News @ M-Media

Blog

  • အီရတ်ဝန်ကြီးချုပ်ကို ဗုံးတပ်ဒရုန်းဖြင့် လုပ်ကြံမှုဖြစ်ပွား

    အီရတ်ဝန်ကြီးချုပ်ကို ဗုံးတပ်ဒရုန်းဖြင့် လုပ်ကြံမှုဖြစ်ပွား

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အီရတ်ဝန်ကြီးချုပ် မွတ်စ်တာဖာ အလ်-ကဒ်ဟီမီရဲ့ နေအိမ်ကို မနေ့က ဒရုန်းနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်က အထိအခိုက်မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။

    ဖောက်ခွဲရေးပစ္စည်း တပ်ဆင်ထားတဲ့ ဒရုန်း ၃ စင်းဟာ ဝန်ကြီးချုပ်နေအိမ်ကို ချဉ်းကပ်လာရာမှာ ၂ စင်းကို အစောင့်တွေက ဖျက်ဆီးနိုင်ခဲ့ပြီး တစ်စင်းက အိမ်တော်ကို ထိခိုက်ကာ ပေါက်ကွဲခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း လုံခြုံရေးအစောင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လဲဆိုတာ မသိရပါဘူး။ ဝန်ကြီးချုပ် အိမ်တော်ဟာ အစိုးရရုံးတွေ နိုင်ငံခြားသံရုံးတွေရှိရာ ဘဂ္ဂဒတ်မြို့ရဲ့ လုံခြုံရေးထူထပ်တဲ့ အစိမ်းရောင်ဇုန်အတွင်း ရှိနေတာ ဖြစ်ပါတယ်။ အီရတ်စစ်တပ်အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူက အစိမ်းရောင်ဇုန်ရဲ့လုံခြုံရေး တည်ငြိမ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အောက်တိုဘာ ၁၀ ရက်နေ့ ရွေးကောက်ပွဲမှာ အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ အီရန်ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီတွေကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား တင်းမာမှုဖြစ်ပွားပြီး ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။

    ဝန်ကြီးချုပ် ကဒ်ဟီမီနဲ့ ထိပ်တန်းဗိုလ်ချုပ်တွေ ဒီကနေ့ အစည်းအဝေးလုပ်နေတဲ့ ဗီဒီယိုကို ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ကြေငြာချက်မှာ ဝန်ကြီးချုပ်ကို လုပ်ကြံဖို့ ရည်ရွယ်တဲ့ ဒီတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    သမ္မတ ဘာဟမ် ဆာလီကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကျူးလွန်မှု Crimes Against Humanity မြောက်

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ကျူးလွန်မှု Crimes Against Humanity မြောက်

    နိုဝင်ဘာ ၇၊ ၂၀၂၁
    M-Media

    -ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန်တွေမှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု’ (Crimes Against Humanity) မြောက်တယ်ဆိုတဲ့ အထောက်အထားတွေကို ကနဦးစုံစမ်းစစ်ဆေးမှုမှာ တွေ့ရကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ပြော ကြားလိုက်ပါတယ်။

    IIMM အဖွဲ့ အကြီးအကဲ နီကိုလက်စ် ကွမ်ဂျီယန်ရဲ့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ဆက်သွယ်ပြောဆိုမှုပေါင်း ၂ သိန်းကျော်၊ သက်သေအထောက်အထားပေါင်း ၁.၅ သန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။ ဒီကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို တစ်ချိန်မှာ တရားဥပဒေရှေ့​မှောက် ခေါ်ဆောင်နိုင်ဖို့အတွက် ရရှိထားတဲ့ အထောက်အထားတွေကို လေ့လာဆန်းစစ်နေတယ်လို့လည်း ကွမ်ဂျီယန်က ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေမှာ ပုံစံတူနည်းလမ်းတွေကို တစ်ပြိုင်တည်း အသုံးပြုတာမျိုး တွေ့ရပြီး အထက်ကချမှတ်တဲ့ မူဝါဒကို အကောက်အထည်ဖော်တာမျိုး ဖြစ်တယ်ဆိုတာ ကောက်ချက်ချလို့ရကြောင်း IIMM အကြီးအကဲက မှတ်ချက်ပြုပါတယ်။

    မြန်မာစစ်တပ်က ပြည်သူလူထု၊ တိုင်းရင်းသားနဲ့ အခြားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကျူးလွန်တာကို စုံစမ်းဖော်ထုတ်ဖို့အတွက် IIMM ကို ၂၀၁၈ ခုနှစ် စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာပါ။ ရှေ့နေတစ်ဦးဖြစ်ပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို ကျွမ်းကျင်နားလည်တဲ ကွမ်ဂျီယန်ကို ကုလ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က IIMM အကြီးအကဲအဖြစ် ၂၀၁၉ ခုနှစ်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဂျာနယ်လစ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ နိုင်ငံ​ရေး အတိုက်အခံတွေ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးကို ပစ်မှတ်ထားပြီး ဥပဒေကို ချိုးဖောက်ကာ ဖမ်းဆီးနှိပ်ကွပ်တာတွေ လုပ်ဆောင်တယ်လို့ ကွမ်ဂျီယန်က ပြောပါတယ်။

    IIMM ရဲ့ တာဝန်ထဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့၊ ရရှိတဲ့ရလဒ်တွေကို ကုလရဲ့ လူ့အခွင့်အရေးကောင်စီ၊ နိုင်ငံတကာ ခုံသမာဓိရုံး (ICJ) တို့ကို မျှဝေကာ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။

    Ref: Vatican News

  • အာဖဂန်ရှိ မိန်းကလေးကျောင်း ၁၀ ကျောင်းကို တူရကီပြန်ဖွင့်

    အာဖဂန်ရှိ မိန်းကလေးကျောင်း ၁၀ ကျောင်းကို တူရကီပြန်ဖွင့်

    နိုဝင်ဘာ ၅၊ ၂၀၂၁
    M-Media


    -အာဖဂန်နစ္စတန်က မိမိတို့ တည်ထောင်ထားတဲ့ အမျိုးသမီးစာသင်ကျောင်း ၁၄ ကျောင်းက ၁၀ ကျောင်းကို ပြန်ဖွင့်လိုက်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က မနေ့က​ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    တူရကီအစိုးရက အထောက်အပံ့ပေးထားတဲ့ အကူအညီပေးရေးအဖွဲ့ Maarif Foundation ဟာ အာဖဂန်နစ္စတန်မှာ စာသင်ကျောင်းပေါင်း ၈၀ ဖွင့်လှစ်ထားပြီး အဲဒီအထဲက ၁၄ ကျောင်းက အမျိုးသမီးသီးသန့်ကျောင်းတွေ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး Cavusoglu က တူရကီဟာ အာဖဂန်အမျိုးသမီးတွေကို ပံ့ပိုးကူညီရေး သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်နေပြီး မိမိကိုယ်တိုင်လည်း တာလီဘန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံကာ နိုင်ငံအတွင်းက အဖွဲ့အစည်းအားလုံး သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ မနေ့က လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အကြံပြုနေတာနဲ့ မလုံလောက်ပါဘူး။ ဒါ့ကြောင့် Maarif Foundation က စီမံနေတဲ့ ကျောင်း ၁၄ ကျောင်းက ၁၀ ကျောင်းကို ပြန်ဖွင့်လိုက်ပါတယ်”

    တူရကီဟာ အာဖဂန်မှာ သံရုံးဆက်လက်ထားရှိတဲ့ တစ်ခုတည်းသော နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ အာဖဂန်တစ်နိုင်ငံလုံးအဆင့် ပထမရခဲ့တဲ့ သမီးငယ် ဆီလီဂျီ အစ္စမာအီလ်ကို တူရကီမှာ ကျောင်းလာတက်ဖို့ ပညာတော်သင်ဆု ပေးခဲ့တယ်လို့လည်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    “တူရကီအစိုးရရဲ့ ပညာသင်ဆုအဖြစ် ဆီလီဂျီ အစ္စမာအီလ်ဟာ တူရကီမှာ ဆေးကျောင်းတက်ခွင့်ရမှာပါ။ တာလီဘန်တွေဆီက သူမရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်”

    တာလီဘန်အုပ်စိုးမှုနောက်ပိုင်း နိုင်ငံတကာအကူအညီတွေ ရပ်သွားတာ၊ စီးပွားရေး ပြိုလဲလုနီးနီးဖြစ်နေတာ၊ မိုးခေါင်ရေရှားတာတွေကြောင့် အာဖဂန်ပြည်သူတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး Cavusoglu က မိမိတို့အနေနဲ့ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    တူရကီဟာ ကဘူးလ်မြို့မှာရှိတဲ့ နိုင်ငံတကာလေဆိပ်ကို စီမံဖို့လည်း တာလီဘန်နဲ့ ဆွေးနွေးနေပါတယ်။

    တာလီဘန်ဟာ ဩဂုတ်လက တစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်တင်ဘာလမှာ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမယ့် အလယ်တန်းကျောင်းမှာ မိန်းကလေးငယ်တွေကို တက်ခွင့် မပေးပါဘူး။

    Ref : Al Arabiya

  • ကိုဗစ်ကို သောက်ဆေးဖြင့် ကု၍ ရပြီ

    ကိုဗစ်ကို သောက်ဆေးဖြင့် ကု၍ ရပြီ

    နိုဝင်ဘာ ၅၊ ၂၀၂၁
    M-Media

    -ကိုဗစ်ရောဂါကုသရာမှာ အသုံးပြုနိုင်မယ့် သောက်ဆေးတစ်မျိုးကို ယူကေ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုကာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။

    Molnupiravir လို့ အမည်ပေးထားတဲ့ အဲဒီသောက်ဆေးကို Merck နဲ့ Ridgeback Biotherapeutics ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ဖြစ်ကြောင်း တွေ့ရှိပြီး၊ ဒါမှမဟုတ် ကိုဗစ်လက္ခဏာပေါ်ပြီး ချက်ခြင်းသောက်ရမယ်လို့ ယူကေအစိုးရရဲ့ ကျန်းမာရေးနဲ့ ဆေးဝါးအဖွဲ့ (MHRA) က မနေ့မှာ ထုတ်ပြန်ပါတယ်။

    ဒါဟာ ကိုဗစ်ကုသရေးမှာ သောက်ဆေးတစ်မျိုးကို အစိုးရကျန်းမာရေးအဖွဲ့အစည်းက ပထမဆုံး ခွင့်ပြုချက် ပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ဒီဆေးကို အသုံးပြုခွင့် ပေးမလားဆိုတာ ဒီလအတွင်း ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်ဟာ ၅.၂ သန်းကျော် ရှိနေပြီး တိုက်ဖျက်ဖို့အတွက် လက်ရှိအချိန်အထိ ကာကွယ်ဆေးကိုသာ အဓိက အားထားနေရတာဖြစ်ပါတယ်။ ပိုးသတ်ဆေး Remdesivir နဲ့ စတီယိုရွိုက်ဆေး Dexamethasone လို ကုသဆေးတွေ ရှိပေမယ့် ဆေးရုံတက်ရတဲ့ လူနာတွေမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

    ကိုဗစ်လက္ခဏာ ပြင်းထန်တဲ့သူတွေကို ရောဂါစဖြစ်ဖြစ်ခြင်း Molnupiravir ဆေး တိုက်မယ်ဆိုရင် ဆေးရုံတက် ကုသမှု ခံယူရတာ ဒါမှမဟုတ် အသက်ဆုံးရှုံးတာတွေကို ၅၀ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်ကြောင်း ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့တဲ့ စမ်းသပ်မှုရလဒ်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီကတည်းက ဒီဆေးကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်ခဲ့ကြတာပါ။

    ယူကေမှာ ဒီဆေးကို Lagevrio လို့ အမည်ပေးကာ ဖြန့်ချီမှာဖြစ်ပြီး ကိုဗစ်သမားတွေဟာ တစ်ရက် ၂ ကြိမ်နဲ့ ၅ ရက် သောက်ရာမှာ ဖြစ်ပါတယ်။ Molnupiravir ကို ကိုဗစ်ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်မလားဆိုတာကို စမ်းသပ်နေပြီး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    လက်ရှိလေ့လာမှုတွေအရ ဒီဆေးဟာ ကူးစက်မြန် ပုံပြောင်းကိုဗစ် Delta အပါအဝင် ကိုဗစ်မျိုးကွဲအားလုံးအတွက် ထိရောက်မှုရှိတယ်ဆိုတာ ​ တွေ့ရပါတယ်။

    Ref: Reuters

  • စစ်ကောင်စီလက်ထဲတွင် ကိုဗစ်အတွက် ၎င်းတို့ပေးထားသည့် ဒေါ်လာ သန်း ၃၀၀ ကျော် ပျောက်ဆုံးနေဟု IMF ပြော

    စစ်ကောင်စီလက်ထဲတွင် ကိုဗစ်အတွက် ၎င်းတို့ပေးထားသည့် ဒေါ်လာ သန်း ၃၀၀ ကျော် ပျောက်ဆုံးနေဟု IMF ပြော

    နိုဝင်ဘာ ၄၊ ၂၀၂၁
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးမှာအသုံးပြုဖို့ မြန်မာနိုင်ငံကို ထောက်ပံ့ပေးထားတဲ့ ​​ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီလက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    အဲဒီငွေတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာမသိမ်းခင် ၂ ရက်အလိုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထဲ IMF က ပေးအပ်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီလက်ထက်မှာ ဒီငွေတွေကို ကိုဗစ်တိုက်ဖျက်ရေးအတွက် သုံးတာမျိုး မတွေ့ရဘဲ ၈ လကြာပြီးနောက်ပိုင်း ဒီငွေ ဘယ်ရောက်သွားလဲဆိုတာ စုံစမ်းလို့မရဘူးလို့ IMF ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီရိုက်စ်က ပြောပါတယ်။

    “ဒီငွေတွေကို ရည်ရွက်ချက်အတိုင်း ကိုဗစ်တိုက်ဖျက်ရေး၊ ဘေးဒုက္ခအခံရဆုံးသူတွေကို ကူညီရေးမှာ အသုံးပြုတယ်ဆိုတဲ့ အထောက်အထားမျိုး ရှာလို့မတွေ့ပါဘူး”

    အာဏာသိမ်းစစ်ကောင်စီဟာ အရင် အရပ်သားအစိုးရလိုမျိုး ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    IMF က ပေးအပ်တဲ့ ငွေထဲကနေ ကျပ်သန်းပေါင်း ၁၀၀ (ဒေါ် ၅၅၀၀၀) တန်ဖိုးရှိတဲ့ ကုန်ကျမှုတိုင်းကို လူသိရှင်ကြား ကြေငြာမှာဖြစ်ပြီး၊ စာရင်းအသေးစိတ်ကို ၃ လတစ်ကြိမ် စာရင်းစစ်ချုပ်က ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ကတိပြုခဲ့တာပါ။

    ကိုဗစ်တိုက်ဖျက်ရေးအတွက် IMF ဟာ ၂၀၂၀ ခုနှစ် ဇွန်လတုန်းကလည်း ကန်ဒေါ်လာ ၃၅၆ သန်း NLD အစိုးရကို ပေးအပ်ခဲ့ပါတယ်။ ဒီ နှစ်ရှည်ချေးငွေ နှစ်ခုစလုံးဟာ ဝင်ငွေနည်းတဲ့ တိုင်းပြည်တွေမှာ ကျန်းမာရေးအသုံးစားရိတ် မြင့်တက်လာရေး၊ အခွန်လျှော့ပေါ့မှု လုပ်ဆောင်နိုင်ရေ၊း ချို့တဲ့သူတွေကို ထောက်ပံ့နိုင်ရေး IMF ရဲ့ စီမံကိန်းကနေ ထုတ်ပေးတာ ဖြစ်ပါတယ်။

    Ref : The Diplomat