News @ M-Media

Blog

  • ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    ရှာကီးရားကိုကျော်ကာ Facebook အားပေးသူအများဆုံး ဖြစ်လာတဲ့ ရော်နယ်ဒို

    မတ် ၁၅၊ ၂၀၁၅
    M-Media

    26A313FE00000578-2994765-image-a-3_1426344959736

    – ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရပြီး နာမည်ကျော်လာတဲ့ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတစ်ယောက် အခုလည်း နောက်ထပ်အောင်မြင်မှုတစ်ခု ထပ်ရခဲ့ပြန်ပါတယ်။

    ဒါကတော့ ကမ္ဘာတစ်ဝှမ်း လူသန်းရာနဲ့ချီ သုံးစွဲနေတဲ့ Facebook မှာ ကိုလံဘီယာအဆိုတော် ရှာကီရားကို ကျော်ဖြတ်ပြီး အားပေးမှုအများဆုံး နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့တာပါပဲ။ အခုဆိုရင် ရော်နယ်ဒိုရဲ့ Facebook ပရိတ်သတ်ဟာ ၁၀၇ သန်းရှိလာခဲ့ပြီး ရှာကီးရားကို ၅၀၀၀ နီးပါး ဖြတ်ထားနိုင်ခဲ့ပါတယ်။

    အားကစားသမားတွေထဲမှာတော့ ရော်နယ်ဒိုရဲ့ အရေအတွက်ဟာ အတော်လေးများပြားပြီး အနီးစပ်ဆုံးဆိုလို့ အားပေးသူ ၇၈ သန်းရှိတဲ့ မက်ဆီတစ်ယောက်ပဲ ရှိပါတယ်။ ရော်နယ်ဒိုဟာ Facebook မှာတင် အားပေးမှုများတာ မဟုတ်ဘဲ Twitter မှာလည်း ၃၄ သန်းနဲ့ အားပေးသူအများဆုံး အားကစားသမားတစ်ယောက် ဖြစ်လာနေပါတယ်။ Twtter မှာ ရော်နယ်ဒိုနဲ့ အနီးစပ်ဆုံးကတော့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ကာကာပဲ ဖြစ်ပါတယ်။

    Facebook အားပေးသူအများဆုံး အားကစားသမား ၁၀ ယောက်ထဲမှာ ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် တတိယနေရာမှာ ချိတ်နေသူဟာ တစ်ချိန်က ဘောလုံးမင်းသားဖြစ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဘက်ခမ်းပါပဲ။ ဘာစီလိုနာတိုက်စစ်မှူး နေးမာကတော့ စတုတ္ထနေရာမှာ ရှိနေပြီး ထိပ်ဆုံး ၁၀ ယောက်မှာ ဘောလုံးသမားက ၈ ယောက်အထိ ရှိနေပါတယ်။

    Ref: Dailymail

  • မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မိမိတို့ပိုင်နက်အတွင်း တိုက်ခိုက်မှုထပ်ဖြစ်ပါက ပြတ်သားစွာ ဆောင်ရွက်သွားမည်ဟု တရုတ်စစ်တပ် ကြေညာ

    မတ် ၁၅၊ ၂၀၁၅
    M-Meida

    Rebel soldiers of Myanmar National Democratic Alliance Army (MNDAA) gather at a military base in Kokang region

    – မြန်မာစစ်လေယာဉ်မှ ဗုံးတစ်လုံးမှာ သောကြာနေ့က တရုတ်နိုင်ငံအတွင်းရှိ ကြံစိုက်ခင်းထဲသို့ ကျရောက်ကာ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်ပိုင်နက်အတွင်း မြန်စစ်တပ်၏ ထိုအဖြစ်အပျက်မျိုး ထပ်ရှိလာလျှင် ပြတ်သားသည့်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟု တရုတ် စစ်ဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိနေသည့် ကိုးကန့်ဒေသတွင်း မြန်မာအစိုးရတပ်များမှာ ကိုးကန့်လက်နက်ကိုင်များနှင့် ပြီးခဲ့သည့်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပြုလုပ်နေကာ တရုတ်နိုင်ငံကမူ တင်းမာမှုများကို လျှော့ချရန် မြန်မာအစိုးရအား တိုက်တွန်းထားသည်။

