News @ M-Media

Blog

  • မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    ဧပြီ ၈ ၊၂၀၁၅
    M-Media

    nora0727
    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ဟောင်ကောင်သို့ မြန်မာနိုင်ငံမှ ပထမဆုံး တရားဝင်အိမ်အကူများ လေဆိပ်သို့ရောက်ရှိခဲ့စဉ်

    ဟောင်ကောင်အခြေစိုက် အိမ်အကူ ကုမ္ပဏီတစ်ခုလုပ်ငန်းမှ မြန်မာပြည်မှ အိမ်အကူများ မခေါ်တော့ဘဲ လုပ်ငန်း ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းအပေါ် အံအား သင့်မိသည့်ဟု မြန်မာအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ South China Morning Post သတင်းက ဖော်ပြပါတယ်။

    အဆိုပါ ကုမ္ပဏီရဲ့ ဟောင်ကောင်ရုံး၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ကြောင်း နောက်ဆုံးချိန်ကျမှ  အလုပ်သမားရေးဝန်ကြီးဌာနမှ လူတွေ သိခဲ့ရသည်ဟု ဟောင်ကောင်မြန်မာကုန်သည်ကြီးအသင်းဥက္ကဋ္ဌ အဲလ်ဘတ်အောင် မှ ပြောပြသည်။

    မြန်မာအလုပ်သမားရေးရာဝန်ကြီးဌာနသည် ဟောင်ကောင်သို့ မြန်မာအိမ်ဖော်များ ပို့ဆောင်ခွင့်ရ တစ်ဦးတည်းသော အေဂျင်စီ၏ လုပ်ငန်းလည်ပတ်မှုနောက်ဆုံးအခြေအနေကိုပင် မသိရှိခဲ့ကြောင်း ၀န်ကြီးဌာနနှင့်ဆက်စပ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

    ပြီးခဲ့သည့်သတင်းပတ် အင်္ဂါနေ့အစည်းအဝေးတစ်ခုတွင် မိမိပြောပြမှသာ Golden Mind လုပ်သားရှာဖွေရေးကုမ္ပဏီ ပိတ်လိုက်ခြင်းအကြောင်းကို ၀န်ကြီးဌာနအရာရှိများ သိရှိကြကြောင်း ဟောင်ကောင်မြန်မာကုန်သည်ကြီးများအသင်းဥက္ကဌ အဲလ်ဘတ်အောင်  ကဆိုသည်။

    “သူတို့ တော်တော် အံ့သြသွားကြတယ်။ ကျွန်တော်ပြောပြတဲ့အခါမှသာ သူတို့ သိသွားတယ်။ အဲ့ဒီ အေဂျင်စီနဲ့ ပြန်ဆက်သွယ်မယ်လို့ သူတို့က ဆိုပါတယ်” ဟု South China Morning Post သတင်းစာတိုက်ထံ အဲလ်ဘတ်အောင်  က မြန်မာနိုင်ငံမှ တယ်လီဖုန်းဖြင့်ပြောကြားသည်။

    သူ၏အသင်းမှာ ဟောင်ကောင်ရှိမြန်မာအိမ်ဖော်များအား အကာအကွယ်ပေးနိုင်စေရန် ကနဦးကပင် ၀န်ကြီးဋ္ဌာနမှ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြီးခဲ့သည့်အင်္ဂါနေ့က လုပ်ငန်းစဉ်လည်ပတ်မှုအသိပေးရန် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    အိမ်အကူလုပ်သား ၂၀၀ ဦးကို ပထမဆုံးအကြိမ်ခေါ်ဆောင်ခဲ့ချိန်မှစပြီး မြန်မာအစိုးရသည် လုပ်သားများ ထပ်မံမပေးခဲ့ပါဟု Golden Mind မန်နေဂျင်းဒါရိုက်တာ Law Yiu-keung က ပြောကြားသည်။

    ဤလုပ်ငန်းကို လွန်ခဲ့သည့်လေးနှစ်မှစ၍ ဟောင်ကောင်ဒေါ်လာ ၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုစားရိတ် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ တစ်သိန်းအထက် ကုန်ကျကြောင်း၊ ထို့ကြောင့် လုပ်ငန်းပိတ်သိမ်းခြင်းမှ တစ်ပါး ရွေးချယ်ရန်လမ်းမရှိတော့ကြောင်း သူက ဆိုပါသည်။

