News @ M-Media

Blog

  • အာဂျင်တီးနားတွင် ရဟတ်ယာဉ် ၂ စင်း တိုက်မိကာ ပျက်ကျ၊ လူ ၁၀ ဦး သေဆုံး

    အာဂျင်တီးနားတွင် ရဟတ်ယာဉ် ၂ စင်း တိုက်မိကာ ပျက်ကျ၊ လူ ၁၀ ဦး သေဆုံး

    မတ် ၁၀၊ ၂၀၁၅
    M-Media

    Helicopter-crash-French-TV-cast

    – အာဂျင်တီးများ အနောက်မြောက်ပိုင်းတွင် ရိုက်ကူးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ရဟတ်ယာဉ် ၂ စင်းမှာ ယမန်နေ့က တိုက်မိကာ ပျက်ကျခဲ့သောကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ပြင်သစ်နာမည်ကြီး အားကစားသမားများ ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ရဟတ်ယာဉ်နှစ်စီးမှာ Dropped ဟု အမည်ရသည့် စွန့်စားခန်း TV စီးရီးအတွက် လာရီဂျာပြည်နယ်ရှိ တောင်တန်းများပေါ်တွင် ရိုက်ကူးနေစဉ် တိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။

    သေဆုံးသူများမှာ ပြင်သစ်နာမည်ကြီး အမျိုးသမီး ရွက်လွှင့်သမား လောရန့်စ် အာသာအွဒ်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ရေကူးချန်ပီယံ ကာမီလီ မွဖ်ဖတ်နှင့် အိုလံပစ် ဘောက်ဆာသမား အဲလီဇစ် ဗက်စ်တိုင်းတို့ အပါအ၀င် ပြင်သစ်နိုင်ငံသား ၈ ဦးနှင့် အာဂျင်တီးနား လေယာဉ်မှူး ၂ ဦးတို့ ဖြစ်ကြသည်။ ပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ ဟိုရာစီယို အလာရ်ကွန်ကမူ အခင်းဖြစ်ပွားသည့်အချိန်တွင် ရာသီဥတု ကောင်းမွန်နေပြီး မည်သည့် အကြောင်းရင်းကြောင့် ထိုကဲ့သို့ တိုက်မိရခြင်းကို မသိရှိရသေးဟု ပြောကြားခဲ့သည်။

    အသက် ၅၇ နှစ် အရွယ်ရှိ အာသာအွဒ်မှာ ကမ္ဘာ့အကောင်းဆုံး ရွက်လွှင့်သမားများထဲမှ တစ်ဦးဟု သတ်မှတ်ခံထားရသူဖြစ်ပြီး အမျိုးသားများသာ ကြီးစိုးသော ရွက်လွှင့်အားကစားတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

    အသက် ၂၅ နှစ်အရွယ် မွဖ်ဖတ်မှာ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်တွင် ထိပ်တန်း ရေးကူးအားကစားသမား ဖြစ်ခဲ့ပြီး ရွှေတံဆိပ်ဆု တစ်ခုအပါအ၀င် ဆုတံဆိပ် ၃ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဗက်စ်တိုင်းမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် ၀ယ်သာဝိတ်တန်းတွင် ကြေးတံဆိပ်တစ်ခု ဆွန်းခူးရရှိခဲ့သည်။

    Dropped အစီအစဉ်မှာ ပြင်သစ် ရုပ်သံချန်နယ် TF1 မှ စီစဉ်ထုတ်လွှင့်သည့် စွန့်စားခန်း တီဗီအစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါ အစီအစဉ်တွင် အားကစားသမား ၈ ဦးပါဝင်ကာ ၎င်းတို့အား မရင်းနှီးသည့် ပတ်ဝန်းကျင်သို့ သွားရောက်စေကာ စွန့်စားရှာဖွေမှုများကို ပြုလုပ်ရသည့် အစီအစဉ်ဖြစ်သည်။

    Ref: Channelnewsasia

  • FA နိုင်ပွဲက စိတ်ဓာတ်မြှင့်တင်ပေးသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးဆို

    FA နိုင်ပွဲက စိတ်ဓာတ်မြှင့်တင်ပေးသည်ဟု အာဆင်နယ်နည်းပြ ၀င်းဂါးဆို

    မတ် ၁၀၊ ၂၀၁၅
    M-Media

    ase

    – FA ဖလား ကွာတားဖိုင်နယ်တွင် မန်ယူအား အနိုင်ရရှိခဲ့ခြင်းမှာ အရှေ့တွင်ရှိနေသည့် အရေးပါသည့် ပွဲများအတွက် မိမိတို့အသင်း၏ စိတ်ဓာတ်အား မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အာဆင်နယ်မှာ နာချို မွန်ရီယဲလ်နှင့် ဒန်နီယဲလ်ဝဲလ်ဘတ်တို့၏ ဂိုးများဖြင့် အနိုင်ရခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ၀င်းဂါးကမူ အိုးထရက်ဖို့ဒ်တွင် ရှားရှားပါးပါး အနိုင်ရခဲ့ခြင်းက နောက်တစ်ဆင့်တက်ရေး ခက်ခက်ခဲခဲရုန်းကန်ရမည့် ချန်ပီယံလိဂ် ဒုတိယအကျော့်အတွက် ယုံကြည်မှုများ ပိုလာခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်ချင်ပါတယ်။ ပြီးတော့ ဒီကနေ့ရလဒ်ဟာ FA ဖလားအတွက်၊ ပရီးမီးယားလိဂ်အတွက်၊ အရမ်းအရေးပါတဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်အတွက် ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဖြစ်စေပါတယ်။ အဓိကအရေးအကြီးဆုံးက အသင်းဟာ ကောင်းမွန်တဲ့အဆင့်မျိုးမှာ ကစားနိုင်တာဖြစ်ပြီး ဒါကိုလည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ၀င်းဂါးက BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးမှာ အသင်းဟောင်းနှင့် ပထမဆုံး ပြန်တွေ့သည့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး ၀ဲလ်ဘတ်ကိုလည်း ချီးကျူးခဲ့သည်။ FA ဖလား ဆီးမီးဖိုင်နယ် တက်ရောက်သွားခဲ့သည့် အာဆင်နယ်မှာ ရီးဒင်းနှင့် ဘရက်ဖို့ဒ်တို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ၀င်းဂါးကမူ သတိထားနေသည်။

    “ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ ၀င်ဘလေကွင်းမှာ ခန့်မှန်းလို့မရတဲ့ ဆီမီးဖိုင်နယ်ပွဲကို ကစားခဲ့ရပါတယ်”

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းတွင် မိုနာကိုအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်မှာ ဒုတိယအကျော့အဖြစ် ယခုတစ်ပတ်တွင် ကစားရမည်ဖြစ်သည်။

    Ref: Goal.com

  • IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    IS က ထိန်းချုပ်ထားသည့် တီကရစ်မြို့နှင့် အနီးဆုံးခရိုင်တစ်ခုအား အီရတ်စစ်တပ် ပြန်သိမ်းနိုင်

    မတ် ၁၀၊ ၂၀၁၅
    M-Meida

    tikrit

    – IS က သိမ်းပိုက်ထားသည့် တီကရစ်မြို့အား ပြန်လည်ရရှိရန် တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များမှာ မြို့အနီးရှိ နောက်ထပ်ခရိုင်တစ်ခုနှင့် ရေနံတွင်းအချို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းသို့ဝင်ရန် ကြိုးစားနေကာ IS ၏ ပြင်းထန်သော ခံစစ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

    ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစု တိုက်ခိုက်ရေးသမားများ၊ ရှီအာ ပြည်သူ့စစ်များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဝင်များ သိမ်းပိုက်နိုင်ခဲ့သည့်ဒေသမှာ တီကရစ်မြို့နှင့် ၁၈ ကီလိုမီတာအကွာရှိ အလ်-အလမ် ခရိုင်ဖြစ်ပြီး မြို့တွင်းသို့ဝင်ရောက်ရန် နောက်ဆုံး စခန်းလည်းဖြစ်သည်ဟု Iraqiya TV က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် တီကရစ်မြို့အရှေ့မြောက်ဘက်ရှိ အလ်-အိုဂျေးလ်မှ ရေနံတွင်းများကိုလည်း အီရတ်တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ပြီး အလ်-အလမ်မှ ရေနံတွင်းအချို့ကိုမူ IS အဖွဲ့များက မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။ တီကရစ်မြို့အား ပြန်လည်သိမ်းယူရေး တိုက်ပွဲမှာ နိုင်ငံ၏ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့အား IS လက်မှ ပြန်သိမ်းရေးအတွက် အဓိကအရေးပါသည့် တိုက်ပွဲလည်းဖြစ်သည်။

    မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့် အလ်-ဒူးရ်မြို့ကိုလည်း ရှီယာ ပြည်သူ့စစ်များ ပါဝင်သည့် အီရတ်စစ်တပ်မှာ ပြီးခဲ့သည့် သီတင်းပတ်က သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် အခြေစိုက်လျက် ရှိနေသည်။အလ်-အလမ်နှင့် အလ်-ဒူးရ်တို့ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖျက်တောက်နိုင်ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • FA ဖလားပွဲ အပြုအမူအတွက် ဒီမာရီယာအား ဗန်ဂါးလ်ဝေဖန်

    FA ဖလားပွဲ အပြုအမူအတွက် ဒီမာရီယာအား ဗန်ဂါးလ်ဝေဖန်

    မတ် ၁၀၊ ၂၀၁၅
    M-Media

    van gal

    – ယနေ့နံနက်က ကစားခဲ့သည့် FA ဖလားကွာတားဖိုင်နယ်ပွဲတွင် အထုတ်ခံခဲ့ရသော ကွင်းလယ်လူ ဒီမာရီယာ၏ အပြုအမူအတွက် မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်လိုက်ပြီး ဒီမာရီမှာ ပါးနပ်မှုမရှိဟု ပြောကြားလိုက်သည်။

    အာဆင်နယ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲတွင် ဒီမာရီယာမှာ အာရွန်ရမ်ဆေးနှင့် ဘောလုံးယှဉ်လုစဉ် ဟန်ဆောင်လှဲချခဲ့သောကြောင့် ဒိုင်လူကြီးက အ၀ါကဒ်ပြ သတိပေးခဲ့ပြီး ထိုသတိပေးမှုကို မကျေနပ်သောကြောင့် ကွင်းလယ်ဒိုင်အား စောင့်တွန်းခဲ့သည့်အတွက် နောက်ထပ်အ၀ါကဒ် ထပ်မံပြသခြင်း ခံခဲ့ရာကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။

    ဗန်ဂါးလ်ကမူ ဒီမာရီယာအနေဖြင့် အခြေအနေကို ပိုကောင်းအောင် ကိုင်တွယ်ခဲ့သင့်သည်ဟု ယုံကြည်နေသည်။

    “ဒီအခြေအနေတွေမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ကြည့်ရမှာပါ။ သူဘယ်လိုလုပ် ဆုံးဖြတ်ချက် ချခဲ့သလဲ၊ ဘယ်လိုနည်းနဲ့ ဆုံးဖြတ်ချက် ချခဲ့သလဲဆိုတာ ကျွန်တော် ဗီဒီယိုခွေ ကြည့်ချင်ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးကို သွားတွန်းတာမျိုး မလုပ်ရဘူးဆိုတာ ကျွန်တော်နဲ့ ဒီမာရီယာ နှစ်ယောက်စလုံးလည်း သိပါတယ်။ ဒါဟာ သူ လိမ္မာပါးနပ်မှု မရှိတာပါပဲ။ ဒီလိုပွဲမျိုးမှာ စိတ်ခံစားမှု သိပ်မလွယ်ရပါဘူး။ ဒါကို ပွဲမတိုင်ခင်မှာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒီလိုမျိုးပွဲမှာ အနီကဒ်ဟာ လွယ်လွယ်ထွက်လာမယ်ဆိုတာလည်း ကျွန်တော်သိပါတယ်” ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဒီမာရီယာအား ပြသခဲ့သည့် အနီကဒ်မှာ မျှတသည့်အနီကဒ် ဟုတ်၊ မဟုတ်ကို မှတ်ချက်မပေးချင်ကြောင်း၊ ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက် ပြု၍မရဟု ဒီမာရီယာလည်းသိပြီး ကစားသမားတိုင်းလည်း သိရှိကြောင်း၊ အသင်း၏ ကစားပုံအတွက်လည်း စိတ်ပျက်မိကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြားခဲ့သည်။

