News @ M-Media

Blog

  • မြန်မာမတည်ငြိမ်မှုအတွက် လက်နက်ကိုင်တော်လှန်ရေးကို ရုရှားသံရုံးက အပြစ်တင်

    မြန်မာမတည်ငြိမ်မှုအတွက် လက်နက်ကိုင်တော်လှန်ရေးကို ရုရှားသံရုံးက အပြစ်တင်

    အောက်တိုဘာ ၂၇၊ ၂၀၂၁
    M-Media

    -အဝေး​ရောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အားကောင်းလာတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက ရုရှားသတင်းဌာန TASS ကို ဖြေကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ရုရှားက အပြည့်အ၀ ထောက်ခံအားပေးခဲ့ပြီး နှစ်ဖက် စစ်ခေါင်းဆောင်တွေ အပြန်အလှန် သွားရောက်လည်ပတ်မှုတွေလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာ ရုရှား စစ်ဖက်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

    မြန်မာနိုင်ငံက အခြေအနေအကြောင်း ရုရှားသံရုံးက TASS သတင်းဌာနကို ဖြေကြားရာမှာ စက်တင်ဘာ ၇ ရက်နေ့ အမျိုးသားညီညွန်ရေးအစိုးရက စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်ဖို့ ကြေငြာခဲ့ပြီးတဲ့နောက် လက်ရှိ စစ်အစိုးရကို ဒေသခံလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်မှု ပိုမိုမြင့်တက်လာတယ်လို့ ပြောဆိုခဲ့ပါတယ်။

    ရုရှားသံရုံးကတော့ ပုံမှန်အတိုင်း လည်ပတ်နေပြီး စစ်ကောင်စီတပ်တွေက သံရုံးလုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးထားတယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၁၀၀ ကျော် ရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ ထောင်နဲ့ချီ ရှိနေပါတယ်။

    Ref: TASS

    (ဓာတ်ပုံ- ရုရှားကာကွယ်ရေးဝန်ကြီးနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)

  • အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်

    အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် ဝေဖန်

    အောက်တိုဘာ ၂၆၊ ၂၀၂၁
    M-Media

    -ဒီကနေ့မှာ စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ခေါင်းဆောင်တွေက မြန်မာအာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံရဲ့ အစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံက ထိပ်သီးအစည်းအဝေး တက်ခွင့် မပေးပါဘူး။

    ဒါဟာ နှစ် ၆၀ နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ အာဆီယံအဖွဲ့က အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် ထူးထူးခြားခြား ဖယ်ကျဉ်မှုဖြစ်ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ မြန်မာကိုယ်စားလှယ်အဖြစ် အာဆီယံက ဖိတ်ကြားခဲ့ပေမယ့် မြန်မာစစ်ကောင်စီက ခေါင်းဆောင်ကိုဖိတ်မှ တက်ရောက်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

    လာမယ့်နှစ်မှာ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမယ့် ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီဟာ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်စွန့်လွှတ်လိုက်တာ ဖြစ်တယ်လို့ ဒီနေ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ဒီကနေ့ အာဆီယံဟာ မိမိတို့ရဲ့ မူဘောင်စည်းမျဉ်းကနေ မြန်မာနိုင်ငံကို ထုတ်ပယ်လိုက်တာ မဟုတ်ပါဘူး။ မြန်မာကသာ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်စွန့်လွှတ်လိုက်တာပါ။ အခု အာဆီယံက အနှုတ်-၁ ဖြစ်သွားတဲ့ အခြေအနေမျိုးပါ။ ဒါဟာ အာဆီယံအဖွဲ့ကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံကြောင့်သာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကလည်း ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် နေရာတစ်ခု အဆင်သင့်ရှိပေမယ့် မြန်မာကိုယ်တိုင်က မတက်ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ မြန်မာပြဿနာ ဖြေရှင်းရေး အာဆီယံက သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းမှုတွေကို စစ်ကောင်စီက လက်မခံတဲ့ အပြုအမူအပေါ် စိတ်ပျက်ရတယ်လို့ မှတ်ချက်ပေးခဲ့ကြောင်း ထည့်ပြောခဲ့တယ်လို့ မာဆူဒီက ဆိုပါတယ်။

    “ဝင်မစွက်ရေးမူဝါဒကို အလေးထားဖို့ အရေးကြီးတယ်လို့ သမ္မတက ပြောပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ဒီမိုကရေစီထွန်းကားရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးကို လေးစားရေး၊ ဖွဲ့စည်းပုံနဲ့ညီတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးလို အခြားမူဝါဒတွေကို ထိန်သိမ်းဖော်ဆောင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်”

    အာဏာသိမ်းကာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းဝန်ကြီးချုပ် စစ်ခေါင်းဆောင်ဟောင်း ပရာယွတ် ချန်အိုချာက စစ်ကောင်စီအနေနဲ့ အာဆီယံက အဆိုပြုထားတဲ့ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။ ချန်အိုချာဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။

    မြန်မာပြဿနာဖြေရှင်းရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သတင်းအတွက် အရေးပါတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့လည်း ပရာယွတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒီပြဿနာကိုဖြေရှင်းရေး အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ဟာ အလွန်အရေးပါပြီး ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေက အာဆီယံအဖွဲ့ရဲ့ ယုံကြည်စိတ်ချရမှုကို နိုင်ငံတကာမျက်နှာစာမှာ ထင်ဟပ်စေမှာ ဖြစ်ပါတယ်”

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ် မြန်မာနိုင်ငံကိုလာရောက်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်ကောင်စီက ခွင့်မပြုပါဘူး။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဖမ်းဆီးခံထားရပါတယ်။ ဧပြီလ အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက် သဘောတူခဲ့တဲ့ အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်သတ်ဖြတ်မှု ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရေး ပါဝင်ပေမယ့် စစ်ကောင်စီက အကောင်အထည် ဖော်ခြင်း မရှိပါဘူး။

    ၃ ရက်တာကြာမြင့်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်မယ့်ကြေငြာချက်မှာ အာဆီယံရဲ့ သံတမန်ရေး​ဆောင်ရွက်ချက်တွေကို လိုက်နာရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်း ပါဝင်ဖို့ ရှိနေပါတယ်။

    အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့လည်း အွန်လိုင်းကတစ်ဆင့် ဆွေးနွေးဖို့ ရှိနေပါတယ်။

    Ref: Reuters

  • ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    အောက်တိုဘာ ၂၆၊ ၂၀၂၁

    M-Media

    -အရှေ့အလယ်ပိုင်း စိမ်းလန်းရေးစီမံကိန်း(MGI) အတွက် ထိပ်သီးအစည်းအ၀ေးကို တနင်္လာနေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀.၃၉ ဘီလီယံ ကုန်ကျမယ့် ရာသီဥတုဖောက်ပြန်မှု ကုစားရေး စီမံကိန်းနှစ်ခုကို ချပြခဲ့ပါတယ်။

    ဒီစီမံကိန်းနှစ်ခုမှာ ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ရာသီဥတုဖောက်ပြန်မှု ကုစားရေးအစီအစဥ် အများအပြား ပါ၀င်မှာပါ။ စီမံကိန်းမှာ ပါ၀င်မယ့် အရှေ့အလယ်ပိုင်းဒေသမှာ သစ်ပင်ပေါင်း ဘီလီယံ ၅၀ စိုက်ပျိုးရေး စီမံချက်ဟာ ကမ္ဘာ့အကြီးဆုံး သစ်ပင်စိုက်တဲ့လှုပ်ရှားမှု ဖြစ်လာမှာဖြစ်ပြီး၊ ကမ္ဘာသစ်တောပမာဏကို ၅ ရာခိုင်နှုန်း တိုးတက်စေမှာ ဖြစ်ပါတယ်။

    စီမံကိန်းကုန်ကျငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ဆော်ဒီအာရေဗျက ကျခံကာ၊ ကျန်ပမာဏကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ ထည့်၀င်မှာ ဖြစ်ပါတယ်။

    ဒေသတွင်း ကာဘွန်ထုတ်လွှတ်မှုမရှိတဲ့ စီးပွားရေးဖော်ဆောင်နိုင်ဖို့၊ ကမ္ဘာလူဦးရေ သန်းပေါင်း ၇၅၀ ကျော် အသုံးပြုနိုင်မယ့် သန့်ရှင်းလောင်စာ ထုတ်လုပ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့အတွက် ဆော်ဒီအာရေဗျက ရန်ပုံငွေတစ်ရပ် မတည်သွားမယ်လို့လည်း ထိပ်သီးအစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    MGI ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ရဲ့ ပထမဆုံး ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး တစ်ပတ်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

    Ref : Arab News

  • ဆူဒန်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူကို ပစ်ခတ်သတ်ဖြတ်

    ဆူဒန်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူကို ပစ်ခတ်သတ်ဖြတ်

    အောက်တိုဘာ ၂၆၊ ၂၀၂၁

    M-Media

    ဆူဒန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန်

    -ဆူဒန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ပစ်ခတ်တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးပြီး ၁၄၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန် ဦးဆောင်တဲ့စစ်တပ်ဟာ အသွင်ပြောင်းအစိုးရရဲ့ ၀န်ကြီးချုပ် အဘ်ဒဲလာ ဟမ်ဒေါ့နဲ့ ၀န်ကြီးတွေကို မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းလိုက်တာပါ။

    ၂၀၁၉ ခုနှစ် အာဏာရှင် အိုမာရ် အလ်-ဘရှီးကို ဖြုတ်ချပြီးနောက် စစ်တပ်နဲ့ အရက်ဖက် ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။

    ဆူဒန်ပြည်သူတွေက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ကာ အကြီးအကျယ် ဆန္ဒပြနေကြပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိလာပါတယ်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန်က တိုင်းပြည်လုံခြုံအောင်လုပ်ဖို့ လိုအပ်နေပြီး ၂၀၂၃ ခုနှစ်ဇူလိုင်လမှာ ရွေးကောက်ပွဲကျင်းပပေးကာ ရွေးကောက်ခံအစိုးရထံ အာဏာလွှဲပြောင်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • စစ်ကောင်စီခန့် သံတမန်တစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရန် အာဆီယံက ဖိတ်ကြားထား

    စစ်ကောင်စီခန့် သံတမန်တစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရန် အာဆီယံက ဖိတ်ကြားထား

    အောက်တိုဘာ ၂၅၊ ၂၀၂၁၂
    M-Media

    အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး

    -အင်္ဂါနေ့ကနေ ကြာသာပတေးနေ့အထိ ကျင်းပပြုလုပ်ဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ဖို့အတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း သံတမန်တစ်ဦးကို အာဆီယံက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

    အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ဆိုကာ အာဆီယံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် မပေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

    အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြုလုပ်မှာပါ။ ​မြန်မာကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားထားပြီး မိမိတို့က တက်ခိုင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

    ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်တွေလုပ်တဲ့အစည်းအဝေးဖြစ်တာကြောင့် ခေါင်းဆောင်ကိုသာ ဖိတ်ကြားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရာမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံဥက္ကဌက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

    Ref: Bloomberg