News @ M-Media

Blog

  • ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    မတ် ၁၁၊ ၂၀၁၅
    M-Media

    rnd 5

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ဥရောပ ပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သည့် ကစားသမားအဖြစ် စံချိန်သစ်ကို တင်နိုင်ခဲ့သည်ဟု သိရသည်။

    ဘာနေဗျူးတွင် ကစားခဲ့ပြီး ရီးယဲလ်က ရှော်လ်ကာအား ၃ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပထမပိုင်း ၂၅ မိနစ်နှင့် ပွဲပြီးကာနီးတို့တွင် ခေါင်းတိုက်ကာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးများမှာ ၎င်း၏ ဥရောပဂိုး ၇၇ နှင့် ၇၈ ဂိုးမြောက် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်နှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့၏ ဥရောပသွင်းဂိုး အရေအတွက် ၇၆ ဂိုးအား ဖြတ်ကျော်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။ ချန်ပီယံလိဂ် ဂိုးအများဆုံးစာရင်းတွင်မူ စုစုပေါင်းသွင်းဂိုး ၇၅ ဂိုးဖြင့် မက်ဆီနှင့် စံချိန်တူညီလျက် ရှိနေသည်။

    ရီးယဲလ်မှာ ထိုပွဲရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ရော်နယ်ဒိုကမူ ထိုပွဲတွင် အသင်း၏ စွမ်းဆောင်ရည်အတွက် ဒေါသဖြစ်သည့် အမူအရာကို ပြသခဲ့ပြီး ကစားဖော် ဘင်ဇီမာကိုလည်း မိမိတို့အသင်းမှာ ရှက်စရာကောင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပွဲအပြီးတွင် အသင်း၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရော်နယ်ဒိုက ရာသီမကုန်မချင်း မည်သည့်အရာမှ မပြောဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    မတ် ၁၁ ၊ ၂၀၁၅
    M-Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    a87b224e34463cc7236806e564f5f92754d1f02604ec7e4722fa12a5761776e4
    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်ခိုင်ဖြိုးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ရှမ်းပြည်တောင်ပိုင်း ကျောင်းသားများသမဂ္ဂနှင့် ၈၈ မျိုးဆက်များမှ ဦးဆောင်၍ လူထုကိုယ်စားပြုအဖွဲ့ အချို့နှင့်အတူ ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ယမန့် နေ့ နံနက် ၁၀ နာရီတွင်  ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

    သပိတ်ထောက်ခံခြင်းနှင့် ကြေငြာချက်စာတန်းများ ကိုင်ဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အောက်တွင် စီတန်းရပ်ပြီး နိုင်ငံတော်သီချင်းနှင့် ကျောင်းသားသီချင်းများကို သံပြိုင်သီဆိုခဲ့ကြပြီး ကျောင်းသားများရေးစပ်ထားသည့် “အမေ” နှင့် “ကျောင်းသားဟူသော” ကဗျာတို့အား ဖတ်ကြားရွတ်ဆို၍ နေ့လည် ၁၂ နာရီတွင် လူစုခွဲခဲ့ကြကြောင်း သိရှိရပါတယ်။

    5828aa1d64b935038d01a564dc0c69579eb4e61f3a55e90f9722a8706aea321c

  • IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    IS ၏ အယူအဆအမှားများအတွက် အင်တာနက်စစ်ပွဲ ဆင်နွှဲရန် ဆော်ဒီမွဖ်သီကြီးက မွတ်စလင်များအား တိုက်တွန်း

    မတ် ၁၁၊ ၂၀၁၅
    M-Media

    10-3-15_Saudi-Mufti-Urges-Social-Media-War-on-ISIL

    – IS အဖွဲ့၏ မှားယွင်းသော အတွေးအခေါ်များ ပြန်နှံ့နေမှုကို တိုက်ဖျက်ရန်အတွက် မွတ်စလင်များအနေဖြင့် အင်တာနက်စစ်ပွဲ စစ်နွှဲရန် ဆော်ဒီအာရေဗျရှိ အကြီးဆုံးမွဖ်သီကြီး ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဆိုပါ အင်တာနက်စစ်ပွဲတွင် ဆိုရှယ်မီဒီယာများကို ထိပ်တန်း လက်နက်များအဖြစ် အသုံးချရန် ပြောကြားလိုက်သည်။

