News @ M-Media

Blog

  • မန်ယူက မိမိနည်းပြဘ၀ နောက်ဆုံးဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မန်ယူက မိမိနည်းပြဘ၀ နောက်ဆုံးဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မတ် ၂၀၊ ၂၀၁၅
    M-Media

    van gal

    – မန်ယူမှာ မိမိ၏ နည်းပြဘ၀ နောက်ဆုံးနေရာဖြစ်မည်ဖြစ်ပြီး အသင်းအား မြင့်မားသော အဆင့်တွင် ထားသွားရန်
    အစီအစဉ်ရှိနေသည်ဟု မန်ယူနည်းပြ လူးဝစ် ဗန် ဂါလ်းက ပြောကြားလိုက်သည်။

    အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဗန်ဂါးလ်မှာ ၁၉၈၆ ခုနှစ်မှစတင်၍ နယ်သာလန်ကလပ် အေဇက် အလ်ခမာအသင်းနှင့်အတူ နည်းပြလောကထဲ ၀င်ရောက်လာသူဖြစ်ပြီး နယ်သာလန်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ ဆုဖလားပေါင်းများစွာနှင့် ဥရောပ ဆုဖလားများကိုလည်း ဆွတ်ခူး ရရှိခဲ့သည်။

    ဗန်ဂါလ်းကမူ ၎င်း၏ အောင်မြင်မှုစာရင်းထဲတွင် အင်္ဂလန်မှ ဖလားများကို ထပ်ထည့်ရန် မျှော်လင့်နေပြီး မန်ယူနှင့်တစ်ခန်းရပ်ပါက နည်းပြဘ၀မှ အနားယူမည်ဟု ဆိုသည်။

    “ကျွန်တော် သိပ်အိုနေပါပြီ။ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအလုပ်ပါပဲ။ သေချာပါတယ်။ ကျွန်တော့်ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့ ဇနီးကိုလည်း အချိန်ပေး ဂရုစိုက်ရပါမယ်။ သူတို့က ဒါနဲ့ ထိုက်တန်ပါတယ်။ အခုတော့ ကျွန်တော် ဂရုမစိုက်နိုင်သေးပါဘူး။ ဥပမာအားဖြင့် ကျွန်တော့် မြေးလေးရဲ့ မွေးနေ့မှာ ကျွန်တော် ရှိမနေခဲ့တာမျိုးပါ။ ကျွန်တော် ဒါကို မကြိုက်ပါဘူး” ဟု ဗန်ဂါးလ်က Daily Telegraph သို့ ပြောကြားခဲ့သည်။

    မန်ယူမှာ လက်ရှိအချိန်တွင် အဆင့် ၄ နေရာ ရောက်နေပြီး ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁ ပွဲပို ၈ မှတ် ကွာဟနေသည်။ ဗန်ဂါးလ်ကမူ ယခုရာသီ အဓိကရည်ရွယ်ချက်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါဝင်ခွင့်က ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ဖလားရနိုင်မည့် အလားအလာကို အထောက်အကူပေးနိုင်မည့် နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်စေမည်ဟု ၀န်ခံပြောကြားခဲ့သည်။

    လာမည့်နှစ်တွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့ကို ခွတ်ခူးနိုင်မည်လားဟု မေးမြန်းရာ “ဟုတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီယာသီမှာ ကျွန်တော်တို့ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာအပေါ်မှာ မူတည်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့်နှစ်တွင် စမ်းသပ်မှုပေါင်းများစွာ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • မိတ္ထီလာအကြမ်းဖက်မှု ၂-နှစ်ပြည့်သော်လည်း မေ့မရနိုင်ပါ

    မိတ္ထီလာအကြမ်းဖက်မှု ၂-နှစ်ပြည့်သော်လည်း မေ့မရနိုင်ပါ

    မတ် ၂၀ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ရည်လေးဆွေ

    20-3-2013

    လွန်ခဲ့တဲ့ (၂)နှစ်သောကာလ ၂၀၁၃-ခုနှစ် ဒီနေ့လို မတ်လ (၂၀)ရက်နေ့ တစ်ရက် နေ့လည်ပိုင်းမှာ သတင်းတစ်ခု စကြားရတယ်။

    “မိတ္ထီလာမှာ ပြဿနာဖြစ်နေတယ်၊ ဘာသာရေးပြဿနာဖြစ်ဖို့ ပွဲဆူအောင် လုပ်နေတဲ့ပုံစံ ဖြစ်နေတယ်။”

    ဒါနဲ့ ကျွန်မလည်း မိတ္ထီလာမှာရှိတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဆီ ဖုန်းတွေခေါ်ပြီး ဖြစ်စဉ်ကို မေးမြန်းစူးစမ်းရတော့တာပေါ့။
    “ဘာမှ ထူးထူးခြားခြားဖြစ်တာမဟုတ်ပါဘူး။ ဈေးရောင်းဈေးဝယ် စကားများကြတာ။ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတော့ အဲ့ဒါကို ပြဿနာပိုကြီးအောင် တမင်လုပ်နေသလို ဖြစ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ”ဆိုတော့ ကျွန်မ စိတ်ပူနေတာ လျော့ကျသွားခဲ့တယ်။

    ခဏနေကျ ဖုန်းတစ်ခုခေါ်လာပြန်တယ်။ “ပြဿနာက မပြီးသေးဘူး။ အခုက မွတ်စလင်ပိုင် ဆိုင်ကို လူစုလူဝေးနဲ့ ၀ိုင်းဖျက်ဆီးနေပြီ၊ အဲ့ဒီနားတစ်ဝိုက်လည်း လူတွေ တအားရှုပ်နေပြီး ပြဿနာ တော်တော်ကြီးနေပြီ၊ အဲ့ဒီနားသွားပြီး ဓါတ်ပုံရိုက်တဲ့ မွတ်စလင်တစ်ယောက်လည်း တော်တော်ထိသွားတယ်။”ဆိုတာနဲ့ အဲ့ဒီ ထိခိုက်ခံရတဲ့ မျက်မြင်တစ်ယောက်ကို ဖုန်းရအောင်ဆက်ပြီး အခြေအနေမေးမြန်းတော့ တော်တော် စိုးရိမ်ပူပန်ရတဲ့ အခြေအနေကို ရောက်နေမှန်း ထပ်သိလိုက်ရတယ်။

    နောက်တော့ ဆိုင်လည်း ပျက်စီးသွားပြီ၊ ဆိုင်က တာဝန်ရှိသူတွေကိုလည်း ဖမ်းသွားပြီ၊ အနီးအနားက ဆိုင်တွေလည်းပိတ်လိုက်ကြပြီ၊ လူတွေအားလုံးလည်း လူစုကွဲသွားပြီ ဆိုပြီး ကြားရပြန်တယ်။ ဒီတစ်ခါမှာလည်း သြော် … တော်ပါသေးရဲ့၊ ၂၀၁၂-ခု ဇွန်လက စခဲ့တဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ဘာသာရေးအကြမ်းဖက်မှု လုပ်သလို မလုပ်ပဲ ဒီလောက်နဲ့ပဲ ပြဿနာ အေးချမ်းသွားပေလို့ဆိုတဲ့ အတွေးနဲ့ ရင်ထဲနဲ့ အပူကို သက်ပြင်းတစ်ချက်နဲ့ လျော့ချလိုက်တယ်။

    ညနေပိုင်းရောက်တော့ မူဆယ်ကနေဆင်းလာတဲ့ သူငယ်ချင်းတစ်ယောက်က လမ်းကနေ ဖုန်းလှမ်းဆက်တယ်။ “မိတ္ထီလာမှာ ဗလီကို ဖျက်နေပြီလို့ ငါကြားတယ်၊ နင်ဘာကြားလဲ”တဲ့။
    အဲ့ဒီအချိန်မှာ ခေါင်းထဲက သွေးက နားထင်ကို ဒုံးခနဲ့ စောင့်တက်သွားပြီး သူ့ကိုတောင် နင်ဖုန်းချလိုက်တော့ ငါဖုန်းဆက်လိုက်ဦးမယ်၊ ထူးရင် ပြောပြမယ်ဆိုပြီး မိတ္ထီလာကို ဖုန်းတွေဆက်၊ အခြေအနေတွေမေးရင်း ရင်ထဲမှာ စိုးရိမ်မှုတွေ ဆင့်ကဲ ဆင့်ကဲ တက်နေတော့တယ်။

    စိုးရိမ်နေတဲ့စိတ်တွေနဲ့ ၀င်လာသမျှ ဖုန်းကောလ်တွေနားထောင်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျလို့ ယိုင်လဲမတတ်ဖြစ်ခဲ့တဲ့ ကိုယ့်စိတ်ကို “ငါက အဝေးကနေ နားထောင်နေရရုံသက်သက်ပဲလေ။ ဟိုမှာ ငိုယို ပြေးလွှားရင်း ကိုယ့်မျက်စိရှေ့တင် အသက်ပါသွားတဲ့သူတွေကိုမြင်ရင်း အခြေအနေတွေ ပြောပြနေသူတွေနဲ့ယှဉ်ရင် ငါက နားထောင်နေရတာလေ စိတ်အားတင်းထားမှပေါ့”လို့ ပြန်အားပေးရင်း ကျွန်မ တတ်နိုင်တဲ့ဘက်ကနေ လုပ်သင့်တာတွေကို လုပ်ဆောင်ခဲ့လိုက်တယ်။

    အဲ့ဒီအချိန်ကာလကို ကျွန်မဘ၀မှာ ဘယ်သောအခါမှ မေ့ဖျောက်ပြစ်လို့ ရမှာမဟုတ်ပါဘူး။ ဘ၀တလျှောက်လုံးမှာ ကြားခဲ့ဖူးတဲ့ အကြမ်းဖက်မှုဆိုတာတွေထဲကနေ တတိယအကြိမ်မြောက် ကိုယ်နားနဲ့ဆတ်ဆတ်ကြားလို့ ရင်ထဲမှာ ခံစားရတဲ့ ခံစားချက်က ဖော်ပြလို့ မရနိုင်အောင်ပါပဲ။

    ပြေးလွှားရင်းနဲ့ ဖုန်းပြောနေရင်း ဖုန်းပြတ်တောက်သွားလို့ ကျွန်မမှာ စိတ်ပူရတာတွေ၊ ရိုက်ခံထိလိုက်လို့ ဖုန်းနဲ့လူ တခြားစီဖြစ်သွားလို့ ဖုန်းပြတ်တောက်သွားတာတွေ၊ ကျွန်မ မောင်လေး၊ ကျွန်တော့်ညီလေး၊ ကျွန်မသားလေး၊ ကျွန်တော့်သားလေး၊ တူလေး၊ မြေးလေးတော့ မရှိတော့ပါဘူး။ မီးရှို့ခံလိုက်ရလို့ အလောင်းတောင် ယူလို့ မရလိုက်ပါဘူးဆိုတာတွေ၊ အိမ်ဖျက်ခံရလို့ နေစရာမရှိတော့ဘူးဆိုတာတွေကို ၃-၄ ရက် ဆက်တိုက် နေ့ရော ညပါ ကြားလာရတော့ အဝေးကနေတဲ့ ကျွန်မ စိတ်ထဲမှာ ခံစားလို့ မရတော့ဘူး။

    8

    ဒီလိုနဲ့ မိတ္ထီလာကနေတဆင့် ပဲခူးတိုင်းအနောက်ခြမ်းမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတော့လည်း ဒီလိုပါပဲ။ ပြေးလွှားရင်း ငိုယိုသံတွေ၊ ကျွန်တော်တို့က သေလူတွေပါ၊ ကျွန်မတို့ ဘာလုပ်ရမှာလဲ၊ ကျွန်မတို့ကို ကယ်ပါဦးဆိုတဲ့ တစာစာအော်ဟစ် ပြောဆိုသံတွေက ကျွန်မ နားထဲမှာ အမြဲလိုလို ကြားယောင်နေတဲ့ အိပ်မက်ဆိုးတစ်ခုပမာပဲ။
    မိတ္ထီလာအကြမ်းဖက်မှုကနေ ပဲခူးတိုင်းအနောက်ခြမ်း အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့ အချိန်မှာ နေ့ရောညပါ ရက်ပေါင်း (၂၀)တိတိ ကျွန်မ တစ်ရေးမှ အိပ်စက်လို့ မရခဲ့ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အတော်လေး ထိခိုက် ခံစားခဲ့ရတဲ့ အဲ့ဒီရက် (၂၀) ကျော်လွန်ပြီးတဲ့နေ့မှာပဲ ကျွန်မလည်း ၃-ရက်လောက် အိပ်ယာထဲပုံလဲသွားခဲ့တယ်။ အကြမ်းဖက်ခံရတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်မှု မရှိခဲ့သူတောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားမှုက ဒီလိုအခြေအနေဖြစ်ခဲ့တော့ အကြမ်းဖက်ခံရသူတွေရဲ့ စိတ်ခံစားချက်တွေ၊ ထိတ်လန့် ကြောက်ရွံ့နေမှုတွေဟာ ဘယ်အရာနဲ့မှ ခိုင်းနှိုင်းလို့ ရမှာ မဟုတ်ပါဘူး။ ရက်(၂၀)ကျော်လွန်ပြီးနောက် မိတ္ထီလာဒုက္ခသည်စခန်းတွေကို ကျွန်မရောက်ခဲ့တော့ သူတို့ရဲ့ မျက်လုံးတွေထဲမှာ ထိတ်လန့်ကြောက်ရွံ့မှု နာကျင်မှုဝေဒနာတွေကို မြင်ခဲ့ရတာတွေကလည်း ကျွန်မ မေ့လို့ရမှာ မဟုတ်ပါဘူး။

    မတ်လ ၂၀-ရက် မိတ္တီလာမှာ စတင်ဖြစ်လိုက်တဲ့ အကြမ်းဖက်မှုကနေ ပဲခူးတိုင်း အနောက်ခြမ်းကနေ မြန်မာတစ်နိုင်ငံလုံးက မွတ်စလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဘာသာရေးအကြောင်းပြ အကြမ်းဖက်ခံရမှုကို (ပဋိပက္ခ/အဓိကရုန်းလို့ ကျွန်မ မသုံးပါဘူး။ ပဋိပက္ခ/အဓိကရုန်းဆိုတာ နှစ်ဦးနှစ်ဘက် ဖြစ်တာပါ။ အခုဖြစ်ခဲ့တာတွေက တစ်ဘက်သတ် ခံရတဲ့အခါ ပြန်ပြီး ခုခံမှုတွေသာဖြစ်ပါတယ်။)
    11073986_803761426378653_2001868195_n
    ဒီအကြောင်းအရာ၊ အဖြစ်အပျက်တွေကို ကျွန်မဘ၀မှာ ဘယ်သောအခါမှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ အခုဆိုရင် မိတ္ထီလာအကြမ်းဖက်မှု ကျော်လွန်ခဲ့တာ (၂)နှစ်ပြည့်ပြီဖြစ်ပေမယ့် မနေ့တနေ့ကလိုပဲ ကျွန်မစိတ်ထဲမှာ ထင်ယောင်နေဆဲပါ။ အကြမ်းဖက်ခံရသူတွေအတွက် ပြန်လည်ထူထောင်ရေးဆိုတာ ပြောပလောက်အောင် ဘာမှ မဖြစ်လာခဲ့သေးပါဘူး။ အကြမ်းဖက်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ချွတ်ခြုံကျဆဲ ရှိနေပါသေးတယ်။

    မွတ်စလင်တွေအပေါ် ဘာသာရေး အကြမ်းဖက်မှု ဖြစ်စဉ်မှာ  အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးသွားကြတဲ့ ဘာသာလူမျိုးတိုင်းအတွက် စိတ်မကောင်း ၀မ်းနည်းဖြစ်မိပါတယ်။
    နိုင်ငံရေးကစားကွက်တစ်ခု၊ လှည့်ကွက်တစ်ခုမှာ အသုံးချခံနေရတဲ့ ပြည်သူများဘ၀ကနေ လွတ်မြောက်ပြီး ငြိမ်းချမ်းသာယာမှုတွေ ကျရောက်ပါစေကြောင်းနဲ့ ရှေ့တင်ရော နောက်ကွယ်ကပါ အပြစ်ကျူးလွန်သူတွေ၊ ကျူးလွန်ရာမှာ ပါဝင်သူတွေအနေနဲ့လည်း သမိုင်းကြွေးကို အမြန်ဆုံးပြန်ဆပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပါတယ်။

    ဆက်စပ်ပိုစ်ဖတ်လိုလျှင်
    ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ
    (http://www.m-mediagroup.com/?s=%E1%80%9B%E1%80%8A%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%86%E1%80%BC)

  • နိုက်ဂျီးရီးယားရှိ မွတ်စလင်အဖွဲ့တစ်ခု အစွန်းရောက်အဖွဲ့များအား စစ်ကြေညာ

    နိုက်ဂျီးရီးယားရှိ မွတ်စလင်အဖွဲ့တစ်ခု အစွန်းရောက်အဖွဲ့များအား စစ်ကြေညာ

    မတ် ၂၀၊ ၂၀၁၅
    M-Media

    19-3-15_Nigerian-Group-Declares-War-on-Boko-Haram

    – နိုင်ငံမြောက်ပိုင်းမှ သူပုန်များကို ရှင်းလင်းရေး ကြိုးပမ်းမှုအတွင်း အာဖရိကနိုင်ငံများ၏ တိုးမြှင့်ဆောင်ရွက်မှုများကို ပူးပေါင်းခြင်းအဖြစ် နိုက်ဂျီးရီးယားရှိ မွတ်စလင်အဖွဲ့တစ်ခုဖြစ်သည့် အကြမ်ဖက်ဆန့်ကျင်ရေး မွတ်စလင်များအဖွဲ့ (Muslims Against Terror) က ဘိုကိုဟရမ်နှင့် IS အဖွဲ့အပါအ၀င် စစ်သွေးကြွအဖွဲ့မျာအား စစ်ကြေညာလိုက်သည်ဟု သိရသည်။

    “(IS နှင့် ဘိုကိုဟရမ်တို့လို) အစွန်းရောက်အဖွဲ့တွေဟာ နိုက်ဂျီးရီးယား၊ အီရတ်၊ ဆီးရီးယား စတဲ့နိုင်ငံတွေမှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့၊ အစိုးရကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒါတွေဟာ အစ္စလာမ်ရဲ့ အခြေခံစည်းမျဉ်းနဲ့ တမန်တော်မြတ်ကြီးရဲ့ သွန်သင်မှုကို ချိုးဖောက်တာ ဖြစ်ပါတယ်” ဟု Muslims Against Terror organization အဖွဲ့မှ မတ်လ ၁၈ ရက်နေ့တွင် ၎င်းတို့အဖွဲ့၏ ၀ဘ်ဆိုက်၌ ဖော်ပြထားသော ကြေညာချက်တွင် ရေးသားထားသည်။

    ထို့ပြင် ဘိုကိုဟရမ်၊ IS နှင့် အလ်ကိုင်းဒါးတို့ကဲ့သို့ အစွန်းရောက်အဖွဲ့များက ဆောင်ရွက်သော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ထိုအဖွဲ့က ရှုတ်ချခဲ့သည်။

    “IS၊ ဘိုကိုဟရမ် အဲဒီလိုအဖွဲ့တွေက အစ္စလာမ်နဲ့ ဘာမှ မဆိုင်ပါဘူး။ နောက်ပြီး ရှရီအာဥပဒေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေအရ သည်းခံလို့မရတဲ့၊ အဲဒီဥပဒေတွေကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေပါတယ်။ အဲဒီရာဇ၀တ်မှုတွေက မူဆိုးလ်မှာရှိတဲ့ ခရစ်ယာန်တွေကို ထိခိုက်စေတယ်။ ယာဇီဒီတွေ၊ ကာ့ဒ်တွေနဲ့ အခြားအယူဝါဒတွေ၊ ပြီးတော့ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အနောက်အာဖရိကတွေက ပြည်သူတွေကိုလည်း ထိခိုက်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို လုံးဝဥဿုံ ရှုတ်ချပြီး မွတ်စလင်အားလုံးကလည်း ဒီအဖွဲ့တွေကို ရှုတ်ချဖို့ တိုက်တွန်းပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပြီး ထို့အဖွဲ့များအား စစ်ကြေညာမှုအတွင်း ၀င်ရောက်ပါဝင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

    အဆိုပါ ကြေညာချက်မှာ IS အဖွဲ့က ဘိုကိုဟရမ်၏ ပူးပေါင်းမှုကို လက်ခံပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ထိုသို့ပူးပေါင်းမှုမှာ အာဖရိကနိုင်ငံများက အမြစ်ပြုတ်တိုက်ဖျက်ရေး ကြိုးပမ်းနေစဉ်အတွင်း ဘိုကိုဟရမ်၏ ၀ါဒဖြန့်သည့်လုပ်ရပ်ဟု Muslims Against Terror အဖွဲ့က ဆိုသည်။

    ထို့ပြင် အစ္စလာမ်မှာ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာတို့၏ သာသနာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ အလိုတော်အတိုင်း နာခံဆောက်တည်သည့် အယူဝါဒဖြစ်ကြောင်း၊ အစ္စလာမ်မှာ အကြမ်းဖက်လုပ်ရပ်ကို လုံးဝ ဆန့်ကျင်ပယ်ချကြောင်း ထိုအဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ အကြမ်းဖက်အဖွဲ့များကို တွန်းလှန်နေသည့် အီရတ်၊ အီရန်၊ ဆီးရီးယား၊ နိုက်ဂျီးရီးယား စသည့်နိုင်ငံများမှ အစိုးရများအား အားပေးထောက်ခံရန်နှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများမှ ပြည်သူများကို ကူညီရန်လည်း Muslims Against Terror အဖွဲ့က နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့သည်။

    “ကျွန်တော်တို့ Muslims Against Terror အဖွဲ့နဲ့ ကမ္ဘာတစ်ဝှမ်းက အခြားသော မွတ်စလင်ညီနောင်တွေဟာ အကြမ်းဖက်ဝါဒကို ပုံစံအားလုံးနဲ့တွန်းလှန်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အစ္စလာမ်ဆိုတာ အလယ်အလတ်လမ်းစဉ်ပါ။ ဒါနဲ့သွေဖည်တဲ့ အယူအဆတွေ ဘယ်နေရာကပဲ ထွက်လာထွက်လာ ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ။ အစ္စလာမ်ဆိုတာ မတူကွဲပြားမှုကိုလက်ခံတဲ့ ခန္တီတရားရှိတဲ့ အယူဝါဒပါပဲ” ဟု ကြေညာချက် နိဂုံးပိုင်းတွင် ဖော်ပြခဲ့သည်။

    ဘိုကိုဟရမ်မှာ နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အစ္စလာမ့်ဥပဒေကို ပြဌာန်းမည်ဟုဆိုကာ လွန်ခဲ့သည့် ၆ နှစ်ခန့်မှစ၍ လက်နက်ကိုင် တိုက်ခိုက်လာခဲ့ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ကြရသည်။

    လက်ရှိအချိန်တွင် နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ချဒ်၊ နစ်ဂါး၊ ကင်မရွန်းနိုင်ငံများမှ တပ်များ ပူးပေါင်းကာ ဘိုကိုဟရမ်အခြေစိုက်သည့် နေရာများကို ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်။

    Ref: Onislam

  • ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    မတ်လ ၁၉ ၊ ၂၀၁၅
    M-Media
    သီဟ

    Pantanaw_
    ယနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆိုရှယ်မိဒီယာတွင် ပြန့်နှံ့လျက်ရှိသည့် အိမ်မဲမြို့နှင့် ပန်းတနော်မြို့တွင် မတည်ငြိမ်မှု သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

    ဖြစ်စဉ်မှာ ယမန်နေ့က လိုင်စင်မဲ့ အမဲပေါ် သည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့သည့် သူများကို အမည်မသိ လူအုပ်စုမှ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် တခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

    အဆိုပါဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် အရိုက်ခံရသည့် အုပ်စုများမှ မကျေနပ်သဖြင့် အိမ်မဲ ကျွန်းကလေးရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများအား ဝင်ရောက်ဖျက်ဆီးမည်ဟူသော သတင်းများ ဆိုရှယ်မီဒီယာမှာ ပြန့်နှံခဲ့ပါတယ်။ လက်ရှိ မြန်မာ စံတော်ချိန် ည ၁၀ နာရိ ဆက်သွယ်ချက်အရ အိမ်မဲမြို့ ဝန်းကျင်မှာ အေးချမ်းလျက်၇ှိပြီး မည်သည့် ပြသနာမှ ဖြစ်ပွားခြင်း မ၇ှိကြောင်း သိရှိရပါတယ်။

    အဆိုပါသတင်းနှင့် တပြိုင်နက် ပန်းတနော်ရှိ မွတ်စလင်ကလေးငယ်များ ဘာသာေ၇းစာသင်ကျောင်းကို ၉၆၉အဖွဲ့ဝင်များ နှင့် ဘုန်းကြီးအချို့ ဝိုင်းထားကြောင်း ၊ရဲတပ်ဖွဲ့မှ  မွတ်စလင် ကလေးငယ်စာသင်သား ၄ ဥိးကို ဖမ်းဆီးသွားကြောင်း စသည့် သတင်းများမှာလဲ မှန်ကန်မှု မရှိကြောင်း ပန်းတနော်မြို့မှာလဲ အေးချမ်းလျက်၇ှိကြောင်း စုံစမ်းသိရှိရပါတယ်။

    ဧရာဝတီတိုင်း တွင် အမဲသား ရိက္ခာအတွက် အမဲပေါ် ခွင့် လိုင်စင် (စီ)အား ဧရာဝတီတိုင်း အစိုးရမှ ပိတ်ပင်ထားပြီးနောက်ပိုင်း တရားမဝင် အမဲပေါ် သည့် ဖြစ်ရပ်များကို အခြေခံပြီး ပြသနာများ မကြာခဏဆိုသလို ဖြစ်လျက်ရှိပါတယ်။

  • IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    မတ် ၁၉၊ ၂၀၁၅
    M-Media

    Mideast Islamic State

    – အီရတ်နိုင်ငံတွင် IS အဖွဲ့မှ အသုံးပြုသော ဒရုန်းအငယ်စားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး စစ်သွေးကြွများ အသုံးပြုသည့် လူမဲ့လေယာဉ်ကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    နိုင်ငံအနောက်ပိုင်း ဖာလူဂျာဟ်မြို့တွင် အင်္ဂါနေ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒရုန်းလေယာဉ်မှာ အငယ်စားဖြစ်ကာ တိုက်ပွဲအခြေအနေ စောင့်ကြည့်ထောက်လှမ်းရေးတွင် အသုံးပြုသည့် လေယာဉ်ဖြစ်ပြီး အမေရိကန်မှ ထုတ်လုပ်၍ အမြင့်ပိုင်းတွင် ပျံသန်းကာ ဒုံကျည်များ ပစ်လွှတ်နိုင်သော ခေတ်မီ ဒရုန်းလေယာဉ်မျိုးမဟုတ်ဟု IS အဖွဲ့အား တိုက်ခိုက်မှုများကို ကြီးကြပ်နေနေသည့် အမေရိကန် စစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါဒရုန်းအား ခဏတာ ပျံသန်းပြီးနောက် IS အဖွဲ့ဝင်များက ကားတစ်စီးပေါ်တွင် တင်ထားခဲ့ပြီး အမေရိကန် တိုက်လေယာဉ်တစ်စင်းက အဆိုပါကားအား ဗုံးကြဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    အမေရိကန်မှာ ၎င်းတို့၏ လူမဲ့ ဒရုန်းလေယာဉ်များကို အီရတ်နှင့် ဆီးရီးယားတို့တွင် အသုံးပြုနေပြီး IS ၏ ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့၏ မြေပြင်လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းခြင်း၊ စသည်တို့ကို ပြုလုပ်လျက် ရှိနေသည်။

    ဆီးရီးယားအစိုးရကမူ ၎င်းတို့အနေဖြင့် ကမ်းရိုးတန်းပြည်နယ်ဖြစ်သော လတာကီယာတွင် အမေရိကန်၏ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး ပင်တဂွန်ကလည်း ဒရုန်းလေယာဉ်တစ်စင်းမှာ ထိုဒေသတွင် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ၀န်ခံခဲ့သည်။

    Ref: Alarabiya