News @ M-Media

Blog

  • ပြင်သစ်နိုင်ငံအား ဆဲရေးခဲ့သည့် အီဗရာဟီမိုဗစ် ၄ ပွဲပယ်ခံရ

    ပြင်သစ်နိုင်ငံအား ဆဲရေးခဲ့သည့် အီဗရာဟီမိုဗစ် ၄ ပွဲပယ်ခံရ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    zlatan-ibrahimovic-paris-saint-germain-psg_1de4pvallx8kp1qh6x9vrmhcod

    – လိဂ်ဝမ်းပွဲစဉ်တစ်ခုတွင် ပြင်သစ်နိုင်ငံအား ဆဲရေးတိုင်းထွာခဲ့သည့် ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်အား ပြင်သစ်ဘောလုံးအဖွဲ့ချုပ် LFP က ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့်လက ဘော့ဒိုးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အီဘရာဟီမိုဗစ်မှာ ကွင်းလယ်ဒိုင်လူကြီးကို နှုတ်ဖြင့် စော်ကားပြောဆိုခဲ့ပြီး ပြင်သစ်နိုင်ငံကိုလည်း ဆဲရေးတိုင်းထွာခဲ့ကာ ၎င်း၏ ထိုပြောကြားမှုများကို ရုပ်သံကင်မရာမှ မှတ်တမ်းတင်ထာနိုင်ခဲ့သည်။

    ထိုကဲ့သို့ မဆင်မခြင်ပြောဆိုမှုကြောင့် မိုဗစ်မှာ ဝေဖန်မှုများကို ခံခဲ့ရပြီး ပြင်သစ်ဝန်ကြီးချုပ်ပင် ၎င်းအား ဝေဖန်ပြောဆိုခဲ့သည်။

    မိုဗစ်ကမူ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့ပြီး ပြင်သစ်နိုင်ငံအပေါ် ထိုကဲ့သို့ သဘောထားရှိပါက ပီအက်စ်ဂျီအသင်းနှင့်ပင် သက်တမ်းတိုးမည်မဟုတ်ဟု ကာကွယ်ပြောကြားခဲ့သည်။ သို့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကမူ အီဗရာဟီမိုဗစ်အား ၄ ပွဲပယ်ရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့သည့်အတွက် လာမည့် လိဂ်ဝမ်းပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။

    အင်္ဂါနေ့က ပြင်သစ်ရှုံးထွက်ဖလားတွင် ဟက်ထရစ်သွင်းယူခဲ့ပြီး ပုံစံကောင်းများ ပြသနေသည့် အီဗရာဟီမိုဗစ်၏ ထိုပြစ်ဒဏ်မှာ ပီအက်စ်ဂျီအသင်းအတွက် ထိုးနှက်ချက်လည်း ဖြစ်လာမည်ဖြစ်သည်။

    ပီအက်စ်ဂျီမှာ အမှတ်ပေးဇယားထိပ်တွင် ဒုတိယနေရာမှ လိုင်ယွန်အသင်းအား ၁ မှတ်ဖြတ်၍ ဦးဆောင်နေပြီး ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့ကာ အီဗရာဟီမိုဗစ်မှာ ၃ ပွဲသာ ပါဝင်ကစားခွင့်ရတော့မည်ဖြစ်သည်။

    မိုဗစ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ချယ်ဆီးနှင့်ပွဲတွင် အထုတ်ခံရသောကြောင့် လာမည့်သီတင်းပတ်တွင် ကစားမည့် ဘာစီလိုနာနှင့် ကွာတားဖိုင်နယ်တွင်လည်း ပါဝင်ခွင့်ရမည်မဟုတ်ပေ။

    Ref: Goal.com

  • ပင်နယ်တီကန်သွင်းချိန် အသင်းခေါင်းဆောင်လက်ပတ် ချွတ်ခဲ့တဲ့ နျူအာ

    ပင်နယ်တီကန်သွင်းချိန် အသင်းခေါင်းဆောင်လက်ပတ် ချွတ်ခဲ့တဲ့ နျူအာ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    neur

    – ဗုဒ္ဓဟူးနေ့က လေဗာကူဆင်နှင့်ပွဲ ပင်နယ်တီကန်ရာတွင် အသင်းခေါင်းဆောင်လက်ပတ်အား ချွတ်ပစ်လိုက်ခြင်းမှာ ဖိအားများ လျော့ပါးစေရန်ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်ဂိုသမား နျူအာက ပြောကြားလိုက်သည်။

