News @ M-Media

Blog

  • အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    မတ် ၁၂၊ ၂၀၁၅
    M-Media

    cham 4

    – ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲရဲ့ ဒုတိယအကျော့ ၄ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ
    ကစားခဲ့ပြီး မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ပါတယ်။

    ရီးယဲလ် ၃-၄ ရှော်လ်ကာ (နှစ်ကျော့ပေါင်း ၅-၄ ဖြင့် ရီးယဲလ် နောက်တစ်ဆင့်တက်)

    ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရီးယဲလ်တို့ အရှက်တကွဲ ဖြစ်ခဲ့ရပြီး ကစားပုံလည်း အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဧည့်သည်ရှော်လ်ကာတို့ ကစားပုံညက်ညောခဲ့ပြီး ဦးဆောင်ဂိုးတွေကိုလည်း စရခဲ့တာပါ။ ရီးယဲလ်ကတော့ နောက်က လိုက်ကစားခဲ့ရပြီး ချေပဂိုးအချို့ ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် ပထမကျော့မှာ ၂ ဂိုးပြတ် နိုင်ထားတာကြောင့်သာ ရီးယဲလ်တို့ ကံကောင်းထောက်မပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဒီပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေမှာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အတွက်တော့ ရော်နယ်ဒိုတစ်ယောက် ပွဲအပြီးမှာ အိနြေ္ဒမဆည်နိုင်အောင် ပေါက်ကွဲခဲ့ပါတယ်။ ရီးယဲလ်တို့ နောက်ဆုံး ၅ နှစ်ဆက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးပွဲမရှိ စံချိန်တော့ ကျိုးပျက်ခဲ့ရပါတယ်။

    ပေါ်တို ၄-၀ ဘေဆယ် (နှစ်ကျော့ပေါင်း ၅-၁ ဖြင့် ပေါ်တို နောက်တစ်ဆင့်တက်)

    ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပြီး ပေါ်တူဂီမှာကစားခဲ့တဲ့ ဒီပွဲမှာတော့ အိမ်ရှင်ပေါ်တိုတို့ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၅ နှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ချယ်ဆီး ၂-၂ (နှစ်ကျော့ပေါင်း ၃-၃ ဂိုးဖြစ်သော်လည်း အဝေးဂိုးရလဒ်ဖြင့် ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်)

    ပီအက်စ်ဂျီတို့ ထိုက်ထိုက်တန်တန်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ ပဲရစ်မှာ ၁ ဂိုးစီ သရေကျပြီး အဝေးဂိုးအသာရထားတဲ့ ချယ်ဆီးတို့ ပွဲအစမှာ အကုန်ထုတ်မကစားခဲ့ဘဲ၊ ပီအက်စ်ဂျီကလည်း အမှားစောင့်ကစားတာမို့ ပွဲက အနည်းငယ် အေးခဲ့ပါတယ်။ ၃၁ မိနစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ချယ်ဆီတို့ တွန်းတွန်းတိုက်တိုက် သိပ်မရှိခဲ့ပါဘူး။ ၈၁ မိနစ်မှာ ကာဟေးလ်က ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ချယ်ဆီးနောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်က ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၉၀ ဟာ သရေနဲ့ပြီးခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

    အချိန်ပို စစချင်းမှပဲ နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဧရိယာအတွင်းမှာ လက်နဲ့ထိလို့ ချယ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး ဟာဇာ့ဒ်က အမှားအယွင်းမရှိဘဲ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၁၄ မိနစ်မှာတော့ သီယာဂိုဆေးလ်ဗားကပဲ ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီဖြစ်နေပေမယ့် ပီအက်စ်ဂျီက အဝေးကွင်း ၂ ဂိုးရခဲ့တာကြောင့် အဲဒီအားသာချက်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    ဘိုင်ယန် ၇-၀ ရှက်တာဒိုးနက် (နှစ်ကျော့ပေါင်း ၇-၀ ဖြင့် ဘိုင်ယန်နောက်တစ်ဆင့်တက်)

    ပထမကျော့မှာ ဂိုးမရှိသရေကျခဲ့လို့ ဝေဖန်ခံနေရတဲ့ ဘိုင်ယန်တို့ ပြတ်ပြတ်သားသားပဲ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေကိုတော့ မူလာက ပင်နယ်တီ တစ်လုံးအပါအ၀င် ၂ လုံး၊ ဘိုအာတင်း၊ ရီဘာရီ၊ ဘက်စ်တူဘာ၊ လီဝန်ဒေါ့စကီးနဲ့ ဂိုတက်ဇ်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    ကျန်တဲ့ ၈ သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို လာမယ့်တစ်ပတ်မှာ ကစားမှာဖြစ်ပြီး ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကိုတော့ ၂၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

  • ၂၀၁၅ ‎ရွေးကောက်ပွဲ မရှိလောက်တော့ဘူးလား?

