News @ M-Media

Blog

  • အစွန်းရောက်မှုကို တိုက်ဖျက်နေသည့် အလ်ဂျီးရီးယားမှ မွတ်စလင် အမျိုးသမီးများ

    အစွန်းရောက်မှုကို တိုက်ဖျက်နေသည့် အလ်ဂျီးရီးယားမှ မွတ်စလင် အမျိုးသမီးများ

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    In Algeria, women ‘imams’ battle Islamist radicalization
    – ၁၉၉၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့ပြီး တိုင်းပြည်အား ထိခိုက် ပျက်ဆီးစေခဲ့သည့် ပြည်တွင်းစစ်ပြီးကတည်းက အလ်ဂျီးရီးယားနိုင်ငံ၌ အစွန်းရောက်ဝါဒအား တွန်းလှန်တိုက်ဖျက်ရာတွင် မွတ်စလင် အမျိုးသမီး ဘာသာရေး ဆရာမများက ရှေ့တန်းနေရာမှ ပါဝင်ခဲ့သည်။

    ထိုဆရာမများ၏ ရည်ရွယ်ချက်က အစ္စလာမ်သာသနာကို လွဲမှားစွာ အဓိပ္ပါယ်ကောက်သူများ၏ စက်ကွင်းမှ လွတ်မြောက်စေရန် အမျိုးသမီးများအား ထိန်းကြောင်းရန် ဖြစ်လေသည်။

    ဆီးရီးယား၊ အီရန်နှင့် အိမ်နီးချင်းလစ်ဗျားနိုင်ငံမှာပင် IS အဖွဲ့ ပေါ်ထွက်လာခြင်း၊ ထိုနည်းတူစွာ အလ်ကိုင်းဒါးနှင့် ဆက်နွယ်သူ စစ်သွေးကြွများနှင့် Salafists များ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းတို့ကလည်း ၎င်းတို့အား အလုပ်များစေသည်။

    ထိုဆရာမများကို “မော်ရှီဒါ” ဟုခေါ်ပြီး ၎င်းတို့၏ရည်ရွယ်ချက်က အစ္စလာမ်၏ စစ်မှန်သော သွန်သင်မှု၊ ခန္တီတရားတို့အား ပြန့်နှံ့စေရန်ဖြစ်ပြီး အစ္စလာမ်အဆုံးမမှ သွေဖည်နေသူများကို ပြန်လည်တည့်မတ်ပေးရန် ဖြစ်သည်။

    “လူ့အသတ်သတ်ခြင်းဆိုတာ ကြီးမားတဲ့အပြစ်တစ်ခုပါ။ ဒါေ့ကြာင့် ဒီလူတွေဟာ အစ္စလာမ်နာမည်ကို ကိုင်ပြီး အပြစ်မဲ့တဲ့သူတွေကို ဘာဖြစ်လို့ သတ်နေကြတာလဲ” ဟု အသက် ၄၅ နှစ်ခန့်ရှိပြီး ခရမ်းနုရောင် ပုဝါနှင့် ဟီဂျဘ်ဝတ်ဆင်ထားသည့် ဖသမာ ဇိုဟ်ရာက ဆိုသည်။

    သာသနာရေးရာဝန်ကြီးဌာနမှ အသိအမှတ်ပြု ခန့်အပ်ထားသည့် ၃၀၀ သော “မော်ရှီဒါ” များ ကဲ့သို့ပင် ဇိုဟ်ရာမှာလည်း အစ္စလာမ်ရေးရာ အထူးပြုဖြင့် ဘွဲ့ရထားပြီး ကုန်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ထားသူ တစ်ယောက် ဖြစ်သည်။

    ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၂ သိန်း သေဆုံးခဲ့သည့် ပြည်တွင်းစစ်ပြီးနောက် အခြားသူများအား အစ္စလာမ်ဓမ္မရေးရာ သင်ကြားပို့ချပေးရန် ဆန္ဒက အစ္စလာမ်ဘာသာရေးနှင့်ပ တ်သက်၍ ပိုမိုသိရှိနားလည်အောင် လေ့လာသင်ယူရန် လှုံဆော်ပေးခဲ့သည်ဟု ဇိုဟ်ရာက ဆိုလေသည်။

