News @ M-Media

Blog

  • ဘရာဇီးလ်အရှုံးမှာ ကောင်းမွန်သော အလှည့်အပြောင်းဖြစ်မည်ဟု ပြင်သစ်နည်းပြဆို

    ဘရာဇီးလ်အရှုံးမှာ ကောင်းမွန်သော အလှည့်အပြောင်းဖြစ်မည်ဟု ပြင်သစ်နည်းပြဆို

    မတ် ၂၇၊ ၂၀၁၅
    M-Media

    karim-benzema-france-brazil-friendly-26032015_oo2cvihoyxxi1cui89m1t08zq

    – ဘရာဇီးလ်အား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ ယူရို ၂၀၁၆ အတွက် တည်ဆောက်နေသည့် ၎င်းတို့အသင်းအတွက် အပြုသဘောဆောင်သော အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြင်သစ်တွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပြင်သစ်က ဗာရိန်း၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘရာဇီးလ်မှ အော်စကာ၊ နေးမာနှင့် လူးဝစ်ဂက်စတာဗိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်သွင်းကာ ကမ္ဘာ့ဖလားပွဲပြီးနောက်ပိုင်း အရေးပါသည့် နိုင်ပွဲတစ်ပွဲကို ပြန်ယူနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားတွင် ပြင်သစ်အား ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် ဒက်စ်ချမ့်စ်က မိမိတို့အသင်းသားများမှာ စွမ်းဆောင်ရည်မကောင်းခဲ့ဟု ၀န်ခံခဲ့သော်လည်း ထိုအရှုံးက သင်ခန်းစာယူစရာ အလှည့်အပြောင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သိပ်ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ အမှားအတွက် အပြစ်ပေးခံခဲ့ရတာပါ။ ဘရာဇီးလ်ရဲ့ အရမ်းမြန်တဲ့ ကစားပုံကြောင့် ကျွန်တော်တို့ အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ သူတင်ကိုယ်တင် ကစားဖို့ အခွင့်အရေးတွေရတဲ့အချိန်မှာ ၂ ဂိုး ၁ ဂိုးဖြစ်နေပါတယ်။ ဒါပေမယ့် ပွဲက ၃ ဂိုး ၁ ဂိုးနဲ့ ပြီးခဲ့ပါတယ်” ဟု ဒက်စ်ချမ့်စ်က ပွဲအပြီးတွင် TF1 သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါပွဲမှာ မိမိတို့အတွက် အပြုသဘောဆောင်သည့် ပွဲဖြစ်ခဲ့ကြောာင်း၊ အနာဂတ်ပွဲများတွင် ပို၍ကောင်းမွန်ရန်နှင့် စွမ်းဆောင်ရည်ပို ကောင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘရာဇီးမှာ လာမည့် ဇွန်လတွင် ကစားမည့် ကိုပါအမေရိက ပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေပြီး မိမိတို့မှာ ယူရို ၂၀၁၆ အတွက် ရည်ရွယ်ပြင်ဆင်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဘရာဇီးလ်၏ အဆိုပါနိုင်ပွဲမှာ ကမ္ဘာ့ဖလားပြီးနောက် နည်းပြ စကိုလာရီလက်မှ ဒွန်ဂါ လွှဲပြောင်းယူပြီးနောက်ပိုင်း ၇ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းလည်းဖြစ်ပြီး ပြင်သစ်မှာ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံး ရှုံးပွဲလည်း ဖြစ်သည်။

    Ref: Goal.com

  • IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    24-3-15_US-Muslims-Team-With-Tech-Exerts-Against-ISIL

    – စစ်သွေးကြွများက ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မွတ်စလင်လူငယ်များအား သိမ်းသွင်းခြင်းကို တိုက်ဖျက်ရန်နှင့် မွတ်စလင်လူငယ်များ၏ နုနယ်သော နှလုံးသားကို စိုးမိုးနိုင်ရန်အတွက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

    “ဒါဟာ နှလုံးရည်တိုက်ပွဲပါပဲ” ဟု တန်နက်ဆီးပြည်နယ် မန်ဖစ်မြို့ရှိ Rhodes ကောလိပ်မှ ဆရာဖြစ်ပြီး မွတ်စလင်ပညာရှင် ယာစိရ် ကွာဒီက ပြောကြားခဲ့သည်။ ၎င်းမှာ Facebook နှင့် YouTube ကဲ့သို့ ဆိုရှယ်မီဒီယာများတွင် ပရိတ်သတ်အမြောက်အများရှိသူလည်း ဖြစ်သည်။

    မကြာမီက IS အဖွဲ့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် ကွာဒီမှာ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် နည်းပညာကုမ္ပဏီများနှင့် ချိတ်ချက်ဆောင်ရွက်နေသည့် မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

    YouTube မှ ကျင်းပပြီး မွတ်စလင်ခေါင်းဆောင်များ၊ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူများနှင့် အွန်လိုင်းအစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေသော တက်ကြွလှုပ်ရှားသူ အများအပြား တက်ရောက်ခဲ့ကြသည့် လော့စ်အိန်ဂျလိစ် တွေ့ဆုံပွဲတွင်လည်း ကွာဒီက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲကို အင်တာနက်တွင် အစွန်းရောက်အုပ်စုများအား ဆန့်ကျင်တိုက်ဖျက်ရေးကို စိတ်ဝင်စားသော “တီထွင်ကြံဆသူများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့များအတွက် အလုပ်ရုံဆွေးနွေးပွဲ” ဟု YouTube က ဖော်ပြခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် အမေရိကန်အစိုးရမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ပြီး ဒဏ်ရာရနေသော တိုက်ခိုက်ရေးသမားများထံသို့ ခန့်ညားသည့်လူငယ်တစ်ဦးက သွားရောက်အားပေးနေပုံကို ရိုက်ကူးထားသော IS ၏ အားကျဖွယ်ကောင်းသည့် ၀ါဒဖြန့် ဗီဒီယိုကိုလည်း ပြသခဲ့သည်။

    တက်ရောက်လာသူများကမူ အဆိုပါဗီဒီယိုက အလွန် အထင်ကြီးလောက်စရာကောင်းသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မွတ်စလင်လူငယ်များ အွန်လိုင်းစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို ဗာဂျီးနီးယားတွင် တည်ထောင်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှာဟဒ် အမာနွလ္လာဟ်ကလည်း အစွန်းရောက်များနှင့် ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်များမှာ ၎င်းတို့၏ ဘ၀ကို ၀ါဒဖြန့်ချီရေးတွင် မြှုပ်နှံထားကြည်ဟု ပြောကြားခဲ့သည်။

    FBI မှ ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်ကိုမေးက အဆိုပါ လူသစ်စုဆောင်းရေး ဗီဒီယိုမှာ လူငယ်များ၏ မတည်ငြိမ်သော စိတ်ပိုင်ဆိုင်ရာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

    တန်ပြန်ဗီဒီယိုများ

    YouTube၊ Facebook နှင့် Twitter တို့တွင် ၀ါဒဖြန့်မှုများဖြင့် ကြုံတွေ့နေရသောကြောင့် မွတ်စလင်များကလည်း IS အဖွဲ့အား တန်ပြန်သည့် ဗီဒီယိုများကို ဖြန့်ချီခဲ့ကြသည်။

    “မွတ်စလင်တွေကို တစ်နည်းမဟုတ် တစ်နည်း သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ချေဖျက်ချင်ပါတယ်။ ပြီးတော့ ဒါမျိုးဟာ ခွဲခြားမှုခံနေရပါလားဆိုတဲ့ အသိမျိုးကို ခံစားရစေပြီး အစွန်းရောက်တွေရဲ့ သတင်းစကားတွေကို လူငယ်တွေ ပိုပြီးလက်ခံလာနိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ဘာသာရေးဆိုင်ရာ တက္ကသိုလ် အစ္စလာမ့်ရေးရာဌာနမှ ဥက္ကဌဖြစ်သူ ဂျီဟဒ် တာ့က်က ပြောကြားခဲ့သည်။

    IS အဖွဲ့အား တွန်းလှန်သည့် အားထုတ်မှုများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့်အနေဖြင့် အစ္စလာမ့်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ထားသည့် “Shakes with Shaykhs” အမည်ဖြင့် အွန်လိုင်းဗီဒီယို စီးရီးကိုလည်း တာ့က်က YouTube တွင် လွှင့်တင်ထားသည်။

    တာ့က်ကမူ အဆိုပါ ဗီဒီယိုများမှာ ခေတ်ရေစီးကြောင်းအတွင်း အစ္စလာမ်ကို နားလည်မှု တိုးပွားလာရန်နှင့် မွတ်စလင်အများစု လက်ခံထားသည့် အမြင်များကို ပိုမိုသိမြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    မတ် ၂၆၊ ၂၀၁၅
    M-Media

    0e56959f-c4d4-4093-b2ff-7bb805489b22

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အစားအသောက်နှင့်ပတ်သက်၍ အချင်းများရာမှ ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဟဒ်ဆန်မြို့ရှိ နေအိမ်တစ်ခုတွင် ယန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကာ အသက် ၆ နှစ်အရွယ် ညီဖြစ်သူနှင့် အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ကို သေနတ်ဖြင့်ပစ်သတ်ကာ ၎င်းကိုယ်တိုင် အဆုံးစီရင်သွားခဲ့သည်။

    အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုယ်တိုင် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ မိဘများအပြင်သွားနေစဉ် ၎င်းတို့ ၃ ဦးမှာ အစားအသောက်တစ်ခုအတွက် အချင်းများရာမှ အသက် ၁၃ နှစ်အရွယ် လူငယ်က သေနတ်ထုတ်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီကောင်လေးတွေရဲ့ အသက်တွေကို ကြားရတာဟာ တုန်လှုပ်စရာပါ။ အခန်းထဲမှာ ကစားနေတဲ့ ၆ နှစ်အရွယ် ကလေးတစ်ယောက် အစားအသောက်အတွက် စကားများပြီး အသက် ဆုံးရှုံးခဲ့ရပါတယ်။ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ကိစ္စဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက်လည်း ခက်ခဲပါတယ်” ဟု ဒေသလုံခြုံရေးအကြီးအကဲ ခရစ် နော့က်ကိုက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နှစ်စဉ် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးနေရသည်။ ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ရောဂါဘယ ထိန်းချုပ်ရေးဌာန၏ အဆိုအရ နိုင်ငံတစ်ဝှမ်း သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးသူမှာ နေ့စဉ် ပျမ်းမျှ ၈၇ ဦးခန့် ရှိသည်ဟု ဆိုသည်။

    Ref: Press TV

  • စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာ၏ နူးကမ့်ကွင်းတွင် ပြုလုပ်မည်

    စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာ၏ နူးကမ့်ကွင်းတွင် ပြုလုပ်မည်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    campnou-cropped_9oqconysd8mm1j7psa034ktvv

    – မေလ ၃၀ ရက်နေ့တွင် ကစားမည့် စပိန်ရှုံးထွက်ဖလား ဗိုလ်လုပွဲကို ဘာစီလိုနာအသင်း၏ အိမ်ကွင်း နျူးကမ့်တွင် ကျင်းပပြုလုပ်သွားမည်ဟု စပိန်ဘောလုံးအဖွဲ့ချုပ် RFEF က ကြေညာလိုက်သည်။

    ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ဗိုလ်လုပွဲအတွက် ၂ သင်းစလုံးက ရီးယဲလ်မက်ဒရစ်အသင်း၏ ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် ကျင်းပပြုလုပ်ရန် အကြံပြုထားပြီး အခြားရွေးချယ်မှုအဖြစ် ဆီးဗီးလာအသင်း၏ ရာမွန်ဆန်းချက်ဇ် ပီဂျူအန်ကွင်းကို အဆိုပြုထားသည်။

    သို့သော်လည်း ရီးယဲလ်က ၎င်းတို့ကွင်းအား အသုံးပြုရန် ငြင်းဆိုခဲ့သောကြောင့် ဘာစီလိုနာနှင့် ဘီလ်ဘာအိုအသင်းများမှ ကိုယ်စားလှယ်များက ၂ နာရီကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အဖြေမရခဲ့ပေ။ ထို့ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်က ကြားဝင်ကာ ၎င်းတို့နှစ်သင်း၏ ကွင်းများတွင် ကျင်းပရန် အကြံပေးခဲ့သည်။

    ထို့နောက် မဲခွဲမှုများ ပြုလုပ်ခဲ့ရာ ဘာစီလိုနာအသင်း၏ အိမ်ကွင်း နူးကမ့်တွင် ကျင်းပပြုလုပ်သွားရန် အတည်ပြုနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် စပိန်ရှုံးထွက်ဖလားဗိုလ်လုပွဲကို ဘာနေဗျူးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အက်သလက်တီကိုက ရီးယဲလ်အား အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

    Ref: Goal.com

  • ၁၉၉၈ ကမ္ဘာ့ဖလားအရှုံးအတွက် နာကျင်နေဆဲဟု ဘရာဇီးနည်းပြ ဒွန်ဂါဆို

    ၁၉၉၈ ကမ္ဘာ့ဖလားအရှုံးအတွက် နာကျင်နေဆဲဟု ဘရာဇီးနည်းပြ ဒွန်ဂါဆို

    မတ် ၂၆၊ ၂၀၁၅
    M-Media

    dunga-selecao-brazil_1vwnkjc6hy13f1a24wa3dwa04c

    – ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ပြင်သစ်အသင်းအား ရှုံးနိမ့်ခဲ့ရမှုအတွက် ယခုအချိန်အထိ နာကျင်နေရသည်ဟု ဘရာဇီးလ်အသင်း၏ နည်းပြဖြစ်သူ ဒွန်ဂါက ပြောကြားလိုက်သည်။

    ပြင်သစ်နှင့် ဘရာဇီးလ်တို့မှာ ယနေ့တွင် Stade de France ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒွန်ဂါမှာ လွန်ခဲ့သည့် ၁၇ နှစ်က ပြိုင်ဘက်အသင်းခေါင်းဆောင်အဖြစ် ရင်ဆိုင်ခဲ့ရသည့် ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်နှင့် ပြန်လည် ဆုံတွေ့ရခြင်းလည်း ဖြစ်သည်။

    ဒွန်ဂါကမူ ၁၉၉၈ ခုနှစ်က Stade de France တွင် ကစားခဲ့ပြီး ပြင်သစ်အား ၃ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့မှုအတွက် နာကျင်နေဆဲဟု ၀န်ခံခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားတွင် အောင်မြင်မှု မရယူနိုင်ခဲ့သည့်အတွက် အလွန်အမင်း ဝေဖန်ခံခဲ့မရမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “အရှုံးဆိုတာ အမြဲတမ်း တော်တော်လေး နာကျင်တဲ့အရာပါ။ အထူးသဖြင့် ကမ္ဘာ့ဖလားဖိုင်နယ်မှာပေါ့ဗျာ။ ဒါပေမယ့် ၁၉၉၀ ပြည့်နှစ်က ကျွန်တော့်ကို ပိုပြီး နာကျင်စေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တာဝန်ယူမှုအားလုံးဟာ နောက်ထပ်လေးနှစ်လောက် ကျွန်တော်ခေါင်းပေါ်မှာပဲ ရှိနေလို့ပါ” ဟု ဒွန်ဂါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ဘရာဇီးလ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်၌ ဂျာမနီအသင်းအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့မှုမှ ရရှိခဲ့သည့် သင်ခန်းစာကို ဂရုစိုက်ရမည်ဟုလည် ပြောကြားခဲ့သည်။

    “ဖြစ်ခဲ့တာတွေကနေ ကျွန်တော်တို့ သင်ယူရမှာဖြစ်ပြီး ခြားနားသွားအောင်လုပ်ဖို့လည်း ကြိုးစားရပါမယ်။ တကယ်တော့ ဘောလုံးလောကမှာ ပါဝင်သူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မှီခိုနေရတာပါ။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုးကို လက်ခံရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့က အရာရာတိုင်းကို မမြင်နိုင်လို့ပါ”

    ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်ကမူ ဘရာဇီးလ်မှာ ကမ္ဘာ့ဖလားတွင် အရှက်တကွဲဖြစ်မှုကို ပြန်လည် ကုစားနိုင်ခဲ့ပြီဟု ပြောကြားခဲ့သည်။

    Ref: Goal.com