News @ M-Media

Blog

  • ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    ပန်းတနော်နှင့် အိမ်မဲမြို့များတွင် အေးဆေး တည်ငြိမ်လျက်ရှိ

    မတ်လ ၁၉ ၊ ၂၀၁၅
    M-Media
    သီဟ

    Pantanaw_
    ယနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် ဆိုရှယ်မိဒီယာတွင် ပြန့်နှံ့လျက်ရှိသည့် အိမ်မဲမြို့နှင့် ပန်းတနော်မြို့တွင် မတည်ငြိမ်မှု သတင်းများမှာ မှန်ကန်ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါတယ်။

    ဖြစ်စဉ်မှာ ယမန်နေ့က လိုင်စင်မဲ့ အမဲပေါ် သည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့သည့် သူများကို အမည်မသိ လူအုပ်စုမှ ရိုက်နှက်ခဲ့သည့် ဖြစ်စဉ် တခုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

    အဆိုပါဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် အရိုက်ခံရသည့် အုပ်စုများမှ မကျေနပ်သဖြင့် အိမ်မဲ ကျွန်းကလေးရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများအား ဝင်ရောက်ဖျက်ဆီးမည်ဟူသော သတင်းများ ဆိုရှယ်မီဒီယာမှာ ပြန့်နှံခဲ့ပါတယ်။ လက်ရှိ မြန်မာ စံတော်ချိန် ည ၁၀ နာရိ ဆက်သွယ်ချက်အရ အိမ်မဲမြို့ ဝန်းကျင်မှာ အေးချမ်းလျက်၇ှိပြီး မည်သည့် ပြသနာမှ ဖြစ်ပွားခြင်း မ၇ှိကြောင်း သိရှိရပါတယ်။

    အဆိုပါသတင်းနှင့် တပြိုင်နက် ပန်းတနော်ရှိ မွတ်စလင်ကလေးငယ်များ ဘာသာေ၇းစာသင်ကျောင်းကို ၉၆၉အဖွဲ့ဝင်များ နှင့် ဘုန်းကြီးအချို့ ဝိုင်းထားကြောင်း ၊ရဲတပ်ဖွဲ့မှ  မွတ်စလင် ကလေးငယ်စာသင်သား ၄ ဥိးကို ဖမ်းဆီးသွားကြောင်း စသည့် သတင်းများမှာလဲ မှန်ကန်မှု မရှိကြောင်း ပန်းတနော်မြို့မှာလဲ အေးချမ်းလျက်၇ှိကြောင်း စုံစမ်းသိရှိရပါတယ်။

    ဧရာဝတီတိုင်း တွင် အမဲသား ရိက္ခာအတွက် အမဲပေါ် ခွင့် လိုင်စင် (စီ)အား ဧရာဝတီတိုင်း အစိုးရမှ ပိတ်ပင်ထားပြီးနောက်ပိုင်း တရားမဝင် အမဲပေါ် သည့် ဖြစ်ရပ်များကို အခြေခံပြီး ပြသနာများ မကြာခဏဆိုသလို ဖြစ်လျက်ရှိပါတယ်။

  • IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    IS ၏ ဒရုန်းလေယာဉ်တစ်စင်းကို အမေရိကန် ပထမဆုံး ဖျက်ဆီး

    မတ် ၁၉၊ ၂၀၁၅
    M-Media

    Mideast Islamic State

    – အီရတ်နိုင်ငံတွင် IS အဖွဲ့မှ အသုံးပြုသော ဒရုန်းအငယ်စားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး စစ်သွေးကြွများ အသုံးပြုသည့် လူမဲ့လေယာဉ်ကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။

    နိုင်ငံအနောက်ပိုင်း ဖာလူဂျာဟ်မြို့တွင် အင်္ဂါနေ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒရုန်းလေယာဉ်မှာ အငယ်စားဖြစ်ကာ တိုက်ပွဲအခြေအနေ စောင့်ကြည့်ထောက်လှမ်းရေးတွင် အသုံးပြုသည့် လေယာဉ်ဖြစ်ပြီး အမေရိကန်မှ ထုတ်လုပ်၍ အမြင့်ပိုင်းတွင် ပျံသန်းကာ ဒုံကျည်များ ပစ်လွှတ်နိုင်သော ခေတ်မီ ဒရုန်းလေယာဉ်မျိုးမဟုတ်ဟု IS အဖွဲ့အား တိုက်ခိုက်မှုများကို ကြီးကြပ်နေနေသည့် အမေရိကန် စစ်ဌာနချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါဒရုန်းအား ခဏတာ ပျံသန်းပြီးနောက် IS အဖွဲ့ဝင်များက ကားတစ်စီးပေါ်တွင် တင်ထားခဲ့ပြီး အမေရိကန် တိုက်လေယာဉ်တစ်စင်းက အဆိုပါကားအား ဗုံးကြဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

    အမေရိကန်မှာ ၎င်းတို့၏ လူမဲ့ ဒရုန်းလေယာဉ်များကို အီရတ်နှင့် ဆီးရီးယားတို့တွင် အသုံးပြုနေပြီး IS ၏ ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ ၎င်းတို့အဖွဲ့၏ မြေပြင်လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းခြင်း၊ စသည်တို့ကို ပြုလုပ်လျက် ရှိနေသည်။

    ဆီးရီးယားအစိုးရကမူ ၎င်းတို့အနေဖြင့် ကမ်းရိုးတန်းပြည်နယ်ဖြစ်သော လတာကီယာတွင် အမေရိကန်၏ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု အင်္ဂါနေ့တွင် ကြေညာခဲ့ပြီး ပင်တဂွန်ကလည်း ဒရုန်းလေယာဉ်တစ်စင်းမှာ ထိုဒေသတွင် အဆက်အသွယ် ပြတ်တောက်သွားသည်ဟု ၀န်ခံခဲ့သည်။

    Ref: Alarabiya

  • ဆွီဒင်ရှိ အရက်ဘားတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

    ဆွီဒင်ရှိ အရက်ဘားတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား

    မတ် ၁၉၊ ၂၀၁၅
    M-Media

    sw

    – ဆွီဒင်နိုင်ငံ ဂိုသန်ဘာ့ဂ်မြို့ရှိ ဘားတစ်ခုတွင် ယမန်နေ့က သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ကမူ အဆိုပါပစ်ခတ်မှုမှာ လူဆိုးဂိုဏ်းများနှင့် ဆက်နွယ်သည့် ပစ်ခတ်မှု ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားလိုက်သည်။

    Var Krog Och ဟု အမည်ရသည့် ဘားတွင် စားသုံးသူများက ဘောလုံးပွဲကြည့်ရှုနေစဉ် ကာလာရှင်ကောဗ့် ရိုင်ဖယ်ကိုင် သေနတ်သမားနှစ်ဦး ၀င်ရောက်လာကာ မြင်မြင်သမျှကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

    “အော်တိုမက်တစ်လက်နက်ကို အသုံးပြုခဲ့တာပါ။ လူဆိုးဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုတာကို ကျွန်မတို့ မငြင်းနိုင်ပါဘူး။ ဒီဒေသမှာ တစ်ခါတစ်လေ လူဆိုးဂိုဏ်းပြဿနာတွေ ရှိပါတယ်” ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အူလာ ဘရီဟမ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုပစ်ခတ်မှုမှာ အကြမ်းဖက်မှုနှင့် ဆက်နွယ်မှုမရှိဟု ဆိုသည်။

    “အကြမ်းဖက်ဝါဒနဲ့ ပတ်သက်နေတဲ့ဆိုတဲ့ အရိပ်အငွေ့ကို လုံးဝ မတွေ့ရပါဘူး” ဟု ဘရီဟမ်ကဆိုပြီး သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာ ဟီဆင်ဂန်ကျွန်းမှာ လူဆိုးဂိုဏ်းနှင့် ဆက်နွယ်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အများအပြားဖြစ်ပွားခဲ့ရာ ဒေသလည်းဖြစ်သည်။

    Ref: Alarabiya

  • ဒေါ့မွန်အား နိုင်သည့်ညမှာ လှပသည့်ညဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ဒေါ့မွန်အား နိုင်သည့်ညမှာ လှပသည့်ညဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    မတ် ၁၉၊ ၂၀၁၅
    M-Media

    juve

    – အဝေးကွင်းတွင် ဒေါ့မွန်ကို ပြတ်သားစွာ အနိုင်ယူကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည့် အသင်းအား ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ချီးကျူးလိုက်ပြီး ထိုညမှာ အသင်းနှင့် အီတလီဘောလုံးလောကအတွက် လှပသည့် ညတစ်ညဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပထမအကျော့ အိမ်ကွင်းတူရင်တွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဂျူဗင်တပ်စ်မှာ ယနေ့နံနက်က ကစားခဲ့သည့် ဒုတိယအကျော့တွင် သက်တောင့်သက်သာဖြင့် အနိုင်ရခဲ့ကာ ၂ နှစ်အတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    အယ်လီဂရီကမူ ၂ ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး တီဗက်ဇ်အပါအ၀င် အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “လှပတဲ့ ညတစ်ညပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရပ်တန့်လို့ မရပါဘူး။ ရှေ့ဆက်သွားရမှာပါ။ ပြီးတော့ မဲခွဲမှုကို စောင့်ကြည့်ရပါမယ်။ ဒီညနေ့ရလဒ်ဟာ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်မှုကနေ ရလာတဲ့ရလဒ်ပါ။ ကစားသမားတွေနဲ့ရော အသင်းနဲ့ရောပေါ့ဗျာ။ အီတလီဘောလုံးလောကအတွက် အရေးပါတဲ့ ရလဒ်ယူရင်းနဲ့ အရေးပါတဲ့ ပွဲတစ်ပွဲကို ကျွန်တော်တို့ ကစားခဲ့ပါတယ်” ဟု အယ်လီဂရီက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ပွဲကောင်းတစ်ပွဲကို ကစားနိုင်ခဲ့ပြီး ပျော်ရွှင်မိကြောင်း နည်းပညာပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွင် မိမိတို့အသင်းက ကောင်းမွန်ခဲ့ပြီး တီဗက်ဇ်ကလည်း ၎င်း၏ ထိပ်တန်းစွမ်းရည်ကို ပြသခဲ့ကြောင်း၊ ယခုအချိန်တွင် မဲခွဲမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို မနက်ဖြန်တွင် ပြုလုပ်မည်ဖြစ်ပြီး အယ်လီဂရီကမူ မိမိတို့အသင်းမှာ ရပ်တန့်သွားမည်မဟုတ်ဘဲ ရှေ့ဆက်သွားရန် ကြိုးစားသွားမည်ဟု ဆိုသည်။

    Ref: Goal.com

  • အစွန်းရောက်မှုကို တိုက်ဖျက်နေသည့် အလ်ဂျီးရီးယားမှ မွတ်စလင် အမျိုးသမီးများ

    အစွန်းရောက်မှုကို တိုက်ဖျက်နေသည့် အလ်ဂျီးရီးယားမှ မွတ်စလင် အမျိုးသမီးများ

    မတ် ၁၉ ၊ ၂၀၁၅
    M-Media
    In Algeria, women ‘imams’ battle Islamist radicalization
    – ၁၉၉၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့ပြီး တိုင်းပြည်အား ထိခိုက် ပျက်ဆီးစေခဲ့သည့် ပြည်တွင်းစစ်ပြီးကတည်းက အလ်ဂျီးရီးယားနိုင်ငံ၌ အစွန်းရောက်ဝါဒအား တွန်းလှန်တိုက်ဖျက်ရာတွင် မွတ်စလင် အမျိုးသမီး ဘာသာရေး ဆရာမများက ရှေ့တန်းနေရာမှ ပါဝင်ခဲ့သည်။

    ထိုဆရာမများ၏ ရည်ရွယ်ချက်က အစ္စလာမ်သာသနာကို လွဲမှားစွာ အဓိပ္ပါယ်ကောက်သူများ၏ စက်ကွင်းမှ လွတ်မြောက်စေရန် အမျိုးသမီးများအား ထိန်းကြောင်းရန် ဖြစ်လေသည်။

    ဆီးရီးယား၊ အီရန်နှင့် အိမ်နီးချင်းလစ်ဗျားနိုင်ငံမှာပင် IS အဖွဲ့ ပေါ်ထွက်လာခြင်း၊ ထိုနည်းတူစွာ အလ်ကိုင်းဒါးနှင့် ဆက်နွယ်သူ စစ်သွေးကြွများနှင့် Salafists များ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းတို့ကလည်း ၎င်းတို့အား အလုပ်များစေသည်။

    ထိုဆရာမများကို “မော်ရှီဒါ” ဟုခေါ်ပြီး ၎င်းတို့၏ရည်ရွယ်ချက်က အစ္စလာမ်၏ စစ်မှန်သော သွန်သင်မှု၊ ခန္တီတရားတို့အား ပြန့်နှံ့စေရန်ဖြစ်ပြီး အစ္စလာမ်အဆုံးမမှ သွေဖည်နေသူများကို ပြန်လည်တည့်မတ်ပေးရန် ဖြစ်သည်။

    “လူ့အသတ်သတ်ခြင်းဆိုတာ ကြီးမားတဲ့အပြစ်တစ်ခုပါ။ ဒါေ့ကြာင့် ဒီလူတွေဟာ အစ္စလာမ်နာမည်ကို ကိုင်ပြီး အပြစ်မဲ့တဲ့သူတွေကို ဘာဖြစ်လို့ သတ်နေကြတာလဲ” ဟု အသက် ၄၅ နှစ်ခန့်ရှိပြီး ခရမ်းနုရောင် ပုဝါနှင့် ဟီဂျဘ်ဝတ်ဆင်ထားသည့် ဖသမာ ဇိုဟ်ရာက ဆိုသည်။

    သာသနာရေးရာဝန်ကြီးဌာနမှ အသိအမှတ်ပြု ခန့်အပ်ထားသည့် ၃၀၀ သော “မော်ရှီဒါ” များ ကဲ့သို့ပင် ဇိုဟ်ရာမှာလည်း အစ္စလာမ်ရေးရာ အထူးပြုဖြင့် ဘွဲ့ရထားပြီး ကုန်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ထားသူ တစ်ယောက် ဖြစ်သည်။

    ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူပေါင်း ၂ သိန်း သေဆုံးခဲ့သည့် ပြည်တွင်းစစ်ပြီးနောက် အခြားသူများအား အစ္စလာမ်ဓမ္မရေးရာ သင်ကြားပို့ချပေးရန် ဆန္ဒက အစ္စလာမ်ဘာသာရေးနှင့်ပ တ်သက်၍ ပိုမိုသိရှိနားလည်အောင် လေ့လာသင်ယူရန် လှုံဆော်ပေးခဲ့သည်ဟု ဇိုဟ်ရာက ဆိုလေသည်။

    အလ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်သည့် ၁၉၉၁ ခုနှစ် ရွေးကောက်ပွဲကို အစိုးရတာဝန်ရှိသူများက ပယ်ဖျက်လိုက်ရာမှ ပြည်တွင်းစစ် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အစ္စလာမ်ရေးရာတပ်ဦး ပါတီက အနိုင်ရခဲ့သည်။

    ထိုစဉ်က ကျောင်းသူတစ်ဦးဖြစ်သည့် ဇိုဟ်ရာက ဗလီဝတ်ကျောင်းတော်တွင် အမျိုးသမီး အုပ်စုနှင့် ဆုံတွေ့သည့်အခါ “အယ်ဂျီးရီးယန်းတွေအချင်းချင်း အစ္စလာမ်ရဲ့ နာမည်အောက်မှာ သတ်နေကြတယ်” ဟု ခါးသီးစွာ ညည်းတွားခဲ့သည်။

    လွန်ခဲ့သည့် ၁၇ နှစ်တာလုံးလုံး သူမက အမျိုးသမီးများ၏ အသံများကို နားထောင်သည်။ ၎င်းတို့အား အကြံဥာဏ်ပေးသည်။ ထိုအမျိုးသမီးများ၏ ပြဿနာများက ဘာသာရေးနှင့်မနွယ်လျှင် ဇိုဟ်ရာက အခြားသော ကျွမ်းကျင်သူများထံ လမ်းညွှန်ပေးလေ့ရှိသည်။

    မော်ရှီဒါများက စိတ်ပညာနှင့် လူ့မှုဗေဒဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြု၍ ဗလီဝတ်ကျောင်းတော်များ၊ အကျဉ်းထောင်များ၊ လူငယ်စင်တာများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် ၎င်းတို့၏ လုပ်ငန်းများကို ဆောင်ရွက်ကြသည်။ အီမာမ်ဟုခေါ်သည့် အမျိုးသား ဆရာများနှင့် မတူညီသည့်တစ်ချက်က ၀တ်ပြုမှုကို ဦးဆောင်ခွင့်မရှိခြင်ျးဖြစ်သည်။

    နိုးကြားမှုလိုပြီ
    ——————
    အမျိုးသမီးများအား သာသနာ့အသိပညာများ သင်ကြားပို့ချပေးရန် မော်ရှီဒါတစ်ဦးကို ၁၉၉၃ ခုနှစ်တွင် ပထမဆုံး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးချိန်က အိမ်ရှင်မများကိုသာ ဦးတည်၍ သင်ကြားမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း မော်ရှီဒါများ၏ သင်ကြားမှု အ၀န်းအ၀ိုင်းမှာ ကျယ်ပြန့်လာခဲ့ပြီး တက္ကသိုလ်ကျောင်းသူများနှင့် အသက်မွေးဝမ်းကြောင်း ပညာရှင်များ နယ်ပယ်အထိပင် ရောက်ရှိလာခဲ့သည်။

    အထက်တန်းကျောင်းမှ သင်္ချာဆရာမတစ်ဦးဖြစ်သူ မာရီယမ်က လူငယ်များအား လမ်းမှားသို့ရောက်အောင် ဖျားယောင်းသိမ်းသွင်းသူများ ပေါ်ပေါက်လာခြင်းက လွန်ခဲ့သည့်လအနည်းငယ်မှ စ၍ ဇိုဟ်ရာတို့ကဲ့သို့ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် ဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်မဟာ စစ်မှန်တဲ့အစ္စလာမ်ကိုပဲ သင်ယူချင်ပါတယ်” ဟု မာရီယမ်က ပြောကြားခဲ့သည်။

    အခြားသော မော်ရှီဒါတစ်ယောက်ဖြစ်သူ ဆာမီယာက ၎င်းအနေဖြင့် လူငယ်များ၊ အမျိုးသား၊ အမျိုးသမီးငယ်များ အစွန်းရောက်အတွေးအခေါ် ၀င်ရောက်မှုမြင့်မားသည့် အလ်ဂျီးရီးယားရှိ ဒေသတစ်ခုတွင် လွန်ခဲ့သည့် ၁၅ နှစ်လုံးလုံး အသိပညာပေးမှုများ လုပ်ဆောင်နေခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကလေးတွေ ဒီလိုအစွန်းရောက်အတွေးအခေါ်တွေ ၀င်ရောက်တာလာတာ မြင်ရတော့ မိခင်တွေက ရင်ကြိုးရပါတယ်။ သူတို့ ကျွန်မကို ရင်ဖွင့်ကြတယ်။ ဒါ့ကြောင့် အခြားသူတွေရဲ့ အကူအညီနဲ့ သူတို့လေးတွေကို အစွန်းရောက်တွေးအခေါ်တွေ ပျောက်သွားအောင် ကျွန်မတို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ဆာမီယာက ပြောကြားခဲ့သည်။

    ထို့ပြင် အလ်ဂျီးရီးယားပြည်သူများအနေဖြင့် သတိဝိရိယရှိရမည်ဟု ၎င်းက ဆိုသည်။

    “အလ်ဂျီးရီးယန်းတွေ IS အဖွဲ့နဲ့ သွားပူးပေါင်းတာ တော်တော်လေးနည်းပေမယ့် သတိဝိရိယကတော့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အစွန်းရောက်ခြင်းဆိုတာ ပုံစံအမျိုးမျိုး ရှိလို့ပါပဲ”

    ထို့ပြင် အီမာမ်အတုများက ကုရ်အာန်၏ သင်ကြားချက်များကို နကန်းတစ်လုံးမှ နားမလည်ဘဲ တီဗီအစီအစဉ်များ၊ အင်တာနက်စာမျက်နှာများမှတစ်ဆင့် အခြားသူများအား ဖြားယောင်းသွေးဆောင်နေကြသည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “မနူးမနပ်အရွယ်လေးတွေက ပုံသွင်းရလွယ်ပြီး၊ လွယ်လွယ်ကူကူလမ်းမှားနိုင်တာကြောင့် သူတို့လေးတွေကို မဖြစ်မနေ စောင့်ကြရပါမယ်”

    အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်မှာ အစွန်းရောက် အတွေးအခေါ်များ ၀င်ရောက်လာသောကြောင့် မိဘများက လာရောက်အကူအညီတောင်းသည့် အဖြစ်အပျက်တစ်ခုကိုလည်း ဆာမီယာက ဖွင့်ဟခဲ့သေးသည်။

    “ကျွန်မတို့ဟာ ဒီကောင်မလေးကို လအတော်ကြာ အကြံပေးမှုတွေ လုပ်ခဲ့ပြီး သူပြောတာတွေကိုလည်း နားထောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ ကျောင်းပြန်တက်ခဲ့ပြီး သာမန်ဘ၀ကို ပြန်ရောက်သွားပါတယ်”

    ဆာမီယာကဲ့သို့ပင် အခြားသော မော်ရှီဒါများကလည်း လူငယ်များအား အစွန်းရောက်များ၏ ဖမ်စားမှုအတွင်းသို့ မကျရောက်စေရန် ကူညီဆောင်ရွက်ပေးရခြင်းကို ဂုဏ်ယူနေလေသည်။

    “ဒါဟာ ကျွန်မတို့အလုပ်ရဲ့ ဆုလာဘ်တစ်ပါးပါပဲ”

    ref:AFP, Algiers
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။