    “အကြမ်းဖက်ဝါဒနဲ့ မှားယွင်းတဲ့အယူအဆတွေကို တိုက်ဖျက်ဖို့ တာဝန်ရှိသူတွေ၊ တတ်သိပညာရှင်တွေနဲ့ လူအဖွဲ့အစည်းက ပြည်သူတွေ ပူးပေါင်းခြင်းအားဖြင့် လာမယ့်မျိုးဆက်သစ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်မျိုးနဲ့ မြှင့်တင်ပေးဖို့ ရှိခ် အဘ်ဒူလ် အဇစ်က အသေအချာ ပြောကြားခဲ့ပါတယ်” ဟု ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    တနင်္ဂနွေနေ့က ပညာရှင်များ၊ ကျောင်းသားများ၊ လူမှုသိပ္ပံပညာရှင်များ၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံစဉ် မွဖ်သီကြီးက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့အား တိုက်ဖျက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “လမ်းမှားနေတဲ့ ဒီအဖွဲနဲ့ ဆက်သွယ်ဖို့ ဖိတ်ခေါ်တာဟာ မှားယွင်းတဲ့ အပြစ်ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဒီ လမ်းလွဲနေတဲ့အဖွဲ့တွေဟာ ညှာတာထောက်ထားမှုမရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြပါတယ်။ လူငယ်တွေအပေါ်မှာ အမြတ်ထုတ်နေကြပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ လူငယ်လေးတွေ တော်တော်များများကို သတ်ပစ်နေကြပြီး အကျဉ်းသားအဖြစ်လည်း တော်တော်များများကို ဖမ်းဆီးထားကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး တိတ်ဆိတ် မနေသင့်ပါဘူး” ဟု IS အဖွဲ့ကို ရည်ညွှန်း၍ မွသ်သီကြီးက ပြောကြားခဲ့ပြီး ထိုအဖွဲ့ကိုလည်း ရာဇ၀တ်မှုအဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

    ထို့ပြင် မွတ်စလင်များနှင့် မွတ်စလင်တိုင်းပြည်များမှာ မကောင်းမှုနှင့် ချစားမှုတိုက်ဖျက်ရေးကို စုပေါင်း၍ ပြုလုပ်ရမည်ဖြစ်ပြီး အစ္စလာမ်အား ကာကွယ်ရန်နှင့် ဆိုးရွားသော အပြုအမူများမှ ရှောင်ကျဉ်ရန်အတွက် အားထုတ်မှုများကို ဆောင်ရွက်ကြရန်မှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    မွဖ်သီကြီးက အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ခြင်း၏ ထိခိုက်နစ်နာစေသော ဂယက်ရိုက်မှုနှင့်ပတ်သက်၍ အသိပညာပေးရာတွင် မီဒီယာများက ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

    “အလုပ်လက်မဲ့ဖြစ်ခြင်းက ဆိုးသွမ်းမှု၊ မှောင်ခိုကူးမှုတွေလို မသင့်လျော်တဲ့ အပြုအမူတွေကို ဦးတည်စေပြီး လွဲမှားတဲ့ အတွေးအခေါ်တွေကို ဖြစ်စေတာကြောင့် လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့ဆိုတာနဲ့
    ပတ်သက်လို့ အားထုတ်ကြိုးပမ်းမှုတွေကို မိုမို အာရုံစိုက် လုပ်ဆောင်ပေးသင့်ပါတယ်”