    အလ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်သည့် ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲကို အစိုးရတာဝန်ရှိသူများက ပယ်ဖျက်လိုက်ရာမှ ပြည်တွင်းစစ် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အစ္စလာမ်ရေးရာတပ်ဦး ပါတီက အနိုင်ရခဲ့သည်။

    ထိုစဉ်က ကျောင်းသူတစ်ဦးဖြစ်သည့် ဇိုဟ်ရာက ဗလီဝတ်ကျောင်းတော်တွင် အမျိုးသမီး အုပ်စုနှင့် ဆုံတွေ့သည့်အခါ “အယ်ဂျီးရီးယန်းတွေအချင်းချင်း အစ္စလာမ်ရဲ့ နာမည်အောက်မှာ သတ်နေကြတယ်” ဟု ခါးသီးစွာ ညည်းတွားခဲ့သည်။

    လွန်ခဲ့သည့် ၁၇ နှစ်တာလုံးလုံး သူမက အမျိုးသမီးများ၏ အသံများကို နားထောင်သည်။ ၎င်းတို့အား အကြံဥာဏ်ပေးသည်။ ထိုအမျိုးသမီးများ၏ ပြဿနာများက ဘာသာရေးနှင့်မနွယ်လျှင် ဇိုဟ်ရာက အခြားသော ကျွမ်းကျင်သူများထံ လမ်းညွှန်ပေးလေ့ရှိသည်။

    မော်ရှီဒါများက စိတ်ပညာနှင့် လူ့မှုဗေဒဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြု၍ ဗလီဝတ်ကျောင်းတော်များ၊ အကျဉ်းထောင်များ၊ လူငယ်စင်တာများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် ၎င်းတို့၏ လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ အီမာမ်ဟုခေါ်သည့် အမျိုးသား ဆရာများနှင့် မတူညီသည့်တစ်ချက်က ၀တ်ပြုမှုကို ဦးဆောင်ခွင့်မရှိခြင်ျးဖြစ်သည်။

    နိုးကြားမှုလိုပြီ
    ——————
    အမျိုးသမီးများအား သာသနာ့အသိပညာများ သင်ကြားပို့ချပေးရန် မော်ရှီဒါတစ်ဦးကို ၁၉၉၃ ခုနှစ်တွင် ပထမဆုံး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးချိန်က အိမ်ရှင်မများကိုသာ ဦးတည်၍ သင်ကြားမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မော်ရှီဒါများ၏ သင်ကြားမှု အ၀န်းအ၀ိုင်းမှာ ကျယ်ပြန့်လာခဲ့ပြီး တက္ကသိုလ်ကျောင်းသူများနှင့် အသက်မွေးဝမ်းကြောင်း ပညာရှင်များ နယ်ပယ်အထိပင် ရောက်ရှိလာခဲ့သည်။

    အထက်တန်းကျောင်းမှ သင်္ချာဆရာမတစ်ဦးဖြစ်သူ မာရီယမ်က လူငယ်များအား လမ်းမှားသို့ရောက်အောင် ဖျားယောင်းသိမ်းသွင်းသူများ ပေါ်ပေါက်လာခြင်းက လွန်ခဲ့သည့်လအနည်းငယ်မှ စ၍ ဇိုဟ်ရာတို့ကဲ့သို့ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်မဟာ စစ်မှန်တဲ့အစ္စလာမ်ကိုပဲ သင်ယူချင်ပါတယ်” ဟု မာရီယမ်က ပြောကြားခဲ့သည်။

