News @ M-Media

Blog

  • အာရပ်နှင့် မွတ်စလင်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းသွားမည်ဟု ဆော်ဒီဘုရင်ပြော

    အာရပ်နှင့် မွတ်စလင်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းသွားမည်ဟု ဆော်ဒီဘုရင်ပြော

    မတ် ၁၁၊ ၂၀၁၅
    M-Media

    d286a5b1-1a3a-4717-897b-017901adeb96_16x9_600x338

    – အာရပ်နှင့် မွတ်စလင်ကမ္ဘာတွင် ဖြစ်ပျက်နေသည့် ပြဿနာများအား ဖြေရှင်းရန်အတွက် မိမိအနေဖြင့် ဆုံးဖြတ်ထားပြီး၊ အဓိကအနေဖြင့် ဂျေရုစလင်အား မြို့တော်အဖြစ်သတ်မှတ်၍ လွတ်လပ်သော နိုင်ငံဖြစ်ပေါ်လာရေးအတွက် ပါလက်စတိုင်းတို့၏ အခွင့်အရေးကို ကာကွယ်ပေးသွားမည်ဟု ဆော်ဒီဘုရင်ကြီး ဆလ်မန် အဗ်ဒူလ်အဇစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဘုရင်အဖြစ် နန်းတက်ပြီးနောက် ရုပ်သံမှတစ်ဆင့် ပထမဆုံးပြောကြားသော နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းအား သန့်ရှင်းစေခြင်း၊ ကြုံတွေ့နေရသော အန္တရာယ်များနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ရေး ရပ်တည်ချက်အတွက် ပေါင်းစည်းခြင်းတို့ကို ဖြစ်စေသော အာရပ်နှင့် မွတ်စလင်ကမ္ဘာတို့ ပူးပေါင်းဆောင်ရွက်မှုကို တောင့်တင်းစေရန် ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အချုပ်အခြာအာဏာကို လေးစားခြင်းနှင့် မိမိတို့၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးစားမှုများကို ဆန့်ကျင်ခြင်းတို့ အပါအ၀င် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံတကာသဘောတူညီချက်များ၊ စာချုပ်များအား ဆက်လက် လိုက်နာ စောင့်ထိန်းသွားမည်ဟု ဘုရင်ကြီးက ဆိုသည်။

    ကမ္ဘာကြီး လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့ အောင်မြင်ရန်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန်၊ မတူညီမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်၊ အင်အားသုံးခြင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သော မည်သည့် အကြမ်းဖက်မှုနှင့် မည်သည့်လုပ်ရပ်ကိုမှ လက်ခံခြင်းမပြုရန် စသည်တို့အတွက်လည်း မိမိတို့နိုင်ငံက ဆောင်ရွက်သွားမည်ဟု ဘုရင်ကြီး ဆလ်မန်က ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒတွင် ဘာသာတရားမရှိ

    ဘုရင်ကြီးမှာ ကမ္ဘာကြီးတွင် စွဲကပ်နေသော အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒလှိုင်းများမှာ ဘာသာတရားနှင့် မသက်ဆိုင်သည့် ကမ္ဘာ့အန္တရာယ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရင့်နိုင်ငံအနေနဲ့ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒတွေကို ဘာရင်းမြစ်တွေပဲဖြစ်ဖြစ် ပုံစံအားလုံး၊ နည်းလမ်းအားလုံးနဲ့ တိုက်ဖျက်ဖို့ အာရုံစိုက်ထားပါတယ်” ဟု ဘုရင်ကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အခြေပြမိန့်ခွန်း၌ မိမိတို့ ဘုရင့်နိုင်ငံ၏ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားအားလုံးအတွက် တရားများမျှတမှုကို ဆောင်ကျဉ်းပေးကာ အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြာင်း၊ နိုင်ငံအတွင်း ချစားမှုများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဘုရင်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • Apple ထုတ်ကုန်များ၏ လုံခြုံရေးကို ချိုးဖောက်ရန် စီအိုင်အေက နှစ်ချီဆောင်ရွက်ခဲ့

