News @ M-Media

Blog

  • နိုင်ငံတကာ အာကာသစခန်းအသစ်ကို အမေရိကန်နှင့် ရုရှား ပူးပေါင်းတည်ဆောက်မည်

    နိုင်ငံတကာ အာကာသစခန်းအသစ်ကို အမေရိကန်နှင့် ရုရှား ပူးပေါင်းတည်ဆောက်မည်

    မတ် ၂၈၊ ၂၀၁၅
    M-Media

    136653main_s114e7221_high.si

    – ယခုလက်ရှိ အသုံးပြုနေသည့် နိုင်ငံတကာ အာကာသစခန်း ISS သက်တမ်းကုန်သွားပါက အာကာသစခန်းအသစ်တစ်ခု တည်ဆောက်ရန် ရုရှားအာကာသအေဂျင်စီ Roscosmos နှင့် အမေရိကန် အာကာသ အေဂျင်စီ NASA တို့က သဘောတူညီခဲ့သည်ဟု သိရသည်။

    ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ခြင်းဖြစ်ပြီး အေဂျင်စီနှစ်ခုမှာ လူလိုက်ပါသည့် အာကာသအစီအစဉ်များ၏ စံနှုန်းများနှင့် စနစ်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် နိုင်ငံတကာ အာကာသစခန်း၏ သက်တမ်းမှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    “Roscosmos နဲ့ NASA တို့ အနာဂတ် အာကာသစခန်းအတွက် အတူတကွ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟု Roscosmos အကြီးအကဲ အီဂေါ် ကိုမာရော့ဗ်က ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    နာဆာမှ အကြီးအကဲ ချားလ်စ် ဘိုလ်ဒန်ကမူ ၎င်းတို့အေဂျင်စီ ၂ ခု၏ အနာဂတ်ရည်ရွယ်ချက်မှာ အင်္ဂါဂြိုဟ်သို့ သွားရောက်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မယ့် ဧရိယာက အင်္ဂါဂြိုဟ် ဖြစ်ပါလိ့မ်မယ်။ ရင်းမြစ်တွေ၊ ငွေကြေးတွေကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ပြီးတော့ အချိန်သတ်မှတ်ချက်ကိုလည်း စီစဉ်နေပြီး ဆောင်ရွက်မှုတွေ ထပ်သွားတာမျိုးကို ရှောင်ရှားဖို့ လုပ်ငန်းတွေကိုလည်း မျှဝေအသိပေးနေပါတယ်” ဟု ဘိုလ်ဒန်က ဆိုသည်။

    နာဆာမှာ လက်ရှိအချိန်တွင် စီးပွားဖြစ် အာကာသလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဘိုလ်ဒန်က မိမိတို့မှာ ထိုလုပ်ရပ်အတွက် ဝေဖန်ခံနေရသည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်အနေဖြင့် လပေါ်သို့ ပြန်လည်သွားရောက်မည့် ရည်ရွယ်ချက်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း၊ အနာဂတ်တွင် လနှင့် အင်္ဂါဂြိုဟ်တို့အတွက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုများအတွင်း ပါဝင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရိုခြေစစ်ပွဲ ကစားနေစဉ် ဖျက်သိမ်းခဲ့ရ

    မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရိုခြေစစ်ပွဲ ကစားနေစဉ် ဖျက်သိမ်းခဲ့ရ

    မတ် ၂၈၊ ၂၀၁၅
    M-Media

    igor-akinfeev-montenegro-russia-euro-2016-qualifying_1ntzt54ln86yo1je49djzm1gfi (1)

    – ယနေ့နံနက်က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ မွန်တီနီဂရိုးနှင့် ရုရှားတို့၏ပွဲစဉ်ကို ပရိတ်သတ်များ၏ နှောက်ယှက်မှုကြောင့် ပွဲဖျက်လိုက်ရသည်ဟု သိရသည်။