    DFB-Pokal ကွာတားဖိုင်နယ်တွင် နှစ်သင်းစလုံးမှာ ပွဲချိန် ၁၂၀ ပြည့်သည်အထိ ဂိုးမသွင်းနိုင်ခဲ့သောကြောင့် ပင်နယ်တီကန်ရာ ဘိုင်ယန်က ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    အသင်းခေါင်းဆောင် ဖိလစ်လမ်း လူစားလဲခံရပြီးနောက် အသင်းခေါင်းဆောင်အဖြစ် လွှဲပြောင်းတာဝန်ယူခဲ့ရသည့် နျူအာမှာ ပင်နယ်တီကန်သည့်အချိန်တွင် အသင်းခေါင်းဆောင်လက်ပတ်အား ချွတ်ပစ်ခဲ့သည်။

    ထိုလုပ်ရပ်အတွက် အံသြခဲ့ရသော်လည်း နျူအာကမူ ဖိအားမြင့်နေသည့် ပင်နယ်တီကန်သွင်းချိန်တွင် မိမိအပေါ် စိတ်ပိုင်းဆိုင်ရာ နောက်ထပ်ဖိအားများ မရှိစေရန် ချွတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    “(ချွတ်လိုက်မှ) နေသာထိုင်သာရှိသွားပါတယ်။ ဒီလက်ပတ်ကိုဝတ်ထားတဲ့အခါ အမြဲတမ်း ဖိအားနည်းနည်းတော့ ရှိပါတယ်။ ပင်နယ်တီကန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် တတ်နိုင်သမျှအားလုံး လုပ်ဖို့ လိုပါတယ်။ လေဗာကူဆင်ပွဲ အပါအ၀င် ပင်နယ်တီတိုင်းဟာ တော်တော်ကောင်းကောင်း ကန်သွင်းကြတာပါ။ ဘယ်အသင်းမဆို ပင်နယ်တီမှာ ရှုံးတာကို အခံရခက်ကြပါတယ်” ဟု နျူအာက ပွဲအပြီးတွင် DFB-Pokal ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ထို့ပြင် အဓိက ကစားသမားများဖြစ်သည့် ရီဘာရီ၊ ရော်ဘင်တို့ မပါဝင်သော်လည်း ရလဒ်ကောင်းအောင်

    ဆောင်ရွက်နိုင်ခဲ့သည့် အသင်းကို နျူအာက ချီးကျူးခဲ့ပြီး၊ လက်ရှိဒဏ်ရာပြဿနာက အသင်းအား ရိုက်ခတ်မှုရှိမည်ဟုလည်း ပြောကြားခဲ့သည်။ဘိုင်ယန်မှာ DFB-Pokal ဆီမီးဖိုင်နယ်တွင် ဒေါ့မွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal.com

  • ပရီးမီးယားလိဂ်ရမည်ဟု ဟာဇာ့ဒ်ယုံကြည်နေ

    ပရီးမီးယားလိဂ်ရမည်ဟု ဟာဇာ့ဒ်ယုံကြည်နေ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    eden-hazard-chelsea_tr5pev4gaqfp1a0rtoq0rjldv

    – အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည့် မိမိတို့အသင်း၏ ယုံကြည်ချက်မြင့်မားခြင်းက ပရီးမီးယားလိဂ်ဖလားအား
    မျက်စောင်းထိုးနေသည်ဟု ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အေဒင် ဟဇာ့ဒ်က ပြောကြားလိုက်သည်။

    ရာသီကုန်ရန် ၇ ပွဲသာ လိုတော့ချိန်တွင် ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်ထက် တစ်ပွဲလျော့ ၇ မှတ်ဖြင့် ဇယားအား ဦးဆောင်ထားနိုင်ခြင်းဖြစ်ပြီး ဟဇာ့ဒ်ကမူ အသင်းကစားသမားများမှာ ကျန်ရှိသည့် ပွဲများကို အာရုံစိုက်ထားသည်ဟု ဆိုသည်။ သို့သော်လည်း ၂၀၀၉.-၂၀၁၀ နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည်ဟု ယုံကြည်နေသည်။

