News @ M-Media

Blog

  • မလေးရှားတွင် ရဟတ်ယာဉ်ပျက်ကျ၍ လူ ၆ ဦး သေဆုံး

    မလေးရှားတွင် ရဟတ်ယာဉ်ပျက်ကျ၍ လူ ၆ ဦး သေဆုံး

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    jdfire04e

    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတွင် ယမန်နေ့က အရပ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ထိပ်တန်းအရာရှိဟောင်းများ အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့သည်ဟု မလေးရှား နိုင်ငံပိုင် သတင်းဌာန Bernama က ဖော်ပြခဲ့သည်။

    မြို့တောင်ဘက် ကမ်ပုန် ပါစီရ် ဘာရူးတွင် ယမန်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ကမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ သေဆုံးသွားသူများတွင် ၀န်ကြီးချုပ်ရုံး၌ အလုပ်လုပ်ခဲ့ဖူးသူ ဒါတွတ် အဇ်လင် အီလီယက်စ်နှင့် အမေရိကန်ဆိုင်ရာ မလေးရှားသံအမတ်ဟောင်း တန်ဆရီ ဂျမာလွဒ်ဒင် ဂျာရ်ဂျစ်တို့လည်း ပါဝင်ခဲ့သည်။

    “အစိုးရ၊ ပါတီနဲ့ နိုင်ငံအတွက် ကြီးမားတဲ့ကူညီမှုပေးခဲ့တဲ့ သူ ၂ ဦးကို ဒီဖြစ်ရပ်ဆိုးမှာ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ တန်ဆရီ ဂျမာလွဒ်ဒင်ဟာ တော်တော်လေးထူးချွန်တဲ့ ပုဂ္ဂိုလ်ပါ။ အစိုးရ၊ ပါတီနဲ့ နိုင်ငံအတွက်လည်း အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူဟာ နိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာလည်း အသိအကျွမ်းတွေ ပေါပါတယ်” ဟု အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည့် နာဂျစ်ဘ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အခြားသေဆုံးသူများကို မည်သူမည်ဝါဖြစ်ကြောင်း သိရှိရခြင်း မရှိသေးပဲ ဒါတွတ် အဇ်လင် အီလီယက်စ်ကို ၀န်ကြီးချုပ်၏ ကိုယ်ပိုင်အတွင်းရေးမှူးဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သော်လည်း နာဂျစ်ဘ်ကမူ အကြီးအကဲတစ်ဦးဟုသာ ပြောကြားခဲ့သည်။

    Ref: CNN

  • သြစတေးလျတစ်ဝှမ်း အစ္စလာမ်ဆန့်ကျင်ရေးနှင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့များ ထိပ်တိုက်တွေ့

    သြစတေးလျတစ်ဝှမ်း အစ္စလာမ်ဆန့်ကျင်ရေးနှင့် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့များ ထိပ်တိုက်တွေ့

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    21968714

    – သြစတေးလျနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူများနှင့် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူများအကြား ယမန်နေ့က ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    အဆိုးဝါးဆုံး ရုန်းရင်းဆန်ခတ်မှုမှာ သြစတေးလျ၏ ဒုတိယမြို့တော်ဖြစ်သော မဲလ်ဘုန်းမြို့လည်ကောင်ရှိဖက်ဒရေးရှင်းရင်ပြင်တွင်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြသူ ၃၀၀၀ ကျော်ကို လူစုခွဲရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကာ ဒဏ်ရာရရှိသူများကိုလည်း သူနာပြုယာဉ်များက ကုသပေးခဲ့ရသည်။

    မဲလ်ဘုန်းဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကာ နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

    Reclaim Australia ဟုခေါ်သည့် အဖွဲ့တစ်မှာ ယမန်နေ့က နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၁၆ မြို့၌ အစ္စလာမ်ဆန့်ကျင်ရေး၊ သြစတေးလျတစ်ဝှမ်းတွင် ရောင်းချနေသော အသားများတွင် ဟာလာလ်တံဆိပ်ဖြုတ်ရေး၊ ရရှီအာဥပဒေ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    သို့သော်လည်း No Room for Racism၊ Socialist Alliance နှင့် Socialist Alternative အဖွဲ့များအပါအ၀င် လက်ဝဲယိမ်းအဖွဲ့များက လူမျိုးရေးခွဲခြားမှုဆန့်ကျင်သည့် ကျွေးကျော်သံများကို ကျွေးကျော်ကာ အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုများကို တန်ပြန်ဆန္ဒပြခဲ့သည်။

    Reclaim Australia မှ ဆန္ဒပြသူ ရွန်ဒါ ကက်ရှ်မိုးရ်ကမူ မိမိတို့၏ ဆန္ဒပြမှုမှာ လူမျိုးရေးခွဲခြားနှင့် မပတ်သက်ဟုဆိုသည်။

    “ဒီကိုလာချင်တဲ့ ပြောင်းရွှေ့အခြေချသူတွေရှိတာကို အများစုက ပျော်ရွှင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို မလိုက်နာချင်သူတွေကိုသာ ကျွန်တော်တို့ ဆန့်ကျင်ဆန္ဒပြတာပါ” ဟု ကက်ရှ်မိုးရ်က ဆိုသည်။

    လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့မှ ဂျရာဒ် မိုရဲလ်က မိမိတို့အဘိုးမှာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့၏ သားကောင်ဖြစ်သည့်အတွက် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို လက်မခံဟု ဆိုသည်။

    “ကျွန်တော်မြင်ရတာကတော့ အတွေးအခေါ်တွေ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အုပ်စု ၂ ခုပါပဲ။ သူတို့ရဲ့ အယူအဆတွေက အစွန်းရောက်နေပြီး သြစတေးလျရဲ့ ရပ်တည်ချက်နဲ့ မလျော်ကန်ပါဘူး” ဟု မိုရဲလ်က ပြောကြားခဲ့သည်။

    Ref: Todayonline

  • ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု ဗန်ဂါးလ်ပြော

    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု ဗန်ဂါးလ်ပြော

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    louis-van-gaal-manchester-united-aston-villa-04042015_6qiuwnr3e5zl13jsom5ut7evr

    – လာမည့်နှစ် ချန်ပီယံလိဂ်တွင် ၀င်ရောက်ကစားခွင့်ရရန်အတွက် မိမိတို့အသင်းမှာ မသေချာသေးဟု မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဥရောပ၀င်ခွင့် ရှာဖွေနေသည့် မန်ယူအသင်းမှာ ယမန်နေ့က အက်စတွန်ဗီလာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အဆင့်လေးနေရာတွင်ရှိနေပြီး အဆင့် ၅ မှ လီဗာပူးလ်ကို ၈ မှတ်ဖြတ်ထားနိုင်သည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ မိမိတို့အသင်းမှာ ချယ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးတို့နှင့် တွေ့ဆုံရန် ရှိနေသောကြောင့် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် မသေချာနိုင်သေးဟု ဆိုသည်။

    “ထိပ်ဆုံး ၃ သင်းနဲ့ ကျွန်တော်တို့ ကစားရအုံးမှာပါ။ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ဟာ အမှတ်ကွာဟမှုရှိအောင် လုပ်ထားတာကြောင့် ကျွန်တော်တို့ ရှုံးလည်း ရှုံးသွားနိုင်ပါတယ်။ ကျွန်တော်က ပိုမြင့်မြင့်ကိုပဲ ကြည့်ပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းနိုင်ဖို့ လိုပါတယ်။ အရာရာတိုင်းဟာ ဖြစ်နိုင်ပါတယ်” ဟု ဗန်ဂါလ်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်မှာ မိမိတို့ထက် ၈ မှတ်ကွာနေကြောင်း၊ မိမိတို့မှာလည်း ထိပ်ဆုံးမှ ချယ်ဆီးထက် ၈ မှတ်ကျော် ပြန်ကွာနေကြောင်း သာမန်အားဖြင့် မိမိတို့မှာ ချန်ပီယံမဖြစ်နိုင်သော်လည်း ချယ်ဆီးအား ဖိအားပေးသွားမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယမန်နေ့က အက်စတွန်ဗီလာနှင့်ပွဲတွင် ကစားပုံမကောင်းခဲ့သော်လည်း ဟာရဲရား၊ ရူနီတို့၏ ဂိုးများဖြင့် မန်ယူက အနိုင်ရခဲ့ပြီး
    ဗန်ဂါးလ်ကမူ လိဂ်ပွဲ ၅ ပွဲဆက် အနိုင်ဖြစ်ခဲ့သည့်အတွက် ကျေနပ်နေသည်။

    “ရလဒ်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ကစားပုံက ပိုကောင်းရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ခဲ့ပြီး ဒါက အရေးပါဆုံး အရာပါပဲ”

    Ref: Goal.com

  • တူရကီကလပ် ဖီနာဘာချီအသင်း၏ ဘတ်စ်ကား သေနတ်သမားများ၏ တိုက်ခိုက်မှုခံရ

    တူရကီကလပ် ဖီနာဘာချီအသင်း၏ ဘတ်စ်ကား သေနတ်သမားများ၏ တိုက်ခိုက်မှုခံရ

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    1187542_heroa

    – အဝေးကွင်းတွင် သွားရောက်ကစားပြီးနောက် ပြန်လာသည့် တူရကီကလပ် ဖီနာဘာချီအသင်း၏ ဘတ်စ်ကားမှာ သေနတ်သမားများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် ဘတ်စ်ကားယာဉ်မောင်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ထရဘ်ဇန်ပူရ်အသင်းကို အဝေးကွင်း၌ ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြန်အလာ ထရာဘ်ဇန်မြို့အနီးတွင် ပြောင်းချောသေနတ်များ ကိုင်ဆောင်ထားသော လူများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိရခြင်းမရှိသေးဟု နိုင်ငံပိုင်မီဒီယာ Anadolu Agency က ဖော်ပြခဲ့သည်။

    ဒဏ်ရာရရှိသွားသည့် ယာဉ်မောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆရာဝန်များကမူ အဆိုပါယာဉ်မောင်း၏ ခေါင်းထဲတွင် သတ္တုအရာဝတ္ထုတစ်ခုကို တွေ့ရှိရသည်ဟု ပြောကြားခဲ့သည်။

    ဘီနာဘာချီအသင်း၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဆန် ဆဲလင်ကာယာက အဆိုပါ အဖြစ်အပျက်အား ကျက်သရေမရှိသည့် အဖြစ်အပျက်ဟု ပြောကြားခဲ့ပြီး ယာဉ်မောင်းက အရေးပေါ်ဘရိတ်ကို ဆွဲခြင်း မပြုခဲ့ပါက ဘတ်စ်ကားမှာ တောင်စောင်းအောက်သို့ ထိုးကျသွားနိုင်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ယာဉ်မောင်းက တစ်ခုခုနဲ့ ရုတ်တရက် ပစ်ခတ်ခံခဲ့ရပါတယ်။ သူဟာ ကားရပ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒါပေမယ့် အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ကားဟာ ချောက်ထဲကျသွားမှာပါ” ဟု ဆဲလင်ကာယာက ဆိုသည်။

    သက်သေခံအထောက်အထားများ မရှိသော်လည်း ဖီနာဘာချီအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ မဟ်မွတ် အူစလူကမူ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ထရဘ်ဇန်ပူရ် ပရိတ်သတ်များ ရှိနေမည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    “သူတို့ (ထရဘ်ဇန်ပူရ်အသင်းက) ကျွန်တော်တို့ကို သတ်ချင်တာပါ။ ကျွန်တော်တို့ယာဉ်မောင်းနဲ့ ကျွန်တော်တို့ကို သတ်ချင်ခဲ့တာပါ။ ဘာ့ကြောင့်လည်းတော့ ကျွန်တော် နားမလည်ပါဘူး။ သူတို့ လက်စားချေချင်နေတာများလား?” ဟု အူစလူက ပြောကြားခဲ့သည်။

    လုပ်ပွဲအရှုပ်အထွေးတွင် ပါဝင်ပတ်သက်ခဲ့သော်လည်း ၂၀၁၀-၁၁ ဘောလုံးရာသီက ဖီနာဘာချီအသင်းမှာ ထရဘ်ဇန်စပူရ်အား ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ၎င်းတို့ ၂ သင်းကြားထဲတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Ref: Goal.com

  • ပြင်သစ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချရမှု ၃ ဆ တိုးလာ

    ပြင်သစ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် စာအုပ်များ ရောင်းချရမှု ၃ ဆ တိုးလာ

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    4-4-15_Islamic-Books-Sales-Triple-in-France

    – နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပေမယ့် ပဲရစ်က မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ အစ္စလာမ်အကြောင်း သိချင်စိတ်ပြင်းပြတဲ့သူတွေ ပိုများလာတာကြောင့် အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရောင်းရမှုဟာ ဒီနှစ်မှာ ၃ ဆလောက်တက်လာခဲ့ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်တဲ့ သူတွေဟာလည်း တိုးလာနေပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်နဲ့ပတ်သက်ပြီး လေ့လာဖော်ပြချက်တွေပါတဲ့ Philosophie မဂ္ဂဇင်းဟာ ပစ္စည်းပြတ်လောက်အောင် ရောင်းချနေရပြီး၊ အစ္စလာမ်နဲ့ပတ်သက်လို့ စာအုပ်စာတမ်းတွေလည်း အရင်ကထက် ပိုပြီး ရောင်းလာရပါတယ်။

    “ပြင်သစ်တွေက (အစ္စလာမ်နဲ့ပတ်သက်ပြီး) မေးခွန်းတွေ ပိုပိုမေးလာကြကာ မီဒီယာတွေကရတဲ့ အဖြေတွေကို သူတို့ မကျေနပ်ကြတော့ပါဘူး” လို့ Philosophie မဂ္ဂဇင်းရဲ့ ဒါရိုက်တာဖြစ်သူ ဖာဘရစ်စီ ဂါရှဲလ်က ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် ပထမ သုံးလမှာပဲ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရောင်းရမှုဟာ မနှစ်ကထက်စာရင် ၃ ဆ လောက် မြင့်တက်လာခဲ့တယ်လို့လည်း ပြင်သစ်အမျိုးသားစာအုပ်အသင်းက ဆိုပါတယ်။ ဘာသာရေးဆိုင်ရာ စာအုပ်တွေ ရောင်းချပြီး ဆိုင်ခွဲတွေအများကြီးရှိတဲ့ La Procure စာအုပ်ဆိုင်က မသ်ဟီလ်ဒီ မာဟီယက်စ်က လူမဆန်တဲ့ IS က ကိုယ်စားပြုတယ်လို့ ပြောလာတဲ့အတွက်ကြောင့် လူတွေက အစ္စလာမ်ဘာသာတရားနဲ့ပတ်သက်ပြီး ပိုပြီး နားလည်ချင်လာကြတယ်လို့ ပြောခဲ့ပါတယ်။

    သရော်တဲ့မဂ္ဂဇင်း ချာလီဟဘ်ဒိုနဲ့ ဂျူးကုန်တိုက်တစ်ခုကို အစွန်းရောက်တွေက တိုက်ခိုက်မှုဟာ မွတ်စလင်မဟုတ်တဲ့သူတွေကို အစ္စလာမ်နဲ့ပတ်သက်ပြီး အဖြေရှာဖို့ ဖြစ်စေခဲ့ပါတယ်။

    “ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ် အမျိုးသမီးငယ်တစ်ယောက်ဟာ ကုန်အာန်ကျမ်းတော်မြတ်ကို ၀ယ်ဖို့ ရောက်လာပါတယ်။ အစ္စလာမ်ဟာ အကြမ်းဖက်သာသနာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ နားလည်ချင်လို့ပါ” လို့ ပြင်သစ်နိုင်ငံအနောက်ပိုင်း နန်တီစ်ဒေသက စာအုပ်ဆိုင်ပိုင်ရှင် ယူဗွန် ဂီလာဘာ့တ်က ဆိုပါတယ်။

    တစ်ချို့တွေက အစ္စလာမ်ကို အစွန်းရောက်တွေ ပုံဖျက်ပြန်ဆိုထားတာတွေကို ကျော်ကြည့်ချင်ကြပါတယ်။

    “ဘာသာတရားတွေက ဘာတွေပြောထားသလဲဆိုတာကို သိဖို့ ကျွန်တော်တို့ဟာ အခြေခံဝါဒကို ကျော်ကြည့်တတ်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဘာသာရေးဆိုင်ရာစာအုပ်တွေကို ရောင်းချနေတဲ့ ပဲရစ်စာအုပ်ဆိုင်ပိုင်ရှင် ပက်ထရစ် ဘက်စ်နာ့ဒ်က ပြောခဲ့ပါတယ်။

    ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်းမှာ ပြင်သစ်တက္ကသိုလ်တွေကလည်း အစ္စလာမ်နဲ့ပတ်သက်ပြီး သိချင်စိတ် ပြင်းပြလာကြပြီး အခုဆိုရင် ပဲရစ်က ကျော်ကြားတဲ့ ပြင်သစ်တက္ကသိုလ် College de France မှာ ကြာသာပတေးနေ့က ကုရ်အာန်ကျမ်းတော်မြတ် လေ့လာမှုဌာနကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Sorbonne တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို ပို့ချပေးနေတဲ့ ဂျီးန် ရိုနီကတော့ ဒီနှစ်မှာ ကုရ်အာန်ကျမ်းတော်မြတ်ကို စတင်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

    “အခြေအနေကြောင့် တရားသူကြီးစာမေးပွဲကို ပြင်ဆင်နေတဲ့ ကျောင်းသားတွေအတွက် ကျွန်တော့်ရဲ့ အထွေထွေယဉ်ကျေးမှုအတန်းမှာ ဘုရားသခင်ကို အခြေပြုတဲ့ အယူဝါဒတွေအကြောင်း ကဏ္ဍတွေ ထပ်ထည့်ခဲ့ပါတယ်” လို့ ရိုနီက ပြောခဲ့ပါတယ်။

    အစ္စလာမ်နဲ့ အရှေ့အလယ်ပိုင်းရေးရာ စာအုပ်တွေကို ပုံနှိပ်ထုတ်ဝေနေတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် မန်ဆူရ် မန်ဆူရ် ကတော့ သူ့ပုံနှိပ်စက်က ရိုက်နှိပ်တဲ့စာအုပ်တွေဟာ ၃၀ ရာခိုင်နှုန်းလောက် အရောင်းတက်လာတယ်လို့ဆိုပါတယ်။

    “၉/၁၁ တိုက်ခိုက်မှုပြီးနောက်ပိုင်းမှာ ဖြစ်ခဲ့သလိုပါပဲ”

    ချာလီဟဘ်ဒိုတိုက်ခိုက်မှု ပြီးတဲ့နောက်ပိုင်း အစ္စလာမ်ဟာ ဒီလိုအကြမ်းဖက်သာသနာလားဆိုတာကို အသေအချာလေ့လာရင်းနဲ့ အစ္စလာမ်ရဲ့ စစ်မှန်တဲ့သင်ကြားမှုကို သိရှိခဲ့ပြီးတဲ့နောက် ပြင်သစ်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာသူ အရေအတွက်ဟာလည်း တိုးတက်လာခဲ့ပါတယ်။ ပြင်သစ်က အီမာမ်တွေက သူတို့ဆီကိုလာပြီး အစ္စလာမ်ကို လက်ခံတဲ့သူတွေ မြင့်တက်လာတယ်လို့လည်း ဆိုပါတယ်။

    မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာမှာပဲ ပြင်သစ်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အစ္စဘယ်လီ မာတစ်က သူမအနေနဲ့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့ပြီလို့ Facebook စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

    Ref: Asiaone, Onislam