News @ M-Media

Blog

  • ပြင်သစ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချရမှု ၃ ဆ တိုးလာ

    ပြင်သစ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချရမှု ၃ ဆ တိုးလာ

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    4-4-15_Islamic-Books-Sales-Triple-in-France

    – နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပေမယ့် ပဲရစ်က မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ အစ္စလာမ်အကြောင်း သိချင်စိတ်ပြင်းပြတဲ့သူတွေ ပိုများလာတာကြောင့် အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရောင်းရမှုဟာ ဒီနှစ်မှာ ၃ ဆလောက်တက်လာခဲ့ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်တဲ့ သူတွေဟာလည်း တိုးလာနေပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်နဲ့ပတ်သက်ပြီး လေ့လာဖော်ပြချက်တွေပါတဲ့ Philosophie မဂ္ဂဇင်းဟာ ပစ္စည်းပြတ်လောက်အောင် ရောင်းချနေရပြီး၊ အစ္စလာမ်နဲ့ပတ်သက်လို့ စာအုပ်စာတမ်းတွေလည်း အရင်ကထက် ပိုပြီး ရောင်းလာရပါတယ်။

    “ပြင်သစ်တွေက (အစ္စလာမ်နဲ့ပတ်သက်ပြီး) မေးခွန်းတွေ ပိုပိုမေးလာကြကာ မီဒီယာတွေကရတဲ့ အဖြေတွေကို သူတို့ မကျေနပ်ကြတော့ပါဘူး” လို့ Philosophie မဂ္ဂဇင်းရဲ့ ဒါရိုက်တာဖြစ်သူ ဖာဘရစ်စီ ဂါရှဲလ်က ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် ပထမ သုံးလမှာပဲ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရောင်းရမှုဟာ မနှစ်ကထက်စာရင် ၃ ဆ လောက် မြင့်တက်လာခဲ့တယ်လို့လည်း ပြင်သစ်အမျိုးသားစာအုပ်အသင်းက ဆိုပါတယ်။ ဘာသာရေးဆိုင်ရာ စာအုပ်တွေ ရောင်းချပြီး ဆိုင်ခွဲတွေအများကြီးရှိတဲ့ La Procure စာအုပ်ဆိုင်က မသ်ဟီလ်ဒီ မာဟီယက်စ်က လူမဆန်တဲ့ IS က ကိုယ်စားပြုတယ်လို့ ပြောလာတဲ့အတွက်ကြောင့် လူတွေက အစ္စလာမ်ဘာသာတရားနဲ့ပတ်သက်ပြီး ပိုပြီး နားလည်ချင်လာကြတယ်လို့ ပြောခဲ့ပါတယ်။

    သရော်တဲ့မဂ္ဂဇင်း ချာလီဟဘ်ဒိုနဲ့ ဂျူးကုန်တိုက်တစ်ခုကို အစွန်းရောက်တွေက တိုက်ခိုက်မှုဟာ မွတ်စလင်မဟုတ်တဲ့သူတွေကို အစ္စလာမ်နဲ့ပတ်သက်ပြီး အဖြေရှာဖို့ ဖြစ်စေခဲ့ပါတယ်။

    “ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ် အမျိုးသမီးငယ်တစ်ယောက်ဟာ ကုန်အာန်ကျမ်းတော်မြတ်ကို ၀ယ်ဖို့ ရောက်လာပါတယ်။ အစ္စလာမ်ဟာ အကြမ်းဖက်သာသနာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ နားလည်ချင်လို့ပါ” လို့ ပြင်သစ်နိုင်ငံအနောက်ပိုင်း နန်တီစ်ဒေသက စာအုပ်ဆိုင်ပိုင်ရှင် ယူဗွန် ဂီလာဘာ့တ်က ဆိုပါတယ်။

    တစ်ချို့တွေက အစ္စလာမ်ကို အစွန်းရောက်တွေ ပုံဖျက်ပြန်ဆိုထားတာတွေကို ကျော်ကြည့်ချင်ကြပါတယ်။