    “ကျွန်တော်တို့ အသင်းလိုက် ယုံကြည်မှုရှိနေပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးရောက်နေပြီး တစ်ပွဲပြီးတစ်ပွဲ ကစားသွားရုံပါပဲ။ စတုတ်နဲ့ပွဲမှာ ကျွန်တော်တို့ဟာ လှလှပပ ကစားနိုင်ခဲ့ပါတယ်။ သုံးလေးဂိုးလောက် သွင်းဖို့ ကျွန်တော်တို့ ထိုက်တန်ခဲ့တာပါ။ ဒါပေမယ့် အရေးပါဆုံးက နိုင်ပွဲရခဲ့တာပါပဲ။ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ကျွန်တော်တို့ ဖလားကြီး သယ်လာချင်ပါတယ်” ဟု ဟဇာ့ဒ်က Daily Express သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ တနင်္ဂနွေနေ့တွင် ကျူပီအာရ်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။

    Ref: Goal.com

  • သောကြာဒေသနာများမှတစ်ဆင့် တောင်အာဖရိကမွတ်စလင်များ IS ကို တိုက်ဖျက်မည်

    သောကြာဒေသနာများမှတစ်ဆင့် တောင်အာဖရိကမွတ်စလင်များ IS ကို တိုက်ဖျက်မည်

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    9-4-15_S-Africa-Imams-Fight-ISIL-in-Friday-Sermon

    – တောင်အာဖရိက မွတ်စလင်အသိုင်းအ၀ိုင်းရှိ ရှေ့ဆောင်အီမာမ်များမှာ သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် အစ္စလာမ်နှင့်ပတ်သက်၍ နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားကာ IS အဖွဲ့၏ ကျော့ကွင်းထဲသို့ မွတ်စလင်များ ၀င်ရောက်မှု မဖြစ်စေရန်အတွက် အသိပညာပေးခြင်းများကို ပြုလုပ်မည်ဟု သိရသည်။

    “IS ဆိုတာဟာ အစ္စလာမ့်နိုင်ငံတော် မဟုတ်ပါဘူး။ နိုင်ငံရေး အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်” ဟု တောင်အာဖရိက မွတ်စလင် တရားရေးကောင်စီ MJC မှ ပြောရေးဆိုခွင့်ရှိသော အမျိုးသမီး နာဘီဝီယာ မာလစ်က Independen Online သို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မာလစ်က MJC မှ အဖွဲ့ဝင် ရှေ့ဆောင်အီမာမ်များမှ IS ၏ အယူအဆ အမှားများ ဒေသတွင်းရှိ မွတ်စလင်များထံသို့ ကူးဆက်လာခြင်းမရှိစေရန် ပညာပေးမှုများကို သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် ဆောင်ရွက်သွားရန် ရှိနေသည်ဟုကြေညာခဲ့သည်။ ထို့ပြင် IS အဖွဲ့မှာ အစ္စလာမ်ကို ကိုယ်စားပြုသော အဖွဲ့မဟုတ်သည်ကို ၀တ်ပြုရန် လာရောက်ကြသူများအား ရှင်းပြရန် အရေးကြီးသည်ဟု သူမက အခိုင်အမာ ပြောကြားခဲ့သည်။

    တောင်အာဖရိက အာဏာပိုင်များမှာ ကိပ်တောင်းမြို့မှ လေယာဉ်ဖြင့် ထွက်ခွာကာ IS အဖွဲ့နှင့် သွားပေါင်းမည်ဟု ယူဆရသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တားဆီးခဲ့ပြီးနောက် တောင်အာဖရိက မွတ်စလင်များ၏ စိုးရိမ်ပူပန်မှုများမှာလည်း မြင့်တက်လာခဲ့သည်။

    “IS က အသုံးပြုနေတဲ့ နည်းဗျူဟာကို နားလည်ထားတာဟာ ကျွန်မတို့အတွက် ကောင်းပါတယ်။ သူတို့ပေးတဲ့ အကျိုးအမြတ်တွေကို ကျွန်မတို့ သိဖို့လိုတယ်။ ဒီကောင်မလေးကို သူတို့ ဘယ်လိုချဉ်းကပ်ခဲ့တာလဲ။ ကျလောက်အောင် ပြောခဲ့တာလား။ ဒါမှတ်မဟုတ် သူငယ်ချင်း ပုံစံမျိုးနဲ့လား။ လူငယ်တွေကို သွေးဆောင်ဖျားယောင်းတာလား။ အွန်လိုင်းပေါ်က သူတို့ရဲ့ အပြုအမူနဲ့ လုပ်ရပ်တွေက ဘာတွေလဲ။ စသဖြင့်ပေါ့လေ” ဟု မာလစ်က ထပ်လောင်းပြောကြားခဲ့သည်။