    ကြိုတင်ငွေပေးမှာကြားထားသူများကို ငွေပြန်အမ်းနိုင်အောင် ရုန်းကန်နေခဲ့ရသည်ဟု သူက ပြောပြသည်။ သူ့ထံ အလုပ်အပ်သူများ အနက် စင်္ကာပူနေ ကနေဒါ-တရုတ်ကပြား Emily Seah မှ ပြောပြသည်မှာ – သူမထံ အိမ်အကူလုပ်သားမြန်မာ အမျိုးသမီး တစ်ဦး လုပ်ကိုင်နေသည်မှာ ၂ နှစ် ကြာမြင့်ပြီဖြစ်သည်။ သူမ၏ခင်ပွန်း၊ ကလေးငယ်နှစ်ဦးနှင့်အတူ ယခုနှစ်နှောင်းပိုင်း တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့ရမည်ဖြစ်၍ ထိုအိမ်ဖော်အား တစ်ပါတည်းခေါ်သွားနိုင်ရေးအတွက် Golden Mind ထံ မေးမြန်းအလုပ်အပ်ခဲ့သည်။ ပြီးခဲ့သည့်လက အေဂျင်စီရုံးသို့သွားရောက်ကာ ၀န်ဆောင်ခ ဟောင်ကောင်ဒေါ်လာ ၈၉၆၀ ပေးခဲ့သည်။ အလုပ်မဖြစ်လျှင် ငွေပြန်အမ်းမည်ဟု ဆိုသော်လည်း ယခုအခါ ပြန်အမ်းငွေကို အောက်တိုဘာလမှသာ ရရှိမည်ဟု ကုမ္ပဏီက အဖြေပေးသည်။ သို့ဖြစ်ရာ သူမက ဟောင်ကောင်ရဲဋ္ဌာနသို့ လျှောက်ထားတိုင်ကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ တွဲဖက်လုပ်ငန်းရှင် Gold Mine အေဂျင်စီသည်လည်း အလားတူပြဿနာမျိုး ကြုံရသဖြင့် လုပ်ငန်းစဉ်ဖြစ်မြောက် မလာမှုကြောင့် ငွေအမြောက်အများ ဆုံးရှုံးရကြောင်း ဆိုသည်။

    မိမိအေဂျင်စီသည် မြန်မာအိမ်အကူများကို ဟောင်ကောင်သို့ တတ်နိုင်သမျှ ကူညီပို့ဆောင်နေခဲ့ကြောင်း Gold Mine ၏ ဒါရိုက်တာတစ်ဦးမှ ပြောသည်။ ဟောင်ကောင်၌ ရုံးခန်းတစ်ခုဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သတင်းစာတိုက်သို့ ပြန်ကြားစာ တစ်စောင်တွင် ဖော်ပြသည်။

    အလုပ်မဖြစ်သည့်အပေါ် တုန်လှုပ်သွားရသည်ဟု Law ကဆိုသည်။ ယမန်နှစ် အောက်တိုဘာလ၌ နောက်ထပ်လုပ်သား ၄၀၀ ဦး တောင်းဆိုလိုက်ပြီးနောက် အလုပ်သမားရေးရာဝန်ကြီးနှင့် ဆုံတွေ့နိုင်ရန် မြန်မာနိုင်ငံသို့ ၁၀ ကြိမ်မက သွားရောက်ခဲ့ကြောင်း၊ အကြိမ်တိုင်းတွင် တွေ့ဆုံနိုင်ရေးမှာ အလွန်တင်းကြပ်ထားကြောင်း သူ၏မြန်မာပါတနာက ပြောပြသည်။ သို့သော် လုပ်သားများထပ်မံမပေးသည့်အကြောင်းရင်းကိုမူ တစ်ခါမျှ ပြောကြားခြင်း မရှိခဲ့ချေ။ မိမိ၏အေဂျင်စီပိတ်သိမ်းရခြင်းအပေါ် အလုပ်သမားဝန်ကြီးဋ္ဌာန မသိလိုက်ရပါဆိုခြင်းကို မိမိမှ မယုံကြည်ကြောင်း သူက ဤသို့ဆိုသည်။

    “စာသုံးစောင်ကို လူကြုံနဲ့ထည့်ပေးခဲ့ပြီးပါပြီ။ သူတို့ မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်နည်းနဲ့မဆို လက်ခံရရှိပြီးလောက်ပါပြီ”