    “ဘာသာတရားတွေက ဘာတွေပြောထားသလဲဆိုတာကို သိဖို့ ကျွန်တော်တို့ဟာ အခြေခံဝါဒကို ကျော်ကြည့်တတ်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဘာသာရေးဆိုင်ရာစာအုပ်တွေကို ရောင်းချနေတဲ့ ပဲရစ်စာအုပ်ဆိုင်ပိုင်ရှင် ပက်ထရစ် ဘက်စ်နာ့ဒ်က ပြောခဲ့ပါတယ်။

    ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်းမှာ ပြင်သစ်တက္ကသိုလ်တွေကလည်း အစ္စလာမ်နဲ့ပတ်သက်ပြီး သိချင်စိတ် ပြင်းပြလာကြပြီး အခုဆိုရင် ပဲရစ်က ကျော်ကြားတဲ့ ပြင်သစ်တက္ကသိုလ် College de France မှာ ကြာသာပတေးနေ့က ကုရ်အာန်ကျမ်းတော်မြတ် လေ့လာမှုဌာနကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Sorbonne တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို ပို့ချပေးနေတဲ့ ဂျီးန် ရိုနီကတော့ ဒီနှစ်မှာ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

    “အခြေအနေကြောင့် တရားသူကြီးစာမေးပွဲကို ပြင်ဆင်နေတဲ့ ကျောင်းသားတွေအတွက် ကျွန်တော့်ရဲ့ အထွေထွေယဉ်ကျေးမှုအတန်းမှာ ဘုရားသခင်ကို အခြေပြုတဲ့ အယူဝါဒတွေအကြောင်း ကဏ္ဍတွေ ထပ်ထည့်ခဲ့ပါတယ်” လို့ ရိုနီက ပြောခဲ့ပါတယ်။

    အစ္စလာမ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေနေတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် မန်ဆူရ် မန်ဆူရ် ကတော့ သူ့ပုံနှိပ်စက်က ရိုက်နှိပ်တဲ့စာအုပ်တွေဟာ ၃၀ ရာခိုင်နှုန်းလောက် အရောင်းတက်လာတယ်လို့ဆိုပါတယ်။

    “၉/၁၁ တိုက်ခိုက်မှုပြီးနောက်ပိုင်းမှာ ဖြစ်ခဲ့သလိုပါပဲ”

    ချာလီဟဘ်ဒိုတိုက်ခိုက်မှု ပြီးတဲ့နောက်ပိုင်း အစ္စလာမ်ဟာ ဒီလိုအကြမ်းဖက်သာသနာလားဆိုတာကို အသေအချာလေ့လာရင်းနဲ့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့သင်ကြားမှုကို သိရှိခဲ့ပြီးတဲ့နောက် ပြင်သစ်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာသူ အရေအတွက်ဟာလည်း တိုးတက်လာခဲ့ပါတယ်။ ပြင်သစ်က အီမာမ်တွေက သူတို့ဆီကိုလာပြီး အစ္စလာမ်ကို လက်ခံတဲ့သူတွေ မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

    မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာမှာပဲ ပြင်သစ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အစ္စဘယ်လီ မာတစ်က သူမအနေနဲ့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ပြီလို့ Facebook စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

    Ref: Asiaone, Onislam

  • အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အကောင်းမြင်ရန် မထိုက်တန်သေး

    အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အကောင်းမြင်ရန် မထိုက်တန်သေး

    ဧပြီ ၅ ၊ ၂၀၁၅
    M-Media
    Myanmar's draft cease-fire
    မြန်မာနိုင်ငံ၏ လက်နက်ကိုင် တိုင်းရင်းအုပ်စုများ အကြောင်းကို နှစ်ရှည်လေ့လာထားသူ ထိပ်တန်းသုတေသီတစ်ဦးက အမျိုးသား ရင်ကြားစေ့ရေးဆွေးနွေးခြင်း၌ လတ်တလော နည်းလမ်းရှာမှုမှာ လျှာပေါ်ဝဲ စကားများသာဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း စကားလုံးများအပေါ် အမွှမ်းတင်နေကြသည့် နိုင်ငံတကာလေ့လာသူများအကြားတွင် ဖွင့်ချပြောဆိုလိုက်သည်။

    မြန်မာအစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့သည် တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA အတွက် လက်မှတ်ထိုးနိုင်ရန် သဘောတူညီချက် ရရှိခဲ့သည်။ ၎င်းကို ကုလသံတမန်က မြန်မာ့သမိုင်း၏ မှတ်တိုင်တစ်ရပ်အဖြစ် ဖော်ပြသည်။

    သို့သော် ယင်းသဘောတူညီချက်အပေါ် အလှမ်းကျယ်စွာအကောင်းမြင်ပေးရန်အတွက် မထိုက်တန်သေးကြောင်း မြန်မာ့ရေးရာ စာအုပ်ကောင်းများကို ရေးသားခဲ့သည့် ဗျူဟာပိုင်းသုတေသီနှင့် စာနယ်ဇင်းသမားဖြစ်သူ ဘာတီးလ် လင့်တ်နာ Bertil Lintner မှ Anadoul Agency သို့ပြောကြားသည်။

    “သူတို့တက်လှမ်းထားနိုင်ခဲ့တဲ့အဆင့်ဟာ ခါတိုင်းလိုပါပဲ။ နှစ်ဖက်သဘောတူညိုနှိုင်း ရေးဆွဲပြီးစီးကြောင်း အတည်ပြုချက်ကို လက်မှတ်ရေးထိုးတဲ့အဆင့်အထိသာ ရှိပါသေးတယ်။ ဒီလနောက်ဆုံးပတ် သို့မဟုတ် မေလအတွင်းမှာ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေဆီ သဘောတူစာချုပ်ကို တင်ပြရဦးမှာဖြစ်ပါတယ်။ ဒီ့ထက် မပိုပါဘူး” ဟု သူက ဆိုသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT  တို့သည် သဘောတူစာချုပ်ကို တရားဝင် လက်မှတ်မထိုးရသေးပါ။ မိမိတို့၏ခေါင်းဆောင်များထံမှ အတည်ပြုချက် ရယူရန် လိုနေသေးသည်ဟု တိုင်းရင်းသားများဖက်မှ စေ့စပ်ညှိနှိုင်းရေးသမားတို့က ပြောကြားသည်။ ထို့ပြင် စာချုပ်ပါအချက်အလက်များကိုလည်း တရားဝင် ထုတ်ပြခြင်း မရှိသေးချေ။

    ပြည်တွင်းရေးပဋိပက္ခများ ချုပ်ငြိမ်းစေမည့် အပစ်အခတ်ရပ်စဲရေးအာမခံချက်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသော အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ လေသံမဟခဲ့ကြ။ စစ်အာဏာရှင်များ ဘေးထွက်ထိုင်သည့် ၂၀၁၁ ခုနှစ်မှစ၍ အာဏာရလာသော ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်က ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲမတိုင်မီ သဘောတူစာချုပ်အား အတည်ပြုလက်မှတ်ရေးထိုးနိုင်ဖို့ တိုက်တွန်းထားသည်။

    သို့သော် သုံးနှစ်နီးပါးကြာသည့်တိုင် ငြိမ်းချမ်းရေးစကားဝိုင်း ဟူသော လက္ခဏာများကိုသာ တွေ့ရသဖြင့် သဘောတူ လက်မှတ်ရေးထိုးပြီးသည့်နောက် ပြဿနာပိုမိုကြီးထွားလာဖွယ်ရှိနေသည်။ အငြင်းပွားဖွယ် ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းအား တိုင်းရင်းသားအုပ်စုတို့မှ လိုက်နာမှသာ ငြိမ်းချမ်းရေးစကားဝိုင်း ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း စစ်တပ်က တင်းခံနေသည်ဟု NCCT ခေါင်းဆောင်မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    “၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်းဟာ ဒီမိုကရေစီနည်းလမ်းမကျဘူး။ ပြီးတော့ အဲ့ဒီထဲမှာ တိုင်းရင်းသားတွေအတွက် ဘာအခွင့်အရေးမှ မပါဝင်ပါဘူး” ဟု Radio Free Asia – RFA သို့ နိုင်ဟံသာက ပြောပြသည်။