    ယခုပွဲအရှုံးကြောင့် မန်ယူမှာ FA ဖလားမှ ထွက်ခဲ့ရကာ ဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီး လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေးသာ ကြိုးစားရတော့မည်ဖြစ်သည်။

    Ref: Goal.com

  • နိုင်ငံတကာ သတင်းတို (မတ် ၉၊ ၂၀၁၅)

    မတ် ၉၊ ၂၀၁၅
    M-Media

    – ကျန်းမာရေးမကောင်းမှုကြောင့် ဆေးကုသမှုခံယူနေရပြီး သေဆုံးသွားပြီဟု ကောလဟာလများ ထွက်ပေါ်နေသည့် အီရန်နိုင်ငံ၏ အဓိပတိဖြစ်သူ အသက် ၇၅ နှစ်အရွယ် အယာတိုလာ ခါမေနီ၏ ကျန်းမာစွာ သွားလာလှုပ်ရှားနေသည့် လက်ရှိပုံရိပ်အား အီရန်နိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ခါမေနီမှာ အမေရိကန်လက်အောက်ခံ အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချသော အီရန် အစ္စလာမ်မစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး တိုင်းပြည်အား အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည့် နိုင်ငံဖြစ်လာအောင် ၁၉၈၉ ခုနှစ်မှစ၍ ယနေ့တိုင် လမ်းညွှန်နိုင်ခဲ့သူဖြစ်သည်။

    – နိုက်ဂျီးရီးယားနိုင်ငံအတွင်းရှိ ဘိုက်ကိုဟရမ် စစ်သွေးကြွများအား ချဒ်နှင့် နစ်ဂါးနိုင်ငံမှ တပ်များပူးပေါင်းက ယမန်နေ့က စတင်၍ ထိုးစစ်ဆင်ခဲ့ကြသည်။ နိုက်ဂျီးရီးယားမှာ ယခုလအတွင်း ဘိုကိုဟရမ်အား အမြစ်ဖြတ်ချေမှုန်းရန် စီစဉ်ထားသည်။

    – အိန္ဒိယရှိ ဒီမာပူရ်မြို့တွင် ကြာသာပေးတးနေ့ ထောင်ဖောက်ကာ မုဒိမ်းမှုနှင့် သံသယရှိသူကို ဆွဲထုတ်၍ ရိုက်နှက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့သည်။

    – နိုင်ငံရပ်ခြား NGO များကို ကန့်သတ်မည့် ဥပဒေတစ်ခုကို တရုတ်နိုင်ငံက ပြဌာန်းရန် စီစဉ်နေပြီး အဆိုပါ ဥပဒေသစ်အရ NGO များမှာ လှုပ်ရှားမှုများ ရပ်ဆိုင်းရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ပြီး အချို့မှာ တိုင်းပြည်မှ ထွက်ခွာရသည်အထိ ဖြစ်သွားနိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

    – ကာဒ့်တပ်ဖွဲ့များမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းအကူအညီဖြင့် အီရတ်နိုင်ငံမြောက်ပိုင်း ရေနံကြွယ်ဝသည့် ကီရ်ကွတ်မြို့အား သိမ်းပိုက်ထားသော IS တပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက ထိုးစစ်ဆင်ခဲ့သည်။

    Ref: News agencies