    IS စစ်သွေးကြွအဖွဲ့အား ဆန့်ကျင်ရန် ဆော်ဒီမွဖ်သီကြီး၏ တိုက်တွန်းဆော်သြမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ချေ။ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းကလည်း ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်က အလ်ကိုင်းဒါးနှင့် IS အဖွဲ့တို့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ထို့ပြင် ပြည်သူများ၏ အသက်များ၊ ပိုင်ဆိုင်မှုများနှင့် ဂုဏ်သိက္ခာများကို စော်ကားအမြတ်ထုတ်နေသည့် အဆိုပါ အဖွဲ့များမှာ ရန်လိုသူများဖြစ်ပြီး မွတ်စလင်များအနေဖြင့် လက်နက်ကိုင်ကာ ထိုအဖွဲ့များအား ချေမှုန်းကြရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Onislam

  • မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ (သို) ဦးသိန်းစိန်ဟာ တကယ့်ပြုပြင်ပြောင်းလဲရေးသမား ဟုတ်ရဲ့လား

    မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ (သို) ဦးသိန်းစိန်ဟာ တကယ့်ပြုပြင်ပြောင်းလဲရေးသမား ဟုတ်ရဲ့လား

    မတ် ၁၀ ၊ ၂၀၁၅
    M-Media
    2015-03-06-1425678972-2002972-HE_Thein_Sein_President_of_the_Republic_of_the_Union_of_Myanmar_9292476975-thumb
    – လွန်ခဲ့သည့် ၂ နှစ် ၀ါရှင်တန်ဒီစီသို့ ရောက်ရှိလာစဉ်အချိန်က မြန်မာနိုင်ငံ၏ သမ္မတသစ် ဦးသိန်းစိန်ကို အာရှ၏ ဂေါ်ဘာချော့ ဟု ခေါ်ဆိုကြသည်။ မြန်မာ့ နိုင်ငံရေးနွေဦးသို့ ရောက် ရှိလာခြင်း သို့မဟုတ် အနည်းဆုံး တင်းမာမှုလျော့ပါး လာခြင်းကို မြင်ရသည့်အတွက်ကြောင့် အမေရိကန်မြို့ကြီးတွင် ဟောပြောရန်စင်မြင့်များ၊ ဧည့်ခံပွဲများဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

    ဦးသိန်းစိန်မှာ စီးပွားရေးဖွင့်ပေးခြင်းနှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းတို့ကြောင့် ချီးကျူးသြဘာပေးခြင်း ခံခဲ့ရသည်။ စစ်အာဏာရှင်များက မြန်မာဟု အမည်ပြောင်းခဲ့ပြီး ကာလရှည် ထိခိုက်ခံစားရမှုများ ရှိခဲ့သည့် မြန်မာနိုင်ငံ ပုံမှန်ပြန်ဖြစ်ရေး မျှော်လင့်ချက်များလည်း ပေါ်လာခဲ့သည်။

    သို့သော်လည်း ယခင်ဗိုလ်ချုပ်ဟောင်းဖြစ်ခဲ့သူ ဦးသိန်းစိန်တစ်ယောက် လူတိုင်းမျှော်လင့်သကဲ့သို့ ပြုပြင်ပြောင်းလဲသူ ဖြစ်ခဲ့ပြီလား?

    မဖြစ်သေးသည်သာမက ယခုနှစ်မှာ ၎င်း၏ ၅ နှစ်သက်တမ်းမှ နောက်ဆုံးနှစ်သို့ပင် ရောက်ရှိခဲ့ပြီ။

    ဦးသိန်းစိန်က “ဂေါ်ဘာချော့နဲ့ ကျွန်တော်ဟာ မတူဘူးလို့ ပြောချင်ပါတယ်” ဟု သဲလွန်စ ပေးခဲ့ဖူးသည်။

    ဦးသိန်းစိန်၏ မှတ်တမ်းများက ရှေ့နောက်လိုက်ဖက်ခြင်းမရှိ။

    2015-03-06-1425678874-2553198-TheinSeinvisitWhiteHouse

    – ရန်ကုန်တွင် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ကျင်းပရန် ခွင့်ပြုခဲ့သည်။ သို့သော် ရိုဟင်ဂျာ မွတ်စလင်များကတော့ ထိန်းသိမ်းရေးစခန်းများတွင် မောင်းသွင်းခံထားရသည်။