    မိမိသည် စောဒကများစွာနှင့် ရင်ဆိုင်နေခဲ့ရကြောင်း၊ Emily Seah မှ ပြန်အမ်းငွေရရှိမည်ဟု အာမခံကြောင်း၊ အသုံးချခံလိုက်ရသလိုဖြစ်သွားသည်၌ မိမိ၏ကုမ္ပဏီကျဆုံးရမှုအတွက် အကြောင်းပြချက်တစ်စုံတစ်ရာပေးရန် မြန်မာအစိုးရထံ အရေးဆိုထားကြောင်း Law က ရှင်းပြသည်။

    မေးမြန်းစုံစမ်းမှုများအပေါ် ဟောင်ကောင်ရှိ မြန်မာသံအဖွဲ့ရုံးမှ တုန့်ပြန်မှု မရှိခဲ့ချေ။

    Ref : South China Morning Post

  • လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    american police

    – အသက် ၅၀ အရွယ် လူမည်းတစ်ဦးကို သေနတ်ဖြင့် ၈ ချက်ပစ်ကာ သစ်ပစ်ခဲ့သည့် ဗီဒီယို ပေါ်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စု တောင်ကယ်လီဖိုးနီးယားရှိ လူဖြူရဲတပ်ဖွဲ့ဝင်တစ်ဦးကို တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    မြောက်ချာလီစတန်မြို့ အုပ်ချုပ်ရေးမှူး ကိသ် ဆမ်မေးက ပြည်နယ် စုံစမ်းစစ်ဆေးရေးမှူးများမှာ ဗီဒီယိုကို ကြည့်ရှုပြီးနောက် ဝေါလ်တာ စကော့အား သတ်ဖြတ်မှုဖြင့် အသက် ၃၃ နှစ်ရွယ် ရဲတပ်ဖွဲ့ဝင် မိုက်ကယ် ဆလာဂါကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် FBI နှင့် အမေရိကန်တရားရေးဌာနတို့ကလည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    “ခင်ဗျားအမှားလုပ်ရင်၊ ခင်ဗျားမှာတာပဲ။ မကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပြီဆိုရင်လည်း ခင်ဗျားဟာ ဥပဒေအတွင်းကလူ ဖြစ်ဖြစ် လမ်းပေါ်က သာမန်နိုင်ငံသားတစ်ယောက် ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ပါဘူး။ အဲဒီဆုံးဖြတ်ချက်အတိုင်း ခင်ဗျား ခံစားရမှာပါ” ဟု ဆမ်မေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါအဖြစ်အပျက်မှာ ဘရိတ်မီးမလင်းသောကြောင့် စေကာ့၏ကားကို လမ်းဘေးတွင် ရပ်ခိုင်းပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကော့နှင့် ဆလာဂါတို့အကြား ထိုးကြိတ်မှုများလည်းရှိခဲ့ကာ နောက်ပိုင်းတွင် စကော့က ထွက်ပြေးခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာမှ ဖော်ပြခဲ့သည့် ဗီဒီယိုတွင် တွေ့ရှိရသည်။

    အဆိုပါ ဗီဒီယိုမှာ အနီးရှိ လူတစ်ဦးက ရိုက်ကူးထားခြင်းဖြစ်ပြီး စကော့ ထွက်ပြေးသွားသည့်အခါ ရဲတပ်ဖွဲ့ဝင် ဆလာဂါမှာ သေနတ်ဖြတ်ဖြင့် ၈ ချက်ပစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့နောက် စကော့မှာ မျက်ခင်းပြင်ပေါ်သို့ ပစ်ကျသွားခဲ့သည်။

    ၂၀၀၉ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည့် ဆလာဂါက စကော့မှာ ၎င်း၏ မေ့ဆေးသေနတ်ကို လုပြေးသွားခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု အခြားသော ရဲတပ်ဖွဲ့ဝင်များသို့ ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစားတွင် ဖော်ပြထားသည်။ သို့သော်လည်း ဗီဒီယိုအရ ဆလာဂါထံမှ စကော့ ပြေးသွားသည့်အချိန်တွင် လက်နက် ကိုင်ဆောင်ထားသည့်ပုံ မရှိချေ။

    စကော့လဲကျသွားပြီးနောက် ဆလာဂါမှာ ၎င်း၏အနားသို့သွားကာ လက်ထိပ်ခတ်ခဲ့သည်ကို ဗီဒီယိုတွင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် ဆလာဂါမှာ ၎င်းသေနတ်ဖြင့် ပစ်ခဲ့သည့်နေရာသို့ လမ်းလျှောက်လာခဲ့ပြီးနောက် စကော့လဲကျရာနေရာသို့ ပြန်သွားကာ ၎င်း၏အနီး မြေပေါ်သို့ အရာဝတ္ထုတစ်ခုကို ပစ်ချလိုက်သည်ကိုလည်း အဆိုပါ ဗီဒီယိုတွင် မှတ်တမ်းတင်ထားသည်။

    စကော့မိသားစု၏ ရှေ့နေဖြစ်သူ ခရစ် စတီးဝပ်ကမူ ယခုသတင်းအတွက် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref: Aljazeera

  • မက္ကဆီကို ရဲယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

    မက္ကဆီကို ရဲယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    mexico shooting

    – မက္ကဆီကို အနောက်ပိုင်း ပြည်နယ်တစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း မက္ကဆီကိုရဲတပ်ဖွဲ့အား ပစ်မှတ်ထားသော အဆိုးရွားဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။

    ဂျာလစ္စကိုပြည်နယ် ပူအာတို ဗာလာတာမြို့နှင့် ဂွာတာလာဂျာရာမြို့ အကြားရှိ ကျေးလက် အဝေးပြေးလမ်းမတစ်ခုတွင် ရဲတပ်ဖွဲ့ယာဉ်တန်းက မောင်းနှင်နေစဉ် တနင်္လာနေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် တရာသူကြီးက ပြောကြားခဲ့သည်။

    ယာဉ်တန်းတွင်ပါဝင်သော ကားများမှာ ဇကာပေါက်ဖြစ်သွားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာရခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ၂၀၁၀ ခုနှစ်က အနီးရှိ မီချိုအာကန်ပြည်နယ်တွင် ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုနောက်ပိုင်း ဥပဒေစိုးမိုးရေးအရာရှိများကို ပစ်မှတ်ထားသည့် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    ဂျာလစ္စကိုပြည်နယ်မှာ Jalisco New Generation ဟုအမည်ရသည့် မူးယစ်ဂိုဏ်း ကျက်စားသည့်ဒေသဖြစ်ပြီး ထိုဂိုဏ်းမှာ မက္ကဆီကိုတွင် အင်အားအကြီးဆုံး ဂိုဏ်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တရားသူကြီးများကမူ တနင်္လာနေ့က အဆိုပါတိုက်ခိုက်မှုတွင် မူးယစ်ဂိုဏ်းက ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးဟု ဆိုသော်လည်း ဂျာလစ္စကိုပိုင်နက်အတွင်း ထိုကဲ့သို့ တိုက်ခိုက်မှုကြီးကို အခြားသော မူးယစ်ဂိုဏ်းက ပြုလုပ်သည်ဟု ယူဆရန် ခက်ခဲသည်ဟု ဆိုသည်။

    ပြည်နယ်လုံခြုံရေးကော်မရှင်နာ အလက်ဂျန်ဒရို ဆိုလိုရီယိုကမူ တိုက်ခိုက်မှုများ မည်ကဲ့သို့ ဖြစ်ပွားသည်ကို ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါတိုက်ခိုက်မှုမှာ သရဲဘောကြောင်သည့် တိုက်ခိုက်မှုဟု သမုတ်ခဲ့သည်။

    ဒေသတွင်းမီဒီယာများကမူ သေနတ်သမားများမှာ ရဲတပ်ဖွဲယာဉ်တန်း ရပ်တန့်သွားစေရန် ကားတစ်စီးအား ခိုးယူ၍ လမ်းမအလယ်တွင် မီးရှို့ခဲ့သည်ဟု ဆိုသည်။

    “ဒါဟာ စီစဉ်ထားတဲ့ တိုက်ခိုက်မှုပါ။ သေနတ်သမားအများကြီး ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ အဝေးပြေးလမ်းမကို ပိတ်လိုက်ပြီး (ရဲတပ်ဖွဲ့ဝင်တွေကို) ၀ိုင်းပြီးပစ်ခတ်ခဲ့ကြတာပါ” ဟု လုံခြုံရေး ကျွမ်းကျင်သူ ရာအူးလ် ဘန်နီတက်ဇ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    နေးမာအတွက် စိတ်မပူဟု ဘာစီလိုနာနည်းပြ ပြော

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    naymar

    – ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ဂိုးပေါက်ပျောက်ဆုံးနေသည့် တိုက်စစ်မှူး နေးမာအတွက် မိမိအနေဖြင့် စိုးရိမ်မှုမရှိဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    အသက် ၂၃ နှစ်အရွယ် နေးမာမှာ ရာသီအစမှ စတင်ကစားခဲ့သည့် လာလီဂါ ပွဲ ၂၀ အတွင်း ၁၇ ဂိုးသွင်းယူနိုင်ကာ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၅ ပတ်အတွင်း ဂိုးပေါက်ပျောက်ခဲ့သည်။ အန်းရစ်ကမူ နေးမာမှာ ဂိုးမသွင်းနိုင်သော်လည်း အသင်းအတွက် ကူညီပေးခဲ့သည်ဟု ဆိုသည်။

    “နေးမာရဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော်တို့ဟာ အဆင့်မြင့်ကစားသမား တစ်ယောက်အကြောင်း ပြောနေတာပါ။ သူ့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ပြီး ဂိုးတွေပြန်သွင်းနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ပြီးတော့ သူဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက်တော့ အများကြီး ကူညီပေးပါတယ်” ဟု အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဝေဖန်ခံနေရသည့် ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာကိုလည်း အန်းရစ်က ကာကွယ်ခဲ့သည်။

    “အင်နီယေစတာရဲ့ စွမ်းဆောင်ရည်အတွက်လည်း ကျွန်တော်တို့ ကျေနပ်နေပါတယ်။ သူဟာ ပွဲရဲ့အခြေအနေအားလုံးမှာ အသင်းအတွက် အများကြီး ပေးဆပ်လေ့ရှိသူပါ။ ပြီးတော့ သူဟာ ပွဲစောင့်ကြည့်ရတာကိုလည်း ပျော်ရွှင်တဲ့သူပါ။ ကျွန်တော့်အနေနဲ့ ကစားသမားအားလုံးကို တိုးတက်စေချင်ပြီး ပိုလည်း ကောင်းစေချင်ပါတယ်” ဟု အန်းရစ်က ထပ်လောင်းပြောကြားခဲ့သည်။

    လာလီဂါတွင် ဒုတိယနေရာမှ ရီးယဲလ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်မှုနှင့်ပတ်သက်၍ အန်းရစ်က မိမိတို့မှာ လက်ရှိအချိန်တွင် တစ်ပန်းသာသည့် အနေအထား၌ ရှိနေသော်လည်း ချန်ပီယံဘွဲ့အား ရှရှိထားခြင်းမဟုတ်ကြောင်း၊ မိမိတို့ ကစားပုံ တိုးတက်အောင် ဆောင်ရွက်နိုင်သည့်တစ်လျှောက်လုံး ဇယားတွင် ထိပ်ဆုံး၌ ရှိနေမည်ဖြစ်သော်လည်း ကစားရန် ပွဲများစွာ ကျန်ရှိနေသေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    အလ်ဂျီးရီးယားနိုင်ငံရဲ့ ပထမဆုံး အိုလံပစ် ရွှေဆုရှင် ဟစီဘာ ဘိုးလ်မာကာ

    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    Hassiba Boulmerka
    ဟစီဘာ ဘိုးလ်မာကာ (Hassiba Boulmerka) ကို  ၁၉၆၈ ခု၊ ဂျူလိုင်လ ၁၀ ရက်နေ့တွင် အလ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက် ကွန်စတန်တိုင်မြို့တွင် မွေးဖွားခဲ့သည်။ သူမမှာ တာလတ် အပြေးသမားဟောင်းတစ်ဦးဖြစ်သည်။ ၁၉၉၂ခုနှစ်တွင် အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး အလ်ဂျီးရီးယားနိုင်ငံသားဖြစ်သည်။

    ကွန်စတန်တိုင်မြို့တွင်မွေးဖွားခဲ့သော သူမသည် အပြေးအားကစားကို အသက် ၁၀နှစ်အရွယ်မှစ၍ အရူးအမူးဖြစ်ခဲ့ပြီး မီတာ ၈၀၀ နှင့် မီတာ ၁၅၀၀ တန်း အပြေးပြိုင်ပွဲတွင် ထူးချွန်ခဲ့သည်။ များပြားသော ပြိုင်ပွဲများမရှိသော်လည်း ဒေသတွင်းအပြေးပြိုင်ပွဲများနှင့် နိုင်ငံတွင်း အပြေးပြိုင်ပွဲများတွင် အောင်မြင်သူတစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲမှာ ၁၉၈၈ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် နွေရာသီအိုလံပစ်ပြိုင်ပွဲဖြစ်ပြီး မီတာ ၈၀၀နှင့် ၁၅၀၀ တန်း ပြိုင်ပွဲနှစ်ခုစလုံးတွင် ပဏာမအစမ်းပြိုင်ပွဲ၌ပင်ထွက်ခဲ့ရသည်။

    1hb4fkuikjiyku7xzov3fvug0

    ဘိုးလ်မာကာ ၏ အရည်အချင်းမှာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အောင်မြင်မှုရရှိခဲ့သည်။ အီတလီနိုင်ငံ ရောမမြို့၌ကျင်းပသည့် ဂိုးလ်ဒန်း ဂါလာ(Golden Gala) မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည်။ တစ်လကြာပြီးနောက် ကမ္ဘာချန်ပီယံရှစ် မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင်လည်း အနိုင်ရရှိခဲ့ပြီး တာလတ် ကမ္ဘာ့အပြေး ချန်ပီယံဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သည့် အာဖရိကန် အမျိုးသမီးဖြစ်လာခဲ့သည်။

    ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည့် မီတာ ၁၅၀၀ အိုလံပစ် အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ နောက်ဆုံးဖိုင်နယ်တွင် Lyudmila Rogachova၊ ထိုစဉ်က စံချိန်တင်ထားသူ Qu Yunxia  တို့နှင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုရွှေတံဆိပ်မှာ အလ်ဂျီးရီးယားနိုင်ငံ အတွက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုဖြစ်ခဲ့သည်။

    Hassiba-Boulmerka.

    ၁၉၉၃ခုနှစ် ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သော်လည်း ဘိုးလ်မာကာမှာ နောက်ပိုင်းရာသီနှစ်ခုတွင် အောင်မြင်မှုမရရှိခဲ့ပေ။ ၁၉၉၅ခုနှစ်  ဆွီဒင်နိုင်ငံ ဂိုသင်ဘတ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းရာသီတွင်တစ်ခုတည်းသော အနိုင်ရရှိမှုဖြစ်ပြီး အဓိက အနိုင်ရရှိမှုလည်းဖြစ်ခဲ့သည်။ ၁၉၉၆ခုနှစ် အမေရိကန်ပြည်ထောင်စု အတ္တလန်တာတွင်ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ခြေကျင်းဝတ်အဆစ်လွဲသည့် ဒဏ်ရာရှိခဲ့သည်။ ၁၉၉၇ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်အပြေးပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သူမ၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။ ထိုပြိုင်ပွဲပြီးနောက် သူမမှာ အားကစားလောကမှ အနားယူသွားခဲ့သည်။

    နောက်ပိုင်းတွင် သူမမှာ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ၌တာဝန်ထမ်းဆောင်ရန် အရွေးခံခဲ့ရသည်။  သူမမှာ မီတာ ၁၅၀၀ တန်း တွင် ၃ မိနှစ် ၅၅.၃၀ စက္ကန့်ဖြင့်အာဖရိက စံချိန်တင်နိုင်ခဲ့ပြီး ထိုစံချိန်မှာ ၁၉၉၂ခု ဘာစီလိုနာအိုလံပစ်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ် အော်စလိုမြို့တွင် တစ်မိုင်ခရီးကို ၄ မိနစ် ၂၀.၇၉ စက္ကန့်ဖြင့်ပြေးနိုင်သည့် အာဖရိကစံချိန်ကိုလည်း တင်နိုင်ခဲ့သူဖြစ်ပြီး ၁၇နှစ်ကြာပြီးနောက် ၂၀၀၈ခုနှစ်တွင် အီသီယိုးပီးယားမှ Gelete Burika က ၄ မိနစ် ၁၈.၂၃ စက္ကန့်ဖြင့် သူမ၏စံချိန်ကို ချိုးဖျက်ခဲ့သည်။