News @ M-Media

Blog

  • Apple Watch ရဲ့ အထူး Edition

    Apple Watch ရဲ့ အထူး Edition

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    Apple watches are displayed following an Apple event in San Francisco

    – Apple က ထုတ်လုပ်လိုက်တဲ့ Edition လို့ခေါ်တဲ့ အထူး ဇိမ်ခံ Apple Watch ရဲ့ ဈေးနှုန်းကို သတ်မှတ်လိုက်ပြီး ကန်ဒေါ်လာ ၁၀၀၀၀ ကနေ ၁၇၀၀၀ လောက်အထိ ရှိပါတယ်။

    နာရီကိုယ်ထည်ကို ၁၈ ကာရက်ရှိတဲ့ ရွှေအလိုင်းနဲ့ လုပ်ထားတာဖြစ်ပြီး အခြားမော်ဒယ်တွေမှာ မရနိုင်တဲ့ လက်ပတ်ကြိုးတွေနဲ့အတူ တန်ဖိုးမြင့်တဲ့ ဒီ Edition တွေကို ရရှိမှာဖြစ်ပါတယ်။

    ဒီဇိမ်ခံနာရီတွေကို Apple ဆိုင်တိုင်းမှာ ကြည့်လို့ရပေမယ့် ဆိုင်အချို့မှာသာ စမ်းသပ်ဝတ်ဆင်ခွင့် ရရှိမှာဖြစ်ပါတယ်။ နယူးယောက်က ဆိုင် ၃ ဆိုင်အပါအ၀င် အမေရိကန်နိုင်ငံတစ်ဝှမ်း Apple ဆိုင် ၂၆၅ ဆိုင်ထဲကမှ ၂၁ ဆိုင်မှာ စမ်းသပ်ဝတ်ဆင်နိုင်မှာဖြစ်ပြီး အမေရိကန်ပြင်ပမှာတော့ Apple Watch တွေကို သီးသန့်ပြသရောင်းချတဲ့ စတိုး ၃ ခုအပါအ၀င် ဆိုင်ပေါင်း ၃၄ ဆိုင်မှာ စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

    Apple ရဲ့ နာရီတွေ ကြိုတင်မှာယူမှုကို ယမန်နေ့ နံနက်စောစောပိုင်းကစတင်ခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ တရားဝင်ရောင်းချမှာဖြစ်ကာ မှာထားတဲ့သူတွေကို ပေးသွားမှာဖြစ်ပါတယ်။ မှာယူမှုဟာ အလွန်များပြားခဲ့ပြီး ရရှိမယ့်အချိန်တွေကို ၄ ပတ်ကနေ ၆ ပတ်အထိ Apple က သတ်မှတ်ပေးခဲ့ရပါတယ်။

    Apple Watch ရဲ့ မော်ဒလ်တွေကတော့ Edition အပါအ၀င် ၃ မျိုးရှိပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၄၉ ၀န်းကျင်ကနေ စတင်တာ ၁၇၀၀၀ လောက်အထိ ရှိမှာဖြစ်ပါတယ်။ သာမန် နာရီတွေက အလူမီနီယံ ကိုယ်ထည်နဲ့ အဖြူရောင်အားကစား လက်ပတ်ကြိုးဖြစ်ပြီး၊ ဇိမ်ခံ Edition မှာတော့ ရွှေကိုယ်ထည်နဲ့ အထူးလက်ပတ်ကြိုးတွေ ပါဝင်မှာဖြစ်ပါတယ်။

    Ref: Alarabiya, macworld

  • ၂၀၁၆ သမ္မတနေရာအတွက် ဟီလာရီကလင်တန်၏ မဲဆွယ်မှု မနက်ဖြန်စမည်

    ၂၀၁၆ သမ္မတနေရာအတွက် ဟီလာရီကလင်တန်၏ မဲဆွယ်မှု မနက်ဖြန်စမည်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    5dd2e46397c847d6b3cb262609f24307_18

    – အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်မှာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး မဲဆွယ်မှုကို တနင်္ဂနွေနေ့တွင် စတင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာရန် ဒုတိယအကြိမ် ကြိုးစားမှုလည်းဖြစ်သည်။

    သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ ဟီလာရီမှာ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အိုဘားမားကို ရှုံးနိမ့်ကာ ပါတီကိုယ်စားပြုခွင့် လက်လွှတ်ခဲ့ရသူ ဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းအတွက် ကြေညာမှုကို ဆိုရှယ်မီဒီယာတွင် ဗီဒီယိုဖြင့် ပြုလုပ်သွားဖွယ်ရှိနေသည်ဟု သူမနှင့် ရင်းနှီးသူ ၂ ဦး၏ ပြောကြားမှုကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

    ဒီမိုရက်တစ်ပါတီမှ နာမည်မကြီးသူအချို့က ၎င်းတို့မှာ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး မဲဆွယ်မှုများပြုလုပ်ရန် စဉ်းစားနေသည်ဟု ကြေညာထားသော်လည်း လက်ရှိအချိန်တွင် ဟီလာရီကလင်တန်အနေဖြင့် ပါတီတွင်း တန်းတူ ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်မျိုး မရှိသေးပေ။ လစ်ဘရယ်အချို့က အထက်လွှတ်တော်အမတ် အဲလစ်ဇဘက် ၀ါရန်အား ၀င်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းကြသော်လည်း အဲလစ်ဇဘက်ကမူ ငြင်းပယ်ခဲ့သည်။

    အတိုက်အခံ ရီပက်ဘလစ်ကန်ဘက်တွင်မူ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေး ပါတီတွင်း မဲဆွယ်ယှဉ်ပြိုင်မည့်သူများမှာ နှစ်ဒါဇင်ကျော်ခန့် ရှိနေသည်။ ၎င်းတို့ထဲတွင် ဖလော်ရီဒါအုပ်ချုပ်ရေးမှူး ဂျဘ်ဘုရှ်၊ ယခင်သမ္မတဟောင်းများ၏ သားများနှင့် ညီများ၊ လာမည့် တနင်္လာနေ့တွင် မိုင်ယာမီ၌ မဲဆွယ်မှုကို စတင်ပြုလုပ်မည်ဟု ယူဆရသည့် ဖလော်ရီဒါမှ အထက်လွှတ်တော်အမတ် မာကို ရူဘီယိုတို့ ပါဝင်နေသည်။

    ဟီလာရီ၏ ထိုကဲ့သို့ မဲဆွယ်ခြင်းမှာ အမေရိကန်အစိုးရအတွင်းမှ ၂ နှစ်ကြာ ထွက်ခွာပြီးနောက်ပိုင်း နိုင်ငံရေးလောကအတွင်းသို့ တရားဝင် ပြန်လည်ဝင်ရောက်လာခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    ဟီလာရီမှာ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က အလုပ်တွင် ၎င်း၏ ကိုယ်ပိုင်အီးမေးလ် အသုံးပြုမှုနှင့်
    အစိုးရတာဝန်ထမ်းဆောင်နေစဉ် ကလင်တန်ဖောင်ဒေးရှင်းအတွက် နိုင်ငံရပ်ခြားအစိုးရများမှ အလှူငွေ ဒေါ်လာ သန်းနှင့်ချီ၍ ရယူခဲ့မှုတို့အတွက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဝေဖန်ခံခဲ့ရသည်။

    Ref: Aljazeera

  • ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးနှင့်တူသည်ဟု မာရာဒိုနာပြော

    ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးနှင့်တူသည်ဟု မာရာဒိုနာပြော

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    van gal

    – ကိုလံဘီယာတိုက်စစ်မှူး ရာဒါမဲလ် ဖယ်လ်ကာအိုအား ဆက်ဆံမှုနှင့်ပတ်သက်၍ မန်ယူတိုက်စစ်မှူး ဗန်ဂါးလ်အား မာရာဒိုနာက ဝေဖန်လိုက်ပြီး ဗန်ဂါးလ်မှာ မကောင်းဆိုးဝါးဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီက မိုနာကိုမှ မန်ယူသို့ အငှားဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဖယ်လ်ကာအိုမှာ ပရီးမီးယားလိဂ်တွင် ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး အပြီးသတ်ပြောင်းရွှေ့မှုမှာလည်း ဖြစ်လာနိုင်သည့် အလားအလာ မရှိတော့ပေ။ မာရာဒိုနာကမူ ဖယ်လ်ကာအို ခြေစွမ်းမပြနိုင်မှု၏ ပြဿနာမှာ ဗန်ဂါလ်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    “ဗန်ဂါးလ်ဟာ အေးအေးဆေးဆေး လူတစ်ယောက် မဟုတ်ပါဘူး။ သူဟာ မကောင်းဆိုးဝါးနဲ့ တူပါတယ်” ဟု ကိုလံဘီယာတွင် ကစားမည့် ငြိမ်းချမ်းရေးသရုပ်ပြပွဲမတိုင်ခင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုပွဲ၌ ပါဝင်မည့် မာရာဒိုနာက တင်းထောက်များအား ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းတွင် ဖယ်လ်ကာအိုမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ မာရာဒိုနာကမူ ဖယ်လ်ကာအို ပါဝင်ပါက ကိုလံဘီယာအသင်းမှာ အောင်မြင်မှုတစ်ခုခု ရရှိမည်ဟု ဆိုသည်။

    “တကယ်လို့ ဖယ်လ်ကာအိုသာ ပါဝင်မယ်ဆိုရင် ကိုလံဘီယာဟာ ကမ္ဘာ့ဖလားအောင်မြင်မှုကို ရကောင်းရနိုင်မှာပါ။ သူ့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာကြောင့် ဖယ်လ်ကာအိုဟာ ချန်လှပ်ခံခဲ့ရပါတယ်။ ပြင်သစ်ကနေ အင်္ဂလန်ကို ပြောင်းသွားတဲ့အခါမှာလည်း သူဟာ ခက်ခဲခဲ့ပါတယ်။ ပြီးတော့ သူဟာ အသားကျဖို့ လိုအပ်နေပါတယ်” ဟု မာရာဒိုနာက ဆိုသည်။

    ထို့ပြင် ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး ဂျိမ်စ်ရော်ဒရီဂက်စ်ကိုမူ ချီးကျူးခဲ့သည်။

    “ဂျိမ်းစ်ဟာ ပါရမီရှိတဲ့ ဘယ်ခြေပိုင်ရှင်တစ်ယောက်ပါ။ အခြားသော ဘယ်ခြေကစားသမားတွေလိုပါပဲ သိမ်မွေ့တယ်။ စံပြကစားသမားလည်း ဖြစ်ပါတယ်”

    Ref: Goal

  • ဆော်ဒီရှိ သမိုင်းဝင်မြို့တစ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း စတင်

    ဆော်ဒီရှိ သမိုင်းဝင်မြို့တစ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်း စတင်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    Ad-Dir’Iyah

    – ဆော်ဒီအာရေဗျနိုင်ငံ၏ သမိုင်းဝင်မြို့ဖြစ်သော ဒီရီယာရှိ ဗလီဝတ်ကျောင်းတော် ၃၄ လုံးနှင့် အဆောက်အဦးများကို မူလလက်ရာမပျက် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ဆော်ဒီဘုရင်ကြီး ဆလ်မန်က အတည်ပြုခဲ့သည်ဟု Saudi Press Agency (SPA) က ဖော်ပြခဲ့သည်။

ုဘုရင်ကြီး၏ အတည်ပြုမှုကို ဆော်ဒီ ခရီးသွားလာရေးနှင့် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာကော်မရှင် အကြီးအကဲ မင်းသားဆူလ်တန် ဘင် ဆလ်မန်က အလ်-ဘူဂျိုင်ရီ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖွင်ဖွဲ့အခန်းအနားတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းမှာ ရှေးဟောင်းမြို့ဖြစ်သော ဒီရီယာမြို့ ဖွံ့ဖြိုးတိုးတက်ရေး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

    ဒီရီယာမြို့ ဖွံ့ဖြိုးတိုးတက်ရေး အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မင်းသား ဆူလ်တန်က “ဒါဟာ ဘုရင်ကြီး နန်းတက်ပြီးကတည်းက ပထမဆုံး ဆောင်ရွက်တဲ့ စီမံကိန်းပါပဲ” ဟု ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်း၌ ကျောင်းသား တစ်သန်းအား နိုင်ငံအတွင်း လှည့်လည် ခရီးသွားလေ့လာနိုင်ရန် ဆောင်ရွက်ပေးမည့် “Live Saudi Arabia” အစီအစဉ်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကာ ဒီရီယာမြို့တွင် အမျိုးသားအမွေအနှစ် စင်တာနှင့် ပြခန်းကိုလည်း မကြာမီ တည်ဆောက်သွားမည်ဟု ဆူလ်တန်က ဆိုသည်။

    ဒီရီယာမြို့မှာ ယူနက်စကို၏ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်စာရင်း၌ ပါဝင်ပြီး အဆိုပါမြို့ ဖွံ့ဖြိုးတိုးတက်ရေး ပထမအဆင့်တွင် လူနေအိမ်ရာများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ ဗလီဝတ်ကျောင်းတော်များနှင့် ကွယ်လွန်သွားပြီဖြစ်သည့် အီမာမ်မိုဟာမက် ဘင် ဆာအွဒ်၊ ရှိခ်မိုဟာမက်ဘင် အဘ်ဒွလ်ဝါဟဘ်တို့၏ စာသင်ကျောင်းများ ပြန်လည်ပြုပြင် တည်ဆောက်ရေးတို့လည်း ပါဝင်မည်ဖြစ်သည်။

    အလ်-ဘူဂျိုင်ရီ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖွင့်ပွဲအခမ်းအနားတွင် ဘုရင်ကြီး ဆလ်မန်မှာ ရှေးဟောင်း သမိုင်းဝင်လက်ရာများဖြင့် အထူးတည်ဆောက်မည့် ဟိုတယ်တစ်ခုကို အုတ်မြစ်ချပေးခဲ့ပြီး စီမံကိန်းနှင့်ပတ်သက်၍ အကျဉ်းချုံး ပြောကြားခဲ့ကာ နောက်ပိုင်းတွင် စီမံကိန်းနေရာသို့ လှည့်လည်ကြည့်ရှုခဲ့သည်။

    Ref: Alarabiya

  • PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    terry's PFA

    – ချယ်ဆီးအသင်းအခေါင်းဆောင် ဂျွန်တယ်ရီက PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံးအသင်းအတွက် ၎င်း၏ မဲပေးမှုကို ဖော်ထုတ်လိုက်ပြီး ထိုအထဲတွင် အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးလ် အလယ်တန်းလူ ဖိလစ်ပီ ကော်တင်ဟိုအား ရွေးချယ်ထားသည်။

    ယခုနှစ် လီဗာပူးလ်အား ချယ်ဆီးက ရှုံးနိမ့်ခဲ့သည့် ၃ ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီမှာ ဘရာဇီးလ်ကစားသမား ကော်တင်ဟို၏ စွမ်းရည်ကို အထင်ကြီးခဲ့သည်။ ကော်တင်ဟိုမှာ ပရီးမီးယားလိဂ်တွင် ၄ ဂိုးသာ သွင်းထားသည်။

    အကောင်းဆုံး လူငယ်ကစားသမားစာရင်းတွင်မူ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအား တယ်ရီက ရွေးချယ်ခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ဟယ်ရီကိန်းမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်တွင် ၁၉ ဂိုး သွင်းယူပေးထားပြီး PFA ၏ အကောင်းဆုံး လူငယ်ကစားသမားစုကို ရရှိရန် သေချာနေသည်။

    တစ်နှစ်တာအကောင်းအဆုံးအသင်း၏ ဂိုးသမားနေရာ၌ မန်ယူတွင် အကောင်းဆုံး လက်စွမ်းပြနေသည့် ဒေးဗစ် ဒီ ဂီယာကို ရွေးခဲ့ပြီး နောက်ခံလူနေရာများတွင် ဆောက်သက်တမ်မှ ၃ ဦးနှင့် အာဆင်နယ်မှ ကွန်စီယဲလ်နီတို့ ပါဝင်ခဲ့သည်။

    အလယ်တန်းနေရာတွင် လီဗာပူးလ်မှ ကော်တင်ဟိုနှင့် စတာလင်၊ ချယ်ဆီးမှပြောင်းသွားပြီး မန်ယူတွင် ရုန်းကန်ခဲ့ရကာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းများ ပြန်ရခဲ့သည့် ဂျူအန်မာတာနှင့် ဆောက်သက်တမ်မှ ဆာဒီယို မန်နီတို့ကို ရွေးချယ်ခဲ့သည်။

    ရှေ့တန်းတွင်မူ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေသည့် မန်စီးတီးတိုက်စစ်မှူး အဂူရိုနှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အား ရွေးချယ်ထားသည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားများ မဲပေးရာတွင် ၀က်စ်ဘရွန်း အလယ်တန်းလူ မူလမ်ဘူမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားနေရာတွင် ဟယ်ရီကိန်းနှင့် အကောင်းဆုံး လူငယ်ကစားသမားနေရာတွင် ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်တို့အား မှားယွင်းဖြည့်စွက်မိသည်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Goal.com