News @ M-Media

Blog

  • တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁

    M-Media

    -မြို့တော်ဘေဂျင်းအပါအ၀င် တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်လာတာကြောင့် လော့ဒေါင်းချမှုတွေ၊ အခြားကန့်သတ်မှုတွေ ပြန်လည် လုပ်ဆောင်လာရပါတယ်။

    တနလာနေ့မှာ ကူးစက်မှု ၃၉ ခု ထပ်တွေ့ခဲ့ပြီး တစ်ပတ်အတွင်း ၁၀၀ ကျော် ရှိလာတာပါ။ ဘေဂျင်းက ပိုးတွေ့တဲ့ အိမ်ယာအများအပြားကို အာဏာပိုင်တွေက လော့ဒေါင်းချလိုက်ပြီး မလိုအပ်ရင် အပြင်မသွားဖို့နဲ့ လူစုလူ၀ေး မလုပ်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    လူအများအပြားကို ဆေးစစ်မှာကြောင့် ပိုးတွေ့သူအရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ တရုတ်က တစ်ကျော့ပြန်ကိုဗစ်ဟာ နိုင်ငံတစ်၀ှမ်း လည်ပတ်ခဲ့တဲ့ ခရီးသွားအုပ်စုတစ်ခုကနေ စတင်ကူးစက်တာ ဖြစ်ပါတယ်။

    မြို့တော်ဘေဂျင်းက ခရီးသွားနေရာ ၅ ခုကို ပြန်ပိတ်ပြီး မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းလိုက်သလို၊ အင်းနားမွန်ဂိုလီးယားဒေသနဲ့ ဂန်းဆူပြည်နယ်တို့က တစ်ချို့ နေရာတွေမှာလည်း ကိုဗစ်ကန့်သတ်မိန့်တွေ ပြန်လည်ထုတ်ပြန်ထားပါတယ်။

    ကိုဗစ်စတင်ပေါက်ဖွားရာ ၀ူဟန်မြို့မှာလည်း ရောဂါတစ်ကျော့ပြန်လာမှာကို စိုးရိမ်တဲ့အတွက် မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက ကျူးကျော်အိမ်ယာ အလုံး ၁၃၀၀ ထပ်ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက ကျူးကျော်အိမ်ယာ အလုံး ၁၃၀၀ ထပ်ဆောက်မည်

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေမှာ ကျူးကျော်အိမ်ယာ ၁၃၅၅ လုံး ဆောက်လုပ်မယ့် အစီအစဉ်ကို အစ္စရေးက ထုတ်ပြန်ကြေငြာလိုက်ပြီး ပါလက်စတိုင်းဖက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလာပါတယ်။

    လက်ယာပါတီ New Hope က အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အစ္စရေး အိုးအိမ်ဝန်ကြီးလည်းဖြစ်တဲ့ ဇီဗ် အီလ်ကင်က ‘ဇိုင်ယွန်ရည်မှန်းချက် ပြည့်၀ဖို့အတွက် အနောက်ဖက်ကမ်းမှာ ဂျူးတွေအများအပြားတည်ရှိရေးဟာ အဓိကကျတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဇိုင်ယွန်ရည်မှန်းချက်ဆိုတာ ပါလက်စတိုင်းပိုင်နက်တစ်ခုလုံးကို သိမ်းပိုက်ရေးဖြစ်ပြီး ၁၈ ရာစုလောက်ကတည်းက ကမ္ဘာတစ်ဝှမ်းကဂျူးတွေ ပူးပေါင်းကြံစည်လာတာ ဖြစ်ပါတယ်။

    နာဇီရန်ကြောင့် အရှေ့ဥရောပက ထွက်ပြေားလာတဲ့ဂျူးတွေ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး၊ အဲဒီအချိန်ကစလို့ ကျန်ရှိတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို တစ်စတစ်စ အစ္စရေးက သိမ်းပိုက်လာတာပါ။

    ပါလက်စတိုင်းတွေဟာ အရှေ့ဂျေရုစလင်အပါအဝင် အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသပေါင်းပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်လိုနေတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် အခုလို ခြိမ်းခြောက်မှုတွေ၊ ကျူးကျော်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် အမေရိကန်နိုင်ငံက ရင်ဆိုင်ဖြေရှင်းကြဖို့ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှတေယာက မနေ့က အစိုးရအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ထိခိုက်စေတဲ့အတွက် ရှုတ်ချကြောင်း၊ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေကြာင်း ရှတေယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အနောက်ဖက်ကမ်းက အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအရေအတွက်ဟာ ၄၇၅၀၀၀ ရှိနေပါပြီ။ ဒီအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြောကြားထားပါတယ်။

    ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားနိုင်ရေး  အာဆီယံက စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်

    အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားနိုင်ရေး အာဆီယံက စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်

    အောက်တိုဘာ ၂၄၊ ၂၀၂၁
    M-Media

    -အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားကာ နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိုင်းအဖြေရှာနိုင်ရေး အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ထားပါတယ်။

    အခုတစ်ပတ်နှောင်းပိုင်းမှာ အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပမှာပါ။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုမှာ ပူးပေါင်းပါဝင်မှုမရှိတဲ့အတွက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံက အစည်းအဝေးတက်ခွင့် မပေးပါဘူး။

    အစည်းအဝေးအပြီး အာဆီယံဥက္ကဌက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ဧပြီလက ရထားတဲ့ သဘောတူညီချက်တွေအတိုင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို လက်ခံကာ နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်ပေးရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒီကြေငြာချက်မူကြမ်းကို Kyodo သတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ်ယူစွဖ်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပြီး မြန်မာနိုင်ငံကိုလာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့တွေ့နိုင်ရေး တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်ကောင်စီက ခွင့်မပြုပါဘူး။

    အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်တို့ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးဘဲ၊ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ သူတစ်ဦးကို မြန်မာကိုယ်စားပြု တက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ အထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်ကို အဝေးရောက်အစိုးရ NUG နဲ့ မဆက်သွယ်ဖို့ သတိပေးထားသလို၊ မိမိတို့ဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် အပြည့်အ၀ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    အရီဝမ်ယူစွဖ်ဟာ ထိပ်သီးအစည်းအဝေးအပြီးမှာလည်း မြန်မာနိုင်ငံကို သွားရောက်နိုင်ရေး စစ်ကောင်စီနဲ့ ဆက်လက်ညှိနှိုင်းဖို့ရှိတယ်လို့ အာဆီယံအဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Ref: Bangkok Post

  • ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    အောက်တိုဘာ ၂၄၊ ၂၀၂၁

    M-Media

    -သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှုကို ၂၀၆၀ ခုနှစ်ရောက်ရင် လုံး၀မရှိတော့အောင် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်း ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဆော်ဒီဟာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံပါ။ မနေ့က ဆော်ဒီရဲ့ ပထမဆုံး ပတ်၀န်းကျင်ထိန်းသိမ်းမှုဆိုင်ရာဖိုရမ် Saudi Green Initiative Forum ကို ပေးပို့တဲ့ မိန့်ခွန်းမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကာဘွန်ထုတ်လွှတ်မှု လျှော့ချမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

    ရေနံထုတ်လုပ်ရောင်းချမှုဟာ ဆော်ဒီစီးပွားရေးရဲ့ အဓိကကျောရိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်း မှီခိုရမှုကို လျော့ချနိုင်ရေး ပြီးခဲ့တဲ့ နှစ်တွေမှာ ကြိုးစားလာခဲ့ပါတယ်။

    အိမ်ရှေ့မင်းသားက ဆော်ဒီဟာ ၂၀၃၀ မတိုင်ခင် သစ်ပင် သန်းပေါင်း ၄၅၀ စိုက်ပျိုးဖို့၊ စိုက်ပျိုးလို့မရတဲ့ ဒေသတွေကို ပြုပြင်ဖို့၊ ကုန်းတွင်းပိတ် ရီယာ့ဒ်မြို့ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့၊ ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း သန်း ၂၀၀ လျှော့ချဖို့ ရည်မှန်းထားကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၆၀ ခုနှစ်မှာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိဖို့ ရည်မှန်းထားတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ တရုတ်တို့ ပါ၀င်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒီရည်မှန်းချက်ကို ၂၀၅၀ အရောက်မှာ ပြည့်မီအောင် ဆောင်ရွက်မှာပါ။

    ၂၀၃၀ ခုနှစ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်းလျော့ချရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်မယ်လို့လည်း ဆော်ဒီက ကတိပြုထားပါတယ်။

    Ref: Aljazeera

  • ကျောင်းသားများကို အိမ်စာလျှော့မည့် ဥပဒေတစ်ခု တရုတ်ပြဌာန်း

    ကျောင်းသားများကို အိမ်စာလျှော့မည့် ဥပဒေတစ်ခု တရုတ်ပြဌာန်း

    အောက်တိုဘာ ၂၃၊ ၂၀၂၁
    M-Meida

    -ကျောင်းသားတွေ အိမ်စာအလွန်အကျွံလုပ်ရတဲ့ အခြေအနေကို တားဆီးဟန့်တားမယ့် ဥပဒေတစ်ခုကို တရုတ်နိုင်ငံက ပြဌာန်းလိုက်ပါတယ်။

    အခုနှစ်အတွင်း တရုတ်အစိုးရဟာ လူငယ်တွေကို ပိုမိုထိန်းချုပ်ဖို့ ကြိုးစားလာတာပါ။ ၁၈ နှစ်အောက်ကလေးတွေ ဂိမ်းကစားချိန်ကို ကန့်သတ်တဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့သလို၊ လူငယ်တွေ အတုယူမှားစေတယ်ဆိုတဲ့ စွဲချက်နဲ့ အွန်လိုင်း၊ ရုပ်မြင်သံကြားက ထင်ပေါ်ကျော်ကြားတစ်ချို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

    အခု အိမ်စာဥပဒေကတော့ အဓိကဘာသာရပ်တွေမှာ ကျောင်းကပေးတဲ့ အိမ်စာနဲ့ အပြင်ကျူရှင်တွေ၊ ဂိုက်တွေကပေးတဲ့ အိမ်စာတွေ ထပ်တာကို တားဆီးဖို့ဖြစ်ပါတယ်။

    အဲဒီလို အိမ်စာတွေ မထပ်အောင်၊ ကလေးတွေ နားချိန်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းအချိန်ရအောင်၊ ဖိအားတွေမရှိအောင်၊ အင်တာနက်သုံးစွဲချိန် လျော့သွားအောင် မိဘတွေက စီမံပေးရမှာဖြစ်ပြီး ဒါကို ပြည်နယ်အစိုးရက ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေအသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    တရုတ်အစိုးရ ပညာရေးဝန်ကြီးဌာနဟာ စနေ၊ တနင်္ဂနွေနဲ့ အခြားကျောင်းပိတ်ရပ်တွေမှာ ကလေးတွေ ကျူရှင်ထားတာကို တားမြစ်တဲ့ ဥပဒေတစ်ခုကိုလည်း အရင်က ပြဌာန်းထားပါတယ်။

    တရုတ်လွှတ်တော်က ကလေးတွေ အကျင့်ဆိုးတာ၊ ရာဇဝတ်မှုကျူးလွန်တာတွေအတွက် မိဘတွေကို အပြစ်ပေမယ့် ဥပဒေတစ်ခု ပြဌာန်းဖို့ လုပ်နေတယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

    Ref: Reuters