    သောကြာနေ့က တရုတ်ပိုင်နက်အတွင်း လေယာဉ်ဗုံးဆံ ကျရောက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရက ငြင်းဆိုထားပြီး နှစ်နိုင်ငံအကြား နားလည်မှုလွဲမှားစေရန် လက်နက်ကိုင်များက ပစ်ခတ်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်များတွင် စစ်လေယာဉ်များ မရှိချေ။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုအဖြစ်အပျက်အတွက် မြန်မာသံအမတ်အား ဆင့်ခေါ်ကာ ဖြေရှင်းချက်တောင်းခဲ့သည်။ တရုတ်လေတပ်ကလည်း နယ်စပ်အနီး ကင်းလှည့်ရန်နှင့် တရုတ်လေပိုင်နက်ကို ကာကွယ်ရန်အတွက် လေယာဉ်များကို ပို့ဆောင်ထားပြီး နယ်စပ်တစ်လျှောက် ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်။

    တရုတ် ဗဟိုစစ်ကော်မရှင်မှ ဒုတိယအကြီးအကဲဖြစ်သူ ဖန်ချန်လွန်က မြန်မာလေတပ်မှ လေယာဉ်များမှာ ယခုတစ်လောတွင် တရုတ်လေပိုင်နက်သို့ အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီပြဿနာရဲ့လေးနက်မှုကို မြန်မာဘက်က မဖြစ်မနေ အသိအမှတ်ပြုရမယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သေသေချာချာဆောင်ရွက်ရမယ်။ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေးရမယ်။ သေဆုံးသွားတဲ့ မိသားစုဝင်တွေကို တောင်းပန်ပြီး နစ်နာကြေးလည်း ပေးရပါမယ်။ ပြီးတော့ တရုတ်နိုင်ငံကို ရှင်းပြရမယ်” ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုအတွင်း မြန်မာစစ်တပ်အား ပြောကြားခဲ့ကြောင်း ဖန်က ဆိုသည်။

ုထို့ပြင် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရေး စစ်တပ်အား ထိန်းသိမ်းရန်အတွက် မြန်အစိုးရမှာ တင်းကြပ်သည့် ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ရမည်ဟု ဖန်က ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီလိုမဟုတ်ရင်တော့ တရုတ်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် တရုတ်စစ်တပ်ဟာ
    တိကျပြီး ပြတ်သားတဲ့ ဆောင်ရွက်မှုမျိုးတွေကို ပြုလုပ်ရပါလိမ့်မယ်”

    မြန်မာလေတပ်၏ ပစ်ခတ်မှု တရုတ်ပိုင်နက်အတွင်းသို့ ကျရောက်ခြင်းမှာ ယခုသီတင်းပတ်အစောပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးခဲ့သည်။

    Ref: Channelnewsasia

  • နိုင်ငံတကာ သတင်းတို (မတ် ၁၄၊ ၂၀၁၅)

    မတ် ၁၄၊ ၂၀၁၅
    M-Media

    – တိုက်ပွဲများဖြင့် မတည်ငြိမ်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ချထားရန်အတွက် ယူကရိန်းက ယမန်နေ့တွင် တရားဝင်တောင်းဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ဖော်ပြခဲ့သည်။

    – မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူ ၂ ဦးကို ပါကစ္စတန်က ယမန်နေ့တွင် ကြိုးပေးကွပ်မျက်လိုက်ပြီး ထိုသို့ ကွပ်မျက်ခြင်းမှာ သေဒဏ်စီရင်ခံရသူများအား ကြိုးပေးကွပ်မျက်မှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ပထမဆုံး စီရင်ခဲ့ခြင်းလည်း ဖြစ်သည်။

    – အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များ မြေထဲပင်လယ်ကို အန္တရာယ်ကြီးစွာဖြတ်၍ ဥရောပသို့ လာရောက်ခိုလှုံမှုအား လျော့ချရန်အတွက် အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် ဒုက္ခသည်စခန်းများ တည်ဆောက်ပေးရန် ဥရောပ သမဂ္ဂက စဉ်းစားနေပြီး လာမည့် တနင်္လာနေ့တွင် ဆွေးနွေးသွားရန် ရှိနေသည်။ ၂၀၁၄ ခုနှစ်အတွင်း ထိုကဲ့သို့ မြေထဲပင်လယ်ကို ဖြတ်ကျော်လာရောက်ရာတွင် အနည်းဆုံး ဒုက္ခသည်ပေါင်း ၃၅၀၀ သေဆုံးခဲ့ရသည်။

    – ဗီယက်နမ်ရှိ အမေရိကန် လေတပ်စခန်းအဟောင်းတစ်ခုကို ရုရှားဗုံးကြဲလေယာဉ်များ ဆီဖြည့်ရန် အသုံးပြုခြင်းအတွက် စိုးရိမ်မှုများရှိနေသည်ဟု အမေရိကန်၏ ပြောကြားမှုအား ရုရှားက ငြင်းပယ်လိုက်ပြီး အမေရိကန်၏ ထိုသို့ပြောဆိုမှုမှာ ထူးဆန်းပြီး ပဟေဠိဆန်သည်ဟု ပြောကြားလိုက်သည်။

    – ပစိဖိတ်ဒေသအတွင်း တိုက်ခတ်ခဲ့သော ဆိုက်ကလုန်းမုန်တိုင်းများ၌ အကြီးဆုံးဟု ယူဆနိုင်သော ဆိုက်ကလုန်းပန် တိုက်ခတ်မှုကြောင့် သြစတေးလျ အရှေ့မြောက်ပိုင်းရှိ ကျွန်းနိုင်ငံ ဗါနောင်တူတွင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးဒဏ်ရာရမှုများလည်း အများအပြားရှိနေသည်။

    – နျူးစွမ်အင်သုံး ဓာတ်အားပေးစနစ် သုံးစွဲခြင်းကို ဆန့်ကျင်သော ဆန္ဒပြမှုများကို ထိုင်ဝမ်နိုင်ငံရှိ မြို့အများအပြား၌ ယနေ့တွင် ပြုလုပ်ခဲ့ပြီး လက်ရှိရှိနေသည့် နျူဓာတ်အားပေးစက်ရုံများကို ဖျက်သိမ်းရန်နှင့် နျူကလီးယား စွန့်ပစ်ပစ္စည်းများ နိုင်ငံခြားသို့ ပို့ဆောင်မှုကို ရပ်တန့်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

    – မော်လ်ဒိုက်နိုင်ငံ၏ သမ္မတဟောင်း မိုဟာမက် နက်စ်ဟီးဒ်ကို ၎င်းတာဝန်ထမ်းဆောင်သည့်အချိန်က တရားသူကြီးများကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည့်အတွက် အကြမ်းဖက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ မော်လ်ဒိုက် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယတို့မှ လူ့အခွင့်အရေးအဖွဲ့ကမူ ထိုပြစ်ဒဏ်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    – ရခိုင်ပြည်နည် ကျောက်ဖြူမြို့မှ စစ်တွေသို့ ခုတ်မောင်းသွားသည့် ခရီးသည် ၂၀၀ ခန့်ပါသော သင်္ဘောတစ်စီုးယမန်နေ့က နစ်မြုပ်မှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပြီး ၂၆ ဦးပျောက်ဆုံးနေကာ ရဲတပ်ဖွဲ့ကမူ ခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်ခြင်းက သင်္ဘောနစ်မြုပ်ခြင်း၏ အကြောင်းအရင်းဖြစ်မည်ဟု ယူဆနေကြသည်။