    Apple ထုတ်ကုန်များ၏ လုံခြုံရေးကို ချိုးဖောက်ရန် စီအိုင်အေက နှစ်ချီဆောင်ရွက်ခဲ့

    မတ် ၁၁၊ ၂၀၁၅
    M-Media

    iphone5-battery-recall

    – Apple မှ ထုတ်လုပ်သော အိုင်ဖုန်းများနှင့် အိုက်ပက်များ၏ လုံခြုံရေးကို ချိုးဖောက်ရန်အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA မှာ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သည့် The Intercept က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အမျိုးသားထောက်လှမ်းရေးအေဂျင်စီ NSA ၏ ၀န်ထမ်းဟောင်း စနိုးဒင်၏ ဖော်ထုတ်ခဲ့သော အထောက်အထားများကို ကိုးကား၍ ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး CIA က ထိုလုပ်ငန်းကို ပထမဆုံး အိုင်ဖုန်း မထွက်ခင် ၂၀၀၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

    စနိုးဒင်ဖော်ထုတ်ခဲ့သည့် အထောက်အထားများတွင် CIA မှာ Apple ၏ အက်ပလီကေးရှင်းစတိုးမှ ရောင်းချသော အက်ပလီကေးရှင်း သို့မဟုတ် ပရိုဂရမ်များကို ထောက်လှမ်းနိုင်ရန်အတွက် Apple ၏ ဆော့ဖ်ဝဲထုတ်လုပ်မှု tool တစ်ခုဖြစ်သော Xcode အား မွမ်းမံထားသော ဗားရှင်းအပါအ၀င် ရုပ်ပိုင်းဆိုင်ရာနှင့် ပရိုဂရမ်ပိုင်းဆိုင်ရာ နည်းလမ်းများကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသည်။

    CIA မှ သုတေသနပညာရှင်များကမူ ၎င်းတို့မှာ ကီးဘုတ်မှ ရိုက်နှိပ်သည်များအားလုံးကို ဖမ်းယူထားနိုင်မည့် Keylogger ကို install လုပ်ရန်အတွက် laptop နှင့် desktop ကွန်ပျူတာများသို့ updates များ ပေးပို့သော OS X updater ကို အောင်မြင်စွာ မွမ်းမံနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။

    ထိုအောင်မြင်မှုကို စီအိုင်အေ လုပ်ငန်းပိုင်းဆိုင်ရာ စင်တာမှ ပြုလုပ်သော Jamboree ဟုခေါ်သည့် လျှို့ဝှက်တွေ့ဆုံပွဲတွင် သုတေသနပညာရှင်များအား ဖော်ထုတ်ပြသခဲ့ပြီး ထိုအထဲတွင် စနိုးဒင်လည်း ပါဝင်ခဲ့သည်။

    အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများမှာ အမေရိကန်ကုမ္ပဏီများအပါအ၀င် စီးပွားဖြစ်ထုတ်လုပ်သော လုံခြုံရေးပစ္စည်း ဒါဇင်ပေါင်းများစွာ၏ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ကြသည်။

    စနိုးဒင်၏ အဆိုပါ အထောက်အထားများတွင် စီအိုင်အေက Apple ပစ္စည်းများကို ဖောက်ထွင်းရန် ဆောင်ရွက်မှုမှာ မည်မျှအောင်မြင်ခဲ့သည် ဆိုသည်နှင့် မည်မျှအမြတ်ထုတ်နိုင်ခဲ့သည်တို့နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်းမရှိဟု The Intercept က ဆိုသည်။

    Ref: Xinhua

  • ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲရောက်ရန် ပစ်မှတ်ထားနေသည်ဟု ပေါ်တိုတိုက်စစ်မှူး ပြော

    မတ် ၁၁၊ ၂၀၁၅
    M-Meida

    hrrera

    – ဘေဆယ်အားအနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းမှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိရန် ရည်ရွယ်ချက်ထားနေသည်ဟု ပေါ်တိုအသင်း တိုက်စစ်မှူး ဟက်တာ ဟာရဲရားက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ပေါ်တိုမှာ ဘေဆယ်အား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ၂၀၀၈-၀၉ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    ထိုပွဲတွင် အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့သည့် ဟာရဲရားကမူ နောက်တစ်ဆင့် တက်ရောက်သည့်အတွက် စိတ်ဓာတ်တက်ကြွမိသော်လည်း ကွာတားဖိုင်နယ်ဖြင့် မကျေနပ်ဟု ဆိုသည်။

    “အင်မတန်လှပတဲ့ဂိုးတစ်ဂိုးကို ကျွန်တော်တို့ ရခဲ့ပြီး ဒါဟာ ကစားသမားတွေနဲ့ အသင်းအတွက် ဥရောပရဲ့ ထိပ်တန်း ၈ သင်းထဲက တစ်သင်းအဖြစ် ပါဝင်ဖို့ အရေးပါပါတယ်။ ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ဆက်သွားရပါမယ်။ ကျွန်တော်တို့ ကွာတားဖိုင်နယ်တစ်ခုကိုပဲ စဉ်းစားထားတာ မဟုတ်ပါဘူး။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်ဖို့ စဉ်းစားနေတာပါ” ဟု ဟာရဲရားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပေါ်တိုမှာ မန်ယူအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ဟာရဲရားကမူ မိမိတို့အသင်းမှာ ကောင်းမွန်စွာ ကစားနေပြီး ယခုကဲ့သို့ ပွဲများတွင် စွမ်းဆောင်ရည် ရာနှုန်းပြည့်ရှိရမည်ကို မိမိတို့သိရှိကြောင်း၊ ချန်ပီယံလိဂ်တွင် အသင်းတိုင်းမှာ အံ့သြစရာ လုပ်ပြနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    ဥရောပသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒို စံချိန်သစ်တင်

    မတ် ၁၁၊ ၂၀၁၅
    M-Media

    rnd 5

    – ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သော ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ဥရောပ ပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သည့် ကစားသမားအဖြစ် စံချိန်သစ်ကို တင်နိုင်ခဲ့သည်ဟု သိရသည်။

    ဘာနေဗျူးတွင် ကစားခဲ့ပြီး ရီးယဲလ်က ရှော်လ်ကာအား ၃ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒိုမှာ ပထမပိုင်း ၂၅ မိနစ်နှင့် ပွဲပြီးကာနီးတို့တွင် ခေါင်းတိုက်ကာ ၂ ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါဂိုးများမှာ ၎င်း၏ ဥရောပဂိုး ၇၇ နှင့် ၇၈ ဂိုးမြောက် ဖြစ်ခဲ့သည်။

    ထို့ကြောင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်နှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့၏ ဥရောပသွင်းဂိုး အရေအတွက် ၇၆ ဂိုးအား ဖြတ်ကျော်နိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။ ချန်ပီယံလိဂ် ဂိုးအများဆုံးစာရင်းတွင်မူ စုစုပေါင်းသွင်းဂိုး ၇၅ ဂိုးဖြင့် မက်ဆီနှင့် စံချိန်တူညီလျက် ရှိနေသည်။

    ရီးယဲလ်မှာ ထိုပွဲရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး ရော်နယ်ဒိုကမူ ထိုပွဲတွင် အသင်း၏ စွမ်းဆောင်ရည်အတွက် ဒေါသဖြစ်သည့် အမူအရာကို ပြသခဲ့ပြီး ကစားဖော် ဘင်ဇီမာကိုလည်း မိမိတို့အသင်းမှာ ရှက်စရာကောင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပွဲအပြီးတွင် အသင်း၏ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရော်နယ်ဒိုက ရာသီမကုန်မချင်း မည်သည့်အရာမှ မပြောဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal.com

  • ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    ကျောင်းသားသပိတ် ထောက်ခံဆန္ဒ ထုတ်ဖော်မှု တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့

    မတ် ၁၁ ၊ ၂၀၁၅
    M-Media
    သတင်း/ဓာတ်ပုံ – နှင်းစက်၊ ညီမင်း
    a87b224e34463cc7236806e564f5f92754d1f02604ec7e4722fa12a5761776e4
    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်ခိုင်ဖြိုးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ရှမ်းပြည်တောင်ပိုင်း ကျောင်းသားများသမဂ္ဂနှင့် ၈၈ မျိုးဆက်များမှ ဦးဆောင်၍ လူထုကိုယ်စားပြုအဖွဲ့ အချို့နှင့်အတူ ကျောင်းသားသပိတ်ထောက်ခံ ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ယမန့် နေ့ နံနက် ၁၀ နာရီတွင်  ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

    သပိတ်ထောက်ခံခြင်းနှင့် ကြေငြာချက်စာတန်းများ ကိုင်ဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အောက်တွင် စီတန်းရပ်ပြီး နိုင်ငံတော်သီချင်းနှင့် ကျောင်းသားသီချင်းများကို သံပြိုင်သီဆိုခဲ့ကြပြီး ကျောင်းသားများရေးစပ်ထားသည့် “အမေ” နှင့် “ကျောင်းသားဟူသော” ကဗျာတို့အား ဖတ်ကြားရွတ်ဆို၍ နေ့လည် ၁၂ နာရီတွင် လူစုခွဲခဲ့ကြကြောင်း သိရှိရပါတယ်။

    5828aa1d64b935038d01a564dc0c69579eb4e61f3a55e90f9722a8706aea321c