    ၂၀၁၅ ‎ရွေးကောက်ပွဲ မရှိလောက်တော့ဘူးလား?

    မတ် ၁၂ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။

    lat ba toung

    မတ်လထဲ ကျောင်းသားသပိတ်ကို ရန်ကုန်နဲ့ လက်ပတောင်းမှာ ဦးသိန်းစိန် အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုလုပ်ရပ်ဟာ တကယ်ကို အကျည်းတန်ခဲ့ပါတယ်။

    ရွေးကောက်ပွဲ ကျင်းပဖို့ ကြားမှာ ၇ လပဲ ကျန်ချိန်မှာ… အာဏာရ ကြံ့ဖွံ့ ပါတီ က ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ ဘာကြောင့်ဒီလိုလုပ်ရသလဲ။

    ပြည်သူ့ထောက်ခံမှုကို အသည်းအသန် ရှာဖွေပြရမယ့်အချိန်မှာ… ကြံ့ဖွံ့ အစိုးရ ဘာကြောင့်ဒီလိုလုပ်ရသလဲ။

    ပြည်သူနဲ့ တသားတည်းဖြစ်ကြောင်း ပြသရမယ့် အချိန်မျိုးမှာ .. .ကြံ့ဖွံ့ အစိုးရ ဘာကြောင့်ဒီလိုလုပ်ရသလဲ။

    ပြည်သူတွေ ကျောင်းသားတွေ သံဃာတွေကို တမင်အကြောင်းရှာ ရိုက်နှက်ပြကာ အခြေအနေ မဆိုး ဆိုးအောင် ဖန်တီးနေတဲ့ ဒီအစိုးရဟာ ရွေးကောက်ပွဲ မပျက် ပျက်အောင် လုပ်နေတာလား ဒါမှမဟုတ် ရွေးကောက်ပွဲ မကျင်းပတော့ဘူးလား။
    .
    ၂၀၁၀ တုန်းက ဒီအချိန်မှာ လမ်းတွေကို ကွန်ကရစ် ဇွတ်ခင်းပြ။ ငွေချေးပြီး မဲရအောင် ဆွယ်ကြ၊ ကြံ့ဖွတ်ရုံးတွေမှာ ဖြိုးစေတနာဆေးခန်းတွေ ဖွင့်ပြကြ။ အချို့နေရာတွေဆို လမ်းတစ်ခြမ်းခင်းပြီး ရွေးကောက်ပွဲ မဲစရန်သတ်တာတွေတောင် ရှိခဲ့ပါရဲ့။ ဒါက မဲလိုချင်လို့ လုပ်ကြတာ။ သဘာဝ ကျသေးတယ်။

    ခု ၂၀၁၅ ရောက်မှ ပြည်သူ၊ ကျောင်းသား၊ ဘုန်းကြီးတွေကို လမ်းပေါ်မှာပဲ နေ့ခင်းကြောင်တောင် ရိုက်နှက် ထုနှက်ပြီး မဲ မလိုချင်ကြောင်း၊ မဲကို လုံးဝ ဂရုမစိုက်ကြောင်း ပြသခဲ့ကြပြီ။

    ရွေးကောက်ပွဲတကယ်သာ ရှိရင်လည်း သူတို့ကို သေချာပေါက် ထောက်ခံမှု ကျဆင်းစေမယ့် အလုပ်ကို ကြံဖန်ပြီး လုပ်စရာအကြောင်းကို မရှိဘူး။

    ဒီအခြေအနေနဲ့ ရွေးကောက်ပွဲလုပ်ရင်လည်း ဘာရလဒ်ထွက်မယ်ဆိုတာ မသိလောက်အောင် ဒီလူတွေ မတုံးကြဘူး။

    7

    တွေးကြည့်စရာ များများမရှိပါဘူး။

    ကျောင်းသားတောင်းဆိုတာကို ပေးလိုက်ရင် သူတို့ကို ထောက်ခံမယ့်လူတွေ ဒုနဲ့ဒေးဖြစ်လာနိုင်တဲ့ မဖန်ဘဲဖြစ်လာတဲ့ ဂွင်ကြီးကို ဘာကြောင့် ကန့်လန့်တိုက် အမုန်းပွားအောင် လုပ်လိုက်ကြသလဲ။

    ဒီကြားထဲမှာ ကုလားဖက်ကို အတင်းအကျပ် အကြောင်းမဲ့ ဂွင်ဖန်ဆွဲလှည့်တာတို့၊ အဓိကရုဏ်း တမင် ဖန်တီးလာတာတို့ကို ထပ်တွေ့ရရင်တော့ သေချာသလောက်ရှိပြီ။ ရွေးကောက်ပွဲ ဘယ်လိုမှ မရှိနိုင်တော့ဘူး။ အဖြေကို ကြိုတင် သိနိုင်ပါလျှက် ရွေးကောက်ပွဲ လုပ်ပေးရလောက်အောင်လည်း ဒီလူတွေ နုံကြမယ် မထင်မိ။

    တကယ်လို့များ ခင်ဗျားသာ ဦးသိန်းစိန်နေရာမှာဆို ဒီအခြေအနေကြီးမှာ ဘယ်အကွက်ဆက်ရွှေ့မလဲဗျ။ သေးသေးလေးတော့ မစဉ်းစားနဲ့နော်။ ဒီလူတွေက အမြင်တစ်ခုပြောင်းဖို့ မြို့တွေကို မီးရှို့ပစ်ဖို့၊ လူတွေကို သတ်ဖြတ်ဖျက်ဆီးဖို့ ၀န်လေးသူတွေ မဟုတ်ကြဘူး။

    တခုခုကိုတော့ ဒီကြားထဲမှာ ထိုးကျွေးကို ထိုးကျွေးပါတော့မယ်။ ထိုးကျွေးခံရမယ့် သားကောင်က ဘယ်သူဖြစ်မလဲသာ မသိရသေးတာ။

    ပြည်သူဖက်ကလည်း ဘာတခုမှ မပြင်ရသေးဘူး။ ၅၉(စ) ပျောက်၊ ၄၃၆ ပြင်ဖို့ လှုပ်ရှားမှုပျောက်၊ လယ်တီသိမ်ပျောက်၊ ခေါင်းလောင်းကြီးပျောက်၊ ကိုပါကြီးပျောက်၊ ဒေါ်ခင်ဝင်းပျောက်၊ ကချင်ဆရာမလေးနှစ်ယောက်ပျောက်၊ အကုန်ပျောက်၊ အစိုးရ ကကွက်ထဲမှာ စီးမျောနေကြတုန်း။

    နောက်လာမယ့် ၇ လတာမှာ မြန်မာ့အရေး ဘာဖြစ်လာနိုင်မလဲ။ အဖြေတွေလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။

    ကျွန်တော်တစ်ဦးတည်း အမြင်ကတော့ ရွေးကောက်ပွဲ မရှိလောက်တော့ဘူး ထင်မိတယ်ဗျ။ ရွေးကောက်ပွဲရှိခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဘာမှမပါတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဘာမှဖြစ်မလာနိုင်တဲ့ ရွေးကောက်ပွဲဖြစ်လာအောင် ကြားထဲမှာ ဖြစ်ရပ်တွေကို ဖန်တီး၊ အချိန်ဆွဲ လှည့်ပတ်ကာ နိုဝင်ဘာ မရောက်ရောက်အောင် ဆွဲဆန့်နေကြသလားလို့။

    ပြည်သူတွေလည်း ပစ်မှတ်ပျောက်ကာ မှုန်ဝါးဝါးပါတီရဲ့ ၀ါးတားတားခေါင်းဆောင်နောက်မှာ မပြတ်မသားရပ်နေကြတုန်း။

    Photo Credit- BBC,Reuters

  • ပီပြင်တဲ့ အနာဂတ်ဘဝ

    ပီပြင်တဲ့ အနာဂတ်ဘဝ

    မတ် ၁၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    Blog-The-Future
    လူတိုင်းလိုလိုရဲ့ရင်ထဲမှာ အနာဂတ်အတွက် စိတ်ကူးလေးတွေ ကိုယ်စီရှိထားနှင့်ကြသည်က သဘာဝပါပဲ။ အဲဒီအတွက် ပုံဖော်နိုင်အောင်လည်း ကြိုးပမ်းကြရတယ်။ စိတ်ကူးနှင့် လက်တွေ့ဘဝ တစ်ထပ်တည်းကျလို့ အောင်မြင်ပျော်ရွှင်ရသူတွေလည်း ရှိသလို၊ မှန်းထားတဲ့ အတွေး စိတ်ကူးတွေနှင့် အံချော်လွဲဖယ်သွားသူတွေလည်း ရှိပါတယ်။ တချို့ရှိတယ်။ လက်တွေ့မပါ စိတ်ကူးချည်း သက်သက်နှင့် အဖိုးတန် အချိန်တွေကို နှမြောစရာကောင်းလောက်အောင် ဖြုန်းပစ်နေကြရော။ ဒီတော့လည်း ပီပြင်တဲ့အနာဂတ်ဘဝ တစ်ခုကို ပိုင်ဆိုင်ခွင့်မရတာ အံ့သြစရာ မရှိပါဘူးနော်။ တကယ်တော့ ပြန်ပြီးဖြည့်ဆည်းလို့မရ၊ ဝယ်လို့လည်းမရတာ အချိန်ပါပဲလို့ဆိုရင် အဲဒီလောက်အဖိုးတန်တဲ့အချိန်ကာလတွေမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြောရင် ကိုယ့်ဝန်းကျင်နှင့် လူသားအကျိုးပြုလုပ်ရပ် တစ်ခုခုလုပ်ရင်း ကုန်ဆုံးသင့်သည်ပဲပေါ့။

    ပီပြင်တယ်ဆိုတာဟာ ရှင်းလင်းပြတ်သားပြီး ရိုးရှင်းစွာပုံပေါ်နေတာမျိုးလို့ ဆိုနိုင်တယ်။ လာမယ့် မနက်ဖြန်ကနေ နောက်ဆုံး ထွက်သက်အထိ ကာလကိုတော့ တစ်ဦးချင်းရဲ့အနာဂတ်လို့သတ်မှတ်ရင် ထင်ရှားပြတ်သားတဲ့ အနာဂတ်ဘဝကို ပုံဖော်ဖို့ဆိုတာ ကာယကံရှင်ရဲ့  သဘောဆန္ဒအတိုင်းပါ။

    ကောင်းပြီ။ ပီပြင်တဲ့ အနာဂတ်ကိုတည်ဆောက်ဖို့ ဘယ်သူတွေ၊ ဘယ်လိုတည်ဆောက်ကြမယ် ဆိုတာကို ဆန်းစစ်လေ့လာကြည့်ကြ ရအောင်ပါ။ တကယ်တမ်းပြောရရင် အရွယ်သုံးပါးမရွေး လူတိုင်းလူတိုင်းမှာ ကြိုးစားတည်ဆောက်ခွင့်ရှိနေတယ်။ လူ့သက်တမ်းကို အကြမ်းဖျင်းအနေနှင့် နှစ် (၇၀) လို့သတ်မှတ်မယ်ဆိုရင် သက်တမ်း ၁/၃ ရှိတဲ့ လူငယ်သက်တမ်း တစ်ဝက်လောက်ရှိတဲ့ လူလတ်ပိုင်းနှင့် သက်တမ်းစေ့ (လွန်) သက်ကြီးပိုင်းလို့ သတ်မှတ်နိုင်တယ်။

    လူငယ်တွေအနေနှင့် ငယ်ဂုဏ်က ရှိပြီးသားမို့ စိတ်သွားတိုင်းကိုယ်ပါ၊ တက်ကြွဖျတ်လတ်တယ်။ ဇွဲနပဲကြီးကြီးထားပြီး မဖြစ်မနေကြိုးစားတာ လူငယ်အများစုရဲ့သဘာဝ။ လူငယ်ဘဝမှာ အတတ်ပညာတွေကို ရတတ်သရွေ့ကြိုးပမ်းရှာတယ်။ ပြီးတော့ လက်တွေ့အသုံးချရင်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ်။ အောင်မြင်တဲ့အခြေအနေတစ်ခုကို မျှော်မှန်းထားတာ လူငယ်ရဲ့ပီပြင်တဲ့အနာဂတ်လို့ ဆိုနိုင်တယ်။

    လူလတ်ပိုင်းအရွယ်မှာတော့ ဘဝတစ်ခုကိုအခြေတကျ တည်ဆောက်ပြီးတဲ့ အရေအတွက်က များတယ်လို့ ဆိုရမယ်။ အလုပ်ပြီးအလုပ်၊ စီးပွားပြီးစီးပွားရှာရင်း မိသားစုအတွက် ကြိုးပမ်းနေကြတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်နှင့် သားတွေသမီးတွေအတွက် အားတက်သရော ရှာဖွေနေကြသူတွေလည်း ဖြစ်တယ်။ အထူးသဖြင့် ကိုယ့်သားသမီးလေးတွေရဲ့ အနာဂတ်ဘဝ ပီပြင်လှပဖို့ ပညာ၊ ငွေနှင့် အချိန်တွေကို အရင်းအနှီးလုပ်ပေးနေရချိန်ပါပဲ။ သူတို့လေးတွေအတွက် ခိုင်မာတဲ့ အဖြေတစ်ခုခုကို ဖန်တီးပေးချင်တာဟာ အဓိကမျှော်မှန်းချက်ဖြစ်သလို ကိုယ်တိုင်လည်းစိတ်အေးချမ်းတည်ငြိမ်လှပတဲ့ အနာဂတ်ဘဝကို တည်ဆောက်ချင်တာ ပြင်းပြတဲ့ဆန္ဒတစ်ခုလို့ ဆိုရမယ်။

    အဖေက ကျွန်မတို့ငယ်ဘဝမှာ မကြာမကြာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းက
    “Be content with what you have, but not with what you are”
    “ရှိတာနဲ့ ရောင့်ရဲကျေနပ်၊ ဒါပေမယ့် လက်ရှိဘဝကို ဘယ်တော့မှ မရောင့်ရဲနဲ့” တဲ့။

    တတ်ထားတဲ့ပညာ၊ လေ့လာထားတဲ့အသိပညာတွေဟာ ပြည့်စုံလုံလောက်ပြီလို့ ဘယ်တော့မှ မယူဆဘဲ၊ ပိုပြီးတိုးတက်အောင်မြင်အောင် ကြိုးစားနေကြရမှာပဲလို့ ဆိုလိုတဲ့သဘော။ လှပတဲ့အနာဂတ်တစ်ခုကို ရိုးရိုးစင်းစင်းလေး တည်ဆောက်ချင်သူဟာ ကိုယ့်ရဲ့စိတ်ကူးတွေပီပြင်လာအောင် အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိကြပြီး သူများတကာရဲ့ ကြွယ်ဝမှုနှင့် အောင်မြင်မှုတွေကို ဝန်တိုစိတ်ကင်းကင်း ထားတတ်ကြတယ်။

    ဘဝဆိုတာရှိရင် အနာဂတ်ဆိုတာ ရှိကိုရှိရမယ်။ အဲဒီအနာဂတ်ဟာလည်း ပီပြင်လှပအောင် ပုံဖော်ထားတာမျိုးဖြစ်ရမယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကို ဦးဆုံးဆန်းစစ်ကြည့်မှ ဘဝမှာဘာဖြစ်ချင်တာလဲ၊ အဲဒီရည်မှန်းချက်ပြည့်အောင် ဘာလုပ်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေကြည့်နိုင်မှာဖြစ်တယ်။ နည်းလမ်းတွေ ရှာဖွေလေ့လာလို့တွေ့ပြီပဲထား လက်တွေ့လိုက်နာကျင့်ကြံဖို့က လိုပြန်ရော။ သိပ်ပြီးကောင်းပါတယ်ဆိုတဲ့ သီအိုရီတွေ အဆိုအမိန့်တွေကို ဖတ်မှတ်ထားရုံနှင့် မလုံလောက်ဘူးလေ။ ကိုယ်တိုင်လက်တွေ့ကြိုးစားဦးမှ ဖြစ်တာကိုး။