    တောင်အာဖရိက လုံခြုံရေးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေအများအပြားကို သိမ်းယူထားသော IS အဖွဲ့မှာ တောင်အာဖရိကနိုင်ငံတွင် လူသစ်စုဆေင်းရေးကွန်ယက် ရှိနေသလားဆိုသည်ကို စုံးစမ်းစစ်ဆးလျက်ရှိနေကြောင်း ဖော်ပြခဲ့သည်။

    မာလစ်ကမူ အဆိုပါ မိန်းကလေး၏ မိဘများက ထိုကိစ္စအတွက် ရှက်ရွံ့နိုင်ပြီး ၎င်းတို့၏ သမီးဖြစ်သူကို ကာကွယ်ချင်သည်ကို နားလည်မိကြောင်း၊ IS မှာ လူသစ်စုဆောင်းရန် ဆိုရှယ်မီဒီယာများအား မည်ကဲ့သို့ အသုံးပြုနေသည်ကို ဆွေးနွေးရန် အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “လူငယ်တွေကို ထိခိုက်နိုင်တာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ဟာ ရင့်ကျက်ဖို့လိုပြီး ဒါနဲ့ပတ်သက်လို့ တာဝန်ယူဖို့လည်း လိုပါတယ်”

    ထို့ပြင် မိဘများမှာ သားသမီးများ အနားတွင် ရှိနေရုံမျှဖြင့် ကျေနပ်မနေသင့်ဘဲ ကလေးများ မည်သူနှင့် အဆက်အသွယ်ရှိနေသည်ကို သတိတားရမည်ဟု မာလစ်က ဆိုသည်။

    တောင်အဖရိက အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်းက IS အဖွဲ့အား တွန်းလှန်သည့် မိမိတို့၏ လုပ်ငန်းများတွင် အစိုးရနှင့် ထောက်လှမ်းရေးအဖွဲ့များက ကူညီရန် တိုက်တွန်းခဲ့သည်။

    “ဘာသာရေးအဖွဲ့နဲ့ အန်ဂျီအို အဖွဲ့တွေက အစိုးရမှာ ရှိသလိုမျိုး ရင်းမြစ်တွေ မရှိပါဘူး”

    ကမ္ဘာတစ်ဝှမ်းမှ ရှေ့ဆောင်အီမာမ်များမှာ IS ၏ လုပ်ရပ်များကို ရှုတ်ချခြင်း၊ ၎င်းတို့၏ လူသစ်စုဆောင်မှုများ ရပ်တန့်သွားရေးနှင့် ၎င်းတို့၏ အယူအဆအမှားများ ပြည်တွင်းမွတ်စလင်ထုအတွင်း မ၀င်ရောက်သွားစေရန် ပညာပေးခြင်းတို့ကို သောကြောနေ့ တရားဒေသနာတော်များမှ တစ်ဆင့် ဆောင်ရွက်လျက်ရှိနေသည်။

    မြန်မာနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင်အီမာမ်များကလည်း သောကြာနေ့ တရားဒေသနာတော်များတွင် ၀တ်ပြုရန် လာရောက်သူများအား IS အဖွဲ့၏ အစ္စလာမ်သာသနာကို ခုတုံးလုပ်မှုနှင့် အစ္စလာမ်၏ စစ်မှန်သောသင်ကြားချက်များကို နှိုင်းယှဉ်ပြခြင်း၊ ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ ပညတ်ချက်များနှင့် မည်ကဲ့သို့ဆန့်ကျင်ဘက်ဖြစ်နေကြောင်း အသိပညာပေးခြင်းတို့ကို ပြုလုပ်နေသည်။

