News @ M-Media

Blog

  • ဖမ်းဆီးထားသူများအား ညှင်းပမ်းမှုအတွက် စစ်ကောင်စီကို အမေရိကန်က အရေးယူဖွယ်ရှိ

    ဖမ်းဆီးထားသူများအား ညှင်းပမ်းမှုအတွက် စစ်ကောင်စီကို အမေရိကန်က အရေးယူဖွယ်ရှိ

    အောက်တိုဘာ ၃၀၊ ၂၀၂၁
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့သူတွေကို အကြီးအကျယ် နှိပ်စက်ညှင်းပမ်းတယ်လို့ သတင်းတွေထွက်လာပြီးတဲ့နောက် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်အစိုးရက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၂၀၀ နီးပါး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီတပ်တွေက အကြီးအကျယ် ညှင်းပမ်းနှိပ်စက်မှု လုပ်နေတာကို AP သတင်းဌာနက အခုတစ်ပတ် အစောပိုင်းမှာ ရေးသားဖော်ထုတ်ခဲ့ပါတယ်။

    အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီသတင်းအတွက် အလွန်စိတ်ပျက်ဒေါသထွက်ရတယ်လို့ ဖော်ပြထားပြီး ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံက ညှင်းပမ်းနှိပ်စက်မှု သတင်းတွေကို တိတိကျကျ စုံစမ်းစစ်ဆေးကာ ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးရမှာ ဖြစ်ပါတယ်”

    AP သတင်းဌာနဟာ ဓာတ်ပုံနဲ့စာ အထောက်အထား၊ ကိုယ်တွေ့ကြုံတွေခဲ့ရသူတွေနဲ့ စစ်တပ်ဖက်က ဘက်ပြောင်းလာတဲ့ အရာရှိ ၃ ဦးရဲ့ ပြောကြားမှုတွေကို ကိုးကားပြီး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခံထားရသူတွေကို အသက်သေဆုံးတဲ့အထိ ညှင်းဆဲနှိပ်စက်တာ၊ သက်သေအထောက်အထား ဖျောက်ပစ်တာ၊ ​ဆေးစာ လိမ်ထုတ်ခိုင်းတာ၊ အလောင်းဖျောက်ဖျက်တာ စတာတွေကို ရေးသားဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    “AP သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုဟာ စစ်တပ်က ရာဇတ်မှုမြောက်တဲ့ ညှင်းဆဲရေး စီမံကိန်းကို စနစ်တကျနဲ့ ပီပီပြင်ပြင် လုပ်ဆောင်မှုအကြောင်း မီးမောင်းထိုးပြလိုက်တာပါ။ ဖမ်းဆီးခံထားရသူတွေ သေတဲ့အထိ နှိပ်စက်ခံရတာကို မျက်မြင်တွေ့ခဲ့ရတဲ့ စစ်သားတွေ၊ AP က ဖော်ထုတ်လိုက်တဲ့ ညှင်းပမ်းစစ်ကြောတဲ့ စခန်းတွေဟာ အရေးယူအပြစ်ပေးတဲ့ လုပ်ငန်းစဉ်မှာ အရေးပါလာမှာ ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောပါတယ်။

    စစ်ကောင်စီတပ်က ​ဖျောက်ဖျက်ဖုံးကွယ်မှုတွေ လုပ်တဲ့ အနေအထားကြောင့် AP ရဲ့ အခုဖော်ထုတ်မှုဟာ တစ်စိတ်တစ်ပိုင်းလောက်သာဖြစ်ပြီး နောက်ထပ် အများကြီး ကျန်နိုင်သေးတယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်လွှတ်တော် နိုင်ငံခြားရေးကော်မတီက ထိပ်တန်း ရီပက်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ်က လွှတ်တော်အနေနဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် ဥပဒေတစ်ခု ထပ်မံပြဌာန်းကာ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

    “AP သတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်မှုတွေ၊ ကြောက်စရာ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တာအပါအဝင် အဆက်မ​ပြတ်လုပ်လာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေထဲက တစ်ခုဆိုတာ ဝမ်းနည်းဖွယ် တွေ့ရပါတယ် ”

    လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ ဒီမိုကရက်အဖွဲ့ ဥက္ကဌ လွှတ်တော်အမတ် ဂရီဂိုရီမိက မြန်မာစစ်တပ်ရဲ့ ဒီလိုလုပ်ရပ်တွေကို ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်၊ လွှတ်တော်အနေနဲ့ စစ်တပ်ကို ထပ်အရေးယူနိုင်မယ့် ဥပဒေတစ်ခု ပြဌာန်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်၊ ဥရောသမဂ္ဂတို့ဦးဆောင်တဲ့ အအနောက်နိုင်ငံတွေက ထပ်တိုးပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

    Ref: Independent

  • အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှု ဖြစ်ပွား

    အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှု ဖြစ်ပွား

    အောက်တိုဘာ ၂၉၊ ၂၀၂၁
    M-Media

    ဟိန္ဒူလက်ယာအဖွဲ့၏ ဆန္ဒပြမှု

    -အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အခုတစ်ပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဗလီတွေ၊ မွတ်စလင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်တွေ အများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေအပေါ် မွတ်စလင်တွေက တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း အာဏာရဟိန္ဒူအမျိုးသားရေးပါတီ BJP နဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ဟိန္ဒူလက်ယာစွန်းအဖွဲ့ (VHP) က အင်္ဂါနေ့မှာ ဆန္ဒပြပြီးနောက်ပိုင်း မွတ်စလင်တွေကို တိုက်ခိုက်ခဲ့တာပါ။

    ထရီပူရာပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး နယ်စပ်မြို့ ပါနီဆာဂါမှာ အခုတစ်ပတ်အတွင်း မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ၁၀ ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

    မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံခဲ့ရပြီး တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားပါတယ်။ သေဆုံးဒဏ်ရာရမှု သတင်းတွေ ထွက်မလာသေးပါဘူး။

    ပါနီဆာဂါမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ချီတက်ဆန္ဒပြမှုအတွင်း လူပေါင်း ၃၅၀၀ လောက် ပါဝင်ပြီး အဲဒီလူတွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

    ​အခုလအစောပိုင်း ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူတွေကို မွတ်စလင်လူအုပ်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ထရီပူရာမှာလည်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ခပ်စိပ်စိပ် ဖြစ်လာတာပါ။ ဗလီတွေ၊ မွတ်စလင်ရပ်တွေကို လူအုပ်ကြီးက တိုက်ခိုက်မှုတွေ ရက်ဆက်လုပ်နေတယ်လို့ အိန္ဒိယ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ထရီပူရာရဲတပ်ဖွဲ့ကတော့ ပြည်နယ်အတွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀ ကျော်ကို လုံခြုံရေးပေးထားတယ်လို့ ထုတ်ပြန်ပါတယ်။ ထရီပူရာပြည်နယ်မှာ လူဦးရေ ၄.၂ သန်းရှိပြီး အစ္စလာမ်ဘာသာဝင်က ၉ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာ အခုလအစောပိုင်းက ဟိန္ဒူတွေ တိုက်ခိုက်ခံရမှုဟာ ဟိန္ဒူဘုရားပွဲ Durga Puja စီတန်းလှည့်လည်မှုအတွင်း နတ်ဘုရားတစ်ပါးရဲ့ ခြေထောက်ကြားမှာ ကုရ်အာန်ကျမ်းစာ ညှပ်ထားတယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး လူနည်းစု ဟိန္ဒူတွေနဲ့ တစ်သားတည်းရှိတယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    Ref : BBC

    mmMyanmarNews

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို အာဆီယံက ဆက်လက် ဖိအားပေးမည်

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အာဆီယံက ဆက်လက် ဖိအားပေးမည်


    အောက်တိုဘာ ၂၉၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်ခြင်း မပြုပေမယ့် တိုင်းပြည်မတည်ငြိမ်မှုကိစ္စတွေမှာ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေး ဖိအားပေးသွားမယ်လို့ အာဆီယံခေါင်းဆောင်တွေက ထိပ်သီးအစည်းအဝေးအပြီးမှာ ပြောကြားလိုက်ပါတယ်။

    ထိပ်သီးအစည်းအဝေးကို အင်္ဂါနေ့က ကြာသာပတေးနေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံအဖွဲ့က တက်ခွင့်မပြုပါဘူး။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ ဖြေရှင်းရေး အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ဖြစ်ပါတယ်။

    လာမယ့်နှစ်အတွက် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမယ့် ကမ္ဘောဒီးယားက အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးရေး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ဖိအားပေးသွားမယ်လို့ ပြောပါတယ်။

    ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆွတ်ခွန်က မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နှုတ်ခမ်း၀ကို ရောက်နေပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လာမယ့်နှစ်ဆန်းမှာ အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်သွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

    လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ဘရူနိုင်း ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး အရီဝမ် ယူစွဖ်ဖြစ်ပြီး မြန်မာနိုင်ငံကိုသွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုပေမယ့် စစ်ကောင်စီက ခွင့်မပြုပါဘူး။

    “အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရဆိုတဲ့ စည်းမျဉ်းကို ကျွန်တော်တို့အားလုံး လေးစားသလို၊ မြန်မာနိုင်ငံကအခြေအနေကလည်း တော်တော်လေး စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်နေပါတယ်။ ဒီပြဿနာဟာ ဒေသတွင်း၊ အာဆီယံအဖွဲ့အပေါ် ယုံကြည်စိတ်ချရမှုနဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်” လို့ ဆွတ်ခွန်က ပြောပါတယ်။

    အခုတစ်ပတ် ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်ဆီကို ဖယ်ထုတ်ခဲ့ပေမယ့် အာဆီယံရဲ့ လာမယ့် အခမ်းအနားတွေမှာ ဒီလိုဆက်လုပ်မယ်ဆိုတာမျိုးဟာ မပြောသင့်တဲ့ကိစ္စဖြစ်ကြောင်း၊ ဒီကိစ္စဟာ မြန်မာနိုင်ငံအပေါ်မှာလည်း မူတည်နေကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ အာဆီယံသံတမန်နှစ်ဦးက အခု ထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်ပိတ်ပင်တာဟာ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောရေးအတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။

    အာဆီယံအဖွဲ့ရဲ့ နောက်ထပ်အစည်းအဝေးဟာ နောက်လမှာလုပ်မယ့် အာဆီယံ-တရုတ် အစည်းအဝေးဖြစ်ပြီး၊ အခုနှစ်နှောင်းပိုင်းမှာ အာဆီယံ-အီးယူ အစည်းအဝေး ကျင်းပဖို့ ရှိနေပါတယ်။

    အာဆီယံက မထုတ်

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက မြန်မာဟာ အာဆီယံမိသားစုရဲ့ အစိတ်အပိုင်း ဖြစ်နေသေးတယ်လို့ ပြောပါတယ်။

    ဘရူနိုင်းဘုရင် ဟာဆန်နယ် ဘိုလ်ကိုင်းယားက အာဆီယံအဖွဲ့ကနေ မြန်မာကို မထုတ်ဘူးလို့ ဆိုပါတယ်။

    “မြန်မာဟာ အာဆီယံမိသားစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်ဖြစ်မှုကို မေးခွန်းထုတ်စရာကို မလိုပါဘူး။ မြန်မာနိုင်ငံအတွက် အာဆီယံဟာ အဆင်သင့်ရှိနေမှာဖြစ်ပြီး ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး အကူအညီတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်”

    ပြီးခဲ့တဲ့ ဧပြီလ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် သဘောတူခဲ့တဲ့ အဲဒီ သဘောတူညီချက် ၅ ချက်မှာ နိုင်ငံရေးနယ်ပယ်က လူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ခွင့်ပြုရေး စတာတွေ ပါဝင်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ မပါဝင်တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးချယ်မှုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • ကမ္ဘာ့လုပ်ငန်း ၄၄ ခု၏ ရုံးချုပ်များ ဆော်ဒီအာရေဗျတွင် အခြေစိုက်မည်

    ကမ္ဘာ့လုပ်ငန်း ၄၄ ခု၏ ရုံးချုပ်များ ဆော်ဒီအာရေဗျတွင် အခြေစိုက်မည်

    အောက်တိုဘာ ၂၇၊ ၂၀၂၁
    M-Media

    မြို့တော်ရီယာ့ဒ် မြင်ကွင်း

    -အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ရုံးချုပ်တွေ မြို့တော်ရီယာ့ဒ်မှာ ဖွင့်လှစ်နိုင်ဖို့အတွက် နိုင်ငံတကာလုပ်ငန်း ၄၄ ခုကို လိုင်စင်ထုတ်ပေးထားတယ်လို့ ဆော်ဒီအာရေဗျက ကြေငြာလိုက်ပါတယ်။

    ဒါဟာ ဒေသတွင်း ရေနံမဟုတ်တဲ့ စီးပွားရေးကို လွှမ်းမိုးထားတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို ယှဉ်ပြိုင်နိုင်ရေး ဆော်ဒီအာရေဗျရဲ့ ကြိုးပမ်းမှုတွေထဲက တစ်ခုပါ။

    နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ချင်ရင် နိုင်ငံတကာလုပ်ငန်းတွေအနေနဲ့ ၂၀၂၄ ခုနှစ်မတိုင်ခင် ဒေသတွင်းရုံးချုပ် ဖွင့်လှစ်ရမယ်လို့ ဆော်ဒီအစိုးရက အခုနှစ် ဖေဖော်ဝါရီလမှာ ကြေငြာခဲ့တာပါ။

    ဆော်ဒီ ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီး ခါလစ် အလ်-ဖာလီက နယ်ပယ်အသီးသီးက နိုင်ငံတကာကုမ္ပဏီ စုစုပေါင်း ၄၄ ခုလောက်ဟာ သူတို့ရဲ့ ဒေသဆိုင်ရာ ရုံးချုပ်တွေကို ဆော်ဒီမှာ ပြောင်းဖွင့်ဖို့ အစိုးရနဲ့ သဘောတူညီချက် ရရှိကာ လိုင်စင်လည်း ထုတ်ပေးလိုက်ပြီလို့ ရီယာ့ဒ်မြို့မှာပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် FII အပြီးမှာ ပြောကြားခဲ့ပါတယ်။

    အနည်းဆုံး နိုင်ငံတကာလုပ်ငန်းပေါင်း ၄၀၀ ကနေ ၅၀၀ လောက်အထိ ဆော်ဒီမှာ ရုံးချုပ်ဖွင့်လာဖို့အတွက် ရည်မှန်းထားတယ်လို့လည်း အလ်-ဖာလီက ဆိုပါတယ်။

    ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်အောင် နှစ်ပေါင်း ၅၀ အခွန်ပေးစရာမလိုတာ၊ ဆော်ဒီနိုင်ငံသား ဘယ်လောက်ရာခိုင်နှုန်းကို အလုပ်ခန့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ၁၀ နှစ် လျော့ပေါ့ပေးတာ၊ အစိုးရစီမံကိန်းတွေမှာ အထူးအခွင့်အရေးပေးတာ စတဲ့ မက်လုံးတွေကိုလည်း ဆော်ဒီက ပေးထားပါတယ်။

    ကုမ္ပဏီ ၄၄ ခု ဆော်ဒီမှာ ရုံးချုပ်လာဖွင့်တဲ့အတွက် တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်၀ိုက်ရရှိမယ့် အကျိုးကျေးဇူးဟာ ဆော်ဒီရီယဲလ် ၁၇၀ ဘီလီယံ (ဒေါ်လာ ၄၅ ဘီလီယံ) ရှိလိမ့်မယ်လို့လည်း အလ်-ဖာလီက ပြောပါတယ်။

    ၂၀၀၆ ခုနှစ်ကတည်းက စတင်ဖော်ဆောင်နေတဲ့ ဒေါ်လာဘီလီယံချီ စီးပွားရေးမြို့ ကင်းအဘ်ဒူလာ ဘဏ္ဍာရေးရပ်ဝန်း (KAFD) မကြာခင် ပြီးစီးတော့မှာဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီတွေဟာ အဲဒီမှာ အခြေစိုက်ဖို့ ရှိနေပါတယ်။

    စီးပွားရေးမှာ ဆော်ဒီဟာ ယူအေအီးကို ပြိုင်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး အလ်-ဖာလီက မိမိတို့ဟာ ယူအေအီးနဲ့ ပေါင်းစည်းနိုင်အောင် ဆောင်ရွက်နေတာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယ ထိပ်တန်းဆိပ်ကမ်းလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်တော့မည်

    အိန္ဒိယ ထိပ်တန်းဆိပ်ကမ်းလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်တော့မည်

    အောက်တိုဘာ ၂၇၊ ၂၀၂၁
    M-Media

    -အိန္ဒိယက ထိပ်တန်းဆိပ်ကမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Adani Ports က သူတို့ရဲ့လုပ်ငန်းတွေကို ၂၀၂၂ ခုနှစ် ဇွန်လ နောက်ဆုံးထားပိတ်သိမ်းကာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ရန်ကုန်က နိုင်ငံတကာဆိပ်ကမ်းတစ်ခုကို ၂၀၂၀ ခုနှစ်မှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ Adani Ports ဟာ မြေငှားရမ်းမှုနဲ့ အခြားကိစ္စတွေမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုထဲက တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

    ဒီအတွက် ဝေဖန်ခံခဲ့ရပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အာဏာသိမ်းစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက်ပိုင်း Adani Ports လည်း မြန်မာနိုင်ငံမှာ စီးပွားရေး ဆက်မလုပ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။

    မေလက ထုတ်ပြန်ချက်မှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ချိုးဖောက်တာမျိုး ဖြစ်​နေရင် မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ Adani Ports က ပြောခဲ့ပါတယ်။

    ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ အန္တရာယ်ဆန်းစစ်မှု ကော်မတီက အခြေအနေတွေကို သုံးသပ်မှု လုပ်ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးအခွင့်အလမ်းရှာဖွေတာ၊ ရင်းနှီးမြှုပ်နှံထားတာတွေအားလုံး ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဘာ့ကြောင့် ဒီလို ဆုံးဖြတ်ရလဲဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံက ထွက်ခွာရေးလုပ်ငန်းတွေကို လာမယ့်နှစ် မတ်လကနေ ဇွန်လအတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    Ref: Reuters