    ကိုယ့်အတွက် တကယ်တမ်းအားဖြည့်ကူညီပြီး လမ်းညွှန်ပေးနိုင်တာကတော့ အတွေ့အကြုံများတဲ့ အသိပညာရှင်တွေနှင့် စာအုပ်စာတမ်းတွေပါပဲ။ တစ်ခုရှိတာက ဘဝအတွက်တိုးတက်ရာ တိုးတက်ကြောင်း ညွှန်ပြပေးမယ့်သူတွေဆိုတာ အခန့်သင့် ကြုံချင်မှကြုံကြိုက်တာမျိုး။ အားကိုးအားထားပြုရမယ့်သူ ကိုယ့်အကျိုးကို တကယ်လိုလားပြီး နည်းပေးလမ်းပြ လုပ်မယ့်သူဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါဆိုရင် ရင်ထဲမှာစိတ်ကူးထားတဲ့ အနာဂတ်ဘဝကို ကောင်းကောင်းကြီးအကောင်အထည်ဖော်နိုင်ပြီပေါ့။

    အဲဒီလိုမဟုတ်ခဲ့ရင် ဘာလုပ်မလဲ။ စာဖတ်ရမှာပေါ့။ ဘဝအတွက် အကောင်းဆုံး လမ်းညွှန်မိတ်ဆွေတွေဟာ စာအုပ်တွေပဲလို့ ယေဘုယျ သတ်မှတ်ထားကြသည်။ ကိုယ့်ရည်မှန်းချက်နှင့် အနီးစပ်ဆုံး ကိုက်ညီမည့် စာအုပ်တွေဟာ တကယ့်ကိုအားထားရာတွေပါပဲ။ တချို့က ပြောကြမယ်။ နေထွက်ကနေဝင် ဇယ်စက်သလို သွားလာလှုပ်ရှားနေရတာမို့ စာဖတ်ချိန်မရှိပါဘူး။ တကယ်တမ်းဖြစ်ချင်တဲ့အာသီသရှိသူဟာ နေ့တစ်နေ့ရဲ့ မိနစ်ပိုင်းလောက်ကိုပဲဖြစ်ဖြစ် စာဖတ်ချိန်သီးသန့်ဖယ်ခွင့်ရှိပါတယ်။ လက်တွေ့လုပ်ကြည့်ဖို့တော့ လိုမှာပေါ့။

    ဆိုပါစို့။ စာရေးသူတစ်ယောက်ဖြစ်ဖို့ ဝါသနာကြီးသူတစ်ယောက်အတွက် စာဖတ်နာရမယ်၊ စာစုံဖတ်ရမယ်၊ မှတ်မယ်၊ အတွေးတွေကို စကားလုံးအဖြစ် ရေးချမယ်၊ သတ်ပုံသတ်ညွှန်း၊ အရေးအသားစတာတွေကို မျက်ခြေမပြတ် လေ့လာနိုင်ရမယ်၊ စတာတွေကို တစိုက်မတ်မတ်လုပ်ရင်း မျှော်မှန်းထားတဲ့ စာရေးသူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေရလာမှာပါ။ ကြိုးစားနေရမှာက ကိုယ့်တာဝန်ပဲမဟုတ်လား။

    ဒီတော့ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် အနာဂတ်ကိုမျှော်လင့်ရင်း ရှင်သန်နေကြတာ အများစုရဲ့ ရင်တွင်းဆန္ဒပဲ။ ဖြစ်မလာနိုင်တော့ပါဘူးဆိုတဲ့ အားလျှော့သံဟာ ပီပြင်တဲ့အနာဂတ်နှင့် ဝေးသည်ထက်ဝေးစေတာတော့ အမှန်ပါပဲဆိုတာကိုတော့။

    နှင်းဆီခင်

  • နိုင်ငံတကာ သတင်းတို (မတ် ၁၁၊ ၂၀၁၅)

    မတ် ၁၁၊ ၂၀၁၅
    M-Media

    – တနင်္လာနေ့က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ စတင်ပျံသန်းခဲ့သည့် Solar Impulse 2 နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပျံမှာ ယမန်နေ့က အိန္ဒိယနိုင်ငံ အဟ်မီဒါဘဒ်မြို့သို့ ရောက်ရှိခဲ့သည်။ အိုမန်နိုင်ငံမှ ၁၅ နာရီကြာပျံသန်းကာ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်မှာ ၎င်းတို့ခရီးစဉ်၏ ဒုတိယပိုင်းလည်းဖြစ်သည်။

    – အစိုးရနှင့် ခွဲထွက်ရေးသမားတို့ တိုက်ပွဲများဖြစ်ပွားရာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး ထိုအတွက် မိမိတို့က စိုးရိမ်မိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    – ဖမ်းဆီးထားသူများအား ထိန်းသိမ်းထားသည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ IS ၏ အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က အကျဉ်းသား ၉၅ ဦးမှာ ထောင်ဖောက်ထွက်ပြေးလာခဲ့သော်လည်း အများစုမှာ ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့သည်ဟု ဆီးရီးယားအရေး စောင့်ကြည့်သည့်အဖွဲ့က ပြောကြားခဲ့သည်။ ထောင်ဖောက်ထွက်ပြေးလာသူများတွင် ဆီးရီးယား ပြည်သူများ၊ ကာ့ဒ်တိုက်ခိုက်ရေးသမားများနှင့် IS အား ဆန့်ကျင်သော အစ္စလာမ့်မစ် တိုက်ခိုက်ရေးသမားများ ပါဝင်ခဲ့သည်။

    – ပြီးခဲ့သည့်နှစ် နွေရာသီ အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် ဂါဇာဒေသအတွင်း အိမ်အလုံးပေါင်း ၁၀၀၀ ဆောက်လုပ်ပေးမည့် ကန်ဒေါ်လာ ၁ ဘီလီယံတန် စီမံကိန်းကို ကာတာနိုင်ငံမှ စတင်ခဲ့သည်ဟု သိရသည်။

    – ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကို မည်သည့်အချိန်မဆို တိုက်ခိုက်နိုင်ရန်အတွက် အာကာသတဲတွက် လက်နက်များထားခြင်းမှာ ကမ္ဘာ့လုံးဆိုင်ရာ လုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ဂျီနီဗာတွင် ပြုလုပ်သည့် လက်နက်ဖျက်သိမ်းရေး ညီလာခံတွင် ရုရှားကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် အစ္စရေးမှ နေအိမ်များ ဖျက်ဆီးမှုကြောင့် ဒုက္ခရောက်နေကြသည့် ဘဒူအင်လူမျိုးစုများ နေထိုင်နိုင်ရန် ဥရောပသမဂ္ဂက ဆောက်လုပ်ပေးထာသော ယာယီကယ်ဆယ်ရေးစခန်း ၂၀၀ ကို အစ္စရေးက ထပ်မံဖျက်ဆီးပစ်ခဲ့ပြီး ထိုလုပ်ရပ်အတွက် ဥရောပသမဂ္ဂမှ ကန့်ကွက်ရှုတ်ချလိုက်သည်။

    – Pirates of the Caribbean 5 ဇာတ်လမ်းကို သြစတေးလျေနိုင်ငံ ကွင်းစ်လန်းရှိ တောအုပ်တစ်ခုထဲတွင် ရိုက်ကူးနေစဉ် မတော်တဆမှုကြောင့် နာမည်ကြီးမင်းသား ဂျော်နီဒက်ပ်မှာ လက်တွင်ဒဏ်ရာရရှိသွားပြီး အမေရိကန်သို့ပြန်၍ ခွဲစိတ်ကုသမှု ပြုလုပ်ရမည်ဟု ရုပ်ရှင် သတင်းဝဘ်ဆိုက်များက ယမန်နေ့တွင် ဖော်ပြခဲ့ကြသည်။

    Ref: News Agencies

  • လွှတ်တော်များတွင် အမျိုးသမီးပါဝင်မှု နှစ် ၂၀ အတွင်း ၂ ဆ တိုး

    လွှတ်တော်များတွင် အမျိုးသမီးပါဝင်မှု နှစ် ၂၀ အတွင်း ၂ ဆ တိုး

    မတ် ၁၁၊ ၂၀၁၅
    M-Media

    EGYPT-POLITICS-PARLIAMENT

    – လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ကမ္ဘာတစ်ဝှမ်းရှိ လွှတ်တော်များ၌ ပါဝင်လာသည့် အမျိုးသမီးအမတ် အရေအတွက်မှာ ၂ ဆ ဖြစ်လာခဲ့သော်လည်း လက်ရှိတိုးတက်မှုမှာ တန့်နေပုံရသည်ဟု နိုင်ငံတကာပါလီမန်များ သမဂ္ဂက IPU က ကြာသာပတေးနေ့တွင် ပြောကြားလိုက်သည်။

    စစ်တမ်းကောက်ယူမှုများအရ ကမ္ဘာတစ်ဝှမ်း လွှတ်တော်များတွင် အမျိုးသမီးများ ပါဝင်မှုမှာ ၁၉၉၅ ခုနှစ်တွင် ၁၁.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအချိန်တွင် ၂၂.၁ ရာခိုင်နှုန်းရှိနေသည်။ ကမ္ဘာတစ်ဝှမ်း ဥပဒေပြုလွှတ်တော် ၁၁၆ ခု ပါဝင်ဖွဲ့စည်းထားသည့် ဂျီနီဗာအခြေစိုက် IPU ၏ အကြီးအကဲဖြစ်သူ မာတင် ချန်ဂွန်းကမူ ထိုရာခိုင်နှုန်းမှာ ကျေနပ်လောက်စရာ မဟုတ်ဟု သတိပေးခဲ့သည်။

    ၁၉၉၅ ခုနှစ်တွင် အမျိုးသမီးများ ပါဝင်မှုအများဆုံး ထိပ်တန်းလွှတ်တော် ၁၀ ခုတွင် ဥရောပနှင့် အထူးသဖြင့် နော်ဒစ်နိုင်ငံများ (ဥရောပမြောက်ပိုင်းနှင့် အတ္တလန်တိတ် မြောက်ပိုင်းနိုင်ငံများ) က လွှမ်းမိုးနိုင်ခဲ့သော်လည်း ယခုလက်ရှိတွင်မူ အာဖရိကရှိ ဆဟာရဒေသနိုင်ငံများက လွှမ်းမိုးထားသည်။

    ရ၀မ်ဒါနိုင်ငံကမူ လွှတ်တော်တွင် အမျိုးသမီးအမတ် ပါဝင်မှု ၆၃.၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ဘိုလီဗီးယားနှင့် အန်ဒိုရာနိုင်ငံများက ဒုတိယနှင့် တတိယနေရာတွင် အသီးသီး ရှိနေကြသည်။

    လွှတ်တော်တွင် အမျိုးသမီးအမတ် ၄၀ ရာခိုင်နှုန်းကျော်ရှိသည့် ဆွီဒင်နိုင်ငံကမူ အဆင့် ၆ နေရာတွင်ရှိနေပြီး ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံအတွင်းရှိ လွှတ်တော်တိုင်းတွင် အမျိုးသမီးအမတ်များ အစဉ်တစိုက် ပါဝင်လာသည့် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်သည်။

    သို့သော်လည်း ပါလီမန်တွင် အမျိုးသမီးပါဝင်မှုနှင့်ပတ်သက်၍ တိုးတက်မှုများမှာ ပြီးခဲ့သည့်နှစ်တွင် ရပ်တန့်သွားခဲ့ပြီး တမြန်နှစ်က ၁.၅ ရာခိုင်နှုန်းရှိရာမှာ ယမန်နှစ်တွင် ၀.၃ ရာခိုင်နှုန်းသာ ရှိတော့သည်။

    လွန်ခဲ့သည့် နှစ် ၂၀ အတွင်း လူ့အဖွဲ့အစည်း အများစုတွင် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများက အမျိုးသားများ ကြီးစိုးမှုကို တည်ဖြည်းဖြည်း လျော့ပါးလာခဲ့ပြီး အမျိုးသမီးများအား မတူညီသောကဏ္ဍများတွင် ပါဝင်မှုကို ဖြစ်စေခဲ့ခြင်းဖြစ်သည်ဟု IPU က ပြောကြားခဲ့သည်။

    နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု တိုးတက်လာခြင်း၏ အဓိကမောင်းနှင်အားမှာ ခွဲတမ်းစနစ်များဖြစ်ပြီး ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၂၀ ကျော်၌ အသုံးပြုနေသည်။

    သို့သော်လည်း IPU ကမူ ခွဲတမ်းစနစ်ဖြင့် ပါဝင်စေခြင်းမှာ ယခုအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ရရေးအတွက် အခြားသော ဆောင်ရွက်မှုများ လိုအပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အမျိုးသားများသော ပါဝင်သော လွှတ်တော်အရေအတွက်မှာ ယခုအချိန်တွင် ၁၀ ခုမှ ၅ သို့ လျော့ကျခဲ့သည်။

    Ref: aquila-style.com