ဧပြီ ၁၆၊ ၂၀၁၅
M-Media
– ဥရောပသမဂ္ဂ အလွဲသုံးစားဆန့်ကျင်ရေး အကြီးအကဲဖြစ်သူ မာဂရက်သီ ဗက်စတာဂါက Google မှာ ပြိုင်ဘက်များ အသာမရစေရန်အတွက် ၎င်း၏ Google Search ကို အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲပြောကြားလိုက်ပြီး အန်ဒရွိုက်သုံးစွဲသူများ
အင်တာနက်တွင် ရှာဖွေသည့်အခါ ၎င်းတို့ကုမ္ပဏီ၏ ၀န်ဆောင်မှုများနှင့် အက်ပလီကေးရှင်းများကိုသာ ဦးစားပေး ဖော်ပြခဲ့လားဆိုသည်နှင့် ပတ်သက်၍လည်း စုံစမ်းမှုများကို စတင်ပြုလုပ်နေသည်။
ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး Google အနေဖြင့် ၎င်းတို့ ထုတ်ကုန်များ၏ ၀ဘ်ဆိုက်များကိုသာ ဖော်ပြခြင်းဖြင့် ပြိုင်ဘက်များအပေါ် မမျှမတ အသာစီးရယူခဲ့သလားဆိုသည်ကို မိမိက စိုးရိမ်မိကြောင်း ဗက်စတာဂါက ထည့်သွင်း ပြောကြားခဲ့သည်။ သူမမှာ ဥရောပယှဉ်ပြိုင်မှု ကော်မရှင်နာလည်း ဖြစ်သည်။
နည်းပညာဆိုင်ရာ လေ့လာစူးစမ်းမှု ကုမ္ပဏီဖြစ်သော Gartner ၏ ပြောကြားမှုအရ ဆမ်ဆောင်းကဲ့သို့ ဆဲလ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော အန်ဒရွိုက်ဆော့ဖ်ဝဲမှာ ကမ္ဘာ့အကြီးဆုံး OS ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ဈေးကွက်ပမာဏ၏ ၈၁ ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်ဟု ဆိုသည်။ Apple ကမူ ဈေးကွက်၏ ၁၅ ရာခိုင်နှုန်းရရှိထားပြီး မိုခရိုဆော့ဖ်က ၃ ရာခိုင်နှုန်းအောက် ရရှိနေသည်။
Google အနေဖြင့် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ၎င်းတို့၏ ထုတ်လုပ်မှုများကို ကိုယ်တိုင် ပရိုမိုးရှင်း လုပ်ခဲ့သည်ဟူသော စွပ်စွဲချက်အတွက် ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ Goolge နှင့် ပြေငြိမ်းရန်လည်း ကြိုးစားနေသည်။ သို့သော်လည်း ယခုအချိန်အထိ ထိုကိစ္စအတွက် တိုင်ကြားမှုများ မပြုလုပ်ရသေးဘဲ ထိုစိုးရိမ်မှုများကို Google အနေဖြင့် ပြည့်ပြည့်၀၀ ဖြေရှင်းမှုလည်း မရှိသေးဟု ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။
တရားဝင်စွပ်စွဲမှုများ ဖြစ်လာပါက နှစ်ရှည်ကြာမြင့်မည့် တရားစွဲဆိုမှုနှင့် Google အပေါ် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဒဏ်ငွေရိုက်ခြင်းတို့ ဖြစ်လာနိုင်သည်။ ဥရောပသမဂ္ဂအနေဖြင့် ကုမ္ပဏီအမြတ်၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ရိုက်နိုင်ခွင့်နှင့် ဥရောပရှိ ၀ဘ်ဆိုက်များအား Google Search တွင် အကြံပြုသည့် စနစ်ကို ပြန်လည် စစ်ဆေးပြုပြင်သွားရန် အမိန့်ပေးနိုင်သည့် အာဏာလည်း ရှိနေသည်။
Google အား ထိန်းချုပ်ရန် ဥရောပတာဝန်ရှိသူများကို တိုက်တွန်းသော အဖွဲ့ဖြစ်သည့် FairSearch Europe အဖွဲ့မှ ဥပဒေရေးရာ အကြံပေးဖြစ်သူ သောမတ်စ် ဗင်ဂျီက ဥရောပသမဂ္ဂ၏ ထိုသို့ဆောင်ရွက်မှုမှာ တီထွင်မှုနှင့် ဈေးဝယ်သူများ၏ ရွေးချယ်မှုကို ပျက်ဆီးစေသော Google ၏ ယှဉ်ပြိင်မှုမပေးသည့် လုပ်ရပ်များကို အဆုံးသတ်ရန် အရေးပါသည့် ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Google Search ဒုတိယဥက္ကဌဖြစ်သူ အေမစ် ဆစ်ဂ်နယ်လ်ကမူ Google မှာ လူသုံးများဆုံး search engine ဖြစ်ပြီး လက်ရှိအချိန်တွင် မတူညီသော နည်းလမ်းများဖြင့် လူများက သတင်းအချက်အလက်များကို ရှာဖွေရယူနေကြကြောင်း၊ သုံးစွဲသူများနှင့် ယှဉ်ပြိုင်သူများအတွက် ထိခိုက်သည်ဟု စွပ်စွဲချက်များမှာလည်း မှားယွင်းသည်ဆိုသည်ကို သက်သေပြပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Google အနေဖြင့် ထိုစွပ်စွဲချက်များကို တုံ့ပြန်ရန် သီတင်းပတ် ၁၀ ပတ် အချိန်ရှိနေသည်။
Ref: Aljazeera