    – သူက လာဘ်စားမှုကို ဝေဖန်ခဲ့သည်။ သို့သော် ကန်ထရိုက်များက ဗိုလ်ချုပ်များ၊ ၀န်ကြီးများနှင့် ပလူးပလဲနေကြသည့်  ခရိုနီများထံသို့ပင် ဆက်သွားနေသည်။

    – ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးမည်ဟု သူ ပြောခဲ့သည်။ သို့သော် ပို၍ပင် အဖမ်းခံခဲ့ရသည်။

    – ကြက်ခြေနီအဖွဲ့အား အကျဉ်းထောင်သို့ ၀င်ခွင့်ပြုခဲ့သည်။ သို့သော် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ပိတ်မိနေသော ပြည်သူ ထောင်ပေါင်းများစွာအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုတော့ ပိတ်ဆို့ထားသည်။

    – ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် ရုံးခန်းကို ဖွင့်ခွင့်ပေးမည်ဟု သူက ကတိပြုထားသည်။ သို့သော် ယခုအချိန်အထိ ဖြစ်မလာသေး။

    – အမုန်းတရားများကို ဆန့်ကျင်သည်ဟူ သူပြောခဲ့သည်။ သို့သော်လည်း မွတ်စလင်များအပေါ် မလိုမုန်းထားမှုများဖြစ်လာရန် မီးထိုးပေးနေသည့် အမျိုးသားရေး အစွန်းရောက်ဘုန်းကြီး ၀ီရသူအား ထောက်ပံ့ပေးထားသည်။

    နားလည်ရခက်သည့် သမ္မတကြီးနှင့် ပတ်သက်၍တော့ ၀ိရောဓိများက ဆက်လက်ရှိနေသေးသည်။ မျက်မှန်တပ်ထားပြီး သေးသွယ်ပျော့ပြောင်းသည့် ပုံပန်းသဏ္ဍာန်က ၎င်းမှာ စိတ်ဓာတ်ပျော့ပြောင်းသော အရာရှိတစ်ဦးဖြစ်သည်ဟူသော အထင်အမြင်ကို ပံ့ပိုးကူညီပေးသည်။ ထို့ပြင် အာဏာရှင်ဟောင်း၏ အရိပ်များအတွက် ကျေးဇူးဆပ်ရန် ရှိနေသေးသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကပင် ဦးသိန်းစိန်မှာ ဗိုလ်ချုပ်တစ်ယောက်ဆိုသည်ထက် စာရင်းစစ်တစ်ယောက်နှင့် ပိုတူသည်ဟု ၎င်း၏ ကိုယ်တွေ့မှတ်တမ်းတွင် ရေးသားခဲ့သည်။

    2015-03-06-1425677638-2002125-1200pxClinton_and_President_Thein_Sein-thumb

    လေ့လာဆန်းစစ်သူများက ဦးသိန်းစိန်မှာ အခြားသော ဗိုလ်ချုပ်များထက် လာဘ်စားမှုနည်းပြီး အုပ်ချုပ်သူ အရာအရှိတစ်ယောက်အဖြစ် ရက်စက်မှု ပိုနည်းသည်ဟု ပြောကြသည်။ အချို့ကမူ ဦးသိန်းစိန်မှာ ခက်ခဲသော အခြေအနေများတွင် ဦးနှောက်သုံး တတ်သည်ဟုဆိုပြီး အသေးစားပြောင်းလဲမှုကို ဆောင်ရွက်ရာတွင်ပင် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်သည်ဟု ဆိုသည်။ အချို့က ၎င်း၏ အဓိကရည်ရွယ်ချက်မှာ တိုင်းပြည်အတွင်း လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်ရန် စီးပွားရေးပိတ်ဆို့မှုအားလုံးကို ဖယ်ရှားစေရေးဖြစ်ပြီး အနောက်နိုင်ငံများက ကျေနပ်သည့် ကျယ်ပြန့်သော နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးရန်မဟုတ်ဟု အချို့က ထင်ကြသည်။

    ဒီအခြေအနေတွင်တော့ ဦးသိန်းစိန်တစ်ယောက် အတော့်ကို အောင်မြင်ခဲ့သည်။ ယခင်က စီးပွားရေးပိတ်ဆို့မှုကြောင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ခံထားရသည့် စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ ကျော်မှာ အခွင့်အရေးရခဲ့သည်။ ၎င်းတို့မှာ စစ်တပ်က လစ်ဘရယ်စီးပွားရေးကို စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ ကိုကာကိုလာ၊ MasterCard၊ Ford နှင့် Hilton တို့က လူဦးရေသန်း ၅၀ ကျော်ရှိပြီး ဒလဟောဖြစ်နေသည့် ဈေးကွက်ထဲသို့ ၀င်ရောက်လာသည်။ Kentucky ကြက်ကြော်ဆိုင်ပင်လျှင် ဖွင့်လှစ်ရန် နေရာများကို ရှာဖွေနေသည်။

    သို့ရာတွင် ပုံမှန်သွားနေသည့် သတင်းထောက်များနှင့် အယ်ဒီတာများ ထောင်ချခံရခြင်း၊ တိုက်ခိုက်ခံရခြင်းတို့က ကောင်းသော လက္ခဏာမဟုတ်။ တစ်ယောက်ဆိုလျှင် မမှတ်မိလောက်အောင်ပင် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရပြီး သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။ (ကိုပါကြီးကို ဆိုလိုသည်) နယ်မြေများကို ဆက်လက်သိမ်းယူနေခြင်းမှာလည်း ကောင်းသော လက္ခဏာမဟုတ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆွဲထားချိန်တွင် တိုင်းရင်းသားဒေသများ၌လည်း တိုက်ခိုက်မှုများက ဆက်ဖြစ်နေသည်။ ပညာရေးလွတ်လပ်မှု မရှိခြင်းအတွက် ကျောင်းသားများ၏ ဆန္ဒပြမှုများကိုလည်း ရဲတပ်ဖွဲ့နှင့် စွမ်းအားရှင်များက တိုက်ခိုက်ခဲ့ကြသည်။

    အတိတ်ကိုပြန်ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာစဉ်က ဦးသိန်းစိန်၏ ကြိုဆိုမှုမှာ အနောက်နိုင်ငံများကို ချော့မော့ရန်အတွက် ဟန်ဆောင်ပြောဆိုခြင်းသာဖြစ်သည်ကို ယခု တွေ့ရလေပြီ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ရေး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ လုပ်ရန် တောင်းဆိုမှုကိုလည်း ဦးသိန်းစိန်က ထပ်ခါတလဲလဲ ဥပက္ခာပြုထားသည်။ ထိုအစား တစ်ယောက်ကို တစ်ယောက် မိက်ဆက်ခြင်း သာသာလောက်သာ အချိန်ပေး၍ ၄၈ ပွင့်ဆိုင် ဆွေးနွေးမှုကို ကျင်းပပေးခဲ့သည်။

    ယခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်တစ်ပတ်က သီးသန့်တွေ့ဆုံပြီးနောက် ပြည်တွင်းစောင့်ကြည့်လေ့လာသူများက ထိုသို့ဆောင်ရွက်မှုမှာ လာမည့်နိုဝင်ဘာတွင်ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်ခင် ဝေဖန်မှုများမှ သက်သာရာရစေရန် အစိုးရအား အသက်ရှုပေါက်ပေးခြင်း ဟုသာ မှတ်ယူကြသည်။

    ဦးသိန်းစိန်မှာ ပြောင်းလဲမှုများ ပိုမိုဆောင်ရွက်ရန်အတွက် မည်သည့်အတွက်ကြောင့် အကျိုးသက်ရောက်မှု မရှိသနည်းဟု နာမည်ကြီး ဟာသသရုပ်ဆောင် ဇာဂနာကို မေးကြည့်သည့်အခါ ၎င်းက အသေအချာစဉ်းစား၍ ဤသို့ ပြန်ဖြေလေ၏။

    “သူ့ရဲ့ ဘော့စ်အဟောင်းတွေကို ကြောက်လို့ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်”

    မှန်ပါသည်။ ဦးသိန်းစိန်မှာ ၄၅ နှစ်ခန့် တာဝန်ကျေပွန်သည့် အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတွင် စစ်တပ စိတ်ဓာတ်မျိုးရှိပြီး စစ်တပ်နှင့် ဆက်နွယ်မှုလည်း ရှိနေသည်။ သမ္မတရုံး ပုံစံကလည်း အားနည်းနေသည်။ ထင်ထင်ရှားရှားဖြစ်နေသည်ကို ဆိုရလျှင် ကာကွယ်ရေး ဦးစီးချူပ်မှာ အရေးပါဆုံး ၀န်ကြီးသုံးပါး (ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီး) ကို စိတ်ကြိုက် ခန့်အပ်နိုင်သည်။ စစ်ဘက် အားထားရသောသူ အများစုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အကြွင်းမဲ့ အာဏာပိုင်အဖွဲ့ဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို ပြဌာန်းနိုင်သည်။ တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိပြီး မတည်မငြိမ်ဖြစ်နေသည့် ကိုးကန့်ဒေသတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာကို စစ်တပ်အား မကြာသေးမီက လွဲပြောင်းပေးခဲ့မှုက နားလည်သဘောပေါက်နိုင်သည့် အလေးထားစရာ ကိစ္စဖြစ်သည်။

    ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ယောက်ဖြစ်ပြီး ဧပြီလတွင် အသက် ၇၀ ပြည့်တော့မည့် ဦးသိန်းစိန် တစ်ယောက် လာမည့် သမ္မတသက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းဆင်းသွားသည့်အချိန်တွင် လူ့အခွင့်အရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အားပေးခြင်း၊ ခြစားမှုကို အမြစ်ပြတ်အောင်လုပ်ခြင်း၊ ပညာရေးလွတ်လပ်မှုကို တိုးမြှင့်ပေးခြင်း၊ တရားသူကြီးများအား ကြိုးကိုင်ချယ်လှယ်မှုကို လျှော့ချခြင်းနှင့် ညင်သာသော ဖွဲ့စည်းပုံအပြောင်းအလဲကို ပိုမိုထောက်ခံခြင်းတို့ဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေး နွေဦးတွင် ဖြစ်ပွားခဲ့သော ပြဿနာများကို ပြင်ဆင်ဖြေရှင်းသွားနိုင်သည်။

    လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နောက်ကွယ်တွင် ဦးသိန်းစိန်ကို ကြိုးကိုယ်ချယ်လှယ်သူအဖြစ် မှတ်ယူနေကြသည်။ ထိုဆွေးနွေးပွဲများကို ၎င်းကိုယ်တိုင် စတင်ခဲ့ခြင်းဖြစ်ပြီး ကြိုးရှည်ရှည်ဖြင့် လှန်ထားသူမှာလည်း ၎င်းကိုယ်တိုင်ပင်ဖြစ်သည်။ စစ်တပ်ကလည်း ထိုဆွေးနွေးမှုများကို သွေဖည်နေသည်။ သို့သော်လည်း ၎င်းတို့အား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပြန်တင်ပေးခြင်းအားဖြင့် ဦးသိန်းစိန်မှာ နာမည်ပြန်ယူနိုင်သည်။

    စီးပွားရေးအခွင့်အလမ်းများ ဖွင့်ပေးခြင်းအတွက် အပြန်လှန်အားဖြင့် လွန်ခဲ့သည့် ၂ နှစ်အရင်က ဦးသိန်းစိန်ပေးခဲ့သော ကတိများကို အကောင်အထည်ဖော်ရန် ၎င်းအား ဖိအားပေးခြင်းဖြင့် အမေရိကန်က ကူညီနိုင်သည်။ သို့ရာတွင် အချိန်မလွန်ခင်နှင့် ရွေးကောက်ပွဲမကျင်းပခင် ဖြစ်ရပေမည်။

    TheHuffingtonPost တွင် ဆောင်းပါးရှင် Rena Pederson ရေးသားသည့် “Is Burma’s ‘Gorbachev’ Really a Reformer?” ဆောင်းပါးအား လေးမောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • နျူသဘောတူညီချက် နောက်အစိုးရတွင် အကျုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များ အီရန်အား သတိပေး

    နျူသဘောတူညီချက် နောက်အစိုးရတွင် အကျုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များ အီရန်အား သတိပေး

    မတ် ၁၀၊ ၂၀၁၅
    M-Media

    209c201a115248eb80dcef5a0a546f45_19

    – အီရန်နှင့် ကမ္ဘာ့ခေါင်းဆောင်များ လက်ရှိဆွေးနွေးနေသည့် နျူကလီးယား သဘောတူညီချက်မှာ ၎င်းတို့ပါတီ ၂၀၁၆ ခုနှစ်တွင် အာဏာရလာပါက အကြုံးဝင်မည်မဟုတ်ဟု အမေရိကန်ရှိ ရီပက်ဘလစ်ကန် အမတ်များက စာဖြင့် အီရန်အစိုးရအား သတိပေးလိုက်သည်။

    ဆီနိတ်တာ တွမ်ကော်တွန်နှင့် အာရ်အာ့က်တို့ ဦးဆောင်ကာ ရီပက်ဘလစ်ကန် လွှတ်တော်အမတ် ၄၇ ဦး လက်မှတ်ရေးထိုးသားသည့် အဆိုပါအိတ်ဖွင့်ပေးစာကို ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုသဘောတူညီချက်မှာ သမ္မတ အိုဘားမားသက်တမ်းအတွက်သာဖြစ်ကာ ၎င်းအား ဆက်ခံမည့်အစိုးရတွင် ပြန်ပြောင်းသွားမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    “နောက်တက်မယ့် သမ္မတက ဒီသဘောတူညီချက်ကို မင်တစ်ချက်တည်းနဲ့ ရုပ်သိမ်းနိုင်ပါတယ်။ ပြီးတော့ အချိန်မရွေး ဒီသဘောတူညီချက်ရဲ့ အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ပါတယ်” ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။

    အိမ်ဖြူတော်ကမူ ရီပက်ဘလစ်ကန်များ၏ ထိုလုပ်ရပ်အတွက် ဝေဖန်ခဲ့ပြီး ပါတီကွဲပြားမှုကို အခြေခံ၍ တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။ အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ကလည်း နိုင်ငံတကာနှင့် ဆွေးနွေးညှိနှိုင်းမှုများ ထိလွယ်ရှလွယ်ဖြစ်နေသည့် ယခုအချိန်တွင် လက်ရှိသမ္မတ၏ အားထုတ်မှုကို ပျက်ဆီးစေရန် ရည်ရွယ်သည့် အဆိုပါစာမှာ မိမိအလေးအမြတ်ထားသည့် အခြေခံဥပဒေ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ပြောကြားခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကလည်း အီရန်နိုင်ငံပိုင် သတင်းဌာနမှတစ်ဆင့် ရီပက်ဘလစ်ကန်များအား ဝေဖန်ခဲ့ပြီး ၎င်းတို့မှာ အီရန်နှင့် သဘောတူညီချက်ကို ပျက်ဆီးစေသည်သာမက နိုင်ငံတကာ သဘောတူညီချက်များကိုလည်း ပျက်ဆီးအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera