News @ M-Media

Blog

  • PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    PFA တစ်နှစ်တာ အကောင်းစာရင်းအတွက် ဂျွန်တယ်ရီ၏ ရွေးချယ်မဲပေးမှု ထွက်ပေါ်လာ

    ဧပြီ ၁၂၊ ၂၀၁၅
    M-Media

    terry's PFA

    – ချယ်ဆီးအသင်းအခေါင်းဆောင် ဂျွန်တယ်ရီက PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံးအသင်းအတွက် ၎င်း၏ မဲပေးမှုကို ဖော်ထုတ်လိုက်ပြီး ထိုအထဲတွင် အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးလ် အလယ်တန်းလူ ဖိလစ်ပီ ကော်တင်ဟိုအား ရွေးချယ်ထားသည်။

    ယခုနှစ် လီဗာပူးလ်အား ချယ်ဆီးက ရှုံးနိမ့်ခဲ့သည့် ၃ ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီမှာ ဘရာဇီးလ်ကစားသမား ကော်တင်ဟို၏ စွမ်းရည်ကို အထင်ကြီးခဲ့သည်။ ကော်တင်ဟိုမှာ ပရီးမီးယားလိဂ်တွင် ၄ ဂိုးသာ သွင်းထားသည်။

    အကောင်းဆုံး လူငယ်ကစားသမားစာရင်းတွင်မူ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအား တယ်ရီက ရွေးချယ်ခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ဟယ်ရီကိန်းမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်တွင် ၁၉ ဂိုး သွင်းယူပေးထားပြီး PFA ၏ အကောင်းဆုံး လူငယ်ကစားသမားစုကို ရရှိရန် သေချာနေသည်။

    တစ်နှစ်တာအကောင်းအဆုံးအသင်း၏ ဂိုးသမားနေရာ၌ မန်ယူတွင် အကောင်းဆုံး လက်စွမ်းပြနေသည့် ဒေးဗစ် ဒီ ဂီယာကို ရွေးခဲ့ပြီး နောက်ခံလူနေရာများတွင် ဆောက်သက်တမ်မှ ၃ ဦးနှင့် အာဆင်နယ်မှ ကွန်စီယဲလ်နီတို့ ပါဝင်ခဲ့သည်။

    အလယ်တန်းနေရာတွင် လီဗာပူးလ်မှ ကော်တင်ဟိုနှင့် စတာလင်၊ ချယ်ဆီးမှပြောင်းသွားပြီး မန်ယူတွင် ရုန်းကန်ခဲ့ရကာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းများ ပြန်ရခဲ့သည့် ဂျူအန်မာတာနှင့် ဆောက်သက်တမ်မှ ဆာဒီယို မန်နီတို့ကို ရွေးချယ်ခဲ့သည်။

    ရှေ့တန်းတွင်မူ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေသည့် မန်စီးတီးတိုက်စစ်မှူး အဂူရိုနှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အား ရွေးချယ်ထားသည်။

    PFA ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားများ မဲပေးရာတွင် ၀က်စ်ဘရွန်း အလယ်တန်းလူ မူလမ်ဘူမှာ တစ်နှစ်တာအကောင်းဆုံး ကစားသမားနေရာတွင် ဟယ်ရီကိန်းနှင့် အကောင်းဆုံး လူငယ်ကစားသမားနေရာတွင် ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်တို့အား မှားယွင်းဖြည့်စွက်မိသည်ဟု ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Goal.com

  • ယီမင်ပြဿနာတွင် ပါကစ္စတန် ကြားနေမည်

    ယီမင်ပြဿနာတွင် ပါကစ္စတန် ကြားနေမည်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    yemen

    – လက်ရှိဖြစ်ပွားနေသာ ယီမင်ပြဿနာတွင် ပါကစ္စတန်နိုင်ငံအနေဖြင် ကြားနေသွားမည့် မူဝါဒကို အတည်ဖြစ်စေသော ဆုံးဖြတ်ချက်တစ်ခုကို ပါလီမန်က ယမန်နေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး ထိုသို့ အတည်ပြုခဲ့ခြင်းက ဆော်ဒီခေါင်းဆောင်သည့် မဟာမိတ်များ ယီမင်ရှိ ဟူသီသူပုန်များကို တိုက်ခိုက်မှုတွင် ပါကစ္စတန်က ပါဝင်မည်မဟုတ်ဟု ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    ပါကစ္စတန်ပါလီမန်မှာ ထိုကိစ္စနှင့်ပတ်သက်၍ တစ်ပတ်လုံး အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် ဘဏ္ဍာရေးဝန်ကြီး အစ္စဟက် ဒါရ် တင်သွင်းသည့် အဆိုပါမူကြမ်းကို ယမန်နေ့က တစ်ညီတစ်ညွှတ်တည်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်တွင် ပါကစ္စတန်မှာ ယီမင်ပြဿနာ၌ ကြားနေရမည်ဟူသည့် ဆန္ဒကို ဖော်ပြထားပြီး ဆော်ဒီ၏ တိုက်ခိုက်မှုများကိုလည်း လုံးဝ ကူညီသွားမည်မဟုတ်ဟု အသေအချာ ဖော်ပြထားသည်။

    သို့သော်လည်း ပါလီမန်အမတ်များမှာ ဆော်ဒီနိုင်ငံ၏ပိုင်နက် တည်တံ့ခိုင်မြဲမှုကို ချိုးဖောက်မှုများ ရှိလာပါက သို့မဟုတ်
    မွတ်စလင်တို့ အထွဋ်အမြတ်ထားသော မက္ကာနှင့် မဒီနာမြို့တို့အား ခြိမ်းခြောက်မှုများ ရှိလာပါက ဆော်ဒီနိုင်ငံနှင့် အတူတကွ ရပ်တည်ရင်ဆိုင်သွားမည်ဟု သဘောတူညီခဲ့ကြသည်။

    ယီမင်ပြဿနာဖြစ်လာပြီးနောက် ဆောက်ဒီက ပါကစ္စတန်အား ၎င်းတို့၏ တိုက်ခိုက်မှုများတွင် ပါဝင်ရန် တိုက်တွန်းခဲ့ပြီး ပါကစ္စတန်ခေါင်းဆောင်များကမူ ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဆော်ဒီအကြီးတန်းအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကာ စစ်ဘက်ခေါင်းဆောင်များကလည်း အီရန်၊ အီဂျစ်တို့နှင့် ဆွေးနွေးခဲ့ကြသည်။

    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်မှာ ယီမင်ပြဿနာနှင့်ပတ်သက်၍ တူရကီခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကလည်း ပါကစ္စတန်သို့ ၂ ရက်ကြာ လာရောက်လည်ပတ်ခဲ့ကာ ထိုကိစ္စများနှင့် ပတ်သက်၍ ပါကစ္စတန်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

    ယီမင်ပြဿနာတွင် ပါကစ္စတန်မှာ မဟာမိတ်တူရကီနှင့်အတူ ကြားဝင်ညှိနှိုင်းပေးမည့်နိုင်ငံအဖြစ် ၎င်းတို့ကိုယ်ကို သတ်မှတ်ထားပြီး ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရာတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ရန် ကုလနှင့် OIC တို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ဘိုကိုဟရမ်ကြောင့် နိုက်ဂျီးရီးယား မွတ်စလင်များ ခရစ်ယာန်များ၏ တိုက်ခိုက်မှုကို ခံနေရ

    ဘိုကိုဟရမ်ကြောင့် နိုက်ဂျီးရီးယား မွတ်စလင်များ ခရစ်ယာန်များ၏ တိုက်ခိုက်မှုကို ခံနေရ

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media

    9-4-15_Adamawa-Christians-Take-Revenge-on-Muslims

    – နိုက်ဂျီးရီးယားမြောက်ပိုင်းရှိ ပြည်နယ်များတွင် ဘိုကိုဟရမ် စစ်သွေးကြွအဖွဲ့၏ လက်မှ လွတ်မြောက်အောင် ကြိုးပမ်းနေရသော မွတ်စလင်များမှာ ခရစ်န်ယာန်အသိုင်းအ၀ိုင်း၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီး၊ ၎င်းတို့အား အရှက်ရစေကာ ဘိုကိုဟရမ်အား ထောက်ခံအားပေးသည်ဟူသော စွပ်စွဲချက်ဖြင့် သက်ဖြတ်မှုများ ရှိနေသည်ဟု သိရသည်။

    “ခရစ်ယာန်တွေက မွတ်စလင်တွေဟာ ဘိုကိုဟရမ်ကို ဖိတ်ခေါ်လာပြီး သူတို့ကို သတ်ခိုင်းတယ်လို့ ယုံကြည်နေကြပါတယ်။ အဲဒါကြောင့် အခုအချိန်မှာဆိုရင် လက်တုံ့ပြန်လာကြပြီး မွတ်စလင်တိုင်းဟာ ပစ်မှတ်ထားခြင်း ခံနေရပါတယ်” ဟု အဒါမာဝါပြည်နယ် မွတ်စလင်ကောင်စီမှ အဖွဲ့ဝင်ဖြစ်သူ ဆာလီဟီ အတီကူက ပြောကြားခဲ့သည်။

    ထို့ပြင် အတီကူမှာ လသားကလေးကို ချီထားပြီး လမ်းသွားနေသည့် ၎င်း၏ ညီမဖြစ်သူမှာ ခရစ်ယာန်များ၏ ချုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်ဟုလည်း ပြောကြားခဲ့သည်။ သားအမီ ၂ ဦးစလုံးမှာ ခေါင်းဖြတ် အသတ်ခံခဲ့ရသည်။

    အနောက်တိုင်းပညာရေးမှာ အပြစ်ဖြစ်သည်ဟု ယူထားသည့် ဘိုကိုဟရမ်၏ ရက်စက်ယုတ်မာမှုများက နိုက်ဂျီးရီးယားရှိ ခရစ်ယာန်များနှင့် မွတ်စလင်များအကြား သပ်လျှိုသွေးခွဲပေးသကဲ့သို့ ဖြစ်နေသည်ဟု အဒါမာဝါ ငြိမ်းချမ်းရေး ရှေ့ဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရှေ့ဆောင်အီမာမ်တစ်ပါးဖြစ်သူ ဒေါက်ဒါ ဘဲလ်လိုက ပြောကြားခဲ့သည်။

    ဘိုကိုဟရမ်အဖွဲ့မှာ နိုက်ဂျီးရီးယားတွင် အစ္စလာမ့်ဥပဒေ ပြဌာန်းမည်ဟုဆိုကာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်မှာ ၆ နှစ် ကျော်လာခဲ့ပြီဖြစ်သည်။ ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများကိုလည်း ၎င်းတို့က တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူ အရေအတွက်မှာ အကြမ်းဖျဉ်းအားဖြင့် ၁၃၀၀၀ ခန့် ရှိနေသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာလည်း သန်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်။

    ၎င်းတို့၏ တိုက်ခိုက်မှုများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ချဒ်၊ နိုက်ဂျာနှင့် ကင်မရွန်းနိုင်ငံများအထိ ရောက်ရှိနေသည်။ အဆိုပါ ဘိုကိုဟရမ်အဖွဲ့အား နိုက်ဂျီးရီးယာစစ်တပ်ဦးဆောင်သော အာဖရိက နိုင်ငံများက ပြီးခဲ့သည့် သီတင်းပတ်များတွင် စတင်ချေမှုန်းခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့သည်။

    “ဒီနေ့မနက်မှာ နိုက်ဂျီးရီးယားလေတပ်ရဲ့ ထောက်ပံ့ပေးမှုနဲ့အတူ နိုက်ဂျီးရီးယား စစ်တပ်က ယိုဘီနဲ့ ဂွမ်ဘီပြည်နယ်တို့ကို ဆက်နေတဲ့ ဘော်နိုပြည်နယ် ကာဂါနဲ့ ဒါဘိုဟာ ဒေသအကြားမှာရှိတဲ့ အလာဂါနို သစ်တောထဲက ဘိုကိုဟရမ်အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံး စခန်းကို ရှင်းလင်းခဲ့ပါတယ်” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆန်နီ အွတ်စ်မန်က ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

    Ref: Onislam

  • ပြင်သစ်နိုင်ငံအား ဆဲရေးခဲ့သည့် အီဗရာဟီမိုဗစ် ၄ ပွဲပယ်ခံရ

    ပြင်သစ်နိုင်ငံအား ဆဲရေးခဲ့သည့် အီဗရာဟီမိုဗစ် ၄ ပွဲပယ်ခံရ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    zlatan-ibrahimovic-paris-saint-germain-psg_1de4pvallx8kp1qh6x9vrmhcod

    – လိဂ်ဝမ်းပွဲစဉ်တစ်ခုတွင် ပြင်သစ်နိုင်ငံအား ဆဲရေးတိုင်းထွာခဲ့သည့် ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်အား ပြင်သစ်ဘောလုံးအဖွဲ့ချုပ် LFP က ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့်လက ဘော့ဒိုးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အီဘရာဟီမိုဗစ်မှာ ကွင်းလယ်ဒိုင်လူကြီးကို နှုတ်ဖြင့် စော်ကားပြောဆိုခဲ့ပြီး ပြင်သစ်နိုင်ငံကိုလည်း ဆဲရေးတိုင်းထွာခဲ့ကာ ၎င်း၏ ထိုပြောကြားမှုများကို ရုပ်သံကင်မရာမှ မှတ်တမ်းတင်ထာနိုင်ခဲ့သည်။

    ထိုကဲ့သို့ မဆင်မခြင်ပြောဆိုမှုကြောင့် မိုဗစ်မှာ ဝေဖန်မှုများကို ခံခဲ့ရပြီး ပြင်သစ်ဝန်ကြီးချုပ်ပင် ၎င်းအား ဝေဖန်ပြောဆိုခဲ့သည်။

    မိုဗစ်ကမူ နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့ပြီး ပြင်သစ်နိုင်ငံအပေါ် ထိုကဲ့သို့ သဘောထားရှိပါက ပီအက်စ်ဂျီအသင်းနှင့်ပင် သက်တမ်းတိုးမည်မဟုတ်ဟု ကာကွယ်ပြောကြားခဲ့သည်။ သို့သော်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကမူ အီဗရာဟီမိုဗစ်အား ၄ ပွဲပယ်ရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့သည့်အတွက် လာမည့် လိဂ်ဝမ်းပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။

    အင်္ဂါနေ့က ပြင်သစ်ရှုံးထွက်ဖလားတွင် ဟက်ထရစ်သွင်းယူခဲ့ပြီး ပုံစံကောင်းများ ပြသနေသည့် အီဗရာဟီမိုဗစ်၏ ထိုပြစ်ဒဏ်မှာ ပီအက်စ်ဂျီအသင်းအတွက် ထိုးနှက်ချက်လည်း ဖြစ်လာမည်ဖြစ်သည်။

    ပီအက်စ်ဂျီမှာ အမှတ်ပေးဇယားထိပ်တွင် ဒုတိယနေရာမှ လိုင်ယွန်အသင်းအား ၁ မှတ်ဖြတ်၍ ဦးဆောင်နေပြီး ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့ကာ အီဗရာဟီမိုဗစ်မှာ ၃ ပွဲသာ ပါဝင်ကစားခွင့်ရတော့မည်ဖြစ်သည်။

    မိုဗစ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ချယ်ဆီးနှင့်ပွဲတွင် အထုတ်ခံရသောကြောင့် လာမည့်သီတင်းပတ်တွင် ကစားမည့် ဘာစီလိုနာနှင့် ကွာတားဖိုင်နယ်တွင်လည်း ပါဝင်ခွင့်ရမည်မဟုတ်ပေ။

    Ref: Goal.com

  • ပင်နယ်တီကန်သွင်းချိန် အသင်းခေါင်းဆောင်လက်ပတ် ချွတ်ခဲ့တဲ့ နျူအာ

    ပင်နယ်တီကန်သွင်းချိန် အသင်းခေါင်းဆောင်လက်ပတ် ချွတ်ခဲ့တဲ့ နျူအာ

    ဧပြီ ၁၀၊ ၂၀၁၅
    M-Media

    neur

    – ဗုဒ္ဓဟူးနေ့က လေဗာကူဆင်နှင့်ပွဲ ပင်နယ်တီကန်ရာတွင် အသင်းခေါင်းဆောင်လက်ပတ်အား ချွတ်ပစ်လိုက်ခြင်းမှာ ဖိအားများ လျော့ပါးစေရန်ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်ဂိုသမား နျူအာက ပြောကြားလိုက်သည်။

    DFB-Pokal ကွာတားဖိုင်နယ်တွင် နှစ်သင်းစလုံးမှာ ပွဲချိန် ၁၂၀ ပြည့်သည်အထိ ဂိုးမသွင်းနိုင်ခဲ့သောကြောင့် ပင်နယ်တီကန်ရာ ဘိုင်ယန်က ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    အသင်းခေါင်းဆောင် ဖိလစ်လမ်း လူစားလဲခံရပြီးနောက် အသင်းခေါင်းဆောင်အဖြစ် လွှဲပြောင်းတာဝန်ယူခဲ့ရသည့် နျူအာမှာ ပင်နယ်တီကန်သည့်အချိန်တွင် အသင်းခေါင်းဆောင်လက်ပတ်အား ချွတ်ပစ်ခဲ့သည်။

    ထိုလုပ်ရပ်အတွက် အံသြခဲ့ရသော်လည်း နျူအာကမူ ဖိအားမြင့်နေသည့် ပင်နယ်တီကန်သွင်းချိန်တွင် မိမိအပေါ် စိတ်ပိုင်းဆိုင်ရာ နောက်ထပ်ဖိအားများ မရှိစေရန် ချွတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

    “(ချွတ်လိုက်မှ) နေသာထိုင်သာရှိသွားပါတယ်။ ဒီလက်ပတ်ကိုဝတ်ထားတဲ့အခါ အမြဲတမ်း ဖိအားနည်းနည်းတော့ ရှိပါတယ်။ ပင်နယ်တီကန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် တတ်နိုင်သမျှအားလုံး လုပ်ဖို့ လိုပါတယ်။ လေဗာကူဆင်ပွဲ အပါအ၀င် ပင်နယ်တီတိုင်းဟာ တော်တော်ကောင်းကောင်း ကန်သွင်းကြတာပါ။ ဘယ်အသင်းမဆို ပင်နယ်တီမှာ ရှုံးတာကို အခံရခက်ကြပါတယ်” ဟု နျူအာက ပွဲအပြီးတွင် DFB-Pokal ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ထို့ပြင် အဓိက ကစားသမားများဖြစ်သည့် ရီဘာရီ၊ ရော်ဘင်တို့ မပါဝင်သော်လည်း ရလဒ်ကောင်းအောင်

    ဆောင်ရွက်နိုင်ခဲ့သည့် အသင်းကို နျူအာက ချီးကျူးခဲ့ပြီး၊ လက်ရှိဒဏ်ရာပြဿနာက အသင်းအား ရိုက်ခတ်မှုရှိမည်ဟုလည်း ပြောကြားခဲ့သည်။ဘိုင်ယန်မှာ DFB-Pokal ဆီမီးဖိုင်နယ်တွင် ဒေါ့မွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal.com