    မွန်တီနီဂရိုးတွင် ကစားခဲ့သည့် အဆိုပါပွဲ၌ ပရိတ်သတ်မှ ပစ်လွှတ်လိုက်သော မီးကျည်တစ်ခုမှာ ရုရှားဂိုးသမား အီဂေါရ် အာကင်ဖိဗ်၏ လည်ပင်းကို ထိမိခဲ့ခြင်းကြောင်း ပွဲအစ စက္ကန့် ၃၀ မှာပင် ပွဲကို ရပ်ဆိုင်းလိုက်ရပြီး မိနစ် ၂၀ ကြာပြီးနောက် ပြန်လည်ကစားခဲ့သော်လည်း ပရိတ်သတ်များက မီးကျည်များကို ကွင်းထဲသို့ ပစ်ထည့်ခဲ့ကြသည်။

    ထို့ပြင် ပရိတ်သတ်များ၏ အခြေအနေကြောင့် နှစ်ဖက်အသင်းကစားသမားများကလည်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ကြပြီး ဂျာမန်ဒိုင်လူကြီးက ပွဲကစားရန် မိနစ် ၂၀ ကျန်ရှိနေသည့်အချိန်တွင် ပွဲအား ဖျက်သိမ်းခဲ့သည်။

    ရုရှားနည်းပြ ကာပယ်လိုကမူ ၎င်းတို့အသင်းမှာ ပထမအကြိမ် ပွဲရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း မိမိတို့အသင်းမှာ ပြန်လည်ကစားခြင်းမှလွဲ၍ အခြားရွေးစရာ မရှိခဲ့ဟု ဆိုသည်။

    “တာဝန်ရှိသူတွေက ပထမအကြိမ် ရပ်ဆိုင်းမှုပြီးတဲ့နောက်ပိုင်း ဆက်ကစားဖို့ ပြောပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ပွဲဖျက်လိုက်တာတော့ မှန်ပါတယ်” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    မွန်တီနီဂရိုးနည်းပြကမူ မိမိတို့ ပရိတ်သတ်၏ အပြုအမူအတွက် ရှက်မိသည်ဟု ပြောကြားခဲ့သည်။

    “ဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် ရုရှားကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ပြဿနာက ဒုတိယအကြိမ် ထပ်ဖြစ်လာတာကြောင့် ပွဲဖျက်လိုက်တာက လုပ်ရိုးလုပ်စဉ်ပါပဲ”

    ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ယခုကဲ့သို့ ပွဲဖျက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် အလ်ဘေးနီးယားနှင့် ဆားဘီးယားတို့ပွဲတွင် ကွင်းအတွင်းသို့ ဒရုန်းလေယာဉ်ငယ်တစ်ခု ရောက်ရှိလာရာမှ ကစားသမားနှင့် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရသည်။

    ရုရှားနှင့် မွန်တီနီဂရိုးတို့မှာ အုပ်စု G တွင် ၅ မှတ်စီရရှိထားပြီး သြစတြီးယားနှင့် ဆွီဒင်တို့၏နောက် တတိယနေရာတွင် ရှိနေသည်။ ယခုဖြစ်ရပ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Goal.comေ

  • အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    အမျိုးသမီးများနှင့် စွမ်းဆောင်ရည်ကဏ္ဍ

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    ထက်မြတ် ရေးသည်။

    women

    ယနေ့ ၂၁ ရာစု ဒီမိုကရေစီကာလကို ကူးပြောင်းနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးများ (အမျိုးသားများ)နှင့်တန်းတူ ရင်ဘောင်တန်း လုပ်ဆောင်လာကြသည်မှာ မိန်းကလေးများ (အမျိုးသမီးများ) ပင်ဖြစ်ကြပါသည်။ အခုခေတ် မိန်းကလေးများ ကို ရှေးယခင်က ခေါ်ဆိုခဲ့ကြသည့်အတိုင်း အားနွဲ့သည့် သူများဟု ဆိုလျှင် မှားမည်ဟုထင်မိပါသည်။

