်ခန့်က တွေ့ရှိခဲ့သော ဂြိုဟ်ငယ်တစ်ခုကို နုာဆာက သူမ၏အမည် ပေးခဲ့သည်ဟု သိရသည်။
    မာလာ၏ အမည်ပေးခဲ့သည့် ဂြိုဟ်မှာ ၂၀၁၀ ခုနှစ် ဇွန်လက နာဆာသိပ္ပံပညာရှင် ဒေါက်တာမိန်ဇာ တွေ့ရှိခဲ့သော Asteroid 316201 ဂြိုငယ်ဖြစ်ပြီး ယခုတွင် 316201 Malala ဟု အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။
    “ဒေါက်တာ ကာရီး နူးဂျန့်နဲ့ ကျွန်မဟာ မာလာလာရဲ့ အံသြဖွယ်ကောင်းတဲ့ ဇာတ်လမ်းကို ဖတ်ခဲ့ရပြီး တကယ်လို့များ ဂြိုငယ်တစ်ခုကို လူတစ်ယောက်ရဲ့ အမည်မှည့်ခေါ်ဖို့ ထိုက်တန်တဲ့သူဆိုရင် သူပဲဖြစ်မယ်လို့ ကျွန်မတို့ တွေးမိခဲ့ပါတယ်။ ဂြိုဟ်ငယ်တစ်ခုကို မာလာလာရဲ့အမည်ပေးခဲ့တာဟာ ဂုဏ်ယူစရာပါပဲ” ဟု နာဆာ၏ ဂျက်လေယာဉ်ပစ်လွှတ်ခြင်း ဓာတ်ခွဲခန်းမှ ဒေါက်တာ မိန်ဇာက Independent သတင်းစာသို့ ပြောကြားခဲ့သည်။
    အာကာသအတွင်းရှိ အသစ်တွေ့ရှိသော ဂြိုဟ်ငယ်များအား လူများ၏ အမည်ပေးထားမှုကို ဒေါက်တာ နူးဂျန်က ပြသခဲ့ပြီး ထိုအထဲတွင် အမျိုးသမီးများအကျိုးအတွက် ဆောင်ရွက်နေသူများ၏ အမည်များမှာ နည်းပါးကာ လူနည်းစုလူမျိုးများထဲမှ အမည်များမှာလည်း ပို၍ပင် နည်းပါးသည်ဟု ဒေါက်တာ မိန်ဇာက ထည့်သွင်းပြောကြားခဲ့သည်။
    ပါကစ္စတန်နိုင်ငံ တာလီဘန်များကြီးစိုးရာ ဒေသတွင် မွေးဖွားကြီးပြင်းခဲ့သည့် မာလာလာမှာ ယခုလက်ရှိတွင် အသက် ၁၇ နှစ်ရှီပြီဖြစ်သည်။ မာလာလာမှာ တာလီဘန်များ၏ လုပ်ရပ်ကို ဆန့်ကျင်သောကြောင့် တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
    ပါကစ္စတန်ရှိ အမျိုးသမီးများ လွတ်မြောက်ရေးနှင့် ပညာသင်ကြားခွင့်ရရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် မာလာလာမှာ ၂၀၁၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို အိန္ဒိယမှ ကလေးငယ်များအခွင့်အရေး ဆောင်ရွက်နေသူ ကိုင်လာရှ် ဆက်ယာသီနှင်အတူ ပူးတွဲရရှိခဲ့သည်။
    ၂၀၁၃ ခုနှစ်ကလည်း နိုင်ငံတကာ ကလေးများအတွက် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ယခုအချိန်တွင် မာလာလာမှာ အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်၌ နေထိုင်ကာ ပညာသင်ကြားနေသည်။
    ဒေါက်တာ မိန်ဇာကမူ ဂြိုဟ်ငယ်တစ်ခုအား မာလာလာ၏အမည် ပေးခဲ့ခြင်းက သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်မှာ လူတိုင်းအတွက်ဖြစ်သည်ကို လူငယ်များအား အသိပေးရာရောက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
    “လူသားထုရဲ့ အခက်ခဲဆုံး ပြဿနာအချို့ကို ဖြေရှင်းဖို့ ထက်မြတ်တဲ့သူတွေရဲ့ ဦးနှောက်ကို ကျွန်မတို့ တကယ်ကို လိုအပ်ပါတယ်”
