News @ M-Media

Blog

  • ဘလတ္တာမရှိလျှင် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့် အင်္ဂလန်ကြိုးပမ်းမည်

    ဘလတ္တာမရှိလျှင် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့် အင်္ဂလန်ကြိုးပမ်းမည်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    gregdyke-cropped_19ihe8wodpjjg1so2avib76y82

    – လက်ရှိ ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ မရှိပါက ကမ္ဘာဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ထပ်မံ ကြိုးပမ်းသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ဥက္ကဌ ဂရဂ် ဒိုက်ကီက ပြောကြားလိုက်သည်။

    င်္FA ၏ ဒုတိယဥက္ကဌ ဒေးဗစ်ဂီးလ်မှာ ဖီဖာ၏ ဒုတိယဥက္ကဌအဖြစ် ယမန်နေ့က ခန့်အပ်ခြင်းခံခဲ့ရပြီး ဒိုက်ကီကမူ ဒေးဗစ်ဂီးလ်ရှိနေခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအား ကျင်းပရေး အဆိုပြုချက်အတွက် ရှေ့တိုးဆောင်ရွက်သွားရန် ဆွဲဆောင်မှု ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ကြိုးပမ်းမှုကို ဆပ်ဘလတ္တာ မရှိမှသာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    အင်္ဂလန်မှာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း ရုရှားက ကျင်းပခွင့် ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ပြိုင်ပွဲကိုလည်း ကာတာမှ ကျင်းပခွင့်ရခဲ့သည်။ အင်္ဂလန်မီဒီယာများကမူ ထိုကဲ့သို့ အိမ်ရှင်အဖြစ် ရွေးချယ်မှုတွင် ချစားမှုများရှိခဲ့သည်ဟု ဖော်ပြခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဖြစ်လာခဲ့သော်လည်း ရုရှားနှင့် ကာတာတို့မှာ ဥပဒေပ လုပ်ဆောင်မှုများ မရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ဒိုက်ကီကမူ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ကြိုးပမ်းမှု ဆုံးဖြတ်ချက်မှာ အချိန်ဇယားပေါ် မူတည်နေသည်ဟု ပြောကြားခဲ့သည်။

    “ဘယ်လောက်မြန်မြန်ပြီးမလဲဆိုတာအပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် မှတ်ထားရမှာက စိတ်ပျက်နေတဲ့ ပြည်သူကို နေရာမှန်ပြန်ရောက်အောင် လုပ်ရပါမယ်။ ပြီးခဲ့တဲ့အချိန်တုန်းက ပြည်သူတွေဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တာကြောင့် ဒါမျိုးလုပ်ဖို့ သိပ်တော့မလွယ်ပါဘူး” ဟု ဒိုက်ကီက ပြောကြားခဲ့သည်။

    ဖီဖာဥက္ကဌ ရွေးချယ်ပွဲကို လာမည့်မေလတွင် ပြုလုပ်မည်ဖြစ်ပြီး လက်ရှိဥက္ကဌ ဆပ်ဘလတ္တာမှာလည်း ၀င်ရောက်အရွေးခံမည်ဖြစ်သည်။

    Ref: Goal.com

  • ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ  အိမ်တွင်းသုံးဆန်းသစ် ကိရိယာများ

    ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် မိုဘိုင်းဆိုင် ရာ အိမ်တွင်းသုံးဆန်းသစ် ကိရိယာများ

    မတ်လ ၂၅ ၊ ၂၀၁၅
    M-Media
    လွန်ခဲ့သည့် နှစ် ဂျာမနီ အခြေစိုက် စက်မှုဆိုင်ရာ ဒီဇိုင်း ဌာန Gizmodo မှ လာမည့် ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် High Tech Smart Homes များကို Home of the Future ဟု ဆိုသည့် အစီအစဉ်အသစ်အနေဖြင့် လူအများ သိရန် Exhibition တခုတီထွင်တင်ပြခဲ့ပါတယ်။ ဤ သတင်းနှင့်ပတ်သက်ပြီး ဂျာမနီ အခြေစိုက် ဖြစ်တဲ့ Lamudi.com မြန်မာအတွင်း House.com.mm တီထွင် ဆန်းသစ် ကဏ္ဍ တစ်ခုအနေနှင့် တင်ပြလိုက်ပါတယ်။
    .1
    ဦးစွာ Gizmodo မှ Custom Built လို့ခေါ်တဲ့ မိမိကြိုက်နှစ်တဲ့ Design ပုံစံမျိုးနှင့် ဆောက်လုပ်နိုင်တဲ့ အိမ်များကို ပထမဦးဆုံးအနေဖြင့် All in One ဆိုတဲ့ တိုက်ခန်းတခုမှာ တီထွင်တင်ပြခဲ့ပါတယ်။ တိုက်ခန်းမှာ မိမိလိုအပ်တဲ့အရာအားလုံး၊ လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာများနှင့်ပြုလုပ်ထားတဲ့ smart technology များကို အိမ်တွင်းမှာ တပ်ဆင်ထား နိုင်ကြောင်းကို ပြသသွားပါတယ်။
    .
    ဥပမာအားဖြင့် မိမိအနေဖြင့် အလုပ်မသွား နိုင်သို့မဟုတ် အစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်နိုင်ပါ က မိမိ်ရုံးအတွင်းရှိ Telepresence  Robot ဟုခေါ်သည့် Wifi Ipad စနစ်ဖြင့်  ထိန်းထားပြီး လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်ကို မိမိကိုယ်တိုင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ Interactive အပြန်အလှန်လွယ်ကူစွာ ဆက်သွယ်နိုင်ရန်ပြုလုပ်ထားပါတယ်။  စက်ရုပ်ပေါ်ခေါင်းအတွင်း မိမိ၏ ပုံကို လုပ်ဖော်ကိုင်ဖက်များအနေဖြင့် Video Camera မှ တဆင့်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဝေးမှ ရုပ်မြင် Visual Movement ဖြင့် လှုပ်ရှားသွားလာပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ရိုက် လုပ်ကိုင်ပြောဆို နိုင်သည့်လုပ်ငန်းများလည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။
    . 2
    အိမ်အတွင်း တပ်ဆင်ထားသည့် Device များမှာလည်း လုပ်ဆောင်မှုပိုမို ထက်မြတ်လာမှာဖြစ်ပြီး  ဥပမာအားဖြင့် ၀ိုင်ပုလင်းများကို လည်း Automatic System ဖြင့် အဖုံး ဖွင့်စရာ မလိုပဲ သောက်နိုင်မှာဖြစ်ပါတယ်။
    ပိုမိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့် သဘာဝကို အခြေခံပြီး Cellulose ဖြင့်ပြုလုပ်ထားတဲ့ အလိုအလျှောက် သန့်စဉ်ပေးတဲ့ အိုးခွက်ပန်းကန်များ ဖြစ်ပါတယ်။ ဒီတော့် အနာဂတ်မှာ ပန်းကန်ဆေးစက်ဆိုတာပျောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီထက်မက ဘီယာ ကို မိမိအိမ်တွင်း Home Made အနေဖြင့် ထုတ်လုပ်သောက်လိုပါကလည်း ဘီယာချက် နည်းကိရိယာပါ စက်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီအရာတွေဟာ အခြေခံအနေဖြင့် လောလောဆယ် မှာ တီထွင်စ အခြေအနေမှာဖြစ်နေပါတယ်။ ၂၀၅၀ အတွင်းဆိုရင် တော့် ဈေးကွက်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပိုပြီး သုံးလာနိုင်မှာ ဖြစ်ပါတယ်။
    .3
    လောလောဆယ်မှာ တော့် အထူးဆန်း သစ် တီထွင်တဲ့သူများမှာကြိုးမဲ့စနစ်ဖြင့် ပိုပြီး သုံးစွဲနေတာကို တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် Barcelona မှာ ကျင်းပတဲ့ Mobile World Congress မှာလည်း မိုဘိုင်းကို အခြေခံပြီး ထိန်းချုပ်သည့်အိမ်ကို တင်ပြသွားပါတယ်။
    .
    လာမယ့် အချိန်ကာလအတွင်း မှာလည်း  IT ကုမ္ပဏီကြီးများ မှ တီထွင်ဆန်းသစ်မှုများကို ပိုပြီး ရင်းနှီးမြုပ်နှံပြီး တီထွင်သွားမှာဖြစ်ပါတယ်။ လောလောဆယ် Tech ကုမ္ပဏီကြီးဖြစ်တဲ့ Google မှ Nest Labs ဟုခေါ်တဲ့ အိမ်တွင်းပိုင်းရှိ အပူချိန်ကို ထိန်းပေးတဲ့ Nest Smart Thermostat ကို ကန်ဒေါ်လာ ၃၂ သန်း နှင့် ၀ယ်ယူရင်းနှီးမြုပ်နှံထားပါတယ်။ တဆက်ထဲမှာပဲ Nest ရဲ့ CEO ကတော့် လာမယ့် နှစ်အနည်းငယ်အတွင်း မော်ဒန်အိမ်အားလုံးဟာ အင်တာနက် ဖြင့် ဆက်နွယ်ထားပြီး ထိန်းချုပ်ကိရိယာများမှာလည်းပိုမိုပြီး ဈေးသက်သာ အသုံးပြုလာမှာဖြစ်ပါတယ် လို့ပြောကြားသွားပါတယ်။

    House.com.mm  မှ M-Media သို့ ပေးပို့လာသော သတင်းဆောင်းပါးဖြစ်ပါသည်။

  • ကုရ်အာန်အား မီးရှို့သည်ဟု စွပ်စွဲ သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်အတွက် အာဖဂန်ပြည်သူများ ဆန္ဒပြ

    ကုရ်အာန်အား မီးရှို့သည်ဟု စွပ်စွဲ သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်အတွက် အာဖဂန်ပြည်သူများ ဆန္ဒပြ

    မတ် ၂၅၊ ၂၀၁၅
    M-Media

    049f94e610824a6f8c940c982aefc3a9_18

    – ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲကာ လူအုပ်ကြီးက ရိုက်နှတ်သတ်ဖြတ်မှုကို ခံခဲ့ရသည့် အာဖဂန် အမျိုးသမီးငယ်အတွက် တရားမျှတမှုကို တောင်းဆိုသည့်အနေဖြင့် မြို့တော်ကဘူးလ်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက ယမန်နေ့တွင် ချီတက်ဆန္ဒပြခဲ့သည်ဟု သိရသည်။

    အချိုပါ ချီတက်ဆန္ဒပြမှုတွင် အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်ပြီး တစ်ချို့မှာ ထိုလုပ်ရပ်အား ဆန့်ကျင်သော ပိုစတာများကို ကိုင်ဆောင်ခဲ့ရကြကာ အချို့မှာ အသတ်ခံခဲ့ရသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ဖာ့က်ဟန်ဒါ၏ သွေးများပေကျံနေသော မျက်နှာပုံစံ အနီရောင်များ ချယ်သခဲ့သည်။

    ဖာ့က်ဟန်ဒါမှာ ဘာသာရေး ပညာရှင်တစ်ဦးဖြစ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ ပြီးခဲ့သည့် တစ်ပတ်က လူအုပ်ကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ၎င်း၏အလောင်းအား မီးရှို့ကာ ကဘူးလ်မြစ်ထဲသို့ ပစ်ချခဲ့ကြသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုကို စီစဉ်သူများကမူ လူပေါင်း ၃၀၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။ ဆန္ဒပြသူများမှာ “ဖာ့က်ဟန်ဒါအတွက် တရားမျှတမှုပေး” “သတ်ဖြတ်သူများကို သေဒဏ်ပေး” စသည့် ကျွေးကြော်သံများကို ကျွေးကျော်ခဲ့ကြသည်။

    အဆိုပါ ချီတက်ဆန္ဒပြမှုမှာ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ဒုတိယမြောက် အကြီးအကျယ် ဆန္ဒပြခြင်းလည်း ဖြစ်သည်။

    ထောက်လှမ်းရေး ဒါရိုက်တာဟောင်းဖြစ်ပြီး ယခုတွင် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ အမ်ရူလ်လာဟ် ဆာလေဟ်က ဖာ့က်ဟန်ဒါအား “မတရားမှု၊ လူအုပ်စုဖြင့် အပြစ်ပေးမှု၊ လမ်းမပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ တရားမဲ့မှု၊ အစွန်းရောက်ဝါဒ” တို့အား ရုန်းကန်တွန်းလှန်နေရသည့် အမှတ်အသားတစ်ခုဖြစ်အောင် လူအုပ်ကြီးက ဆောင်ရွက်ကြခြင်းဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများ ခံစားနေရသည့် မတရားမှုများအတွက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သူမဟာ တရားမျှတမှုကို လိုချင်သူတွေ၊ တရားဥပဒေ စိုးမိုးချင်သူတွေနဲ့ အစွန်းရောက်အမြင်ရှိနေသူတွေ၊ ဥပဒေပ လုပ်ရပ်တွေကို ပေါ်ပေါက်စေသူတွေအကြား သူ့ရဲ့သွေးနဲ့ စည်းတစ်ခု ခြားလိုက်တာပါပဲ” ဟု ဆာလေဟ်က AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထိုကဲ့သို့ လုပ်အုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုကို ရဲတပ်ဖွဲ့က ၀င်ရောက်ဖြေရှင်းခြင်းမပြုဘဲ ရပ်ကြည့်နေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီး ဌာနကမူ အဆိုပါအဖြစ်အပျက်အတွက် လူပေါင်း ၂၈ ဦးကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကိုလည်း တာဝန်မှ ရပ်ဆိုင်းထားကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ဖာ့က်ဟန်ဒါအသတ်ခံရမှုအား ဆိုရှယ်မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုခဲ့သည့် ကဘူးလ်မြို့ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟက်ရှ်မတ် စတာနစ်က်ဇိုင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    ဖာ့က်ဟန်ဒါမှာ အစ္စလာမ့်ရေးရာနှင့်ပတ်သက်၍ မကြာသေးခင်က ဘွဲ့ရရှိထားသူဖြစ်ပြီး ဆရာမအဖြစ် တာဝန်ထမ်းဆောင်ရန် စီစဉ်နေသူဖြစ်သည်။ သူမမှာ ကဘူးလ်မြို့ရှိ ထင်ရှားသော Shah-Do Shamshera နေရာရှိ အဆောင်လက်ဖွဲ့ရောင်းသူများထံမှ ငွေကုန်ခံပြီး အဆောင်လက်ဖွဲ့များကို မ၀ယ်ရန် သူငယ်ချင်းများအား တိုက်တွန်းခဲ့သောကြောင့် အဆောင်လက်ဖွဲ့ရောင်းသူများက ဖာ့က်ဟန်ဒါမှာ ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟု ၀ါဒဖြန့်ခဲ့ကာ ထိုကဲ့သို့ ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း
    ဖခင်ဖြစ်သူ မိုဟာမက် နဒီရ်က ပြောကြားခဲ့သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော ချီတက်ဆန္ဒပြမှုတွင် အာဖဂန်အမျိုးသမီးကောင်စီအကြီးအကဲ ဖာတမာ ဂီလာနီအပါအ၀င် ထင်ရှားသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြား ပါဝင်ခဲ့ကြသည်။ ဂီလာနီကမူ ထိုအဖြစ်အပျက်မှာ စစ်ကြောင့် စိတ်ဒဏ်ရာရနေသော၊၊ ချစားနေသော၊ ခေါင်းဆောင်မှုကင်းမဲ့နေသော အာဖဂန်လူ့အဖွဲ့အစည်းတွင် ပြောင်းလဲရန်အတွက် အကြောင်းတရား
    ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    ဘာသာရေး သည်းခံမှု ပျောက်ဆုံးလာသည့် ယူကရိန်းအရှေ့ပိုင်း (သို့) ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ

    မတ် ၂၅ ၊ ၂၀၁၅
    M-Media
    src.adapt.960.high.donetsk_religion_dog_tags.1426553887130
    – ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများက ဒွန်ညက်ဒေသအား ပြည်သူ့သမ္မတနိုင်ငံအဖြစ်  ပြီးခဲ့သည့်နှစ် ဧပြီလ ကြေညာပြီးကတည်းက Church of Christ အသင်းတော်၏ ခေါင်းဆောင်ဖြစ်သူ လီယွန်နစ် ကရီဇန်နောဗ့်စကီးမှာ ကျီလန့်စာ စားနေရသည်။

    ရုရှားကျောထောက်နောက်ခံပြု သူပုန်များက ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ညက်ဒေသ၏ တရားဝင်ဘာသာတရားအဖြစ် အလျင်အမြန်ပင် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ယူကရိန်းမှ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများမှလွဲ၍ ရုရှား ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကို ပယ်ချသော ယူကရိန်းရှိ အော်သိုဒေါ့စ်အသင်းတော်များ အပါအ၀င် ရုရှားအော်သိုဒေါ့စ်အယူဝါဒ၏ အပြင်ဘက်မှ ဘာသာတရားများမှာ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံ၏ ရန်သူအလောင်းအလျာအဖြစ် သူပုန်များ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံခဲ့ရလေတော့သည်။

    ဒွန်ညက်ဒေသတွင် ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု ပေါ်ပေါက်လာခြင်းက ကရီဇန်နော့ဗ်စကီးကဲ့သို့ သူများကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့သည်။

    ဒွန်ညက်နှင့် သူပုန်များ သိမ်းပိုက်ထားသော မြို့များတွင် ပရိုတက်စတင့်နှင့် ကက်သလစ်ခေါင်းဆောင်များကို လက်နက်ကိုင် သူပုန်များက ဖမ်းဆီးသည်။ အနောက်နိုင်ငံများ၏ အေးဂျင့်များ သို့မဟုတ် ဖက်စစ်အစိုးရဟု ၎င်းတို့ခေါ်ဆိုသည့် ယူကရိန်းအစိုးရ၏ သူလျှိုများဖြစ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးကြခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များနှင့် နောက်လိုက်အမြောက်အများမှာ ရိုက်နှက်ခံကြရပြီး KGB ပုံစံ မြေအောက် အကျဉ်းစခန်းများတွင် အကျဉ်းချထားခြင်း ခံရလေသည်။

    ဒွန်ညက်၏ အနောက်ဘက်အစွန်ပိုင်းရှိ ပက်ထရော့ဗ်စကီးဒေသတွင် ယေဟောဝါသက်သေ(ခရစ်ယာန်အသင်းတော်တစ်ခု) ၏ ခန်းမကို ပြီးခဲ့သည့်နွေရာသီက သူပုန်များ ၀င်ရောက်လုယက် ဖျက်ဆီးခဲ့ကြသည်။ ထို့နောက် Church of Christ အသင်းတော်၏ သေးငယ်သော ဘုရားကျောင်းတည်ရှိရာ လမ်းတစ်ဖက်တွင်ရှိသည့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း သူပုန်များက အပိုင်စီးခဲ့ကြသည်။

    src.adapt.960.high.donetsk_religion_catholic_church

    ပတ်ဝန်းကျင်တွင် ထိုကဲ့သို့ ဖြစ်ပွားနေစဉ်တွင် ယခင် မိုင်းတွင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ယခုတွင် ဘုန်းတော်ကြီးတစ်ပါးအဖြစ် ဆောင်ရွက်နေသည့် ကရီဇန်နော့ဗ်စကီးတစ်ယောက် လွတ်မြောက်ရေးအတွက် မည်သည့်အခွင့်အရေးမှ မရခဲ့ဘဲ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ၎င်းမှာ ပုန်း၍သာ နေရသည်။ သူပုန်များက ၎င်းနှင့် အခြား အော်သိုဒေါ့စ်မဟုတ်သည့် ခရစ်ယာန်ခေါင်းဆောင်များကို ရှာဖွေရာတွင် ကရီဇန်နော့ဗ်စကီးမှာ မြို့တွင်းရှိ ဆွေမျိုးအိမ် တစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ ပုန်းရှောင်ရသည်။

    သို့သော်လည်း အောက်တိုဘာလတွင် သူပုန်များက ကရီဇန်နော့ဗ်စကီး၏ အရှိုက်ကို ထိုးနှက်လိုက်သည်။

    “ကျွန်တော်တို့ ဘုရားကျောင်းကို သူပုန်အဖွဲ့က ဖျက်ဝင်ဖို့ ကြိုးစားမယ်ဆိုပြီး ဖုန်းရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အဲဒီကို ပြေးသွားတယ်။ သူတို့ တံခါးကို ဖျက်ဖို့ ကြိုးစားနေတာကို ကျွန်တော်တွေ့တဲ့အခါ သူတို့ကို ကျွန်တော်က သော့တွေ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းလေးကို ဖျက်ဆီးတာထက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၀င်သွားနိုင်တာက ပိုကောင်းပါတယ်” ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    အထဲရောက်သွားသည့် အချိန်မှာတော့ သူပုန်အဖွဲ့မှ တပ်မှူးတစ်ဦးက Church of Christ မှာ အမေရိကန်မှ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်ဟု စွပ်စွဲကာ ထိုဘုရားကျောင်းအတွင်း တပ်စွဲမည်ဟု ပြောဆိုခဲ့ကြောင်း ကရီဇန်နောဗ့်စကီးက ပြန်ပြောပြသည်။ သူပုန်တစ်ဒါဇင်ခန့်မှာ စကွဲယားပေ ၃၀၀၀ ခန့်ကျယ်သော အဆိုပါ ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ကာ ၀တ်ပြုခန်းမတွင် စခန်းချ၍ ၀တ်ပြုရာခုံများတွင် ၎င်းတို့၏ ကာလာရှင်ကော့ဗ် ရိုင်ဖယ်များ တင်ကြသည်။

    ဘုရားကျောင်းရှိ ကျမ်းစာအုပ်များနှင့် ဆန်းဒေးစကူးလ်စာအုပ်များကို နောက်ဘက်ရှိ စတိုခန်းထဲသို့ သွားရောက်သိမ်းဆည်းခွင့်ကိုတော့ သူပုန်များက ပေးသည်။ ဘုရားကျောင်း၏ မီးဖိုဆောင်နှင့် အခြားသော အသုံးအဆောင်များကို ၎င်းတို့က စိတ်ကြိုက်သုံးစွဲကြတော့သည်။

    သီတင်း ၂ ပတ်ကြာပြီးနောက် သူပုန်များ အခြားနေရာသို့ ရွှေ့ရမည်ဟု အမိန့်ရကြောင်း တပ်မှူးက ကရီဇန်နော့ဗ်စကီးအား ဖုန်းဖြင့်ပြောသည်။ ထွက်မသွားခင်အလျှင် ၎င်းတို့က အနက်ရောက် အရိုးခေါင်းနှင့် ကြခြေခတ်အရိုး ၂ ချောင်း (အန္တရာယ်အမှတ်အသား)၊ ၎င်းတို့၏ တိုက်ပွဲအမည်ဖြစ်သည့် Oplot တို့ကို ဘုရားကျောင်း၏ အပြင်ဘက်နံရံတွင် ရေးချယ်သွားလေသည်။

    src.adapt.960.high.donetsk_religion_church_exterior.1426553887130

    သို့သော်လည်း ဘုရားကျောင်း၏ လွတ်မြောက်မှုက မကြာလိုက်။ အခြား သူပုန်အဖွဲ့တစ်ခုက သီတင်းပတ် ၃ ပတ်အကြာတွင် ရောက်လာကြပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သော့အပ်ရန် တောင်းဆိုကြသည်။ ဤအချိန်တွင်တော့ တပ်မှူးက ပို၍ ရန်လိုပြီး တိုက်ခိုက်ရေးသမားအရေအတွက်လည်း ပိုပါလာသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုလေသည်။

    “အခု သူပုန်ခေါင်းဆောင်က ကျွန်တော်တို့ကို သဘောမကျချင်ပါဘူး။ ပိုဆိုးလာမှာပါ။ စစ်ပွဲက ခဏနဲ့ ပြီးမယ့်ပုံမရှိတော့ ဒါတွေ ပိုဆိုးလာမယ်လို့ ကျွန်တော် ထင်ပါတယ်”

    အနောက်ယိမ်းသည့် ယူကရိန်းအစိုးရကို တိုက်ခိုက်နေသည့် ခွဲထွက်ရေးသမားများမှာ ရှေးရိုးစွဲ ရုရှားအော်သိုဒေါ့စ်ဝါဒ၏ တင်းကျပ်သော လိုက်နာမှုပါဝင်သည့် အယူအဆကို နာခံကြသူများဖြစ်သည်။ သူပုန်ခေါင်းဆောင်များ၏ မိန့်ခွန်းများနှင့် ၀ါဒဖြန့်စကားများတွင် ရုရှားအော်သိုဒေါ့စ်အသင်းတော်ကို ဒွန်ဘက်စ်ဒေသ သမိုင်းနှင့် ယဉ်ကျေးမှုတို့၏ ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ ထိုသို့ ဖော်ပြခြင်းက ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဒေသများအားလုံးပါဝင်သည့် ရုရှားသစ် သို့မဟုတ် နိုဗိုရိုစီးယား နိုင်ငံကို သူပုန်များ တည်ထောင်လိုခြင်း၏ နောက်ကွယ်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။

    ဒွန်ဘက်စ်ဒေသမှာ ရုရှားအော်သိုဒေါ့စ်တိုင်းပြည်အဖြစ် သူပုန်များက ဖော်ပြနေကြခြင်းကြောင့် အဆိုပါ ဒေသကို ပို၍ လစ်ဘရယ်ကျပြီး အထိန်အချုပ်မဲ့လွန်းသော ဥရောပအနောက်ပိုင်းမှ ဘာသာတရားများ လွှမ်းမိုးသည့် ယူကရိန်းအနောက်ပိုင်းနှင့် ပေါင်းစည်းနိုင်မည်မဟုတ်။

    ပဋိ့ပက္ခများ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ယူကရိန်းအရှေ့ပိုင်းတွင် ဘာသာတရားမှာ ရုရှားအော်သိုဒေါ့စ် စစ်တပ်ဟုခေါ်သည့် သူပုန်တပ်ရင်းဆိုသော ၀ါဒဖြန့်မှုတွင် ထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်နေလေသည်။ ဒေသတစ်ဝှမ်း စစ်ရေးဂိတ်များရှိ ရုရှားကော့ဆက်များက ၎င်းတို့မှာ ရုရှားပြည်သူလူထု၏ ဘုရားသခင် ကာကွယ်ရေးတပ်သားများဟု ပြောကြသည်။ ၎င်းတို့၏ လည်ပင်းတွင် လက်ဝါးကပ်တိုင်များကို ဂုဏ်ယူစွာ ချိတ်ဆွဲကြပြီး ၎င်းတို့၏ အိတ်ထောင်များတွင်လည်း ရွှေရောင် လက်ဝါးကပ်တိုင်များကို တပ်ဆင်ထားကြသည်။

    ခွဲထွက်ရေးသမားများ၏ အယူအဆတွင် ရုရှားအော်သိုဒေါ့စ် ဘာသာတရားကို အသုံးပြုခြင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားအမျိုးသားရေးဝါဒီများ အသုံးပြုကြသော နည်းနာဖြစ်သည်။ ၎င်းတို့ ရုရှားနိုင်ငံအား ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရေး ဆောင်ရွက်ရာတွင် အစိုးရကို ပြည်သူလူထုက ထောက်ခံရန် ဘာသာတရားကို အသုံးပြုကြသည်ဟု ရုရှားနှင့် ယူကရိန်းမှ အမျိုးသားရေးအဖွဲ့များ အကြောင်းကို အထူးပြုလေ့လာနေသည့် လန်ဒန်တက္ကသိုလ်မှ သုတေသနပညာရှင် အန်တန် ရှက်ခေါ့ဗ်စတော့ဗ်က ဆိုသည်။

    “ဒါမျိုးဟာ ရုရှားရဲ့ ဇီယွန်ဝါဒလိုမျိုးပါပဲ” ဟု သူကဆိုပြီး ဆိုဗီယက်အလွန် ရုရှားတွင်တော့ အာဏာရှင်ဆန်သည့် အစိုးရကောင်းစားရေးဝါဒသာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။

    “ဒါ့ကြောင့် ပူတင်နဲ့ ရုရှားတည်ဆောက်မှုမှာ နောက်လိုက်တွေကို သူတို့ရဲ့အသုံးပြုကြတဲ့ အမှတ်သညာ တစ်ခုခုနဲ့ ဖော်ပြရပါတယ်။ နောက်ပိုင်းမှာ သူတို့ဟာ အဲဒီအမှတ်သညာကို စုပေါင်းထောက်ခံမှုနဲ့ သူတို့ရဲ့ အာဏာကို ထိန်းသိမ်းဖို့ အသုံးပြုနိုင်ပါတယ်” ဟု ရှက်ခေါ့ဗ်စတော့ဗ်က ပြောကြားခဲ့သည်။

    သူပုန်ခေါင်းဆောင်များက ၎င်းတို့အစိုးရမှာ အခြားသော ဘာသာတရားများ၊ လူမျိုးစုများနှင့် ဘာသာစကားများအား သည်းခံမှုရှိသည်ဟု ကြေညာထားသော်ငြား ကရီဇန်နော့ဗ်စကီးကဲ့သို့ ခေါင်းဆောင်များကတော့ ဒွန်ညက်၏ လက်တွေ့အခြေအနေမှာ အလွန်ကွဲပြားခြားနားနေသည်ဟု ဆိုကြသည်။

    တိုက်ခိုက်မှုနှင့် ငြင်းပန်းနှိပ်စက်မှုများ ဖြစ်လာမည်ကို ကြောက်ရွံ့သောကြောင့် ဂျူးများ၊ မွတ်စလင်များနှင့် အခြားသော ဘာသာရေးလူနည်းစုများမှာ သူပုန်များ ထိန်းချုပ်ထားရာဒေသများမှ စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ Church of Christ ပါအ၀င် အခြားသော ခရစ်ယာန်ဘုရားကျောင်းများမှာလည်း ဗုံးကြဲမှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်။ သူပုန်များ လျှို့ဝှက်နေရာအဖြစ်အသုံးပြုခြင်း သို့မဟုတ် နေထိုင်ခြင်းတို့ မရှိသည့် ဘုရားကျောင်းများကိုတော့ သော့ပိတ်ထားသည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လနှောင်းပိုင်း ယူကရိန်းအရှေ့ပိုင်း စလော့ဗ်ညက်ဒေသရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုတွင် ခရစ်ယာန် ဧ၀ံဂေလိအသင်းတော်မှ ဘုန်းတော်ကြီးတစ်ဦး၏ သားလေးယောက်အလောင်းကို တွေ့ရှိခဲ့ရသည်။ ဧ၀ံဂေလိအသင်းတော်မှာ အမေရိကန်မှ အသင်းတော်ဖြစ်သည်ဟု စွပ်စွဲ၍ သူပုန်များက ၎င်းတို့အား သတ်ဖြတ်ကာ စလော့ဗ်ညက်မြို့အား ခွဲထွက်ရေးသမားများက ၃ လကြာ သိမ်းပိုက်ထားစဉ်အတွင်း အသတ်ခံရသူများနှင့် ရော၍ မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

    Church of Christ အသင်းဝင် ၂၀၀ မှ ထက်ဝက်ကျော်မှာ ခွဲထွက်ရေးသမားများ၏ ရန်ကြောင့် ဒွန်ညက်မြို့မှ ထွက်ပြေးခဲ့ရသည်။ ယခုအချိန်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် တနင်္ဂနွေနေတိုင်း ဒွန်ညက်မြို့တစ်ဝှမ်း ၀တ်ပြုဆုဆောင်းမှု ၃ ခုကို ဦးဆောင်ပေးနေရ၏။ အသင်းဝင်များ နေထိုင်ရာတိုက်ခန်းများတွင် ပြုလုပ်သော ၀တ်ပြုဆုတောင်းမှုများတွင် ဖြစ်သည်။

    မိမိအားလိုအပ်သော အခြားခရစ်ယာန်များကို ကူညီရန် ဒွန်ညက်မြို့တွင် နေခဲ့ခြင်းဖြစ်သည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုပြီး ဘတ်စ်ကားစီးသည့်အချိန်၊ လိုင်းစီသည့်အချိန်များတွင် ဘာသာရေးနှင့်ပတ်သက်၍ ပြောဆိုမှုကို ထိန်းသိမ်းကြရန် ခရစ်ယာန်များကို ၎င်းက သတိပေးထားသည်။ ထိုကဲ့သို့ ခိုးကြောင်ခိုးဝှက် နေရခြင်းက သူ့အတွက် ဆိုဗီယက်ခေတ်ကို သတိပြန်ရစေသည။် ထိုခေတ်က ဘာသာတရားဟူ၍မရှိဘဲ ကွန်မြူနစ်ဝါဒနှင့် ဘုရားမဲ့ဝါဒသာရှိသည်ဟု ကရီဇန်နော့ဗ်စကီးက ဆိုသည်။

    ပြီးခဲ့သည့်နှစ် ပဋိပက္ခများမစတင်ခင် ဆိုဗီယက်အလွန် ယူကရိန်းနိုင်ငံမှာ ဘာသာတရားများအကြား သည်းခံမှု အရသာကို ၂၃ နှစ်ကြာ ခံစားခဲ့ရသည်ဟု ၎င်းကပြောသည်။ ကွန်မြူနစ်အစိုးရ၏ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဘာသာတရားအများစုမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသည့်အခါ လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့သည်။ ဂရိကက်သလစ်၊ နှစ်ခြင်း၊ ဧ၀ံဂေလိနှင့် ဂျူးဘာသာတရားများမှာ ဘုရားကျောင်းသစ်များကို တည်ဆောက်ခဲ့ကြပြီး ပိတ်ထားသော ဘုရားကျောင်းများကိုလည်း ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။

    ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်က ဒွန်ညက်ဒေသရှိ ဘာသာရေးအုပ်စုများမှ ၄၂ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်ဘာသာဝင်များဖြစ်ကြပြီး ကျန်အုပ်စုများမှာ ဧ၀ံဂေလိ၊ ဂျူး၊ အစ္စလာမ်၊ ပရိုတက်စတင့်နှင့် အခြားဘာသာဝင်များဖြစ်ကြသည်ဟု သိရသည်။ ယူကရိန်း တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုလျှင် ၃၇ ရာခိုင်နှုန်းမှာ ရုရှားအော်သိုဒေါ့စ်များ ဖြစ်ကြလေသည်။

    ဖေဖော်ဝါရီနှောင်းပိုင်းက Church of Christ ဘုရားကျောင်း၏ မီးဖိုဆောင်တွင် ကရီဇန်နော့ဗ်စကီးတစ်ယောက် ဗစ်တာ (အမည်လွှဲ) ဆိုသည့် သူပုန်တစ်ယောက်နှင့် နောက်ခဲ့ပြောင်ခဲ့ကြသည်။ ဗစ်တာက အခြားသော သူပုန်များစားရန်အတွက် စွပ်ပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပေးသည်။ သူပုန်များအား ဒေါသထွက်မည့်အစား ၎င်းတို့နှင့် မိတ်ဆွေဖြစ်ရန်နှင့် ၎င်း၏ ဘုရားကျောင်းအကျိုးငှာ ဆက်ဆံရေးတစ်ခုဖြစ်လာရန် အကောင်းဆုံး ဆောင်ရွက်သည်ဟု ကရီဇန်နော့ဗ်စကီးက ပြောကြားခဲ့သည်။

    “ယူကရိန်း စစ်သားတွေကို ကျွန်တော်ချစ်သလို သူတို့ကိုလည်း ကျွန်တော်ချစ်တယ်ဆိုတာ ဒီကောင်လေးတွေကို ပြောပြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ညီအစ်ကိုတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတာလို့ သမ္မာကျမ်းစာက ဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ကရီဇန်နော့ဗ်စကီးတစ်ယောက် ၎င်း၏ ဘုရားကျောင်းကို ပြန်လိုချင်ပြီး သို့မှသာ အသင်းဝင်များက ဘုရားကျောင်း၌ အပတ်စဉ်ပေးသော စွပ်ပြုတ်များကို လာယူနိုင်မည်ဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်းတွင် ပဋိပက္ခများ ၀င်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုလိုအပ်လာသည်ဟု ဗစ်တာကို ၎င်းက ရှင်းပြသည်။

    ဗစ်တာကလည်း စွပ်ပြုတ်များဝေငှမည့်အစီအစဉ်ကို သဘောကျသည်။ သူ၏ တပ်မှူးက ဘုရားကျောင်းအား စွန့်လွှတ်ရေးအတွက် အထက်ကို တင်ပြပေးမည်ဟု ကရီနောဗ့်စကီးကို ကတိပေးသည်။

    သို့သော်လည်း ယခုအချိန် ဒွန်ညက်ဒေသတွင် ထိုဘုရားကျောင်းနှင့် အခြားသော ဘာသာရေးအုပ်စုများမှ ဘုရားကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးကတော့ အလွန်အန္တရာယ်များသည်ဟု ဗစ်တာက ပြောသည်။

    “ဒီဘုရားကျောင်းတွေကို အမေရိကန်က ထောက်ပံ့တယ်ဆိုတာ ခင်ဗျားသိလား။ ကျွန်တော်တို့ ဒါကို ခွင့်မပြုနိုင်ဘူး။ စစ်ပြီးလို့ ၅ နှစ်လောက်ကြာရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် ဖက်ဆစ်တွေကို တိုက်ထုတ်တာထက် အခြားအရာတွေကို ကျွန်တော်တို့ ပိုအာရုံစိုက်နိုင်မှာပါ” ဟု ဗစ်တာက ပြောကြားခဲ့လေသည်။

    ref: aljazeera
    လေးမောင် ဘာသာပြန်သည်။

  • ယူကရိန်းမှ ကုရ်အာန်အာဂုံဆောင်သူ ပထမဆုံး အမျိုးသမီး

    ယူကရိန်းမှ ကုရ်အာန်အာဂုံဆောင်သူ ပထမဆုံး အမျိုးသမီး

    မတ် ၂၅၊ ၂၀၁၅
    M-Media

    24-3-15_First-Ukrainian-Woman-Memorizes-Quran

    – လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာခဲ့တဲ့ ယူကရိန်း မွတ်စလင်အမျိုးသမီးတစ်ယောက်ဟာ ဘာသာစကားအခက်အခဲနဲ့ အချိန်ကန့်သတ်ချတ်တွေကို ကျော်လွန်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်ခဲ့ပြီးတဲ့နောက် အခုဆိုရင် ယူကရိန်းရဲ့ ပထမဆုံး အမျိုးသမီး ဟာဖီဇာ (ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်သူ) ဖြစ်လာခဲ့ပါတယ်။

    “ကျွန်မ အာရဘီဘာသာစကားကို လေ့လာတာကနေ စတင်ခဲ့ပြီး ကုရ်အာန်ကို နားလည်ဖို့၊ အာဂုံဆောင်နိုင်ဖို့အတွက် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ပါဒတော်တွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေကို ချရေးလေ့ရှိပါတယ်။ အလုပ်မလုပ်ခင်၊ အိမ်ထောင်ပြုပြီး ကလေးမရခင် တက္ကသိုလ်ကျောင်းသူ ဘ၀ကတည်းက စခဲ့တာကြောင့် အချိန်တော့ တော်တော်လေး ကြာခဲ့ပါတယ်” လို့ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်နိုင်ခဲ့တဲ့ ဗီရာ ဗာရီနက်က ပြောကြားခဲ့ပါတယ်။

    အထူးသဖြင့် ဘာသာစကား အခက်အခဲ၊ အချိန်ကန့်သတ်ချတ်တွေကို စဉ်းစားတွေးတောခဲ့စဉ်က အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗီရာတစ်ယောက် ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

    ဒါပေမယ့် အာရဘီဘာသာစကားကို သင်ယူလေ့လာခဲ့တာက ရည်ရွယ်ချက်ကြီးမားတဲ့ ဒီသစ်လွင်မွတ်စလင်အမျိုးသမီးအတွက် ကြီးမားတဲ့ အကူအညီ ဖြစ်စေခဲ့ပါတယ်။

    “ကိဗ်မြို့က အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ အာရဘီဘာသာစကားကို သင်ယူပြီးနောက်ပိုင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ဖို့ ကျွန်မအချိန်ဇယားတစ်ခုကို ရေးဆွဲခဲ့ပြီး ကျမ်းတော်မြတ် တစ်အုတ်လုံးကို ၉ လ လောက်နဲ့ အာဂုံဆောင်နိုင်ခဲ့ပါတယ်” လို့ ဗီရာက ဆိုပါတယ်။

    သူမဘ၀ရဲ့ အိပ်မက်တစ်ခု အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗီရာက သူမဟာ မွတ်စလင်တွေကို ကုရ်အာန်ကျမ်းတော်မြတ် ပြန်လည်သင်ပေးဖို့ စိတ်အားထက်သန်နေပြီး အဲဒီလိုပဲ မွတ်စလင်မဟုတ်သူတွေ အကြားမှာလည်း စစ်မှန်တဲ့အစ္စလာမ်ကို ပြန့်နှံ့အောင် ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်နေပါတယ်။

    ဗီရာဟာ သူရဲ့ မောင်၊ မိခင်နဲ့ ညီမလေးယောက်စလုံး အစ္စလာမ်ကို သက်ဝင်ယုံကြည်လာအောင် ကူညီနိုင်ခဲ့သူ ဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ အသိပညာတွေ ရှာဖွေရာမှာ လူငယ်တွေကို ဖေးမနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

    အစ္စလာမ်ကို ပြောင်လဲသက်ဝင်လာသူ ယူကရိန်းအမျိုးသမီးငယ် ဂျာနာက ဗီရာနဲ့တွေ့ခဲ့ပြီးတဲ့နောက် အစ္စလာမ်ဟာ ဘာသာတရားတစ်ခုသာမက ဘ၀နေထိုင်မှုလမ်းစဉ်ဖြစ်တယ်ဆိုတာကို သိရှိယုံကြည်လာခဲ့ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာလို့ ဆိုပါတယ်။

    ၂၀၁၂ ခုနှစ်မှတ်တမ်းများအရ ယူကရိန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၅ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီအထဲက ၃ သိန်းခန့်က ခရိုင်းမီးယား တာတာလူမျိုးတွေ ဖြစ်ပါတယ်။

    ယူကရိန်းမွတ်စလင်ဘုတ်အဖွဲ့ရဲ့ အဆိုအရတော့ ၂၀၀၉ ခုနှစ်မှာတင် ယူကရိန်းက အစ္စလာမ်ဘာသာဝင်ဦးရေဟာ ၂ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

    ဘုရားသခင်က ကောင်ကင်တမန်ကြီး ဂျစ်ဗရာအီလ်ကနေတစ်ဆင့် တမန်တော် မုဟမ္မဒ်သခင်ထံ ချပေးခဲ့တယ်လို့ ယုံကြည်တဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို တည်တံ့အောင်ထိန်းသိမ်းရာမှာ အာဂုံဆောင်ခြင်းဟာ အရေးပါဆုံး နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Onislam