News @ M-Media

Blog

  • ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    ကမ္ဘောဒီးယား၏ အကြီးဆုံးဗလီကို ၀န်ကြီးချုပ်ဟန်ဆန် တက်ရောက် ဖွင့်လှစ်ပေး

    မတ် ၂၈၊ ၂၀၁၅
    M-Media
    1241
    – ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်မှာရှိတဲ့ နိုင်ငံရဲ့ အကြီးဆုံးဗလီဖြစ်တဲ့ အလ်ဆာကဲလ် ဗလီဝတ်ကျောင်းတော်ကြီး ဖွင့်ပွဲအခမ်းအနားမှာ ၀န်ကြီးချုပ် ဟန်ဆန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဲဒီဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဗလီဝတ်ကျောင်းကြီးဟာ နိုင်ငံအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို ဖော်ကျူးနေတာဖြစ်တယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကမ္ဘောဒီးယားမှာ အယူဝါဒပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေဟာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်ကြတယ် ဆိုတဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ပဋိပက္ခတွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ကမ္ဘောဒီယားဟာ မွတ်စလင်ပြည်သူတွေကို လူမှုလုပ်ငန်းတွေမှာ မျှမျှတတ ဆက်ဆံပါတယ်” လို့ ၀န်ကြီးချုပ် ဟန်ဆန်က ဖွင့်ပွဲအခမ်းအနားမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    129
    ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး မင်ခင်က နှစ်ထပ်ဆောင်ဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုအတွက် ကန်ဒေါ်လာ ၂.၉ သန်းလောက် ကုန်ကျတယ်လို့ ဆိုပါတယ်။

    “ဒီဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းဟာ ကမ္ဘောဒီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ပြီးတော့ ဒီလွတ်လပ်ခွင့်ဟာ အခြားသော ယုံကြည်ချက်တွေနဲ့ ဘာသာတရားတွေကို မထိခိုက်ဘူးဆိုရင် ဘာသာရေးလှုပ်ရှားဆောင်ရွက်မှုအားလုံးကို နိုင်ငံတော်က အာမခံပေးထားပါတယ်” လို့ မင်ခင်က ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားမွတ်စလင်လူ့အဖွဲ့အစည်းရဲ့ နာမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ အွတ်စ်မန် ဟာဆန်က ၀န်ကြီးချုပ်ကိုယ်တိုင် တက်ရောက်လာတာဟာ နိုင်ငံတော်ရဲ့ ဗုဒ္ဓဘာသာအပြင် အခြားသော ဘာသာတရားတွေအပေါ်မှာ ကမ္ဘောဒီယားအစိုးရက မျှမျှတတ ဆက်ဆံတယ်ဆိုတာ ပြသလိုက်တာပဲလို့ ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာမွတ်စလင် အရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

    ref:Xinhua
    Photo: Chim Nary

    1251 126 127 128

  • ဘိုကိုဟရမ်ကို နိုက်ဂျီးရီးယားချေမှုန်းနိုင်ပြီ

    ဘိုကိုဟရမ်ကို နိုက်ဂျီးရီးယားချေမှုန်းနိုင်ပြီ

    မတ် ၂၈၊ ၂၀၁၅
    M-Media

    150327173317-gwoza-troops-victory-sign-exlarge-169

    – ဘိုကိုဟရမ်က ၎င်းတို့ ခလီဖာနယ်မြေ ဌာနချုပ်အဖြစ် ကြေညာထားသည့် နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်းရှိ ဂိုဇာမြို့အား မိမိတို့တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီဟု နိုက်ဂျီးရီးယားစစ်တပ်က ယမန်နေ့တွင် ကြေညာလိုက်သည်။

    “ဒီမနက်မှာပဲ ရဲရဲတောက် နိုက်ဂျီးရီးယား တပ်ဖွဲ့တွေဟာ မြေပြင်နဲ့ လေကြောင်းက တိုက်ခိုက်မှုအတွင်းမှာ ခလီဖာရဲ့ ဌာနချုပ်လို့ သူတို့ခေါ်တဲ့ ဂိုဇာမြို့ကို လွတ်မြောက်စေခဲ့ပါတယ်” ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သော နိုက်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဗိုလ်မှူး ခရစ် အိုလူကိုလာဒီက ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား အမြောက်အများ သေဆုံးခဲ့ပြီး အများစုကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ မြောက်များစွာ ရရှိခဲ့ကြောင်း၊ ဘိုကိုဟရမ်၏ အုပ်ချုပ်ရေးအဆောက်အဦးများကိုလည်း လုံးဝ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထွက်ပြေးသွားသည့်
    အကြမ်းဖက်သမားများနှင့် ၎င်းတို့လက်ထဲတွင်ရှိသည့် ဓားစာခံများကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ဘိုကိုဟရမ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လက ဂိုဇာနှင့် ပတ်ဝန်းကျင်ရှိ ဒေသများ သိမ်းပိုက်ခဲ့ပြီးနောက် ခလီဖာဒေသအဖြစ် ကြေညာခဲ့ဖြစ်ပြီး၊ မကြာသေးမီကပင် ၎င်းတို့မှာ IS အဖွဲ့၏ မဟာမိတ်ဖြစ်သည်ဟု ကြေညာခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်မှာ ဘိုကိုဟရမ်အား အမြစ်ဖြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးကို ယခုလစောပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

    Ref: CNN

  • ယူကေကျောင်းသားများ ကျောင်းစားရိတ်အတွင် လိင်အလုပ် လုပ်နေရ

    ယူကေကျောင်းသားများ ကျောင်းစားရိတ်အတွင် လိင်အလုပ် လုပ်နေရ

    မတ် ၂၈၊ ၂၀၁၅
    M-Media

    23ed647b-f6cc-4833-aac3-96c183677ce3

    – အင်္ဂလန်နိုင်ငံ ဆွမ်ဆီးတက္ကသိုလ်မှ ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ ယူကေရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၀ တွင် ၁ ဦးမှာ ၎င်းတို့၏ တက္ကသိုလ်စားရိတ် ရရှိရန်အတွက် လိင်လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည်ဟု သိရသည်။

    Student Sex Work Project အမည်ပေးထားသည့် အဆိုပါလေ့လာမှုကို ၃ နှစ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေ့လာမှုအတွင်း ကျောင်းသား၊ ကျောင်းသူ ၆၇၅၀ ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။ ကျူရှင်လခများ မြင့်တက်လာမှု၊ လူနေမှုစားရိတ်များ ကြီးမြင့်လာမှုတို့ကြောင့် ၀င်ငွေလိုအပ်ချက်က ကျောင်းသားကျောင်းသူ ၅၀ ရာခိုင်နှုန်းကျော်အား လိင်လောကထဲရောက်စေသည့် စေ့ဆော်မှုများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့ကဲ့သို့ လိင်လောကအတွင်း ၀င်ရောက်လုပ်ကိုင်သူများတွင် ကျောင်းသူများထက် ကျောင်းသားများက ပိုမိုများပြားနေပြီး ကျောင်းသားကျောင်းသူများမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းလမ်းများဖြင့် လိင်လုပ်ငန်းတွင် ပါဝင်နေကြသည်ဟု လေ့လာမှုက ဆိုသည်။ တိုက်ရိုက် လိင်လုပ်ငန်းတွင် ဖောက်သည်များနှင့် ဆက်သွယ်ခြင်း၊ ပြည့်တန်ဆာအဖြစ် ဆောက်ရွက်ခြင်းတို့ ပါဝင်ပြီး သွယ်ဝိုက်လိင်လုပ်ငန်းတွင် ကိုယ်ဟန်ပြရခြင်းနှင့် ဖုန်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရခြင်းတို့
    ပါဝင်သည်။

    ယနေ့ခေတ် ယူကေတွင် ကျောင်းတက်နေကြရသည့် ကျောင်းသားများမှာ ကျောင်းပြီးပါက ကျောင်းစားရိတ်အတွက် အကြွေး ပေါင် ၅၀၀၀၀ ခန့် တင်ရှိနေမည်ဟု ခန့်မှန်းရပြီး တစ်ကိုယ်ရေ အကြွေးများဖြင့် ပေါင်းလိုက်ပါက ထိုပမာဏထက် ပို၍ များသွားနိုင်သည်။

    ယူကေရှိ တက္ကသိုလ်များ၏ ထက်ဝက်ကျော်မှာ ကျူရှင်ဖိုးအဖြစ် တစ်နှစ်လျှင် ပေါင် ၉၀၀၀ သတ်မှတ်ထားပြီး ဥပဒေတွင်သတ်မှတ်ထားသော အမြင့်ဆုံး ပမာဏလည်းဖြစ်သည်။

    Ref: PressTV

  • နိုင်ငံတကာ အာကာသစခန်းအသစ်ကို အမေရိကန်နှင့် ရုရှား ပူးပေါင်းတည်ဆောက်မည်

    နိုင်ငံတကာ အာကာသစခန်းအသစ်ကို အမေရိကန်နှင့် ရုရှား ပူးပေါင်းတည်ဆောက်မည်

    မတ် ၂၈၊ ၂၀၁၅
    M-Media

    136653main_s114e7221_high.si

    – ယခုလက်ရှိ အသုံးပြုနေသည့် နိုင်ငံတကာ အာကာသစခန်း ISS သက်တမ်းကုန်သွားပါက အာကာသစခန်းအသစ်တစ်ခု တည်ဆောက်ရန် ရုရှားအာကာသအေဂျင်စီ Roscosmos နှင့် အမေရိကန် အာကာသ အေဂျင်စီ NASA တို့က သဘောတူညီခဲ့သည်ဟု သိရသည်။

    ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ခြင်းဖြစ်ပြီး အေဂျင်စီနှစ်ခုမှာ လူလိုက်ပါသည့် အာကာသအစီအစဉ်များ၏ စံနှုန်းများနှင့် စနစ်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် နိုင်ငံတကာ အာကာသစခန်း၏ သက်တမ်းမှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    “Roscosmos နဲ့ NASA တို့ အနာဂတ် အာကာသစခန်းအတွက် အတူတကွ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟု Roscosmos အကြီးအကဲ အီဂေါ် ကိုမာရော့ဗ်က ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    နာဆာမှ အကြီးအကဲ ချားလ်စ် ဘိုလ်ဒန်ကမူ ၎င်းတို့အေဂျင်စီ ၂ ခု၏ အနာဂတ်ရည်ရွယ်ချက်မှာ အင်္ဂါဂြိုဟ်သို့ သွားရောက်ရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မယ့် ဧရိယာက အင်္ဂါဂြိုဟ် ဖြစ်ပါလိ့မ်မယ်။ ရင်းမြစ်တွေ၊ ငွေကြေးတွေကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ပြီးတော့ အချိန်သတ်မှတ်ချက်ကိုလည်း စီစဉ်နေပြီး ဆောင်ရွက်မှုတွေ ထပ်သွားတာမျိုးကို ရှောင်ရှားဖို့ လုပ်ငန်းတွေကိုလည်း မျှဝေအသိပေးနေပါတယ်” ဟု ဘိုလ်ဒန်က ဆိုသည်။

    နာဆာမှာ လက်ရှိအချိန်တွင် စီးပွားဖြစ် အာကာသလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဘိုလ်ဒန်က မိမိတို့မှာ ထိုလုပ်ရပ်အတွက် ဝေဖန်ခံနေရသည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်အနေဖြင့် လပေါ်သို့ ပြန်လည်သွားရောက်မည့် ရည်ရွယ်ချက်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း၊ အနာဂတ်တွင် လနှင့် အင်္ဂါဂြိုဟ်တို့အတွက် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုများအတွင်း ပါဝင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရိုခြေစစ်ပွဲ ကစားနေစဉ် ဖျက်သိမ်းခဲ့ရ

    မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရိုခြေစစ်ပွဲ ကစားနေစဉ် ဖျက်သိမ်းခဲ့ရ

    မတ် ၂၈၊ ၂၀၁၅
    M-Media

    igor-akinfeev-montenegro-russia-euro-2016-qualifying_1ntzt54ln86yo1je49djzm1gfi (1)

    – ယနေ့နံနက်က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ မွန်တီနီဂရိုးနှင့် ရုရှားတို့၏ပွဲစဉ်ကို ပရိတ်သတ်များ၏ နှောက်ယှက်မှုကြောင့် ပွဲဖျက်လိုက်ရသည်ဟု သိရသည်။

    မွန်တီနီဂရိုးတွင် ကစားခဲ့သည့် အဆိုပါပွဲ၌ ပရိတ်သတ်မှ ပစ်လွှတ်လိုက်သော မီးကျည်တစ်ခုမှာ ရုရှားဂိုးသမား အီဂေါရ် အာကင်ဖိဗ်၏ လည်ပင်းကို ထိမိခဲ့ခြင်းကြောင်း ပွဲအစ စက္ကန့် ၃၀ မှာပင် ပွဲကို ရပ်ဆိုင်းလိုက်ရပြီး မိနစ် ၂၀ ကြာပြီးနောက် ပြန်လည်ကစားခဲ့သော်လည်း ပရိတ်သတ်များက မီးကျည်များကို ကွင်းထဲသို့ ပစ်ထည့်ခဲ့ကြသည်။

    ထို့ပြင် ပရိတ်သတ်များ၏ အခြေအနေကြောင့် နှစ်ဖက်အသင်းကစားသမားများကလည်း ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ကြပြီး ဂျာမန်ဒိုင်လူကြီးက ပွဲကစားရန် မိနစ် ၂၀ ကျန်ရှိနေသည့်အချိန်တွင် ပွဲအား ဖျက်သိမ်းခဲ့သည်။

    ရုရှားနည်းပြ ကာပယ်လိုကမူ ၎င်းတို့အသင်းမှာ ပထမအကြိမ် ပွဲရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း မိမိတို့အသင်းမှာ ပြန်လည်ကစားခြင်းမှလွဲ၍ အခြားရွေးစရာ မရှိခဲ့ဟု ဆိုသည်။

    “တာဝန်ရှိသူတွေက ပထမအကြိမ် ရပ်ဆိုင်းမှုပြီးတဲ့နောက်ပိုင်း ဆက်ကစားဖို့ ပြောပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ် ပွဲဖျက်လိုက်တာတော့ မှန်ပါတယ်” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    မွန်တီနီဂရိုးနည်းပြကမူ မိမိတို့ ပရိတ်သတ်၏ အပြုအမူအတွက် ရှက်မိသည်ဟု ပြောကြားခဲ့သည်။

    “ဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် ရုရှားကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ ပြဿနာက ဒုတိယအကြိမ် ထပ်ဖြစ်လာတာကြောင့် ပွဲဖျက်လိုက်တာက လုပ်ရိုးလုပ်စဉ်ပါပဲ”

    ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ယခုကဲ့သို့ ပွဲဖျက်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် အလ်ဘေးနီးယားနှင့် ဆားဘီးယားတို့ပွဲတွင် ကွင်းအတွင်းသို့ ဒရုန်းလေယာဉ်ငယ်တစ်ခု ရောက်ရှိလာရာမှ ကစားသမားနှင့် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရသည်။

    ရုရှားနှင့် မွန်တီနီဂရိုးတို့မှာ အုပ်စု G တွင် ၅ မှတ်စီရရှိထားပြီး သြစတြီးယားနှင့် ဆွီဒင်တို့၏နောက် တတိယနေရာတွင် ရှိနေသည်။ ယခုဖြစ်ရပ်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Goal.comေ