News @ M-Media

Blog

  • ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် လူ ၁၇၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် လူ ၁၇၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    ​ကော့ဆက်ဘဇားမှ ရိုဟင်ဂျာဒုက္ခသည်စခန်း

    -ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင် မိုဟီဘူလာ အသတ်ခံရမှုအတွက် လူပေါင်း ၁၇၂ ဦးကို ဖမ်းဆီးထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ကျောင်းဆရာ မိုဟီဘူလာဟာ ကော့ဆက်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက သူ့ရုံးခန်းရှေ့မှာ စက်တင်ဘာလနှောင်းပိုင်းက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။

    ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဟာ ဒုက္ခသည်စခန်းက လူပေါင်း ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၁၀ ဦးဟာ မိုဟီဘူလာကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိခံရသူတွေဖြစ်ကြောင်း ဘင်္ဂလားလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ APB အကြီးအကဲ နိုင်မူလ် ဟက်က ပြောပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေကို ဆက်လက် ဖမ်းဆီးသွားမယ်လို့လည်း ဟက်က ပြောပါတယ်။ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA ဟာ မိုဟီဘူလာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ အရင်က ထွက်ခဲ့ဖူးပါတယ်။

    မိုဟီဘူလာရဲ့ မိသားစုတွေကိုတော့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဘေးလွတ်ရာကို ပြောင်းရွှေ့ထားပါတယ်။ ဖမ်းဆီးထားသူတွေထဲမှာ ၁၁၄ ဦးက သူတို့ကိုယ်သူတို့ ARSA အဖွဲ့ဝင်တွေလို့ ပြောကြားကြောင်း APB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မိုဟီဘူလာဟာ ‘ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာရကန်ရိုဟင်ဂျာအဖွဲ့အစည်း’ (ARPSH) ကို တည်ထောင်ကာ ရိုဟင်ဂျာအရေးကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် နိုင်ငံတကာက အဖိနှိပ်ခံလူမျိုးစု ကိုယ်စားလှယ်တွေကို အိမ်ဖြူတော်မှာ ခေါ်ယူတွေ့ဆုံစဉ်အတွင်း မိုဟီဘူလာတစ်ယောက် ရိုဟင်ဂျာတွေကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်မောင်းထုတ်မှုအပြီး ဖွဲ့စည်းခဲ့တဲ့ ARPSH ဟာ ရိုဟင်ဂျာတွေ ဖိနှိပ်ညှင်းပမ်းခံရမှု၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ အဓမ္မကျင့်မှုတွေအကြောင်း မိသားစုတစ်ခုချင်းစီကနေ စနစ်တကျ မှတ်တမ်းယူတာမျိုး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

    ARSA အဖွဲ့ဝင်တွေ ဒုက္ခသည်စခန်းတွေမှာ မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်က အရင်တုန်းက ငြင်းဆိုထားပြီး စခန်းအတွင်း သတ်ဖြတ်မှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဂိုဏ်းတွေကြောင့်ဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

    Ref: Arab News

  • ပရဟိတလုပ်ငန်းအတွက် အမေရိကန်သံအမတ်ဟောင်း မြန်မာနိုင်ငံသို့ လာမည်

    ပရဟိတလုပ်ငန်းအတွက် အမေရိကန်သံအမတ်ဟောင်း မြန်မာနိုင်ငံသို့ လာမည်

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    ယခင်ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ရစ်ချက်ဆန်

    -အမေရိကန်သံအမတ်ဟောင်းဖြစ်ပြီး နယူးမက္ကဆီကိုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ဘီလ် ရစ်ချက်ဆန်ဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီပေးမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့က ထုတ်ပြန်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး နောက်ပိုင်း​ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုအတွက် စစ်​ကောင်စီကို အမေရိကန်က ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး စစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း ထပ်တိုးပြုလုပ်ထားပါတယ်။

    ရစ်ချက်ဆန်က သူ့ရဲ့အဖွဲ့ဟာ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ သမိုင်းကြောင်းမျိုး ရှိခဲ့တယ်လို့ ခရီးစဉ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းမှု အကြောင်း၊ သူ့ရဲ့ ခရီးစဉ် ဘယ်လောက်ကြာမယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်ဆိုတဲ့ အကြောင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

    “မြန်မာနိုင်ငံ ခရီးစဉ်မှာ နိုင်ငံအတွင်းက ကျွန်တော်တို့ အဆက်အသွယ်တွေနဲ့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးနဲ့ ဆေးဝါးပစ္စည်း ဖြန့်ဖြူးပေးဖို့၊ အခြား ပြည်သူ့ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေကို ဆွေးနွေး အကောင်အထည်ဖော်သွားမှာပါ”

    ရစ်ချက်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယ်ဒီလင်း မဟိုနီက ဒီခရီးစဉ်ကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း သိရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

    မေလ ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ Frontier Myanmar အယ်ဒီတာ၊ အမေရိကန်သတင်းထောက် ဒန်နီ ဖန်စတာ ပြန်လည်လွတ်မြောက်ရေး ရစ်ချက်ဆန်က ဆောင်ရွက်ဖို့ရှိလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို မဟိုနီက ဖြေကြားဖို့ ငြင်းဆိုပါတယ်။

    ဘီလ်ရစ်ချက်ဆန် မြန်မာနိုင်ငံကို နောက်ဆုံးရောက်ရှိခဲ့တာဟာ ၂၀၁၈ ခုနှစ်မှာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်မှုကျူးလွန်တဲ့ ကိစ္စကို ဖြေရှင်းရေး အကြံဉာဏ်ပေးဖို့အတွက် NLD အစိုးရက ဖွဲ့စည်းတဲ့ အကြံပေးအဖွဲ့မှာ ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့ဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကာကွယ်ပေးဖို့ဖြစ်တယ်လို့ စွပ်စွဲကာ နောက်ပိုင်းမှာ ရစ်ချက်ဆန်တစ်ယောက် အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    Ref: VOA

  • ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းက လာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းက လာခွင့်ပြုသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်

    နိုဝင်ဘာ ၁၊ ၂၀၂၁
    M-Media

    -ကွာရန်တင်းဝင်ဖို့မလိုဘဲ လာရောက်ခွင့်ပေးမယ့် နိုင်ငံပေါင်း ၆၃ နိုင်ငံကို ထိုင်းက ဒီကနေ့ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံ ပါဝင်လာခဲ့ပြီး ခရီးသွားလုပ်ငန်း ပြန်လည်အားကောင်းလာအောင် ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

    ကိုဗစ်အန္တရာယ် နည်းပါးတယ်လို့ ယူဆတဲ့ နိုင်ငံက လူတွေကို နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တိုင်းပြည်အတွင်း ဝင်ရောက်ခွင့်ပေးမယ်လို့ ထိုင်းအစိုးရက အောက်တိုဘာအစောပိုင်းမှာ ကြေငြာခဲ့တာပါ။ ဝင်ခွင့်ပေးမယ့် နိုင်ငံ ၄၅ ခုစာရင်းကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး၊ မနေ့က မြန်မာအပါအဝင် နိုင်ငံတစ်ချို့ကို ထပ်ပေါင်းထည့်ကာ စုစုပေါင်း ၆၃ နိုင်ငံ ဖြစ်လာပါတယ်။

    ခွင့်ပြုနိုင်ငံတွေက ခရီးသွားတွေဟာ လေကြောင်းနဲ့သာ ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့ အသိအမှတ်ပြုလက်မှတ်၊ ကန်ဒေါ်လာ ၅ သောင်းထက်မနည်းတဲ့ အာမခံ ပါရှိရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ဆိုက်ရောက်ရောက်ချင်းမှာ ကိုဗစ်စစ်ဆေးမှုခံယူရမှာပါ။ ခွင်ပြုနိုင်ငံတွေမှာ အနည်းဆုံး ၂၁ ရက်နေထိုင်ပြီး၊ ကိုဗစ်ကာကွယ်ဆေးထိုးထားမှသာ ကွာရန်တင်းမလိုဘဲ ထိုင်းနိုင်ငံကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

    မနေ့က ထပ်ပေါင်းထည့်လိုက်တဲ့ နိုင်ငံတွေက ထိုင်ဝမ်၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်ဒိုက်၊ ကူဝိတ်၊ အိုမန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ခရိုအေးရှားနဲ့ လူဇင်ဘတ်နိုင်ငံတွေ ဖြစ်ပါတယ်။

    ဝင်ရောက်လာတဲ့ ခရီးသွားတွေဟာ ကိုဗစ်စစ်ဆေးမှု ရလဒ်ကို ချက်ခြင်း ရနိုင်မှာမဟုတ်သေးဘဲ ထိုင်းအစိုးရက အသိအမှတ်ပြုထားတဲ့ ဆေးရုံမှာ တစ်ညစောင့်ရမှာပါ။

    ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံ GDP ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ အခုလို ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးလိုက်တာဟာ မိမိတို့တိုင်းပြည် ပုံမှန်ပြန်ဖြစ်ရေး အရေးပါတဲ့ ခြေလှမ်းရဲ့ အစသာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြီးခဲ့တဲ့လ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဝင်ခွင်ပြုတဲ့နိုင်ငံတွေကို စီးပွားရေးအကျိုးအမြတ်၊ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းစင်နိုင်မှု အချက်အလက်တွေနဲ့ ရွေးချယ်တာဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံကို အများဆုံး လာရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံ ၂၀ က အများစု ခွင့်ပြုစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

    Ref: Nikkei Asia

  • အငတ်ဘေးကြုံရတော့မည့် အာဖဂန်ပြည်သူများကို ကူညီရန် ကုလအကြီးအကဲက G20 အဖွဲ့ကို မေတ္တာရပ်ခံ

    အငတ်ဘေးကြုံရတော့မည့် အာဖဂန်ပြည်သူများကို ကူညီရန် ကုလအကြီးအကဲက G20 အဖွဲ့ကို မေတ္တာရပ်ခံ

    အောက်တိုဘာ ၃၀၊ ၂၀၂၁
    M-Media

    -စီးပွားရေးပြိုလဲပြီး စားနပ်ရိက္ခာပြတ်လပ်ကာ အငတ်ဘေးနဲ့ ရင်ဆိုင်ရတော့မယ့် အာဖဂန်ပြည်သူတွေကို ကူညီပေးကြဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက စက်မှုနိုင်ငံများအဖွဲ့ G20 ကို တိုက်တွန်းလိုက်ပါတယ်။

    G20 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးကို အခုတစ်ပတ် စနေ၊ တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။

    မနေ့က AP သတင်းဌာနဲ့ အင်တာဗျူးမှာ ကုလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖ်က အာဖဂန်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေဟာ အလွန်အမင်း မြင့်တက်လာတယ်လို့ ​ပြောကြားခဲ့ပါတယ်။

    အသက် ၅ နှစ်အောက် အာဖဂန်ကလေးငယ်တွေရဲ့ ထက်ဝက်လောက်ဟာ ဆိုးဆိုးရွားရွား အဟာရချို့နဲ့မှုနဲ့ ကြုံရမယ့်အန္တရာယ်ရှိနေပြီး၊ ဝက်သက်ရောဂါလည်း ပြည်နယ်တိုင်းမှာ ဖြစ်ပွားနေကြောင်း၊ စားနပ်ရိက္ခာ ပြတ်လတ်မှုကြောင့် အဟာရချို့တဲ့တာ၊ ရောဂါဘယထူပြောတာ၊ သေဆုံးတာတွေကို ကြုံလာရနိုင်​ကြောင်း ဂရစ်ဖ်က သတိပေးခဲ့ပါတယ်။

    လက်ရှိမှာ အာဖဂန်ပြည်သူ ၄ သန်းကို ကုလစားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့ထားရပြီး၊ ဒီအရေအတွက်ဟာ ၁၂ သန်းအထိ ဖြစ်လာဖို့ ရှိနေပါတယ်။ အခုနှစ်ကုန်အထိ အာဖဂန်ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့ ကန်ဒေါ်လာ သန်း ၂၀၀ လိုအပ်နေတယ်လို့လည်း WFP က အခုတစ်ပတ်အတွင်းမှာ ထုတ်ပြောထားပါတယ်။

    အာဖဂန်ပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာ ပြတ်လတ်မှုဟာ ၂ နှစ်ဆက် မိုးခေါင်ရေရှားတာ၊ တာလီဘန်က တိုင်းပြည်ကို အုပ်စိုးပြီးနောက်ပိုင်း စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ လူမှုဖူလှုံရေး ယန္တရားတွေ ပျက်ဆီးသွားတာတွေကြောင့် ဖြစ်တယ်လို့လည်း ဂရစ်ဖ်က ပြောပါတယ်။

    တာလီဘန်အာဏာရပြီးနောက်ပိုင်း ကမ္ဘာ့အလှူရှင်နိုင်ငံတွေက အာဖဂန်အပေါ်ပေးနေတဲ့ ထောက်ပံ့မှုတော်တော်များများကို ရပ်ဆိုင်းလိုက်ပါတယ်။

    ဂရစ်ဖ်က လက်ရှိ အာဖဂန်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အလျင်အမြန် ကူညီဖြေရှင်းပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: AP

  • လက်ဘနွန်သံအမတ်ကို ဆော်ဒီက တိုင်းပြည်မှ နှင်ထုတ်

    လက်ဘနွန်သံအမတ်ကို ဆော်ဒီက တိုင်းပြည်မှ နှင်ထုတ်

    အောက်တိုဘာ ၃၀၊ ၂၀၂၁
    M-Media

    -ယီမင်စစ်ပွဲအတွက် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို လက်ဘနွန် ပြန်ကြားရေးဝန်ကြီးက ဝေဖန်တဲ့ဗီဒီယို ထွက်လာပြီးတဲ့နောက် ဆော်ဒီအာရေဗျက လက်ဘနွန်ကနေ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးကို ပိတ်ကာ သံအမတ်ကိုလည်း တိုင်းပြည်က နှင်ထုတ်လိုက်ပါတယ်။

    မန်ဆူရ်ဟာဒီဦးဆောင်တဲ့ ယီမင်အစိုးရကို ဟူသီလက်နက်ကိုင်အဖွဲ့က ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး ယီမင်မှာ ပြည်တွင်းစစ် စဖြစ်လာတာပါ။ ဆော်ဒီနဲ့ ယူအေအီး ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ဒီစစ်ပွဲထဲ ပါဝင်လာခဲ့ပြီး မန်ဆူရ်ဟာဒီအစိုးရဖက်က တိုက်ပေးတာ ဖြစ်ပါတယ်။

    လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဂျော့ ကိုဒါဟီက ဟူသီတွေဟာ ပြည်ပကျူးကျော်မှုကို ကာကွယ်နေတာဖြစ်ပြီး အတ္တတွေကြောင့် ယီမင်စစ်ပွဲကြာရှည်နေတာဖြစ်ကြောင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောခဲ့ပြီး အင်္ဂါနေ့က ဒီဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့ပြီးနောက်ပိုင်း ဆော်ဒီဖက်က အခုလို တုန့်ပြန်လာတာ​ ဖြစ်ပါတယ်။

    ဆော်ဒီနဲ့ လက်ဘနွန်တို့ဟာ အရင်ကတည်းက တင်းမာမှုတွေရှိထားပြီး အခုမှတ်ချက်ကြောင့် ပိုမိုဆိုးရွားလာတာပါ။ ဝန်ကြီးချုပ် နာဂျစ်မီကာတီ ဦးဆောင်တဲ့ လက်ဘနွန်အစိုးရက ကိုဒါဟီရဲ့ ဒီအင်တာဗျူးဟာ သူတို့အစိုးရမှာ မပါဝင်ခင် တစ်လအရင်က ပြောကြားမှုဖြစ်ပြီး ပုဂ္ဂလအမြင်သာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    ယီမင်စစ်ပွဲမှာ ပါဝင်နေတဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်နဲ့ ဘာရိန်းတို့ဟာ လက်ဘနွန်သံအမတ်ကို အခုတစ်ပတ်အစောပိုင်းမှာ ဆင့်ခေါ်ဖြေရှင်းချက်တောင်းခဲ့သလို၊ ပင်လယ်ကွေ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကာတာနဲ့ အိုမန်တို့ကလည်း ကိုဒါဟီရဲ့ ပြောကြားမှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ခဲ့ပါတယ်။

    ဆော်ဒီအစိုးရက လက်ဘနွန်နိုင်ငံက သွင်းကုန်အားလုံးပိတ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး၊ လက်ဘနွန်သံအမတ်ကိုလည်း ၄၈ နာရီအတွင်း တိုင်းပြည်ကထွက်ခွာဖို့ ရာဇသံ ပေးခဲ့ပါတယ်။ ဆော်ဒီရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘာရိန်းကလည်း လက်ဘနွန်သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

    Ref: Aljazeera