    Ref: Onislam

  • အတိတ်၊ ပစ္စုပန်၊ အနာဂတ် မိအေးများသို့

    အတိတ်၊ ပစ္စုပန်၊ အနာဂတ် မိအေးများသို့

    ဧပြီ ၉ ၊ ၂၀၁၅
    M-Media
    ညီသွေး ရေးသည်။

    သို့
    မိအေး

    ငါလေ နင့်ကိုအရမ်းသနားတယ်။ နင်ဟာ နှစ်ခါနာခဲ့ရသူ ဖြစ်တဲ့အပြင် နင်နာလို့ အော်ရတဲ့အကြောင်းအရင်းကိုလည်း အများစုနားလည်အောင် ရှင်းမပြနိုင်ခဲ့လို့ ပိုတောင် စိတ်မကောင်း ဖြစ်မိရပါသေးတယ်။ ဒါပေမယ့် မိအေးရယ်၊ နင်ဟာလေ အမှတ်သည်းခြေမရှိ ရာဇဝင်ဘုတ်အုတ်ထဲမှာ အေးဆေးမနေ ဒဏ်ရာတွေ အကင်းသေရုံရှိသေး အပြင်လောကကြီးထဲကို ထွက်လာခဲ့တယ်လေ။ နင်….. နင် အခု အခါခါနာခဲ့ရပြီလေ။ နင်တစ်ခါနာရတဲ့ သတင်းကြားရတိုင်း ငါရင်နာရတယ် မိအေးရယ်။ နင် ၈၈ မှာနာတယ်။ နင်လက်ပံတောင်းမှာ နာတယ်။ နင် လက်ပံတန်းမှာနာတယ်။ နင်လှည်းတန်းမှာ နာတယ်။ နင်တောင်သူလယ်သမား၊ အလုပ်သမား ဆန္ဒထုတ်ဖော်ပွဲမှာနာတယ်။ ငါလေနင့်ကို သနားလည်းသနားတယ်။ အံ့လည်းသြမိတယ်။ နင့်လောက် အမှတ်သည်းခြေ မရှိတဲ့သူဆိုပြီး ဂရုဏဒေါသနှင့် အပြစ်တင်ချင်ပေမယ့်လည်း နင့်ဘဝတစ်ခုလုံးကို အတွင်းသိ အဆင်းသိမို့ အပြစ်မတင်ရက်တော့ပါဘူး။

    လူသတ်သမားထက် ပိုကြောက်ဖို့ကောင်းတာက လူသတ်သမားရဲ့ ရှေ့နေတဲ့။ နင့်ဘေးနား အဲ့လိုဝိုင်းဝိုင်းလည်နေတာက အဲဒီလို ရှေ့နေတွေချည်းပဲလေမိအေး။ သတိထားပါ။ ငါစိတ်ပူမိတယ် မိအေး။ခေတ်အဆက်ဆက် အနာခံခဲ့ရတဲ့ နင့်အကြွေးတွေကို ဘယ်သူတွေများ ပြန်ဆပ်မယ်ထင်နေလို့လဲ။ အဲဒီအကြွေးတွေ ကိုယ်စား နင်ပြန်ရတာတွေက နံပါတ်တုတ်တွေ၊ လက်ထိပ်တွေ၊ သံတံခါးကြီး၊ အလုံပိတ်နံရံတွေ ဒါတွေပဲမဟုတ်လား။ ဒါနဲ့များ မိအေးရယ် သားတစ်ကွဲ မယားတစ်ကွဲ အိုးပစ်အိမ်ပစ် သမိုင်းစာမျက်နှာသစ်ကို ဘာလို့များဖွင့်လှစ်နေချင်ရတာလဲ။ ဒီပုံအတိုင်းဆို နင်မျှော်မှန်းနေတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးဆိုတာ “မောင်ရင်ငတေမိုက်ကန်းသည်” ရုပ်ရှင်ကားထဲက အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းပြောသလို ဆယ်နှစ် ဆယ်နှစ်ဆိုပြီး လက်ဆယ်ချောင်း ထောင်ပြရုံတင်မက ခြေဆယ်ချောင်း ထောင်ပြရင်တောင် မသေချာသေးဘူးမိအေး။ ဒီနိုင်ငံတော်ကြီးမှာ သန်မာထွားကြိုင်း အထွက်တိုး သုံးထုတ်ကုန်ဆိုလို့ မတရားမှုပဲရှိတာ သိရဲ့သားနဲ့ ဒီအာဏာရှင် ရေစုန်ခရီးကို ဘာလို့လက်ပစ်ကူး ဆန်တက်ချင်ရတာလဲ မိအေးရယ်။

    နောက်ရောက်တဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲနေတဲ့ သံသရာမှာ အမှန်တရားက ဘယ်တုန်းက လူရာဝင်ခဲ့လို့လဲ မိအေး။ ကိုယ့်အတွက်ကို မကြည့်တော့ဘူးလားမိအေး။ ကြွေးတင်နေတာတွေကို ဘာမှမဆပ်ရသေးဘဲနဲ့ ထွက်မသွားနဲ့ဦး၊ မသေနဲ့ဦး၊ နင်တို့ငါတို့မှာ အစိုးရအကြွေးတွေကို ကူးဆပ်ဖို့တင်နေတဲ့အကြွေးတွေက နောက်သံသရာပါသွားရင် ဝဋ်ခံနေရပါဦးမယ်။ ဆုပ်လည်းစူး၊ စားလည်းရှုး ဘဝမို့ ဇွတ်မှိတ်ပြီး နင်တိုးနေမှန်းသိပါတယ် မိအေးရယ်။ နင့်ဘဝမှာဘယ်တော့များမှ ငြိမ်းချမ်းရေးရပါ့မလဲလို့ ငါတွေးပူမိတယ်။ ဘာသာအယူအဆတွေ၊ အတွေးအခေါ် အကျင့်သီလတွေ၊ အသားအရောင် နေရပ်ဌာနတွေ ဘယ်လိုကွဲပြားနေပါစေ။ လူဆိုတဲ့ သွေးနွေး သတ္တဝါကို အပေါ်ယံလွှာပြီး အသက်ဓာတ်ရဲ့အရေးပါတဲ့ သွေးစက်တွေကို ဖောက်ကြည့်လိုက်ရင် အားလုံးဟာ အနီရောင်ပါ။တစ်ဖက်ကို ပစ်လိုက်တဲ့ ကျည်ဆံကလည်း နီရဲတဲ့သွေးစက်တွေထွက်သလို တစ်ဖက်ကပြန်လာတဲ့ကျည်ဆံကလည်း ဒီနီနီရဲရဲသွေးစက်တွေပဲ ထွက်စေတာပါ။ ဒီလောက် ဆွေးမြေ့ကြေကွဲဖွယ်ရာ အရောင်တွေ တူညီကြပါလျက် ငြိမ်းချမ်းရေးရနံ့ဟာ အခုချိန်ထိ မွှေးမပြန့်နိုင်သေးတာ ဘာကြောင့်လဲ မိအေး။ ရှင်းရှင်းလေးပဲမိအေး။ ငြိမ်းချမ်းရေးကို ဒီလောက်ကြိုးရှုပ်စေတာ မငြိမ်ချမ်းချင်သေးတဲ့ အုပ်စုကြီးတစ်စု ရှိနေတယ်ဆိုတာ သေချာနေသေးလို့ပေါ့။

    ကျောင်းတစ်ကျောင်း ဖြစ်တည်ဖို့ (၁၀) နှစ်လောက်ကြာနိုင်ပေမယ့် ကျောင်းတစ်ကျောင်း ပျက်စီးသွားဖို့ (၁၀) မိနစ်လောက်ပဲ ကြာစေနိုင်တဲ့ လက်နက်ကြီးကျည်တွေ အများကြီး ကျန်နေသေးတယ်ဆိုတာ နင်သိပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနောက်မှာ မငြိမ်းချမ်းသေးတဲ့ ဘဝတွေ အတုံးအရုန်းလဲပြိုကြနေတာ မရေတွက်နိုင်လောက်အောင် များနေခဲ့ရပြီ။ ပြောမယ့်သာပြောရတာပါ။ နင်တို့ငါတို့မှာ ထူးပြီးပျက်စရာဘဝမှ မရှိတော့တာ။ ပျက်ပြီးသား သုညဘဝတွေက ဘာများထပ်ဆုံးရှုံးသွားမှာ ကြောက်နေရမှာလဲလေ။