    အဆိုပါ ဂြိုဟ်ငယ်ကို ဒေါက်တာ မိန်ဇာမှာ NEOWISE တယ်လီစကုပ်ဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အချင်း ၂.၅ မိုင်ရှိကာ မည်းနက်သည့် ဂြိုတစ်ခုဖြစ်သည်။ အင်္ဂါဂြိုဟ်နှင့် ကြာသာပတေးဂြိုဟ်အကြား လမ်းကြောင်းတွင် တည်ရှိနေကာ နေကို တစ်ပတ်ပတ်ရန် ၅ နှစ်ခွဲ ကြာမြင့်သည်။ နိုင်ငံတကာ အာကသ စည်းမည်စည်းကမ်းများအရ ဂြိုဟ်တစ်ခုအား ရှာဖွေတွေ့ရှိသူမှာ ထိုဂြိုဟ်အား အမည့်မှည့်ခေါ်ခွင့်ရှိသည်။
    Ref: Onislam
  • ဂိုးပြတ်နိုင်ပွဲအတွက် အသင်းအား ပဲလေ့စ်နည်းပြ ချီးကျူး
    ဂိုးပြတ်နိုင်ပွဲအတွက် အသင်းအား ပဲလေ့စ်နည်းပြ ချီးကျူး
    ဧပြီ ၁၂၊ ၂၀၁၅
    M-Media
    perdew
    – ဆန်းဒါးလန်းအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်အား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး အသင်းမှာ ထိုထက်ပို၍ ဂိုးများသင့်သည်ဟု ပြောကြားခဲ့သည်။
    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ခရစ္စတယ်ပဲလေ့စ်မှာ ပထမပိုင်းတွင် ပွဲအား မစိုးမိုးနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၁၁ မိနစ်တွင် သွင်းယူခဲ့သည့် ယန်နစ်က် ဘိုလာဆီ၏ ဟက်ထရစ်သွင်းဂိုးအပါအ၀င် ဆန်းဒါးလန်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇန်န၀ါရီလ ပါဂျူး တာဝန်ယူပြီးကတည်းက ရရှိခဲ့သည့် ပုံစံကောင်းကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။
    နယူးကာဆယ်နည်းပြဟောင်းဖြစ်သူ ပါဂျူးကမူ ထိုနိုင်ပွဲအတွက် ပျော်ရွှင်နေပြီး အသင်းမှာ အဆုံးတွင် ဒီထက်ပို၍ ဂိုးများများခဲ့ရမည်ဟု ဆိုသည်။
    “ဒါဟာ ပြတ်သားတဲ့အနိုင်ပါပဲ။ ဂိုးရလဒ်ကတော့ ကျွန်တော်တို့အတွက် တရားမမျှတခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းခဲ့တယ်။ ပြီးတော့ အဝေးကွင်း ၈ ပွဲမှာ ၇ ပွဲတောင်နိုင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မှာ ဒါဟာ မယုံကြည်နိုင်လောက်စရာပါပဲ” ဟု ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းအား လှိုက်လှိုက်လှဲလှဲ အားပေးခဲ့သည့် ပရိတ်သတ်များကိုလည်း ပါဂျူးက ချီးကျူးခဲ့သည်။
    “ကျွန်တော်တို့ ပရိတ်သတ်တွေရဲ့ ကျွေးကျော်သံတွေက ဘရာဇီးလ်ပွဲကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်တို့ လက်ဖျားခါလောက်အောင် ကောင်းခဲ့ပါတယ်။ ဆန်းဒါးလန်းကိုလည်း ပြဿနာတွေများကြီး ဖြစ်စေခဲ့ပါတယ်”
    Ref: Goal.com
  • စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကွပ်မျက်
    စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ကွပ်မျက်
    ဧပြီ ၁၂၊ ၂၀၁၅
    M-Media
    bangaladesh
    – ၁၉၇၁ ခုနှစ် လွတ်လပ်ရေးတိုက်ပွဲအတွင်း လူသားထုအပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ်ကျခံနေရသည့် အစ္စလာမ့်မစ်ပါတီခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်က ကြိုးပေးကွပ်မျက်ခဲ့သည်ဟု သိရသည်။
    ဂျမာအသ်-အီ-အစ္စလာမီအဖွဲ့မှ လက်ထောက်အတွင်းရေးမှူး မိုဟာမက် ကမာရုဇ်မန်ဆိုသူဖြစ်ပြီး ၎င်းမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ငြင်းပယ်ခံထားရသူဖြစ်သည်။ ၎င်းအား သေဒဏ်ပေးခဲ့ခြင်းမှာ စစ်ရာဇ၀တ်မှုအတွက် သံသယရှိသူများကို တရားစွဲဆိုမှုများပြုလုပ်ရန် လွန်ခဲ့သည့် ၄ နှစ် အထူးခုံရုံး ဖွဲ့ပြီးကတည်းက ဒုတိယမြောက် ကွပ်မျက်ခံရသူလည်း ဖြစ်သည်။
    ၎င်းအား မကွပ်မျက်မီ စနေနေ့နံနက်ပိုင်းတွင် မြို့တော်ဒါကာ၌ အာဏာပိုင်များက လုံခြုံရေးကို တင်းကျပ်စွာချထားခဲ့သည်။ ကမာရုဇ်မန်၏ မိသားစုများက ဒါကာ ဗဟိုအကျဉ်းထောင်တွင် ၎င်းအား နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်ဟု ရှေ့နေဖြစ်သူ ရှီရှီမန်နီရ်က ပြောကြားခဲ့သည်။ ထောင်အပြင်၌လည်း လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့သည်။
    ထို့နောက် ယမန်နေ့ညနေပိုင်းက ကွပ်မျက်ခဲ့ပြီး ဒေသတွင်း ရုပ်သံဌာနများက ဒါကာမြို့ဆင်ခြေဖုံး ကမာရုဇ်မန်၏ အဘိုးအဘွားများ၏ အိမ်အပြင်ဘက်၌ ၎င်းအား မြှုပ်နှံရန် တွင်းထူးထားမှုကိုလည်း ပြသခဲ့သည်။ ၂၀၁၃ ခုနှစ် မေလက အထူးခုံရုံးမှ ချမှတ်ခဲ့သည့် သေဒဏ်အတွက် ကမာရုဇ်မန်၏ နောက်ဆုံး အယူခံကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က တနင်္လာနေ့တွင် ပယ်ချခဲ့သည်။
    ဘင်္ဂလားဒေ့ရှ်မှာ ဂျမာအသ်-အီ-အစ္စလာမ်မီပါတီမှ အခြား လက်ထောက်အတွင်းရေးမှူးဖြစ်သူ အဘ်ဒူလ် ကာဒရ် မွလ်လာဟ်ကိုလည်း စစ်ရာဇ၀တ်မှုဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကွပ်မျက်ခဲ့ဖူးသည်။ မွလ်လာဟ်အား ကွပ်မျက်မှုအတွင်း နိုင်ငံတစ်ဝှမ်း ဆန္ဒပြတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
    တရားသူကြီးများကမူ ကမာရုဇ်မန်မှာ ပါကစ္စတန်စစ်တပ်နှင့် ပူးပေါင်းထားသော လက်နက်ကိုင်အဖွဲ့တစ်ခုကို ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်အလယ်ပိုင်းတွင် ဦးဆောင်ခဲ့ပြီး လက်နက်မဲ့လယ်သမား အနည်းဆုံး ၁၂၀ အား သတ်ဖြတ်မှု၏ နောက်ကွယ်တွင် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera