News @ M-Media

Blog

  • ဆိုက်ကလုန်းပန်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆုံးရှုံးသွားခဲ့ရသည်ဟု ဗန်နောင်တူ သမ္မတပြော

    ဆိုက်ကလုန်းပန်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆုံးရှုံးသွားခဲ့ရသည်ဟု ဗန်နောင်တူ သမ္မတပြော

    မတ် ၁၆၊ ၂၀၁၅
    M-Media

    677d404d8c224e5982829a3ff4562e25_18

    – ပြီးခဲ့သည့်တစ်ပတ်က တိုက်ခတ်ခဲ့သော ဆိုက်ကလုံးပန် မုန်တိုင်းကြောင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားရသည့် ဖွံ့ဖြိုးတိုးတက်မှုများ ပျက်စီးကုန်ပြီး နိုင်ငံမှာ အစမှပြန်၍ စတင်ရတော့မည်ဟု ပစိဖိတ်ကျွန်းနိုင်ငံ ဗန်နောင်တူမှ သမ္မတ ဘော်လ်ဒွင် လွန်စ်ဒေးလ်က ယနေ့တွင် ပြောကြားလိုက်သည်။

    အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဆိုက်ကလုံးပန်ကြောင့် မြို့တော်ပေါ့တ်၏ အဓိကကျွန်းမှ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းမှာလည်း ပျက်ဆီးသွားသည်ဟု ဆိုသည်။

    လွန်စ်ဒေးလ်နှင့် အစိုးရ တာဝန်ရှိသူများမှာ ဆိုက်ကလုံးမုန်တိုင်း တိုက်ခတ်ချိန်တွင် သဘာဝဘေးအန္တရာယ်ညီလာခံအား တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြပြီး တိုင်းပြည်သို့ ပြန်လာရန် စီစဉ်နေကြပြီဖြစ်သည်။

    “ဗန်နောင်တူမှာ ဒါဟာ အင်မတန်ထိခိုက်ပျက်ဆီးခဲ့တဲ့ ဆိုက်ကလုံးပါပဲ။ ကျွန်တော်ကတော့ ဒါကို မွန်းစတားတစ်ကောင်လို့ သမုတ်ချင်ပါတယ်။ အစိုးရနဲ့ ဗန်နောင်တူ ပြည်သူတွေ ဖင်ထိုင်ရပ်ကို ကျသွားတာပါ” ဟု လွန်စ်ဒေးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသောကြောင့် အခြားသောကျွန်းများနှင့် အဆက်အသွယ်မရသေးကြောင်း၊ နိုင်ငံတကာမှ အကူအညီများ၊ ကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံအတွင်းသို့ ရောက်ရှိနိုင်ရေးအတွက် ပေါ့တ်ဗီလာရှိ လေဆိပ်ကိုမူ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပစိဖိတ် ဆိုက်ကလုန်းသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်သော အဆိုပါ ဆိုက်ကလုံးပန်ကြောင့် ဗန်နောင်တူ ကျွန်းနိုင်ငံလေးတွင် အပျက်အဆီး များပြားခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူ အရေအတွက်ကို ယခုအချိန်အထိ အတိအကျ မသိရှိရသေးပေ။

    ယခုလက်ရှိတွင် သြစတေးလျ၊ နယူးဇီလန်နှင့် ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေပြီး ကူညီထောက်ပံ့မှုများကိုလည်း ပြုလုပ်နေသည်။

    Ref: Aljazeeras

  • ပြင်သစ်နိုင်ငံနှင့်ပတ်သက်၍ ရင့်သီးစွာ ပြောဆိုခဲ့သည့်အတွက် အီဗရာဟီမိုဗစ် ဝေဖန်ခံနေရ

    ပြင်သစ်နိုင်ငံနှင့်ပတ်သက်၍ ရင့်သီးစွာ ပြောဆိုခဲ့သည့်အတွက် အီဗရာဟီမိုဗစ် ဝေဖန်ခံနေရ

    မတ် ၁၆၊ ၂၀၁၅
    M-Media

    1091982_heroa

    – ပီအက်စ်ဂျီအသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ပြင်သစ်နိုင်ငံမှာ “အသုံးမကျသည့် နိုင်ငံ” ဟု ပြောကြားခဲ့ပြီး ထိုသို့ ပြောကြားမှုအတွက် ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။ျ

    ယမန်နေ့က ကစားခဲ့သည့် ဘော့ဒိုးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီးတွင် အီဗရာဟီမိုဗစ်က ထိုကဲ့သို့ ရင့်သီးစွာ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပီအက်စ်ဂျီနှင့် ပတ်သက်၍ နစ်နာစေသော ဆုံးဖြတ်ချက်များကို ကွင်းလယ်ဒိုင်လူကြီးက တရစပ်ချမှတ်ခဲ့ခြင်းအတွက် ရည်ညွှန်းခြင်းလည်း ဖြစ်သည်။

    “၁၅ နှစ်အတွင်း ဒီေ-ာက်သုံးမကျတဲ့နိုင်ငံမှာ ဒိုင်လူကြီးကောင်းကို မမြင်ခဲ့ဖူးပါဘူး။ ဒါဟာ ပီအက်စ်ဂျီနဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့ဟာ အပျော်တမ်း ကစားနေတာ မဟုတ်ပါဘူး” ဟု အီဗရာဟီမိုဗစ်က ပြေကြားခဲ့သည်။

    ထို့ပြင် ထိုပွဲတွင် အကူဒိုင်လူကြီးကိုလည်း ၎င်းက ဆဲရေးတိုင်းထွာခဲ့ပြီး ထိုအဖြစ်အပျက်အား ရုပ်သံကင်မရာမှတစ်ဆင့် တွေ့မြင်ခဲ့ရသည်။ သို့သော်လည်း ထိုကဲ့သို့ ပြောဆိုမှုများအတွက် အီဗရာဟီမိုဗစ်က နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့ပြီး ၎င်း၏ စိတ်ပျက်မှုက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အား တိုက်ရိုက်ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ ပြောကြားမှုတွေဟာ ပြင်သစ်နိုင်နဲ့ ပြင်သစ်လူမျိုးတွေကို ရည်ညွှန်းပြောဆိုတာမဟုတ်ဘူးဆိုတာ ကျွန်တော် ရှင်းချင်ပါတယ်။ ကျွန်တော် ဘောလုံးနဲ့ပတ်သက်လို့ ပြောတာဖြစ်ပြီး တစ်ခြား ဘာမှ မဟုတ်ပါဘူး။ လူတွေ စိတ်ထိခိုက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်”

    အီဗရာဟီမိုဗစ်မှာ ယခုတစ်ပတ် အစောပိုင်းက ချယ်ဆီးအသင်းနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်တွင်လည်း ချယ်ဆီးအသင်း၏ ကစားသမားများမှာ ကလေးငယ် ၁၁ ယောက်သာဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

    Ref: Goal.com

  • ဘရာဇီးလ်သမ္မတ နှုတ်ထွက်ရန် ပြည်သူများ ဆန္ဒပြ

    ဘရာဇီးလ်သမ္မတ နှုတ်ထွက်ရန် ပြည်သူများ ဆန္ဒပြ

    မတ် ၁၆၊ ၂၀၁၅
    M-Media

    Demonstrators attend a protest against Brazil's President Dilma Rousseff in Manaus

    – တိုင်းပြည်၏ စီးပွားရေး ယိုင်နဲ့မှုအား မကျေနပ်သည့်အချိန်တွင် ချစားမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာသောကြောင့် ဘရာဇီးလ်၏ အမျိုးသမီးသမ္မတ ဒီလ်မာ ရူးဆက်ဖ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဘရာဇီးလ်ပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    မြို့တော် ရီယို ဒီဂျနေရိုးအပါအ၀င် နိုင်ငံတစ်ဝှမ်း မြို့ကြီးများ၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် စုစုပေါင်း လူ ၁ သန်းခန့် ပါဝင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှုအား ထိထိရောက်ရောက် မဖြေရှင်းနိုင်သည့်အတွက် ပြည်သူများက မနှစ်မြို့နေချိန်တွင် နိုင်ငံပိုင် ပက်ထရိုဘရက်စ် ကုမ္ပဏီနှင့် ချစစားမှုများ ရှိခဲ့သည်ဆိုသည့် ကောလဟာလများက ထိုကဲ့သို့ ဆန္ဒပြမှုများအထိ ဦးတည်စေခဲ့ခြင်းဖြစ်သည်။

    ဆန္ဒပြပြည်သူများကမူ ရူးဆက်ဖ်အား တရားစွဲဆိုရန် တောင်းဆိုခဲ့ကြပြီး၊ ရာထူးမှနှုတ်ထွက်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။ ထို့ပြင် ဆန္ဒပြသူအချို့ကမူ အလုပ်သမားပါတီ၏ ၁၂ နှစ် ကြာ အာဏာဆုပ်ကိုင်ထားမှုကို အဆုံးသတ်ရေးအတွက် စစ်တပ်က ကြားဝင်ရန် တိုက်တွန်းခဲ့ကြသည်။

    ရူးဆက်ဖ်မှာ ပြီးခဲ့သည့် ၂၀၁၄ နှစ်ကုန်ပိုင်းကမှ ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရခဲ့ကာ ၎င်း၏ သမ္မတ ဒုတိယသက်တမ်းကို ထမ်းဆောင်နေခြင်း ဖြစ်သည်။

    ပက်ထရိုဘရက်စ်ကုမ္ပဏီနှင့် ချစားမှုပြဿနာအတွက် ရူးဆက်ဖ်၏ မဟာမိတ်များအပါအ၀င် နိုင်ငံရေးသမားများ၊ ပက်ထရိုဘရက်စ်ကုမ္ပဏီမှ အမှုဆောင်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ သို့သော်လည်း မည်သူ့ကိုမှ စွဲချက်တင်ထားခြင်း မရှိချေ။ အချို့ကမူ ထိုချစားမှုပြဿနာမှာ ရူးဆက်ဖ်က ပက်ထရိုဘရက်စ်ဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
    ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • မိုနာကိုကွင်းတွင် ထူးခြားမှုတစ်ခုခု လုပ်ပြချင်သည်ဟု အာဆင်ဝင်းဂါးဆို

    မိုနာကိုကွင်းတွင် ထူးခြားမှုတစ်ခုခု လုပ်ပြချင်သည်ဟု အာဆင်ဝင်းဂါးဆို

    မတ် ၁၆၊ ၂၀၁၅
    M-Media

    1042012_heroa

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မိုနာကိုနှင့်ကစားစဉ် ပြုလုပ်ခဲ့သည့် မိမိတို့အမှားအား လက်စားချေရန်အတွက် ရှိနေပြီး ဒုတိယအကျော့တွင် ထူးခြားမှုတစ်ခုခုကို လုပ်ပြချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အိမ်ကွင်းအီမရိတ်တွင် ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ယခုတစ်ပါတ်အတွင်း အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရန်အတွက် နည်းဆုံး ၃ ဂိုး သွင်းရမည်ဖြစ်သည်။

    အာဆင်ဝင်းဂါကမူ မိုနာကိုတွင် ထူးခြားမှုတစ်ခုခု လုပ်ပြန်ရန် စိတ်ထက်သန်နေပြီး ၎င်းတို့အား ရဲရင့်သော အရှုံးသမားများအဖြစ် သတ်မှတ်ခြင်းကိုလည်း ပယ်ချခဲ့သည်။

    “အဲဒါ(အရှုံး) ကို လိုချင်တာမဟုတ်ပါဘူး။ လိုချင်တာက နောက်တစ်ဆင့်တက်ဖို့ပါ။ ကျွန်တော်တို့ ပထမပွဲမှာ မှားယွင်းခဲ့ပါတယ်။ ဘ၀မှာ လိုချင်တာက ပြန်ပြင်ဖို့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့မှာ ပြန်ပြင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ကျွန်တော်တို့ အဆင်သင့် ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် မိုနာကိုအသင်းက နောက်တစ်ဆင့်တက်ရန် ရေပန်းစားနေပြီး ၀င်းဂါးကမူ မိမိတို့အနေဖြင့် ထူးခြားမှုတစ်ခုခုကို ဖန်တီးနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန်လည်း ဆန္ဒရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ ညီညွတ်ကြောင်းပြသ

    ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ ညီညွတ်ကြောင်းပြသ

    မတ် ၁၆၊ ၂၀၁၅
    M-Media

    15-3-15_Muslim-Peace-Ring-Circles-Danish-Synagogue

    – ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း ခန္တီတရားထားရှိသည်ဆိုသော သတင်းစကားပေးရန် ရည်ရွယ်၍ကိုပင်ဟေဂင်မြို့ရှိ ဂျူးဘုရားကျောင်းတစ်ဝိုက်တွက် ညီညွတ်ရေးလှုပ်ရှားမှုတစ်ခုကို စနေနေ့က ပြုလုပ်ခဲ့ကြပြီး ရာပေါင်းများစွာသော မွတ်စလင်၊ ခရစ်ယာန်နှင့် ဂျူးပြည်သူများက လက်ချင်းတွဲကာ ဘုရားကျောင်းအား ၀န်းရံခဲ့ကြသည်ဟု သိရသည်။

    “ဒိန်းမတ်မှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ လိုချင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အချက်ပြမှုတစ်ခုကို ကျွန်တော်တို့ ပေးချင်ပါတယ်” ဟု အဆိုပါ လှုပ်ရှားမှုကို စီစဉ်ခဲ့သည့် မွတ်စလင် နီဒဲလ် အလ်-ဂျဘာရ်က ပြောကြားခဲ့သည်။

    ကိုပင်ဟေဂင်မြို့လယ်ကောင်တွင်ရှိပြီး Krystalgade ဟုအမည်ရသည့် ဂျူးဘုရားကျောင်းတွင် ပြုလုပ်ခဲ့သော အဆိုပါလှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဘုရားကျောင်းအနီး တိုက်ခိုက်ခံရမှုကို တုံပြန့်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင် ထောင်ကျော် တက်ရောက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုအတွင်း ဂျူးလုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဒန်အူဇန်မှာ သေဆုံးခဲ့သည်။

    ထို့ပြင် အဆိုပါလှုပ်ရှားမှုမှာ မိမိတို့တိုင်းပြည်အတွင်း စည်းလုံးညီညွတ်မှုကို ပြသရန်နှင့် ဂျူများမှာ ၎င်းတို့၏ အယူဝါဒကို ငြိမ်းချမ်းစွာ လိုက်နာကျင့်သုံးနိုင်ရမည်ဟူသည့် သတင်းစကားကိုပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဂျဘာရ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို ပြသရန် စီစဉ်ခဲ့သည့် ထိုလှုပ်ရှားမှုအတွက် တိုက်ခိုက်မှုအတွင်း ထိခိုက်ခဲ့ရသူများ၏ မိသားစုဝင်များကလည်း မွတ်စလင်များကို ချီးကျူးခဲ့သည်။

    “လူ့သားဝါဒနဲ့ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ရှိနေပါတယ်” ဟု ဒန်အူဇန်၏ ဖခင်ဖြစ်သူ ဆာဂျီယော့တ် အူဇန်က ပြောကြားခဲ့သည်။

    ထိုလှုပ်ရှားမှုအတွင်း ဒိန်းမတ်၏ အကြီးဆုံး ဂျူးဘုန်းတော်ကြီး ဘန့် မဲလ်ကွိုင်ယာ၊ စီးပွားရေးဝန်ကြီး မော်တန် အော့စ်တာဂါဒ်၊ ပညာရေးဝန်ကြီး ဆိုဖီ ကာဆတန်-နီလ်ဆင်နှင့် နာမည်ကြီးကဗျာဆရာ ယာယာဟူစိန် စသည့် ထင်ရှားကျော်ကြားသူအချို့လည်း တက်ရောက်ခဲ့ကြသည်။

    စနေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရေးအတွက် ဒိန်းမတ်မွတ်စလင်များ၏ ပထမဆုံးဆောင်ရွက်သည့် လှုပ်ရှားမှုမဟုတ်ပေ။

    အခြားဒိန်းမတ်မွတ်စလင် အဖွဲ့တစ်ဖွဲ့ကလည်း ကိုပင်ဟေဂင်ရှိ မြို့တော်ခန်းမတွင် ငြိမ်းရေးဆုတောင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ဖေဖော်ဝါရီလ အစောပိုင်းကလည်း အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတစ်ခုတွင် မွတ်စလင်လူငယ်များက ငြိမ်းချမ်းရေးဂိုဏ်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်းရှိ လူနည်းစုဂျူးများ၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဂျူးလူ့အဖွဲ့အစည်းအား ကာကွယ်သည့် သရုပ်သကန်ကို ဖော်ပြသည့်အနေဖြင့် မွတ်စလင်များက လက်ချင်းချိတ်ကာ အဆိုပါ ဂျူးဘုရားကျောင်းကို ၀န်းရံခဲ့ကြသည်။ အော်စလိုတွင် ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားသို့ ဒိန်းမတ် မွတ်စလင် ၁၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြသည်။

    အစ္စလာမ်သာသနာမှာ လူသာရင် ပရိုက်တက်စတင့် ခရစ်ယာန် အသင်းတော်ပြီးလျှင် ဒိန်းမတ်နိုင်ငံ၌ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၄ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမှာ ၃ ရာခိုင်နှုန်း ရှိလေသည်။

    Ref: Onislam