    အခြားသော မော်ရှီဒါတစ်ယောက်ဖြစ်သူ ဆာမီယာက ၎င်းအနေဖြင့် လူငယ်များ၊ အမျိုးသား၊ အမျိုးသမီးငယ်များ အစွန်းရောက်အတွေးအခေါ် ၀င်ရောက်မှုမြင့်မားသည့် အလ်ဂျီးရီးယားရှိ ဒေသတစ်ခုတွင် လွန်ခဲ့သည့် ၁၅ နှစ်လုံးလုံး အသိပညာပေးမှုများ လုပ်ဆောင်နေခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကလေးတွေ ဒီလိုအစွန်းရောက်အတွေးအခေါ်တွေ ၀င်ရောက်တာလာတာ မြင်ရတော့ မိခင်တွေက ရင်ကြိုးရပါတယ်။ သူတို့ ကျွန်မကို ရင်ဖွင့်ကြတယ်။ ဒါ့ကြောင့် အခြားသူတွေရဲ့ အကူအညီနဲ့ သူတို့လေးတွေကို အစွန်းရောက်တွေးအခေါ်တွေ ပျောက်သွားအောင် ကျွန်မတို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ဆာမီယာက ပြောကြားခဲ့သည်။

    ထို့ပြင် အလ်ဂျီးရီးယားပြည်သူများအနေဖြင့် သတိဝိရိယရှိရမည်ဟု ၎င်းက ဆိုသည်။

    “အလ်ဂျီးရီးယန်းတွေ IS အဖွဲ့နဲ့ သွားပူးပေါင်းတာ တော်တော်လေးနည်းပေမယ့် သတိဝိရိယကတော့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အစွန်းရောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုး ရှိလို့ပါပဲ”

    ထို့ပြင် အီမာမ်အတုများက ကုရ်အာန်၏ သင်ကြားချက်များကို နကန်းတစ်လုံးမှ နားမလည်ဘဲ တီဗီအစီအစဉ်များ၊ အင်တာနက်စာမျက်နှာများမှတစ်ဆင့် အခြားသူများအား ဖြားယောင်းသွေးဆောင်နေကြသည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “မနူးမနပ်အရွယ်လေးတွေက ပုံသွင်းရလွယ်ပြီး၊ လွယ်လွယ်ကူကူလမ်းမှားနိုင်တာကြောင့် သူတို့လေးတွေကို မဖြစ်မနေ စောင့်ကြရပါမယ်”

    အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်မှာ အစွန်းရောက် အတွေးအခေါ်များ ၀င်ရောက်လာသောကြောင့် မိဘများက လာရောက်အကူအညီတောင်းသည့် အဖြစ်အပျက်တစ်ခုကိုလည်း ဆာမီယာက ဖွင့်ဟခဲ့သေးသည်။

    “ကျွန်မတို့ဟာ ဒီကောင်မလေးကို လအတော်ကြာ အကြံပေးမှုတွေ လုပ်ခဲ့ပြီး သူပြောတာတွေကိုလည်း နားထောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ ကျောင်းပြန်တက်ခဲ့ပြီး သာမန်ဘ၀ကို ပြန်ရောက်သွားပါတယ်”

    ဆာမီယာကဲ့သို့ပင် အခြားသော မော်ရှီဒါများကလည်း လူငယ်များအား အစွန်းရောက်များ၏ ဖမ်စားမှုအတွင်းသို့ မကျရောက်စေရန် ကူညီဆောင်ရွက်ပေးရခြင်းကို ဂုဏ်ယူနေလေသည်။

    “ဒါဟာ ကျွန်မတို့အလုပ်ရဲ့ ဆုလာဘ်တစ်ပါးပါပဲ”

    ref:AFP, Algiers
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • အမေ တစ်ယောက်ရဲ့ဘဝ

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    mother
    မိန်းမသားတစ်ယောက်ရဲ့ဘဝတစ်ခုမှာ သမီးပြီးတော့အမေ၊ အဲဒီကနေတစ်ဆင့် အဘွား စသည်ဖြင့် ကူးပြောင်းကြတာ ဖြစ်ရိုးဖြစ်စဉ် တစ်ခု။ ဒါပေမယ့် လက်တွဲဖော်မလို တစ်ကိုယ်တည်း ကျင်လည်နေသူတွေအတွက်တော့ တစ်မျိုးပေါ့။ သမီးကညာမို့ အချိန်မလင့်ချင်တဲ့ စိတ်ရင်းစေတနာကြောင့် လူကြီးမိဘတွေက သင့်ရာတော်ရာ အိမ်ထောင်ဖက်တစ်ဦးဦးကို ရွေးချယ်ပေးတာလည်းရှိတယ်။ တိုးတက်ခေတ်မှီပါတယ်ဆိုတဲ့ ဒီကနေ့ အိုင်တီခေတ်ကြီးထဲမှာလည်း တချို့တချို့တွေက အမေရှာပေးသူကိုပဲ ခေါင်းညိမ့်ရွေးချယ် တတ်ကြပါသေးတယ်။ အမေရွေးပေးတာပဲဖြစ်ဖြစ် နှလုံးသားရဲ့ရင်ခုန်ခံစားတာကြောင့်ပဲဆိုဆို အိမ်ထောင်သည် ဘဝကို ရောက်ရှိခဲ့ကြတယ်။

    သားသမီးငယ်လေးတွေ ပွားစည်းလာတဲ့အခါ အမေဆိုတဲ့ ဝိသေသနတစ်ခုကို ပိုင်ဆိုင်ခွင့်ရသည်ပဲပေါ့။ အမေရယ်လို့ဖြစ်လာတဲ့အခါ အတွေးအမြင်နှင့် အသိစိတ်တွေဟာ တဖြည်းဖြည်းချင်းမဟုတ်ဘဲ ဗြုန်းစားကြီးဆိုသလို ပြောင်းလဲသွားတတ်တယ်။ သားကိုသခင်လို့ ဆိုထားတာမို့ အရာရာမှာ သားသမီးတွေအတွက်ပဲ ဦးစားပေးချင်စိတ်ဟာ အမေတိုင်းရဲ့နှလုံးသားမှာ အလိုလိုဖြစ်လာတတ်တာကိုး။ ကိုယ့်ရင်ထဲမှာ အကြာကြီးကြာအောင်ထားပြီးမှ လူ့လောကထဲကိုပို့ပေးခဲတဲ့ ဒီသား၊ သမီး မချစ်ဘယ်သူ့ရှိပါ့မလဲနော်။ ချစ်သမျှတုန်နေအောင်၊ ရူးလောက်အောင်ချစ်ရတာလေ။ အမေကသားသမီးတွေကိုချစ်တာ ဘွဲ့တွေ ဂုဏ်တွေ၊ ငွေကြေးဓနတွေ ဘယ်လိုပဲကွာခြားပါစေ အချစ်စိတ်က တစ်သားတည်း အဆင့်ခွဲလို့ကိုမရပါဘူး။ ငွေကြေးချို့တဲ့တဲ့ မိန်းမသားတစ်ယောက်အတွက် သူမရဲ့ရင်သွေးအပေါ်ထားတဲ့အချစ်က အခြားသူတွေလောက်တော့ မလျော့တာအသေချာပဲပေါ့။ ထိတွေ့ကိုင်တွယ်နိုင်စွမ်းမရှိပေမယ့် အမေနှင့်သားသမီးကြားက သံယောဇဉ်ကြိုးဆိုတာ ခိုင်မှခိုင်။

    အမေတစ်ယောက်ကပြောဖူးတယ်။ သူမရဲ့အဝေးရောက်သမီးလေးက Message လေးတစ်ခုပို့လိုက်တယ်။
    “အမေ… အမေ့ကိုသမီးချစ်တယ်” တဲ့။
    စကားလုံးနည်းနည်းလေးပေမယ့် ရင်ထဲ ထိ လောက်အောင် ထွင်းဖောက်သွားလိုက်တာ။ ပြီးတော့ ရှိသေးတယ်။ သမီးကဆက်ပြီးရေးထားတာက

    မေ နှင့် ဖေ
    သမီးသက်တမ်းတစ်လျှောက်လုံး မေနှင့်ဖေ နှစ်ဦးစလုံးကို ဘယ်တော့မှမမေ့ဘူး။ ရင်ထဲအမြဲရှိနေခဲ့ပါတယ်။ သမီးဘဝအနာဂတ်လှပဖို့ စီမံကိန်းချပြီး တအားကြိုးစားပေးခဲ့ကြတယ်နော်။ အစစအရာရာ ချိုးခြံချွေတာခဲ့တာတွေ သမီးသိတာပေါ့။
    မေနှင့်ဖေရယ်   သမီးရဲ့စာတိုလေးဟာ သတိရနေပါတယ်ဆိုတဲ့ အမှတ်အသားလေးတစ်ခုပါ။ သမီးဟာ မေတို့ဖေတို့ကို သိပ်ချစ်တဲ့ သမီးဆိုတာ ယုံပါနော်။

    အဲဒီအမေက သူ့သမီးရေးလိုက်တဲ့စာတိုလေးအတွက် အားရကျေနပ်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

    တကယ်တမ်းပြောရရင် အမေဆိုတာ မိသားစုလေးတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ်ထောင်ရဲ့အရှင်သခင်မပဲလို့ ဆိုရမယ်။ (မိသားစု စားဝတ်နေရေးကို အဓိကတာဝန်ယူတဲ့အဖေက အိမ်ဦးနတ်ဆိုရင်ပေါ့) အမေတစ်ယောက်ရှိခြင်း မရှိခြင်းဟာ အဲဒီမိသားစု အတွက် တကယ့်ကိုအရေးပါတယ်ဆိုတာတော့ လက်တွေ့သိနိုင်တာမျိုး နွေးထွေးတဲ့အမေ့ရင်ခွင်ကို တမ်းတမ်းတတဖြစ်ကြတာ မဆန်းပါဘူး။

    အနေတည်ပြီးရှိန်ရတဲ့ (များသောအားဖြင့်) အဖေထက် အမေ့နားကပ်ပြီး တိုးတိုးမွတ်မွတ်နေဖြစ်ကြတယ်။ လိုအပ်တာမှန်သမျှ အမေ့အနားကပ်ပြီး ပူဆာရသလို အဖေ့ကို တိုက်ရိုက်မချဉ်းကပ်ဝံ့တာမှန်သမျှ အမေ့ကိုပဲနားပူနားဆာလုပ်ရရော။ အမေဆိုတာ မျိုးကလည်း သည်းခံနိုင်စွမ်းရှိတဲ့ အံ့သြစရာကောင်းလောက်တဲ့ မိန်းမသားတစ်ဦးပဲပေါ့။ လူပုံနွဲ့ပေမယ့် သားတွေသမီးတွေ အတွက် ခြင်္သေ့လိုရဲရင့်တဲ့ နှလုံးသားပိုင်ရှင်မျိုးပေါ့။

    အမေတစ်ယောက်ဟာ သူငယ်ငယ်က ကြီးပြင်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံကို အရင်းခံပြီး သားသမီးလေးတွေအလှည့်မှာ အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းပေးနိုင်ပြီး သားသမီးတွေရဲ့ရင်ကို (မပြောဘဲနဲ့) ထွင်းဖောက်မြင်နိုင် သိနိုင်တာအမေပဲ၊ သားသမီးတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တာလည်း ဒီအမေပဲ။ အားငယ်နေချိန်မှာ အမေ့ရင်ခွင်ကိုတိုးဝင်ပြီး ငိုလိုက်ရရင် သောကမှန်သမျှ ပြေပျောက်သွားအောင် ချော့မော့နှစ်သိမ့်ပေးနိုင်တာလည်း ဒီအမေပဲပေါ့။

    တချို့ ထက်မြတ်ကျော်ကြားတဲ့ မိန်းမသားတွေဟာ သူတို့ရဲ့မိခင်ဘဝကို သိပ်ပြီးတန်ဖိုးထားဂုဏ်ယူကြတယ်။ လူလွတ်ဘဝကထက် အိမ်ထောင်ရှင်မိခင်ဘဝမှာ လောကကြီးအပေါ် ​ရှုထောင့်အမြင်တွေအများကြီး ကွာခြားသွားတယ်။ ပိုပြီးရင့်ကျက်တည်ငြိမ်လာတယ်။ သားသမီးတွေရဲ့ စံထားလောက်တဲ့ အမေတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကြိုးစားသလို သူတို့ရဲ့သားသမီးလေးတွေအတွက်လည်း အမြဲဂုဏ်ယူတယ်။ အချစ်ဆိုးချစ်သလို နားလည်စာနာနိုင်ဆုံးသူတစ်ဦးဖြစ်အောင်နေတယ်။

    သားသမီးလေးတွေကို နားဝင်အောင်သွန်သင်ဆုံးမတတ်သလို  လောကကြီးကို အလှဆင်တဲ့လူသားတစ်ယောက်ဖြစ်အောင် သိမ်သိမ်မွေ့မွေ့လေး ဆွဲဆောင်နိုင်တာ မိခင်ကောင်းတစ်ဦးရဲ့ အရည်အချင်းလို့ ပြောပါရစေ။ အမေဟာ မိသားစုဝင်တွေအတွက် အနီးဆုံးနှင့်အချစ်တတ်ဆုံး သူတစ်ဦးအဖြစ် တစ်သက်လုံး ရှိသွားမှာပါ။ အမေရှိနေခြင်းဟာ ကိုယ့်အတွက်ကြီးမားတဲ့ ခွန်အားတစ်မျိုးကို ပိုင်ဆိုင်ခွင့်ရတာနှင့် အတူတူပါပဲ။ လောကကြီးမှာ တိုးဝင်လှုပ်ရှားရုန်းကန်ဖို့ မဝံ့မရဲမဖြစ်အောင် အဓိကတွန်းအားပေးနေတာ၊ အမေရဲ့အားမာန်ပါလို့ဆိုရင်….

    စာဖတ်သူမှာ “အမေ” ဆိုတာ သက်ရှိထင်ရှားရှိနေသလား။ ဒါဆိုရင် ကံကောင်းလိုက်တာ။

    နှင်းဆီခင်

  • အကောင်းဆုံး အရှုံးသမား အာဆင်နယ်၊ ဘာစီလိုနာတို့ သက်သေပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များ

    အကောင်းဆုံး အရှုံးသမား အာဆင်နယ်၊ ဘာစီလိုနာတို့ သက်သေပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များ

    မတ် ၁၉၊ ၂၀၁၅
    M-Media

    2223544_w2

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာကစားခဲ့ပြီး လက်ကျန် အင်္ဂလိပ် ၂ သင်း ဒီအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

    မိုနာကို ၀-၂ အာဆင်နယ် (နှစ်ကျော့ပေါင်း ၃ ဂိုးစီသရေဖြစ်နေသော်လည်း အဝေးဂိုးဖြင့် မိုနာကို နောက်တစ်ဆင့်တက်)

    ပထမအကျော့ အီမရိတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ ၃ ဂိုးပြတ်နဲ့အနိုင်ရဖို့လိုနေတဲ့ အဆင်နယ်တို့ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး မိုနာကို ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျရူးနဲ့ ရမ်ဆေးတို့က ၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ကံတရားရဲ့ ဖေးမမှု မရရှိခဲ့တာကြောင့် အာဆင်နယ်တို့ ငါးနှစ်ဆက်တိုက် ဒီအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။ နောက်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပထမအကျော့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ အသင်း ပြိုင်ပွဲကနေ မထွက်ရတဲ့ အစဉ်အလာကလည်း ဆက်ပြီး တည်တံ့နေခဲ့ပါတယ်။ မိုနာကိုကတော့ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အက်သလက်တီကို ၁-၀ လေဗာကူဆင် (နှစ်ကျော့ပေါင်ရလဒ် ၁ ဂိုးစီဖြစ်နေ၊ ပယ်နယ်တီဖြင့် အက်သလက်တီိကို နောက်တစ်ဆင့်တက်)

    ပထအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးထားတဲ့ အက်သလက်တီကိုတို့ ပထမပိုင်း ၂၇ မိနစ်မှာပ မာရီယိုဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဂိုးရဖို့အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် နောက်ထပ်ဂိုး ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပိုအထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မနှစ်က ဒုတိယရခဲ့တဲ့ အက်သလက်တီကိုတို့ရဲ့ သမ္ဘာက စကားပြောသွားပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နောက်တစ်ဆင့်တက်စေမယ့် ပယ်နယ်တီကိုတော့ ချယ်ဆီးက ပြန်ပြောင်းလာတိုက် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    ဒေါ့မွန် ၀-၃ ဂျူဗင်တပ်စ် (နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ဂျူဗင်တပ်စ် နောက်တစ်ဆင့်တက်)

    အဝေးကွင်းဖြစ်ပေမယ့် ဂျူဗင်တပ်စ်တို့ကတော့ သက်တောင့်သက်သာနဲ့ပဲ အနိုင်ကစားခဲ့ပြီး ၃ နှစ်အတွင်း ကွာတားဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပထမအကျော့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားထားတဲ့ ဂျူဗင်တပ်စ်အတွက် တီဗက်ဇ်က ၃ မိနစ်မှာပဲ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့တာကြောင့် အခြေအနေက ပိုကောင်းသွားခဲ့တာပါ။ ဒေါ့မွန်တို့ကတော့ ပွဲကို စိုးမိုးဖို့ကြိုးစားပေမယ့် ဂျူဗင်တပ်စ်နောက်တန်းကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ မိနစ် ၇၀ နဲ့ ၇၉ မိနစ်တို့မှာ မိုရာတာနဲ့ တီဗက်ဇ်တို့က တစ်ဂိုးစီ ထပ်သွင်းခဲ့တာကြောင့် ရလဒ်ဟာ ပြတ်ပြတ်သားသား ဖြစ်ခဲ့ပါတယ်။

    ဘာစီလိုနာ ၁-၀ မန်စီးတီး (နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် ဘာစီလိုနာ နောက်တစ်ဆင့်တက်)

    ပထမအကျော့ အင်္ဂလန်မြေမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ထားတဲ့ ဘာစီလိုနာတို့ ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်းဆိုတာကို သက်သေပြနိုင်တဲ့ပွဲပါ။ ဒါတောင် ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ်လောက်ရခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် မသေချာမှုကြောင့် ၁ ဂိုး တည်းနဲ့ ကျေနပ်ခဲ့ရတာပါ။ ဘာစီလိုနာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၃၁ မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတို့ ၈ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတို့ကတော့ သမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်မယ့် အိပ်မက်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

    ချယ်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကိုတော့ မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။

  • ခရိုင်းမီးယားအား သိမ်းပိုက်သည့် တစ်နှစ်ပြည့်အခမ်းအနား ရုရှားပြုလုပ်

    ခရိုင်းမီးယားအား သိမ်းပိုက်သည့် တစ်နှစ်ပြည့်အခမ်းအနား ရုရှားပြုလုပ်

    မတ် ၁၈၊ ၂၀၁၅
    M-Media

    crimea-anniversary

    – ရုရှားလိုလားသည့် သမ္မတ ယာနူကိုဗစ်ခ်ျ ပြုတ်ကျပြီးနောက်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ခဲ့မှု တစ်နှစ်ပြည့်အခမ်းအနားကို ရုရှားအစိုးရ၏ စီစဉ်မှုဖြင့် ခရိုင်းမီးယားရှိ အဓိက မြို့များနှင့် ရုရှားနိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် အစောပိုင်း သမ္မတ ယာနူကိုဗစ်ခ်ျပြုတ်ကျပြီးနောက် ရုရှားစကားပြောသူ အများစုရှိသည့် ခရိုင်းမီးယားကျွန်းဆွယ်မှာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလအတွင်း လက်မောင်းတံဆိပ်မတပ်ထားသည့် တပ်ဖွဲ့ဝင်များက ကျွန်းဆွယ်အတွင်းသို့ ၀င်ရောက်၍ လေဆိပ်၊ မြို့တော်များနှင့် ယူကရိန်း စစ်အခြေစိုက်စခန်းများ အပါအ၀င် အချက်အခြာကျသည့် ရောများကို သိမ်းပိုက်ခဲ့သည်။

    ထို့နောက် ကျွန်းဆွယ်အား ယူကရိန်းမှ ခွဲထွက်၍ ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဒေသခံများက ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်ပြီး ရုရှားက တရားဝင်သိမ်းပိုက်ခဲ့သည်။

    သိမ်းပိုက်ခြင်း တစ်နှစ်တာပြည့်မြောက်ပြီးနောက် ရုရှားအစိုးရက ယခင်ရုရှားပိုင်ဒေသမှာ ရုရှားလက်အောက်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး စစ်ရေးပြအခမ်းနားမှ ပျော်ပွဲရွှင်ပွဲများအထိ အခမ်းအနားပေါင်းများစွာကို ခရိုင်းမီးယားနှင့် ရုရှားတို့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။

    “ခရိုင်းမီးယားဟာ ရုရှားနဲ့ ပြန်ပေါင်းတာ မှန်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့လို့ ရုရှားတွေဟာ အဲဒီမှာနေပြီး သူတို့ဟာ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ဖို့ လိုအပ်ပါတယ်ဟု မော်စကိုပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

    အခြားတစ်ဦးကလည်း ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ခြင်းမှာ ရုရှားပြည်သူများသာမက ခရိုင်းမီးယားရှိ ရုရှားစကားပြောသူများ အတွက်ပင် ကြီးမားသည့် အခမ်းအနားဖြစ်ကြောင်း၊ ခရိုင်းမီယားကို နှစ်ပေါင်း ၂၀၀ ခန့် မိမိတို့က ပိုင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သိမ်းပိုက်မှုကြောင့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများနှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး ရုရှားမှာ ထိုနိုင်ငံများ၏ ပိတ်ဆို့မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

    Ref: Channelnewsasia

  • နျူအရေး နည်းပညာဆိုင်ရာကိစ္စ ၉၀ ရာခိုင်နှုန်းဖြေရှင်းပြီးဟု အီရန်ဆို

    နျူအရေး နည်းပညာဆိုင်ရာကိစ္စ ၉၀ ရာခိုင်နှုန်းဖြေရှင်းပြီးဟု အီရန်ဆို

    မတ် ၁၈၊ ၂၀၁၅
    M-Media

    Iran-says-90-of-technical-issues-solved-in-nuclear-talks_muscatdaily

    – မိမိတို့နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး ဆွေးနွေးမှုအတွင်း နည်းပညာပိုင်းဆိုင်ရာကိစ္စရပ် အားလုံးနီးပါးကို ဖြေရှင်းနိုင်ခဲ့ပြီဟု အီရန်က ပြောကြားလိုက်သည်။

    “နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ် ၉၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ သဘောတူညီခဲ့ပါပြီ။ ကိစ္စရပ်အများစုမှာ ကျွန်တော်တို့ဟာ အပြန်အလှန်သဘောတူညီချက်တွေရခဲ့ပြီး အဓိကပြဿနာတစ်ခုမှာပဲ မတူညီမှုတွေရှိနေကာ ဒီညနေ့ ဆွေးနွေးမှုမှာ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်” ဟု အီရန် နျူကလီးယားအကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီ၏ ပြောကြားမှုကို နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့သည်။

    မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားသည့် လက်ရှိဆွေးနွေးမှုကို ဆွဇ်လန်နိုင်ငံတွင် ကျင်းပပြုလုပ်နေပြီး နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို ဇူလိုက်လတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ မိမိတို့ဆွေးနွေးမှုမှ ရက်ပိုင်းအတွင်း ကြားဖြတ်သဘောတူညီချက် ရနိုင်ဖွယ်ရှိနေသည်ဟု ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

    နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးနှင့်ပတ်သက်သည့် အမည်မဖေါ်လိုသော တာဝန်ရှိသူတစ်ဦးကမူ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ခက်ခဲသည့် ပြဿနာအချို့ကို ဖြေရှင်းရန် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရန်မှာ ၎င်းတို့၏ နျူးကလီးယား ရည်ရွယ်ချက်မှာ စွမ်းအင်ထုတ်လုပ်ရန်နှင့် အရပ်ဘက်တွင် အသုံးပြုရန် ဖြစ်သည်ဟု ပြောဆိုထားသော်လည်း အနောက်နိုင်ငံများကမူ နျူကလီးယားဗုံးထုတ်လုပ်ရန်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်မှာ တစ်နှစ်အတွင်း နျူကလီးယားဗုံးထုတ်လုပ်နိုင်တော့မည်ဟု ထွင်လုံးထုတ် ပြောဆိုခဲ့ဖူးသည်။

    Ref: Channelnewsasia