    Ref: news agencies

  • ဘာသာရေး လူနည်းစုများအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုအတွက် ကုလ သတိပေး

    ဘာသာရေး လူနည်းစုများအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုအတွက် ကုလ သတိပေး

    မတ် ၁၅၊ ၂၀၁၅
    M-Media

    12-3-15_UN-Official-Criticizes-Uighur-Muslims-Abuse

    – ဇင်ဂျန်းပြည်နယ်ရှိ မွတ်စလင်များအား တရုတ်အစိုးရက ဖိနှိပ်မှုများ တိုးလာခြင်းကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး ဟီနာ ဘီလီဖဲလ်ဒ်က ဝေဖန်လိုက်ပြီး တရုတ်အစိုးရ၏ မွတ်စလင်ဆန့်ကျင်ရေး ပေါ်လစီများမှာ စိုးရိမ်စရာကောင်းနေကာ မွတ်စလင်များအား အရှက်ရစေခြင်း၊ ခြိမ်းခြောက်ခြင်းတို့နှင့် ပတ်သက်၍လည်း သတိပေးပြောဆိုလိုက်သည်။

    “အရှက်ရစေမှုနဲ့ပတ်သက်လို့ အင်မတန်စိုးရိမ်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကျွန်တော် ကြားရပါတယ်။ ဥပမာအားဖြင့် ရမ်ဇာန်ဥပုသ်လမှာ ခြိမ်းခြောက်မှုဖြစ်ပြီး စာသင်ကျောင်းက ကျောင်းသားတွေဟာ သူတို့ရဲ့ ဥပုသ်သီလဆောက်တည်မှုကို စွန့်လွှတ်ရတော့မှာပါ” ဟု ဘီလီဖဲလ်ဒ်က မတ်လ ၁၁ ရက်နေ့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဘီလီဖဲလ်ဒ်မှာ ဇင်ကျန်းပြည်နယ်ရှိ အူဂွါမွတ်စလင်များအပေါ် ခွဲခြားဆက်ဆံမှုများကိုလည်း ထောက်ပြခဲ့ပြီး တရုတ်အစိုးရ၏ ထိုလုပ်ရပ်များမှာ အဓိကပြဿနာတစ်ခု ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်က ဇင်ကျန်းပြည်နယ်မြို့တာ် အူရမ်ကွီ၏ ကွန်မြူနစ်ပါတီခေါင်းဆောင် ကက်ရှ်ဂါရ် မွတ်စလင်အမျိုးသမီးများ ပုဝါဆောင်းခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ ဒီဇင်ဘာလအစောပိုင်းကလည်း တရုတ်အစိုးရမှာ အူရမ်ကွီတွင် မွတ်စလင်အမျိုးသမီးများ ၀တ်ရုံရှည်ဝတ်ဆင်မှုကို ပိတ်ပင်ခဲ့သည်။

    ကုလမှ စုံစမ်းစစ်ဆေးရေးမှူး ဘီလီဖဲလ်ဒ်မှာ တိဘက်ဘုန်းကြီးများအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကိုလည်း ဝေဖန်ခဲ့သည်။

    “ဘေဂျင်းဟာ ဘာသာရေးလူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တကယ့်ကို ဖျက်ဆီးနေပါတယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းငယ်လေးတွေကြားထဲက ဆက်ဆံရေးကို အဆိပ်ကျွေးနေတယ်။ ဂိုဏ်းတွေခွဲနေပြီး ထိန်းချုပ်လို့ ရဖို့ ပြည်သူတွေတစ်ယောက်နဲ့ တစ်ယောက်ကို ခွဲထုတ်နေပါတယ်။ တရုတ်အစိုးရဟာ အခြားကိစ္စတွေမှာတော့ စူပါပါဝါဖြစ်ပေမယ့် ဒီမိုကရေစီကို တရားဝင်ဖြစ်စေရာမှာတော့ အားနည်းပါတယ်”

    အူဂွါမွတ်စလင်များမှာ တူရကီစကားပြော တိုင်းရင်းသားလူနည်းစုဖြစ်ပြီ ဇင်ကျန်းပြည်နယ်တွင် အခြေစိုက်နေထိုင်ကာ လူဦရ ၈ သန်းခန့် ရှိသည်။ အဆိုပါ ဇင်ကျန်းပြည်နယ်ကို ၁၉၅၅ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ခဲ့သော်လည်း တရုတ်အာဏာပိုင်များ၏ ဖိနှိပ်ချုပ်ချယ်သည့်ဒဏ်ကို ယခုအချိန်အထိ ဆက်လက် ခံစားနေရသည်။

    ၂၀၁၄ ခုနှစ် အစောပိုင်းတွင် တရုတ်အစိုးရမှာ ဇင်ကျန်းပြည်နယ်ရှိ အစိုးရအဆောက်အအုံများတွင် ဘာသာရေးကျင့်သုံးမှုများ မပြုရဟု တားမြစ်ခဲ့ပြီး ဘာသာရေးနှင့်ဆက်နွယ်သည့် အ၀တ်အစား၊ အမှတ်အသားများကို ၀င်ဆင်ခြင်းမပြုရဟုလည်း သတ်မှတ်ခဲ့သည်။

    သြဂုတ်လတွင်မူ ဇင်ကျန်းပြည်နယ်မြောက်ပိုင်း ကာရာမေမြို့တွင် မုတ်ဆိတ်ရှိသော မွတ်စလင်အမျိုးသားများ၊ ပုဝါဆောင်းထားသော၊ ၀တ်ရုံရှည်ဝတ်ထားသော မွတ်စလင်အမျိုးသမီးများကို အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်များ အသုံးပြုရန် ပိတ်ပင်ခဲ့သည်။

    ထို့ပြင် ရဲတပ်ဖွဲ့ဝင်များမှာလည်း ပြည်နယ်အတွင်းရှိ အမျိုးသမီး အ၀တ်အထည်ဆိုင်များသို့ ၀င်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးဝတ် ၀တ်ရုံရှည်များကို သိမ်းဆည်းခဲ့ရသည်။

    Ref: Onislam

  • မွတ်စလင်ဂုဏ်ဆောင် ပါမောက္ခ ဒေါက်တာအောင်ဇော် ဂုဏ်ပြုပွဲမှသည်

    မွတ်စလင်ဂုဏ်ဆောင် ပါမောက္ခ ဒေါက်တာအောင်ဇော် ဂုဏ်ပြုပွဲမှသည်

    မတ် ၁၄ ၊ ၂၀၁၅
    M-Media
    K- (ရန်ကုန်တက္ကသိုလ်) ရေးသည်။

    11053516_956737997692481_9045006121138013833_n

    မြန်မာမွတ်စလင် သမိုင်းမှတ်တိုင်တွင်ကျန်ရစ်မည့် တိုင်းရင်းမွတ်စလင်စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ စာအုပ်ကို ရေးသားပြုစုသူ စာရေးဆရာ သုတေသနပညာရှင် ပါမောက္ခ ဒေါက်တာအောင်ဇော် (ကိုဇော် ရန်ကုန်တက္ကသိုလ်) အားဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် မတ်လ (၄) ရက်နေ့တွင် နယူးဧရာဟိုတယ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

    မြန်မာစာပေသမိုင်း မှတ်တိုင်တွင် ကျန်ရစ်မည့် စာပေလက်ရာဟုဆိုရပါမည်။ ဤစာအုပ်မှာ အမျိုးသာစာပေဆု ရွေးချယ်ရာတွင် ပါဝင်ခဲ့သော်လည်း စာဆိုမှာ အစ္စလာမ်ဘာသာဝင်ဖြစ်နေသဖြင့် ထင်ပေါ်ပေငြားလည်း ရွေးချယ်မခံခဲ့ရပေ။

    ဤစာပြုစာဆိုပုဂ္ဂိုလ်ကျော်များ စာအုပ်သည် သက္ကရာဇ် (၁၇၄၃ ) ခု သွေးသောက်ကြီး ဇေယျရန်ကင်းဦးတုံးဖြူမှသည် ခရစ်သက္ကရာဇ် (၁၉၄၈) ခု သတင်းထောက်သောင်းညွှန့် အထိ စာပြုစာဆိုပုဂ္ဂိုလ်ကျော် (၁၂၂) ဦး၏သမိုင်းကို ဖတ်ရသည်။

    ဤဂုဏ်ပြုပွဲကိုစီစဉ်သူ မြန်မာစာဌာန ရန်ကုန်တက္ကသိုလ် အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခ ဌာနမှူး ဒေါက်တာစိုးနိုင်က “ဆရာ၏စာအုပ်တွင် အချက်အလက်စုံ၊ အကြောင်းအရာစုံကို အစုံအလင်ဖတ်ရသောအခါ ရောင်စုံပန်းစကြာင်္ မှန်ပြောင်းကိုကြည့်ရသကဲ့သို့ ဝမ်းသာပီတိဖြစ်မိပါသည်” ဟု ဥဒါန်းချီးကျူးထားသည့် စကားကားအမှန်ပင်။

    အစ္စလာမ်သာသနာဝင်တို့၏ အိမ်တိုင်းတွင်ရှိထားသင့်သည့် စာအုပ်ပင်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး လက်ဆင့်ကမ်းဖြန့်ဝေဖတ်ရှုရမည့် စာအုပ်ဖြစ်ပေသည်။

    မောင်ခင်မင် (ဓနုဖြူ) ကလည်း သုတေသနရလာဒ်ကောင်းတစ်ခုဟူသော ခေါင်းစဉ်ဖြင့် စာဆိုဒေါက်တာအောင်ဇော်အား ချီးကျူးဂုဏ်ပြုစကား မြွတ်ကြားခဲ့ရာတွင်  “ပါမောက္ခဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များကျမ်းကို ဖတ်ပြီးသည်နှင့် ကျွန်တော့်စိတ်ထဲတွင် ခံစားချက်နှစ်မျိုး ပေါ်ပေါက်လာသည်။ ခိုင်ခိုင်မာမာ အကိုးအထောက်ပြုရမည့် စာပေအတ္တိုပ္ပတ္တိကျမ်းကောင်းတစ်ကျမ်း ပေါ်ပေါက်လာသည့်အတွက်ကြောင့်ဖြစ်ပြီး အံ့သြခြင်းမှာ ပြုစုသူ၏ ကြိုးစားအားထုတ်မှု အတိုင်းအဆကို ထင်းခနဲမြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်”ဟု ဆိုသည်။

    မအူပင်တက္ကသိုလ် မြန်မာစာပါမောက္ခ ဌာနမှူးအဖြစ်မှ သူ့အနားယူပြီးနောက် မှတ်မှတ်ရရ၊ လုံးလုံးခဲခဲ အကောင်အထည်ပေါ်လာသော အားထုတ်မှုမှာ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ” ဟူသော ဤကျမ်းကြီးပင်ဖြစ်ပါသည်။

    ထိုသို့သော ပုဂ္ဂိုလ်များ ဤမျှအရေအတွက်ရှိကြောင်း ဤကျမ်းကို ဖတ်ရမှသိခွင့်ရပြီး အံ့သြရသည်။ အရေအတွက်မှာ ၁၂၂-ဦးအထိ ရှိသည့်အတွက် အံ့သြရခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များမှာ ကဗျာစာဆိုများ၊ ဝတ္တုစာဆိုများ၊ အထ္တုပ္ပတ္တိစာဆိုများ၊ ကျမ်းပြုပုဂ္ဂိုလ်များ၊ သုတေသီများ၊ ဂီတစာဆိုများ၊ ပန်းချီကာတွန်းဆရာများ၊ ရုပ်ရှင်ပညာသည်များ၊ နိုင်ငံရေးခေါင်ဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရေးခေါင်းဆောင်များ စသည်ဖြင့် နယ်ပယ်အမျိုးမျိုးမှ ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်အားလုံး တူညီသော အချက်မှာ ကိုးကွယ်သည့်ဘာသာ တူညီခြင်းနှင့် စာပေများ ရေးသားပြုစုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းတွင် “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ” အဖြစ် စုစည်းမိခြင်းဖြစ်သည်။

    ဤကျမ်းကိုဖတ်ရသောအခါ ကျွန်တော်ယခင်က လုံးဝမသိသော စာပြုစာဆိုများ၏ အကြောင်းနှင့် အတန်အသင့်သာသိသော စာပြုစာဆိုများ၏အကြောင်းကို ထိုစာဆိုများ၏ လက်ရာများနှင့်တကွ အကျယ်တဝင့်သိခွင့်ရသည့်အတွက် အသိအမြင်တိုးပွားရပါသည်။ သာဓကအားဖြင့် ဘင်္ဂလာသွားမှတ်တမ်းလကာင်္ကို ရေးသူဟုသော ဦးနုမှာ ဘိုးတော်ဘုရား လက်ထက်တွင် မဇ္ဈိမဒေသို့သွား၍ ကျမ်းဂန်စာပေများကို ရှာဖွေစုဆောင်းခဲ့သော ရွှေတောင်သာဂသူဘွဲ့ရ စာဆိုတော်ကြီးပင်ဖြစ်ကြောင်း သိရသည့်အတွက် စာပေကွင်းဆက် ထင်ရှားလာရပါသည်။ ယခင်ကမသိသော စာဆိုတော်ဦးရွှေတောင်အကြောင်းလည်း လက်ရာများနှင့်တကွ သိလာရပါသည်။ ပျို့ကဏ္ဍတွင် “မေ့အ်ရာဂ်ျ ခန်းပျို့” “ယူစွတ်ကစွာပျို့” စသောပျို့များ အကြောင်းသိရသည်မှာလည်း စိတ်ဝင်စားစရာကောင်းပါသည်။ ဝတ္တုကဏ္ဍတွင် မောင်မင်းကျော်ဝတ္တု၊ ယာတင်တာယီဝတ္တုတော်ကြီး၊ ယူစွတ်နဗီသခင်ကစ်ဆွာ ဝတ္တုတော်ကြီး၊ ပသီပုံပြင်ဝတ္တု၊ ယူဆွတ်ဇိုလိုင်ခါ မင်းသား မင်းသမီးဇာတ်နိပါတ် ဝတ္တုတော်ကြီး၊ မိုဟမ္မကိအလိုင်ဟစ္စလာမ် ဝတ္တုတော်ကြီး စသည့်ဝတ္တုများအကြောင်း သိရခြင်းမှာ မြန်မာသမိုင်းအတွက် တန်ဖိုးကြီးမားပါသည်။ ပသီပုံပြင်ဝတ္တုနှင့် ဟာတင်တာယီ ဝတ္တုတို့မှလွဲ၍ ကျန်ဝတ္တုအမည်များကို ဤကျမ်းကိုဖတ်ရမှ သိရခြင်းဖြစ်ပါသည်။ သာဓကအချို့ကို ဖော်ပြခြင်းဖြစ်ပါသည်။ ယခင်သိပြီးသား စာဆိုများနှင့် စာအုပ်အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိခွင့်ရသည့်အတွက် အကျိုးရှိခဲ့ပါသည်။

    ကျမ်းပြုသူသည် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ၏ စာဆိုများကို အကျယ်တဝင့် သုံးသပ်ပြခြင်းမျိုးမှသည် တို့ကာထိကာ မိတ်ဆက်ပေးခြင်းမျိုးအထိ ရရှိသည့် သုတေသနအထောက်အထားအရ ပမာဏအရ ရေးသားပြုစုထားကြောင်း တွေ့ရသည်။ ပညာရှင်အစဉ်အဆက်ရေးသားပြုစုခဲ့ကြသော မြန်မာစာပေသမိုင်းများ၊ စာဆိုတော် အတ္ထိုပတ္တိများတွင် မပါဝင်သေးသည့် ဤကျမ်းတွင် တစ်စုတစ်စည်းတည်း ရေးသားထားခြင်းမှာ ကျမ်းပြုသူ၏ ကြိုးပမ်းအားထုတ်မှုကို သက်သေပြုရာရောက်သကဲ့သို့ စာပေအတ္ထိုပတ္တိကျမ်းတစ်ကျမ်းအဖြစ် မြန်မာစာပေလောကကို အင်အားကောင်းစွာ အားဖြည့်ပေးရာလည်ူ ရောက်ပါသည်။

    ဒေါက်တာအောင်ဇော်၏ “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ” ကျမ်းသည် ယခင်က မဖော်ထုတ်ရသေးသော အသစ်တွေ့ရှိချက်များကို ဖော်ထုတ်ခြင်း၊ ယခင်က ဖော်ထုတ်ခဲ့သောအချက်များကို ဖြည့်စွက်ပေးခြင်းဟူသော ဂုဏ်ရည်များနှင့် ပြည့်စုံသည့် သုတေသနကောင်းရလဒ်တစ်ခုဖြစ်သည်ဟု ဆိုပါရစေ ဟု မောင်ခင်မင် (ဓနုဖြူ) ကဆိုထားသည်။

    ပါမောက္ခဒေါက်တာအောင်ဇော် ကိုဇော် (ရန်ကုန်တက္ကသိုလ်) ကို ၁၉၄၄ ခုနှစ်တွင် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့၌ သမာဓိမြို့ဝန် ဦးသိန်းထွန်း၊ အမိဒေါ်သိန်းရှင်တို့မှ ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ (၁၃) ဦးရှိသည်။

    ဘာသာတရားနှင့်စာပေ နှစ်ပါးလုံးသည် ယဉ်ကျေးမှု၏သင်္ကေတများဖြစ်ကြသည်။ ဆရာသည် မိမိယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဘာသာတရား၏ အသိအလိမ္မာ စကားတို့ကို ကူညီမျှဝေရင်း စာပေတန်ဖိုးကိုပါ ထိန်းသိမ်းမြှင့်တင်ပေးသူပင်။ အမှန်ပင် ဂုဏ်ပြုထိုက်သည်သား။

    “ပညာရှိများကို ဂုဏ်ပြုပေးခြင်းသည် ငါတမန်တော် မုဟမ္မဒ် (ဆွ) အားဂုဏ်ပြုခြင်းမည်၏” ဟူသော ဟဒီးဆ်တော်ကို ဤဂုဏ်ပြုပွဲမှ အမှန်တကယ် အကောင်အထည် ဖော်လိုက်ခြင်းပင်။

    အမိမြေနှင့် ဝေးရာအရပ်တွင် ရောက်နေကြသော အစ္စလာမ်ဘာသာဝင်တို့မှာလည်း ဤတာဝန်ကြီးရှိသည်ကိုတော့ မမေ့စေချင်ပါ။

    အမေ့ခံစာဆိုများ၏ ဂုဏ်ပြုပွဲများကို ဆက်တိုက်ခြိမ့်ခြိမ့်သဲကျင်းပပေးသွားမှသာလျှင် မိမိတို့၏ ဇာတိပုညဥာဏ်မာန (Identity) ကို ပိုမိုထွန်းတောက်လာပေမည်။

    K (ရန်ကုန်တက္ကသိုလ်)