ဧပြီ ၁၅၊ ၂၀၁၅
M-Media
– ကိုးကန့်ဒေသတွင် ၂ လကျော်ကြာ ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ကိုးကန့်လက်နက်ကိုင်များ သိမ်းပိုက်ထားသည့် မဟာဗျူဟာကျသော နေရာ ၂၀ ကျော်ကို သိမ်းယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုသတင်းကို ငြင်းဆိုလိုက်သည်။
နိုင်ငံပိုင် ကြေးမုံသတင်းစာကမူ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း လက်နက်ကြီးများ တင့်ကားများ အသုံးပြုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်တွင် စစ်တပ်မှ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု မြန်မာအစိုးရ၏ ထုတ်ပြန်ချက်အရ သိရပြီး ပြည်သူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံတွင် သွားရောက်ခိုလှုံနေရသည်။
ကိုးကန့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကမူ အစိုးရတပ်များအနေဖြင့် လက်နက်ကြီးများ၊ တင့်ကားများ အသုံးပြု၍ တိုက်ခိုက်သည်ကို အတည်ပြုခဲ့သော်လည်း ၎င်းတို့တပ်ဖွဲ့မှာ မဟာဗျူဟာကျသည့်နေရာ အများအပြား ဆုံးရှုံးခဲ့သည်ဆိုခြင်းကိုမူ ငြင်းဆိုခဲ့သည်။
ထို့ပြင် အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀၀ ခန့် သေဆုံးခဲ့ပြီး ၁၅၀၀ ခန့် ဒဏ်ရာရခဲ့ကာ ကိုးကန့်ဘက်မှ ၃၀ ခန့်သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း လွတ်လပ်သော အတည်ပြုချက်များအရ ထိုအရေအတွက်မှာ မဖြစ်နိုင်ဟု သိရသည်။
သမ္မတဦးသိန်းစိန်အစိုးရမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဒါဇင်ခန့်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် ကြိုးစားဆောင်ရွက်နေသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုမှာ ဦးသိန်းစိန်၏ သမ္မတသက်တမ်း လေးနှစ်အတွင်း အဆိုးဝါးဆုံးလည်း ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် မြန်မာအစိုးရမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိုဒေသ၌ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကာ စစ်တပ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။
Ref: Abc news