    ပြည်သူ့ဆန္ဒခံယူမှုကို မလှိမ့်တပတ်လုပ်၍ ထွက်လာခဲ့သည့် အဆိုပါ စစ်တပ်ရေးဆွဲထားသော အခြေခံဥပဒေ၌ တိုင်းရင်းသား သူပုန်များသည် တပ်မတော်နှင့်ပူးပေါင်းရမည် သို့မဟုတ် လက်နက်ဖြုတ်သိမ်းရမည်ဟု တောင်းဆိုထား၏။ လက်ရှိမူကြမ်းမှ စစ်တပ်၏တောင်းဆိုချက် ၆ ရပ်၌ ထိုအချက်က ဆက်လက်ပါဝင်နေသည်။

    ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အင်္ဂါနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ “ကျွန်တော်တို့ချမှတ်ထားတဲ့ အခြေခံမူ ၆ ရပ်ကိုလက်ခံရင် ပြည်တွင်းမှာ ထာဝရငြိမ်းချမ်းရေးရရှိပါလိမ့်မယ်” ဟု ပြောကြားသွားသည်။

    ပြဿနာများ ရှေ့ဆက်နေသည့်ကြားမှ တနင်္လာနေ့တွင် လက်မှတ်ထိုးရေး သဘောတူညီချက်ရခြင်းကိုသံပြိုင်အကောင်းဆိုရာ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူရှင်များပါဝင်ဖွဲ့စည်းထားသည့် အုပ်စုများကလည်း ပါဝင်နေပေသည်။

    မြန်မာနိုင်ငံ၏ ဟန်ပြသတင်းကောင်းများအပေါ် ထိုးဖောက်မြင်သည့်အတွေ့အကြုံရှိနေသူ လင့်တ်နာ ကမူ သူ၏သီးခြားအမြင်တစ်ရပ်ကို ဤသို့ဆိုလေသည်။

    “ပြည်ပလေ့လာသူများလို့ အမည်ခံထားသူတွေဟာ တကယ်တော့ အဖြစ်မှန်ကို မမြင်နိုင်သူများသာ ဖြစ်ကြတယ်”။

    Ref : Joshua Carroll’s “ Analyst dismisses Myanmar’s draft cease-fire deal ” ; AA(Anadoul Agency).
    မြင့်မိုရ်မောင်မောင် ဘာသာပြန်သည်။

  • နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ  မူတီဖာရီကာ

    နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ မူတီဖာရီကာ

    ဧပြီ ၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။

    Ibrahim Muteferrika

    – ကမ္ဘာ့နက္ခတဗေဒပညာရပ်မှာ မွတ်စလင်တွေရဲ့ လက်ဖျားခါလောက်တဲ့ ကူညီမှုတွေကို လူတိုင်းသိကြပါတယ်။ အဲဒီအထဲကမှ အချက်အလက်အပြည့်အစုံပါဝင်တဲ့ နက္ခတဗေဒဆိုင်ရာ ဇယားတစ်ခုကို ပထမဆုံး ရေးသားဖော်ထုတ်ခဲ့တာကတော့ အာရပ် နက္ခတဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ အလ်-ရှာတီရ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ဖြစ်ပါတယ်။ ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ်ကနေ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့  အီဗရာဟင်(မ်) မူတီဖာရီကာ  ဆိုသူကတော့ အော်တိုမန် အင်ပါယာထဲကို ပုံနှိပ်စက် ပထမဆုံး တင်သွင်းလာသူဖြစ်ပြီး နေကြတ်ပုံအသေးစိတ်ကို ပထမဆုံး ရေးဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က အီဗရာဟင် မူတီဖာရီကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တူရကီနဲ့ အော်တိုမန်ကမ္ဘာကို ပုံနှိပ်စက်တစ်လုံး ယူဆောင်လာခဲ့ပြီး ၀ိဇ္ဖာ၊ သိပ္ပံစာအုပ်တွေကို ရိုက်နှိပ်ထုတ်ဝေဖို့ အော်တိုမန်ခလီဖာရဲ့ ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ ၁၇၂၀ ခုနှစ်မှာတော့ သူဟာ အစ္စလာမ်ကမ္ဘာရဲ့ ပထမဆုံး စာပုံနှိပ်တိုက်တစ်ခုကို အစ္စတန်ဘူလ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    မူတီဖာရီကာဟာ ယခင်က ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတာပါ။ သူ့ရဲ့နောက်ကြောင်းကို Risale­yi Islamiyye လို့ခေါ်တဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ သူဟာ အော်တိုမန်အင်ပါယာရဲ့ နည်းပညာနဲ့ အုပ်ချုပ်ရေးပိုင်း ခေတ်နောက်ကျမှုကို အလွန် စိုးရိမ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Usul al­Hikam fi Nizam al­Umam လို့ခေါ်တဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ၁၇၃၁ ခုနှစ်မှာ သူကိုယ်တိုင်ပဲ ထုတ်ဝေခဲ့ပါတယ်။

    ibrahim-hakki3_1

    အဲဒီစာအုပ်ထဲမှာ မူတီဖာရီကာဟာ ဥရောပမှာ ပြန့်နှံ့ကျင့်သုံးနေကြတဲ့ အစိုးရစနစ်နဲ့ စစ်တပ်စနစ်တွေကို ဖော်ပြထားပြီး ဥရောပရဲ့ စစ်ရေးနည်းပညာ၊ အုပ်ချုပ်ရေးပုံစံနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေကို မွေးစားအသုံးပြုမှသာ လွတ်လပ်တဲ့ မွတ်စလင်တိုင်းပြည်ကြီးဟာ ဆက်လက်သက်ဆိုးရှည်မယ်လို့ အော်တိုမန် ပြည့်ရှင်ကို တိုက်တွန်းခဲ့ပါတယ်။

    ဥရောပလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ အီဗရာဟင် မူတီဖာရီကာရဲ့ သတိပေးပြောဆိုမှုတွေဟာ အနည်းငယ်သာ ထိရောက်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာကြီးဟာ တစ်ဖက်မှာ အရေးပါတဲ့ အစ္စလာမ့် အမှတ်သညာကို ထိန်းသိမ်းဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေး ဆန်းသစ်မှုဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း လုပ်ဆောင်ခဲ့ပါတယ်။

    ibrahim-muteferrika_1

    ဆူလ်တန် အဟ်မဒ် ၃ ရဲ့အုပ်ချုပ်မှုအောက် ကျူလစ်ခေတ်မှာ မူတီဖာရီကာရဲ့ ကျွမ်းကျင်မှုတွေဟာ တန်းဖိုးမြင့်လာပါတယ်။ သူဟာ စာအုပ်ထုတ်ဝေသူ၊ ဧည့်လမ်းညွှန်၊ သံတမန်၊ နက္ခတဗေဒပညာရှင်၊ သမိုင်းပညာရှင်၊ အစ္စလာမ့်ရေးရာ ပညာရှင်၊ လူမှုဗေဒပညာရှင် စသဖြင့် ဘွဲ့မျိုးစုံနဲ့ ကျော်ကြားလာပါတယ်။ အဲဒီလို ဘွဲ့ထူးဂုဏ်ထူးတွေအပြင် မူတီဖာရီကာဟာ ရွှေ့လျားစနစ် ပုံနှိပ်စက်ကို တည်ဆောက်ခဲ့တဲ့ ပထမဆုံး မွတ်စလင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ ရွှေ့လျားစနစ် ပုံနှိပ်စက်တွေကို ဥရောပမှာ အချိန်အတော်ကြာကတည်းက အသုံးပြုခဲ့ပေမယ့် မူတီဖာရီကာ ဖန်တီးခဲ့တဲ့ အဲဒီပုံနှိပ်စက်ကတော့ ပိုဆန်းသစ်ပြီး မွတ်စလင်ကမ္ဘာရဲ့ တီထွင်ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ ပုံနှပ်စက်ကို အသုံးပြုပြီး မူတီဖာရီကာတစ်ယောက် နေကြတ်၊ လကြတ်မှုကို ပြတဲ့ ပထမဆုံး မြေပုံကို ရေးဆွဲကာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

    ibrahim-tiflisi

    ဒါတင်မကသေးဘဲ ဂျီအိုဂရပ်ဖီဆိုတဲ့ ကလောင်အမည်ကိုသုံးပြီး တော်လမီရဲ့ ကမ္ဘာဗဟိုပြုတဲ့ ပုံစံအရ အာကာသထဲက ဂြိုဟ်တွေရဲ့ အနေအထားကို ဖော်ပြတဲ့ ပုံတစ်ပုံကို ရေးဆွဲခဲ့ပါသေးတယ်။ တော်လမီရဲ့ အယူအဆကတော့ ကမ္ဘာကြီးဟာ စကြာဝဠာကြီးရဲ့အလယ်မှာ အသေရှိနေပြီး ဗဟိုတူ စက်ဝန်းတွေက ၀န်းရံထားကြတယ် ဆိုတာမျိုးပါ။ အဲဒီဗဟိုတူ စက်ဝန်းတွေထဲမှာ လ၊ မာကျူရီ၊ ဗီးနပ်စ်၊ နေ၊ မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေက အစဉ်အတိုင်းရှိနေကြပြီး ရွေ့ရှားမှုမရှိတဲ့ ကြယ်တွေကိုလည်း အဲဒီဂြိုဟ်တွေရဲ့ စက်ဝန်းအတွင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်တွေရဲ့ အစွန်မှာတော့ စက်ဝန်းတွေသာရှိပြီး စကြာဝဠာကြီးလို့ မှတ်ယူပါတယ်။ အဲဒီပုံစံကို မူတီဖာရီကာက သူ့ရဲ့ စာအုပ်ထဲမှာ ရေးဆွဲဖော်ပြခဲ့တာပါ။

    centre-of-the-world

    မူတီဖာရီကာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ကာတစ်ပ် ဂျာလစ်ဘ်ရဲ့  Jihan­nüma (ကမ္ဘာ့ကြေးမုံ) လို့ခေါ်တဲ့ ကမ္ဘာ့မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ဝေတဲ့စာအုပ်မှာ မူတီဖာရီကာဟာ ကော်ပါးနီးကပ်စ်ရဲ့ နက္ခတဗေဒဆိုင်ရာ သီအိုရီနဲ့ ပတ်သက်လို့ ငြင်းခုံချက်တွေ၊ အဲဒီသီအိုရီကို ဆန့်ကျင်မှုတွေနဲ့အတူ သူ့ရဲ့ သီအိုရီ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးထားပါတယ်။ ဒီအကြောင်းအရာတွေကြောင့် မူတီဖာရီကာကို အော်တိုမန် သိပ္ပံညာရပ်အတွင်းမှာ နေဗဟိုပြု နက္ခတဗေဒ သီအိုရီတွေ မိတ်ဆက်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးအဖြစ် မှတ်ယူကြပါတယ်။ သူဟာ ပထ၀ီပညာရှင်၊ နက္ခတပညာရှင်နဲ့ ဒဿနပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျာမန်မြေပုံပညာရှင် အန်ဒရီယက်စ် ဆဲလ်လာရီယက် (၁၆၆၅ တွင်ကွယ်လွန်) ရဲ့  Atlas coelestis (ကြယ်မြေပုံ) အစာအုပ်ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပြီး  Majmua’tul Haiy’a­ Kadim wal­Jadid ဆိုတဲ့ အမည်နဲ့ ၁၇၃၃ မှာ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

    ref:World Bulletin

  • ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    Issoufou Mahamadou, President of Niger, speaks at the John F. Kennedy School of Government at Harvard University in Cambridge

    – စစ်သွေးကြွအုပ်စု ဘိုကိုဟရမ်မှာ အစ္စလာမ်သာသနာ၏ အဆိုးဝါးဆုံးရန်သူဖြစ်ပြီး အနောက်အာဖရိကမှ မွတ်စလင်များမှာ
    အကြမ်းဖက်လုပ်ရပ်များနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ကြမ်းတမ်းသောပြန်ဆိုခြင်းတို့အား လက်မခံသောကြောင့် အဆိုပါ ဘိုကိုဟရမ်အုပ်စုမှာ ရှုံးနိမ့်သွားမည်ဟု နိုင်ဂျာသမ္မတ မိုဟာမာဒူ အစ်ဆိုဖူက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည် အစ်ဆိုဖူက မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ်၌ ကျောင်းသားများနှင့် တက္ကသိုလ်ဝန်ထမ်းများအား ယမန်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ဘိုကိုဟရမ်နဲ့ပတ်သက်လို့ကတော့ ဘာမှ အစ္စလာမ့်နည်းမကျပါဘူး။ အမျိုးသမီးတွေကို ပြန်ပေးဆွဲမုဒိမ်းကျင့်တာ၊ အပြစ်မဲ့တဲ့သူတွေကို သတ်ပစ်တာ၊ လူတွေရဲ့သွေးကို ဆာလောင်နေတာ အဲဒါတွေဟာ ဘိုကိုဟရမ်မှာ အနာဂတ်မရှိတော့ပါဘူး။ အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ ဘိုကိုဟရမ်တွေဟာ ရှုံးနိမ့်သွားမှာပါ” ဟု အစ်ဆိုဖူက ဆိုသည်။

    နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများတွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ တိုးမြှင့်ပြုလုပ်လာသည့် ဘိုကိုဟရမ်အဖွဲ့ကို နိုက်ဂျီးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံများဖြစ်ကြသော နိုင်ဂျာ၊ ကင်မရွန်း၊ ချဒ်နှင့် ဘန်နင်နိုင်ငံတို့ပူးပေါင်းကာ နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ်အဖွဲ့များကို ထိုးစစ်ဆင်လျက် ရှိနေသည်။

    အစ်ဆိုဖူကမူ ဘိုကိုဟရမ်အား တိုက်ခိုက်နေသည့် အာဖရိက မဟာမိတ်တပ်ဖွဲ့များကို မွတ်စလင်အများစုရှိရာ မိမိတို့နိုင်ငံက ထောက်ခံအားပေးသည်ဟုဆိုပြီး လတ်တလောရရှိခဲ့သည့် အောင်မြင်မှုများကို ထောက်ပြ ပြောဆိုသွားသည်။ ထို့ပြင် နယ်စပ်များတွင် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဘိုကိုဟရမ်၏ ကြိုးပမ်းမှုကိုလည်း ပယ်ချသွားသည်။

    “နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို ရှင်းပြရမယ်ဆိုရင် သူတို့တွေရဲ့သတင်းအချက်အလက်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပူးပေါင်းဆောင်ရွက်တာသာမက ပိုပြီးအရေးကြီးတဲ့ လူထုထောက်ခံမှုပါ ရလို့ ဒီလိုအောင်မြင်တာပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံတွေက ပြည်သူတွေဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေကို လက်မခံဘူးဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကပြည်သူတွေဟာ ဘိုကိုဟရမ်ကို မွတ်စလင်အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ပါ လက်မခံတာပါ” ဟု အစ်ဆိုဖူက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဒေသအတွင်း ဆင်းရဲမွဲတေမှုက စစ်သွေးကြွအဖွဲ့များထံ ပြည်သူများ သွားရောက်ပူးပေါင်းရသည့် အဓိက အကြောင်းအရင်း ဖြစ်နေပြီး၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အလှူရှင်များ သတ်သတ်မှတ်မှတ် မရှိခြင်း၊ လူဦးရေ လျှင်မြန်စွာ တိုးလာခြင်းနှင့် ရာသီဥတုပြဿနာများက အဟန့်အတားဖြစ်နေသည်ဟု ဆိုသည်။

    Ref: Reuters

  • ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    russia

    – ဘော်လ်တစ်နိင်ငံများအတွင်းသို့ နေတိုးတပ်များ ၀င်ရောက်လာခြင်း၊ သို့မဟုတ် ခရိုင်းမီးယားကို ယူကရိန်းနိုင်ငံအတွင်းသို့
    ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းလာခြင်းတို့ ဆောင်ရွက်ပါက အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများကို နျူကလီးယားသုံး၍ တုံ့ပြန်သွားမည်ဟု ရုရှားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ဂျာမနီနိုင်ငံ တော်ရ်ကာဂါယူမြို့တွင် ပြီးခဲ့သည်လက ရုရှားဗိုလ်ချုပ်များနှင့် အမေရိကန် တာဝန်ရှိသူများ ပြုလုပ်ခဲ့သော လျှို့ဝှက်အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ထိုအစည်းအဝေးတွင် အမေရိကန်တစ်ဦးရေးသားထားသော မှတ်စုကို ကိုးကား၍ The Times သတင်းစာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

    ထိုအစည်းအဝေးတွင် ခရိုင်းမီးယားအား ယူကရိန်းနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် နေတိုးအဖွဲ့က ကြိုးစားလာပါက နျူကလီးယားအင်အား အသုံးပြုခြင်း အပါအ၀င် ပြင်းထန်သည့် တုံ့ပြန်မှုများဖြင့် ကြုံတွေ့ရမည်ဟု ရုရှားက ပြောကြားခဲ့ပြီး လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံများအတွင်းသို့ နေတိုးစစ်တပ်များ ၀င်ရောက်လာပါကလည်း နျူကလီးယားမှ စစ်ဘက်မဟုတ်သော ပုံစံမျိုးအထိ တုံ့ပြန်မှုမျိုးစုံ ပြုလုပ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    ထို့ပြင် နေတိုးအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်များ ပေးပို့ပါကလည်း ထိုလုပ်ရပ်မှာ ရုရှားနယ်စပ်ကို ထပ်မံ ပိုင်နက်ကျူးလွန်ခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ရုရှားပြည်သူများက အင်နှင့်အားနှင့် တုံ့ပြန်ရန် တောင်းဆိုသွားလိမ့်မည်ဟုလည်း ရုရှားကိုယ်စားလှယ်အဖွဲ့က ထည့်သွင်းပြောဆိုခဲ့သည်။

    လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့တွင် ရုရှားစကားပြောသူများ အများအပြား ရှိနေခြင်းကြောင့် ယူကရိန်းတွင်ဖြစ်ခဲ့သည့် အခြေအနေနှင့် ရုရှားက ၀င်စွက်ရသည့် အခြေအနေမျိုးလည်း ထိုနိုင်ငံများတွင် ဖြစ်သွားနိုင်သည်ဟုလည်း ရုရှားက သတိပေးခဲ့သည်။

    အဆိုပါ မှတ်စုအရ ရုရှားမှာ ဘော်လ်တစ်ဒေသများသို့ ခြေလှမ်းရန် စဉ်းစားနေသော်လည်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးမည့် အခြေအနေမျိုးဖြစ်ကာ ယူကရိန်းအရှေ့ပိုင်းအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဆောင်ရွက်ခြင်းထက် ပို၍ ခက်ခဲမည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ရုရှားအနေဖြင့် အခြားသောနည်းလမ်းများ အသုံးပြုရန်အတွက် တပ်များချခြင်း၊ လက်နက်ကြီးများချထားခြင်းတို့ကို ရှောင်ရှားလိမ့်မည်ဟု အဆိုပါ မှတ်စုတွင် ဖော်ပြထားသည်။

    “ရုရှားဟာ နေတိုးအတွက် တပ်ဖွဲ့တွေ ဟန်ဆောင်ချထားတာမျိုးမလုပ်ဘဲ အဲဒီနိုင်ငံတွေက ရုရှားလူမျိုးတွေကို ရုရှားနိုင်ငံအတွင်းဝင်လာအောင် ဖြည်းဖြည်းချင်း ဆွဲဆောင်သွားဖို့ မျှော်လင့်နေပါတယ်”

    အကယ်၍ နေတိုးက တုံ့ပြန်မှုများ ပြုလုပ်ပါက ဘော်လ်တစ်နိုင်ငံများရှိ ရုရှားစကားပြော လူနည်းစုများတွင်ပါ ပို၍ ရန်လိုသည့် အလားအလာ ရှိသွားမည်ဖြစ်ပြီး အမေရိကန်အတွက် ယူကရိန်းပြဿနာထက် ပို၍ ကြောက်စရာကောင်းလာနိုင်သည်ဟု အဆိုပါ မှတ်စုတွင် အကြံပြုထားသည်။

    Ref: Independent