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးရှိ လူဦးရေထက်ဝက်ကျော်ကျော်က အမျိုးသမီးများပင်ဖြစ်ကြသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ထို့ကြောင့် မိမိအမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးများတွင်လည်း တာဝန်ရှိပါသည်။ နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေအားလုံး ဆရာမတွေ၊ ဆရာဝန်တွေ၊ အရောင်းစာရေးတွေချည်း လုပ်နေလို့မရပါဘူး။ အမျိုးသမီး အင်ဂျင်နီယာတွေ၊ အမျိုးသမီး လေယာဉ်ပိုင်းလော့တွေနှင့် အမျိုးသမီးဘတ်စ်ကားမောင်းတဲ့ သူတွေလည်း လိုအပ်လှပါတယ်။

    နိုင်ငံတကာမှာဆိုလျှင် မီးရထား၊ ဘတ်စ်ကားမှအစ အာကာသယာဉ်မောင်းတာအထိ အမျိုးသမီးများ ဝင်ရောက်မောင်းနှင်နေ တာမျိုးကို တွေ့ရမှာပါ။ တရုတ်နိုင်ငံမှာဆိုလျှင် သဘောင်္မောင်းတဲ့ အမျိုးသမီးတွေတောင် ရှိနေပြီဖြစ်ကြောင်း သိရှိမှာပါ။ အမျိုးသမီးများကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများစွာကိုလည်း ယနေ့ရှိနေပါပြီ။ အမျိုးသမီးများမှာ ယနေ့ခေတ်အမျိုးသားများတန်းတူ မည်သည့်အလုပ်မဆို တန်းတူလုပ်ကိုင်လျှက်ရှိကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံတွင် မိန်းကလေးအများစုဟာ ရှေးယခင်ကအယူအဆတွေအတိုင်း မိန်းကလေးတွေရဲ့ နေရာဟာ မီးဖိုချောင်သာ ဖြစ်တယ် ဆိုတဲ့ အယူအလွဲကြီးကို ကျင့်သုံးနေကြတုန်း ဖြစ်တယ်။ မိန်းကလေးများဟာ ယောင်္ကျာလေးများကို အလုပ်အကျွေးပြုသည့် အနေအထားတွင်သာ ရှိနေရင် လုံလောက်ပြီဟု ထင်နေကြသည်။ မိန်းကလေးများကို နေရာမပေးဘဲ အိမ်ထဲတွင်သာ ထားချင်ကြသည်။ မိန်းကလေးများတွင်လည်း မွေးရာပါ ပါရမီများရှိနိုင်ပါသည်။ သူမတို့ ကျွမ်းကျင်ရာသည် အိမ်အလုပ် လုပ်ရခြင်းဖြစ်ချင်မှ ဖြစ်လိမ့်မည်။ အင်ဂျင်နီယာဝါသနာပါသူလည်း ဖြစ်နိုင်သည်။ ကားမောင်းကျွမ်းကျင်သူလည်း ဖြစ်နိုင်သည်။ သူမတို့ ဝါသနာပါရာကို လုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ယင်းပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်လာနိုင်မည်မှာ ငြင်းပယ်၍မရပါ။

    မိန်းကလေးများထက် “ဗလ” တစ်မျိုးတည်းသာ သာတဲ့ ယောက်ျားလေးများကို “အိမ်ဦးနတ်” နေရာမှာထားပြီး ရိုသေလေးစားကျွေးမွေးနေဖို့ မလိုအပ်လှပါဘူး။ မိန်းကလေးများ အချက်အပြုတ်၊ အချုပ်အလုပ်တွေနဲ့ပဲ အချိန်ဖြုန်းနေဖို့ မသင့်တော်တော့ပါဘူး။ ယနေ့ခေတ် နာမည်ကြီး စာဖိုမှူး၊ ဒီဇိုင်နာတွေကို ကြည့်လိုက်ပါ။ အမျိုးသမီးများထက် အမျိုးသားများကို တွေ့နိုင်မှာပါ။ ထမင်းဟင်းချက်တာကို “အလုပ်” တစ်ခုလို သတ်မှတ်ပြီး လုပ်စားနေတဲ့သူတွေ ယနေ့ခေတ်မှာအများကြီးရှိပါတယ်။ ပိုက်ဆံပေးနိုင်ရင် အချိန်မရွေး ငှားရမ်းနိုင်ပါတယ်။

    မိန်းကလေးများမှာလည်း ပညာနဲ့ အသိဥာဏ်ရှိဖို့ လိုအပ်ပါတယ်။ ရုပ်မလှရင်နေရပါ ပညာလှဖို့တော့ လိုအပ်လှပါသည်။ ပညာလှပြီး ထူးချွန်ထက်မြက်လှတဲ့အမျိုးသမီးတွေ၊ နိုင်ငံတော်ကို အမျိုးသားများနည်းတူ အလုပ်ကျွေးပြုနေကြတဲ့ အမျိုးသမီးတွေ နိုင်ငံတကာမှာ ရှိပါတယ်။ သူမတို့၏ ဘဝများကို လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ နိုပယ်ဆုပိုင်ရှင် အမျိုးသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူတိုင်းသိကြမယ် ထင်ပါတယ်။ သူမက နိုင်ငံတကာ အမျိုးသမီးစွမ်းဆောင်ရှင်တွေထဲက တစ်ဦးဆိုလျှင်လည်း မမှားပါဘူး။

    မကြာသေးမီအချိန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပေးအပ်သည့် အမျိုးသတ္တိရှင် (၁၀) ဦးတွင် မြန်မာနိုင်ငံမှ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးကွန်ရက်တွင် ဦးဆောင်လှုပ်ရှားနေသူ ဒေါ်မေစံပယ်ဖြူ သည် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူမသည် အမျိုးသမီးများအား အကြမ်းဖက်မှုကနေ တားဆးမှုဥပဒေမူကြမ်းကို ရေးဆွဲနိုင်ရန်အတွက် ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ယခုလိုရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ အမျိုးသမီး မြောက်များစွာ လိုအပ်နေပါသည်။

    မြန်မာအမျိုးသမီးများအနေနှင့် အိမ်ထဲမှာပဲ ဟင်းချက် ထမင်းချက်မနေသင့်တော့ဘဲ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများပါဝင်ခွင့်ရနေပါပြီ။ အမျိုးသားများချည်း အရာရာကို ဦးဆောင်နိုင်သည့်ခေတ် မဟုတ်တော့ပါ။ လွှတ်တော်ထဲတွင်လည်း အမျိုးသမီးများ ဝင်ရောက်နေကြပြီး တိုင်းပြည်အတွက် ကူညီပံ့ပိုးနေကြပါပြီ။ လွှတ်တော်ထဲတွင် အမျိုးသမီးအရေအတွက်မှာ အမျိုးသားများထက် နည်းပါးနေခြင်းကြောင့် ကြိုးစားရန်လိုနေသေးသည်။ အမျိုးသမီးများအနေနှင့် အိမ်ပြင်ကိုထွက်ပြီး လောကကြီးကို မျက်စိဖွင့်ကြည့်ရန် လိုအပ်နေချိန်ဖြစ်ပါသည်။ စွမ်းဆောင်နိုင်သည့် ကဏ္ဍများမှပါဝင်စွမ်းဆောင်ပြီး နိုင်ငံတော်ကြီးကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးများဖြစ်လာနိုင်ရန် လိုအပ်လှပါသည်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နိုင်အောင် လုပ်ပေးနိုင်ရန် အမျိုးသားများတန်းတူ အမျိုးသမီးများမှလည်း ဝိုင်းဝန်းကြိုးပမ်းသွားရမည် မဟုတ်ပါလား။

    ထက်မြတ်

    ဓါတ်ပုံ အညွှန်း-အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ ၂၀၁၅ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုပေးပွဲ အခမ်းအနားမှာ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူ တက်ရောက်ပြီး ဆုကို လက်ခံရယူ။ သတင်းဓာတ်ပုံ- ရေဗက္ကဝင်း

  • သတ္တိ ရှိတယ်တဲ့လား

    သတ္တိ ရှိတယ်တဲ့လား

    မတ် ၂၈ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    courage
    “သတ္တိရှိလိုက်တာ”လို့ လူတွေက တအံ့တသြချီးကျူးတာကို ခံရတဲ့အခါ လူ့သဘာဝအရ တအားကြီးကျေနပ်မိမှာပါ။ ယောက်ျားတွေက အားကျလေးစားတဲ့ အရည်အသွေးတွေထဲမှာ သတ္တိရှိခြင်းဆိုတာ ထိပ်ဆုံးကပါဝင်နိုင်ပါတယ်။ ရှေးခေတ် အခါသမယတုန်းက ဆိုရင် ယောင်္ကျားတစ်ယောက်ရဲ့ သတ္တိရှိခြင်းဟာ သူ့ရဲ့ယောက်ျားပီသမှုအတွက် ပြယုဂ်တစ်ခုပဲပေါ့။ ဓား၊ လှံ၊ လက်နက်ချင်းယှဉ်ရင်း လက်ရုံးရည်ကို ပြသခဲ့ကြသလို လူသာမန်တွေလုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေကို ထုတ်ဖော်ပြသ ခဲ့ကြတယ်။

    ဒီကနေ့ခေတ်မှာရော ယောင်္ကျားတွေဟာ သူတို့ရဲ့ကာယသတ္တိကို နည်းလမ်းမျိုးစုံနှင့် ပြသကြသည်ပဲပေါ့။ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ တစ်ကိုယ်တော် ရွက်လွှင့်လား လွှင့်ရဲ့၊ မြင့်မားလှတဲ့ ချောက်ကမ်းပါးစွန်းထိပ်ကနေ ပင်လယ်ထဲကို ခုန်ချပြတာလည်းမရှား၊ ရှိသေးတယ်။ ဟိုးအမြင့်မှာ ကြိုးတန်း လမ်းလျှောက်ပြသလို မြန်နှုန်းမြင့်ပြိုင်ကားကို အရှိန်ပြင်းပြင်း မောင်းပြသူတွေလည်း ရှိပြန်ရော။ တချို့ကျပြန်တော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူတွေကို အသက်စွန့် ကြိုးပမ်းကယ်ဆယ်ပေးကြလို့ မီးလောင်နေတဲ့ အဆောက်အအုံထဲကို သက်စွန့်ကြိုးပမ်း ဝင်ရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ခဲ့ကြတယ်။ ဘယ်လိုပုံစံနှင့်ပဲဖြစ်ဖြစ် သတ္တိရှိခြင်းကို အသွင်အမျိုးမျိုးနှင့် ပုံဖော်ကြတဲ့သဘောပါ။ ဒီလုပ်ဆောင်ချက်တွေဟာလည်း မြင်သာထင်သာရှိတဲ့ သတ္တိရှိခြင်းတွေလို့ ဆိုနိုင်ပါတယ်။

    ယေဘုယျအနေနှင့်ပြောရင် ကာယသတ္တိရှိခြင်းနှင့် စိတ်သတ္တိအစွမ်းဆိုပြီး ခွဲခြားသိရှိရသလို အဲဒီအတွက် ပြယုဂ်တွေကို အခွင့်အခါသင့်သလို ကြုံဆုံခံစားရလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျပြန်တော့ သတ္တိအစစ်အမှန်ကို ထင်ရှားအောင် လက်တွေ့ဖော်ပြလို့ မရနိုင်ပေမယ့် ရင်ထဲကစူးနစ်သွားအောင် ခံစားလိုက်ရတဲ့ ဖြစ်ရပ်မျိုးမှာ တစ်စုံတစ်ဦးရဲ့ စိတ်သတ္တိအစွမ်းကို သိရှိလိုက်နိုင်သည်ပဲပေါ့။