    နင့်ကိုငါအံ့သြရတဲ့အဖြစ်အပျက်လေးတစ်ခုပြောပြရအုံးမယ်။ တစ်ခါတုန်းက လူတစ်ယောက်ဟာ သူမွေးထားတဲ့ခွေးတစ်ကောင်ကို တစ်နေ့သောအခါမှာ ကြိုးမဖြေ၊ အစာမကျွေးပဲမေ့ပြီး အပြင်ကိုသွားမိသတဲ့။ မလာမလာအချိန်တွေကြာလာတော့ သူ့ခွေးဟာဆာလို့အော်၊ ရေငတ်လို့ဟောင်ပေါ့။ အဲဒီမှာအိမ်နီးနားချင်းက သက်ဆိုင်ရာကို ဖုန်းနဲ့လှမ်းတိုင်သတဲ့။ ဆိုင်ရာကချက်ချင်းလာ၊ ခွေးကိုကြိုးဖြေ၊ အစာကျွေးပြီး ပိုင်ရှင်ကိုရှာ၍ ချက်ချင်းအရေးယူသတဲ့။ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ဒဏ်ငွေတပ်သတဲ့။ သူမွေးထားတဲ့ခွေးတောင် သူတာဝန်မကျေရင် ဒဏ်ဆောင်ရသတဲ့ မိအေး။ ဒီအဖြစ်အပျက်ကိုကြားပြီး ဒီနိုင်ငံမှာဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ နင်သိပါတယ်။ ဒီခွေးတစ်ကောင်အတွက် အများကြီးရေးကြီးခွင်ကျယ် လုပ်ရတယ်ဆိုပြီး နင် မဲ့ကောင်းမဲ့မယ် မိအေး။ ငါတော့ကြေကွဲရတယ်။ အဲဒီခွေးတစ်ကောင်လောက်တောင် ငါတို့နင်တို့ လူရာသွင်းမခံရတာ နင်အသိဆုံးပဲမိအေး။ သူတို့ဆီမှာ အသက်မပြည့်သေးဘဲ အရက်ခိုးဝယ်သောက်တဲ့ သမ္မတသမီးလည်း အရေးယူခံရ၊ ကားမိုင်နှုန်းပိုမောင်းမိတဲ့ ဝန်ကြီးလည်း ဒဏ်ငွေရိုက်ခံရသတဲ့။ လုပ်ခနည်းလို့ ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတွေ၊ လယ်ယာမြေအသိမ်းခံရလို့ သပိတ်တိုက်ပွဲဝင်နေတဲ့ တောင်သူတွေအဖို့တော့ သူတို့ဘဝနဲ့ယှဉ်ရင် ဒါတွေကိုပုံပြင်လို့ ထင်ချင်ထင်နေမှာပေါ့။

    ငါတို့ဆီက မျက်နှာကြီးရာ ဟင်းဖတ်ပါပုံတွေကလည်း နည်းနည်းကြမ်းတယ် မိအေး။ ရှမ်းပြည်မှာ ရန်ကုန်မြို့ထက် (၃၅) ဆကျယ်တဲ့ မြေယာတွေကို အဓမ္မသိမ်းယူတဲ့အမှုမှာ တကယ့်ခေါင်းသူကြီးတွေချည်း ပါနေတာ။ ပြည်ထောင်စုဝန်ကြီး၊ ခရိုနီကုမ္ပဏီ၊ နိုင်ငံရေးပါတီကြီးတစ်ခုနဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ လက်တွဲညီညီ ဝိုင်းပြီးဆွမ်းကြီးလောင်းကြတာ သူများနိုင်ငံ ကလာ အထုပ်ဖြေပြမှပဲ ငါတို့ပြည်သူကသိခွင့်ရတာ။ ထပ်ပြီးတော့ မတော်မတည့် လစာတိုးမှုကြီးကိုကြည့်ဦး၊ အောက်ခြေဝန်ထမ်း လစာတိုးတာက အစွန်းအတွက်၊ အာဏာမြင့်ဆုံး ရာထူအကြီးဆုံး ပုဂ္ဂိုလ်တွေ လစာတိုးတာက နှစ်ဆ၊ ပိရမစ်ကို ပြောင်းပြန်ဆောက်နေ သလို၊ အဲဒီလို အီကို နော်မီ အစွမ်းအစအပြည့်နဲ့ စီမံချက်တွေ ချမှတ်နိုင်တာ တော်တော်အကြံဥာဏ် ကြီးလို့ပေါ့ မိအေးရယ်။ နင်တို့ငါတို့ပန်းတိုင်ရှာနေချိန် သူတို့ကပန်းတိုင်ကို နှစ်ခါလောက်ဝင်ပြီး နောက်တစ်ခါ ထပ်ဝင်ဖို့တောင်ကြိုးစားနေပြိ မိအေး။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်။ ငါတို့နင်တို့ဘဝတွေ ဘယ်တော့များမှ အမွန်ရပ်မလဲ မသိဘူး။

    အခုနင်လဲပဲ နာမည်နောက်မှာ အမြီးရှည်တွေ အတပ်ခံဂုဏ်ပြုခံနေရပြီလေ။ ကျောက်ခတ်မှာ လူစင်စစ်က မျောက်ဖြစ် ခံလိုက်ရတဲ့သူတွေလို နင်တို့အတပ်ခံထားရတဲ့ တံဆိပ်တွေက အကြမ်းဖက်သမား သွေးထိုးလှုံ့ဆော်သူတွေ၊ ကွန်မြူနစ်တွေ၊ ဆူပူရမ်းကားသူတွေတဲ့။ နင်တို့ဘွဲ့ထူးဂုဏ်ထူးတွေကလည်း အများသားနော်။ လူဆိုတာမွေးရာပါနိုင်ငံရေးသမား၊ မွေးရာပါ အဆိုပါရမီရှင်၊ မွေးရာပါသူတော်စင် စသဖြင့်အများကြီးရှိကြပါတယ်။ နင်တို့ငါတို့ကတော့ မွေးကတည်းက ဆေးရုံစရိတ်တွေ၊ သားဖွားစရိတ်တွေ ဘယ်လောက်တောင် ငါတို့ဘဝကို ရိုက်ခတ်ခံရသလဲ။ ဒီလိုနဲ့ ငါတို့အားလုံးဟာ မွေးရာပါ နိုင်ငံရေး သားကောင်တွေ ဖြစ်လာခဲ့ရတယ်လေ။ ပါးရည်နပ်ရည် မရှိရင် ဆေးရုံတံခါးစောင့်လည်းကြောက်ရ၊ ရပ်ကွက်ရုံးစာရေးကိုလည်းကြောက်ရ၊ ငါတို့နိုင်ငံမှာ စပယ်ယာကအစ ဝန်ကြီးအဆုံး အားလုံးဟာ နေရာကလေးရလာတာနဲ့ လူပါးဝပညာကို မသင်ပေးရဘဲ တစ်ဖက် ကမ်းခတ် တတ်မြောက်လာကြတာဆိုတော့ နင်တို့လူပါးဝခံရတဲ့အခါ ထူးပြီးဆန်းမနေပါနဲ့တော့ဟာ။ ရပ်ကွက်ရုံးမှာ၊ ဆေးရုံမှာ၊ ရဲစခန်းမှာ၊ တရားရုံးမှာ ဘယ်ဌာနဆိုင်ရာမှာပဲဖြစ်ဖြစ် လူပါးဝမခံရတဲ့ နေရာရှိလားမိအေး။

    အရင်းက ခုတ်လှဲခံလိုက်ရတဲ့ သစ်ပင်ကတောင် တစ်နေ့ ရွက်နုလေးတွေ ဝေလာနိုင်စရာရှိပေမယ့် ငါတို့နင်တို့ အနာဂတ်ဟာ အမြစ်ပါတူးခံထားရလို့ မျှော်လင့်ချက် ရွက်နုတွေ ပြန်ဝေလာနိုင်မယ့် တစ်နေ့ဆိုတာ ပြန်ရောက်လာနိုင်ပါ့မလား မိအေး။ ဒါတောင်အခုချိန်ထိ ငါတို့အားလုံး နွားကွဲတုန်း၊ ညီအစ်ကိုမသိတသိလုပ်ကောင်းနေတုန်း၊ ဟိုတစ်ချောင်း ဒီတစ်ချောင်းနဲ့ ထင်းစည်းဘဝအရောက်မခံကြသေးဘဲ ထင်းချောင်းဘဝမှာ ပျော်နေကြတုန်းပဲ။ ဒါပေမယ့် နင်ယုံကြည်လိုက်စမ်းပါ မိအေးရယ်။

    လောကကြီးထဲမှာ မဟုတ်မဟတ်တွေ၊ လုပ်ဇာတ်တွေ၊ မတရားမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ လုပ်ချင်သလိုလုပ်ပြီး အနိုင်နဲ့ပိုင်းထွက်ခွာသွားလို့ ဘယ်တော့မှမရဘူးဆိုတာကိုပေါ့။ မမြင်ရတဲ့ လောကပါလတရားဆိုတာ မတရားမှုအားလုံး လှပတဲ့ အနားလေးတွေသတ်ပေးတဲ့ တရားသူကြီးတစ်ဦးပဲ မိအေး။ မိတ်ဆွေများနှင့်ချစ်ခွင့်ဟာ ရန်သူဆီကပဲ ရခဲ့တယ်တဲ့။ ဖိနှိပ်ခံရလေ ရန်သူများလေ နင်တို့ကို ပြည်သူချစ်လေ၊ မိတ်ဆွေစစ်တွေများလာလေပါပဲ။ အမြဲတမ်း အနိုင်ကြီးပဲမရှိသလို အမြဲ အရှုံးကြီးပဲဆိုတာလည်း မရှိပါဘူး။ လောကမှာ Real Madrid (ရီးရယ်မတ်ဒရစ်) တောင်ရှုံးသေးတာပဲ ငါတို့နင်တို့ အားလုံးညီရင် ဘာစီလိုနာဖြစ်ရမှာပေါ့။

    နင်ရဲ့ထာဝရ
    ပူဖော်လောင်ဖက်
    ညီသွေး