    ဆိုပါစို့။ ကိုယ်လက်အဂါင်္ချို့တဲ့နေသူတစ်ဦးဟာ လောကကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ အကျိုးပြုနိုင်အောင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဟာ စိတ်သတ္တိအင်အား ကြီးမားခြင်းပါပဲ။ မသန်ပေမယ့် စွမ်းသူတွေဟာ ဘဝကို အရှုံးမပေးဘဲ ရှင်သန်ရပ်တည်နေကြ ပါတယ်။ တစ်ခါတစ်ရံမှာတော့ လုပ်ချင်တာထက် လုပ်သင့် လုပ်ထိုက်တာတွေကို တာဝန်ကျေကျေ ဆောင်ရွက်ရတာမျိုးတွေရှိပါတယ်။ နာတာရှည်ဝေဒနာသည်တွေကို စိတ်ရှည်လက်ရှည်ပြုစုတာဟာ လက်တွေ့မှာ ထင်သလောက် မလွယ်လှပါဘူး။ ကိုယ်ပိုင်အချိန် တော်တော်များများကို လူမမာတစ်ယောက်နှင့် ကုန်ဆုံးရတာ တော်တော်လေး စိတ်ရှည်မှဖြစ်တာကိုး။ အထူးသဖြင့် စေတနာသက်သက်နှင့်ပဲ ပြုစုစောင့်ရှောက်ခြင်းမျိုးကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့သွေးသားရင်းချာကိုပဲဖြစ်ဖြစ်၊ ခင်ရာဆွေမျိုးဖြစ်တဲ့ သံယောဇဉ်ရှိသူ သူစိမ်းတစ်ယောက်ကိုပဲဖြစ်ဖြစ် နေ့စဉ်ရက်ဆက်ပြုစုစောင့်ရှောက်နိုင်ခြင်းဟာ စိတ်သတ္တိစွမ်းအားကြီးမားခြင်းကို ဖော်ပြနေတယ်။

    နောက်တစ်ခုကတော့ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေကို မညည်းညူပြုစုခြင်းပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ ဝေဒနာခံစားနေရတဲ့ မသန်စွမ်း သားသမီးကို (တစ်ဘဝလုံး) လုံးဝမညည်းညူဘဲ ပြုစုစောင့်ရှောက်ခြင်းဟာ မလွဲသာလို့ ထမ်းဆောင်ရတဲ့ (သားသမီးတာဝန်၊ မိဘတာဝန်) ပဲလို့ မပြောနိုင်ပါဘူး။ စေတနာ၊ မေတ္တာအပြင် ကြီးမားတဲ့ စိတ်သတ္တိမျိုးလည်း လိုအပ်သေးတာကြောင့်ပဲပေါ့။

    တစ်ခါတုန်းကပေါ့။ ခရီးသည်တင် သဘောင်္ငယ်တစ်စင်းဟာ ရေစီးသန်တဲ့မြစ်တစ်ခုမှာ နစ်မြုပ်သွားတယ်။ ကယ်ပါယူပါ တစာစာအော်နေသူတွေကို မြစ်ကမ်းပေါ်မှာ ရှိသူတွေက မြစ်ထဲခုန်ဆင်းပြီး ကယ်ဖို့ကြိုးစားကြတယ်။ အဲဒီမှာ လူမမည်ကလေးတစ်ယောက်ရေထဲ မြုပ်ခါနီးဖြစ်နေတဲ့ မြင်ကွင်းကို လှမ်းမြင်လိုက်ရတဲ့ မြစ်ကမ်းပေါ်က လူတစ်ယောက်ဟာ ရေထဲကို တစ်ဟုန်တိုးခုန်ဆင်းပြီး ကလေးငယ်ရှိရာကို ရောက်အောင်သွားရင်း ကလေးကိုလှမ်းဆွဲနိုင်ခဲ့တယ်။ နောက်ပြီး တခြားကယ်ဆယ်ရေးသမားတစ်ဦးကို လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ ရေနစ်သေဆုံးသွားခဲ့တယ်။ သူရဲ့မိတ်ဆွေတွေ ပြန်ပြောပြလို့ သိကြရတာက အဲဒီသူဟာ ရေလုံးဝမကူးတတ်သူ မဟုတ်ဘူးဆိုတာပါပဲ။ လတ်တလော ဖြစ်ပေါ်လာတဲ့သတ္တိက သူများအတွက် အသက်စွန့်ကယ်ဆယ်ဖို့ တွန်းအားဖြစ်သွားတဲ့ သဘောပါ။

    ရှိသေးတယ်။ အဲဒီသဘောင်္ပေါ်ပါလာတဲ့ ခရီးသည်တွေထဲမှာ မိန်းမနှင့်ကလေးတွေကို ရတတ်သရွေ့ အသက်ကယ်လှေတွေထဲ ချပေးကြတယ်။ (အသက်ကယ်လှေ အရေအတွက် နည်းတယ်) ။ ဒါပေမယ့် ယောက်ျားတွေကတော့ လှေထဲကို လုံးဝမဆင်းကြဘူး။ ယောင်္ကျားတော်တော်များများဟာ သူများအတွက် ကိုယ်ကျိုးစွန့်ရင်း အသက်ဆုံးရူံးခံခဲ့ကြတယ်။ မြင့်မြတ်တဲ့စိတ်သတ္တိကို ချီးကျူးမဆုံးဖြစ်ကြတဲ့အကြောင်း စူမတြာကျွန်းအနီးက အဖြစ်အပျက်တစ်ခုက ဖော်ပြနေပါတယ်။

    ကနေဒီးယန်း စစ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ပြန် စစ်သားတစ်ဦးကတော့ တကယ့်ကို အထင်ကရပါပဲ။ သူ့ကို ကိုးရီးယားသေနတ်သမားတစ်ယောက်က စစ်မြေပြင်မှာ ပစ်လိုက်တဲ့ ကျည်တောင့်ဟာ တစ်မဆုံကအရိုးကိုထိမှန်ပြီး အဲဒီအရိုးဟာ အပိုင်းအစလေးပေါင်း (၁၀၀) လောက်အထိ ပဲ့စဉ်သွားခဲ့တယ်။ အရိုးအပိုင်းအစလေးတွေက ကိုယ်ခန္ဓာရဲ့တော်တော်များများကို စတီးရိုးတွေနှင့် ဖြည့်စွက်ခဲ့ရတယ်။ ခွဲစိတ်ကုသမှုပြီးလို့ သတိရလာတဲ့အခါ နာကျင်တဲ့ဝေဒနာကို အလူးအလိမ့်ခံစားရတာပေါ့။ သူဟာ အဲဒီဆေးရုံတစ်ခုလုံးမှာ ဒဏ်ရာအပြင်းအထန်ဆုံး ရရှိသူပဲ။ ဒါပေမယ့် ခံစားနေရတဲ့ဝေဒနာကို သတ္တိရှိရှိ ကြိတ်မှိတ်ခံစားရင်း ပြောတာက…
    “ကျွန်တော်က သိပ်ကိုကံကောင်းတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ ခြေတွေလက်တွေ ဖြတ်ပစ်ရသူတွေထက်စာရင် အများကြီးသက်သာတာပေါ့။ ကျွန်တော့်မှာ ကိုယ်ပိုင် ခြေတွေလက်တွေ ကျန်နေသေးတယ်လေ။ ခြေလက်တွေ ပြတ်နေရသူတွေကလည်း မျက်စိကန်းသွားသူတွေထက် ကံကောင်းတာပဲ။ ဟော – မျက်စိကန်းသူတွေကလည်း ကိုယ်ခန္ဓာ အောက်ပိုင်းသေသွားသူတွေ ထက်တော့ ကံကောင်းသေးတာပေါ့ဗျာ ” တဲ့။

    အဲဒီစစ်သားဟာ သူ့ဝေဒနာကို သတ္တိရှိရှိရင်ဆိုင်ခဲ့တဲ့အပြင် တခြားဝေဒနာသည်တွေကို အားပေးစကားတရင်းတနှီးပြောခဲ့တယ်။ ဒါကြောင့် အဲဒီဆေးရုံမှာတော့ သူ့ရဲ့ဇွဲသတ္တိကို မှတ်တမ်းတင်ရတဲ့အထိပါပဲ။ ကျော်ကြားတဲ့သမားတော်ကြီးတစ်ဦးက “သတ္တိဆိုသော အရာကို ခြားစိတ်ဖြာခြင်း” ဆိုတဲ့စာအုပ်မှာရေးထားတယ်။ “သတ္တိဆိုတာ ခွန်အားမဟုတ်ဘူး၊ နှလုံးသားရဲ့အစွမ်း” လို့ဆိုတယ်။ ဒါကြောင့် ကာယသတ္တိရော စိတ်သတ္တိပါ ပြည့်စုံအောင်ကြိုးပမ်းသင့်တယ်ဆိုတဲ့အကြောင်း။

  • သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး

    သီရိလင်္ကာသမ္မတ၏ ညီ ပုဆိန်ခုတ်ခံရ၍ သေဆုံး

    မတ် ၂၈၊ ၂၀၁၅
    M-Media

    sri-lankas-main (1)

    – သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီစီနာ၏ ညီအငယ်ဆုံး ဖြစ်သူမှာ ပုဆိန်ဖြင့် ခုတ်ခံရသည့် ဒဏ်ရာကြောင့် ယနေ့တွင် မြို့တော်ကိုလံဘိုရှိ ဆေးရုံ၌ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    သားသမီး ၃ ယောက်၏ ဖခင်ဖြစ်သူ ပရီယန်သာ ဆီရီစီနာမှာ ၎င်း၏ ဇာတိမြို့ ပိုလွန်နာရူဝါတွင် ပြီးခဲ့သည့် ၂ ရက်အရင်က ပုဆိန်ဖြင့် အခုတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုနှင့် ဆက်နွယ်နေသည့် လူတစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် စီးပွားရေးသမားတစ်ဦးဖြစ်သူ ပရီယန်သာမှာ ကြာသာပတေးနေ့ ညနေပိုင်းတွင် သူငယ်ချင်းတစ်ဦးနှင့် အငြင်းအခုံဖြစ်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အရေးပေါ် ကုသမှုများ ပြုလုပ်ခဲ့သော်လည်း သတိပြန်လည်လာခြင်းမရှိတော့ဟု ဖော်ပြခဲ့သည်။ တရားဝင်အထောက်အထားများအရ ပရီယန်သာမှာ သားသမီး ၁၂ ယောက်တွင် အငယ်ဆုံးဖြစ်သည်။

    သမ္မတ မိုင်သရီပါလာမှာ ယခုအချိန်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသည်။ ၎င်းမှာ ဇန်န၀ါရီရွေးကောက်ပွဲတွင် ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပြီး ယခင် သီရိလင်္ကာ သမ္မတများကဲ့သို့ ညီအစ်ကိုမောင်နှမများအတွက် လုံခြုံရေးများ ထားခြင်းမရှိဘဲ၊ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ကိုလည်း သိသိသာသာ လျှော့ချခဲ့သည်။

    Ref: channelnewsasia