News @ M-Media

Blog

  • အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက်မှာ ကျရှုံးနိုင်ငံဖြစ်တော့မယ့် အာဖန်နစ္စတန်ကို မကယ်တင်နိုင်ရင် လူသန်းချီ အငတ်ဘေးဆိုက် သေဆုံးမယ့်အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာအသိုင်းအ၀ိုင်းကို သတိပေးလိုက်ပါတယ်။

    အာဖဂန်နစ္စတန်ဟာ သြဂုတ်လ တာလီဘန်မအုပ်စိုးခင် အရင်ကတည်းက နိုင်ငံတကာရဲ့ ကူညီမှုနဲ့ ရပ်တည်နေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တာလီဘန်က တစ်နိုင်ငံလုံး သိမ်းပိုက်လိုက်တဲ့အချိန်မှာ အလှုရှင်နိုင်ငံတွေက သူတို့ရဲ့ ကူညီထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

    ကုလ စားနပ်ရိက္ခာအဖွဲ့ (WFP) အကြီးအကဲ ဒေးဗစ် ဘီစလေက အာဖဂန်လူဦးရေ ၃၉ သန်းရဲ့ ထက်၀က်ကျော်ဖြစ်တဲ့ ၂၂.၈ သန်းဟာ စားနပ်ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့နေရပြီး ငတ်မွတ်ခေါင်းပါးမှုဆီ ဦးတည်နေပြီလို့ သတိပေးခဲ့ပါတယ်။ တာလီဘန်မအုပ်စိုးခင် လွန်ခဲ့တဲ့ နှစ်လအရင်က ဒီအရေအတွက်ဟာ ၁၄ သန်းသာ ရှိခဲ့တာပါ။

    “ကလေးတွေ သေကြတော့မယ်။ လူတွေ ငတ်မွတ်ကြတော့မယ်။ အခြေအနေတွေ တော်တော်ကို ဆိုးရွားတော့မှာပါ”

    သူတို့အစိုးရကို အသိအမှတ်ပြုဖို့၊ ကူညီထောက်ပံ့မှုတွေ ပြန်ပေးဖို့ တာလီဘန်က ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုထားပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ တွန့်ဆုတ်နေပါတယ်။

    ရာသီဥတုဖောက်ပြန်မှုကလည်း အာဖဂန်က စားနပ်ရိက္ခာ ပြတ်လတ်မှုကို ပိုမိုဆိုးရွားစေပါတယ်။ ကုလကတော့ စားနပ်ရိက္ခာ မလုံလောက်တဲ့ အာဖဂန်ပြည်သူ ၂၃ သန်းကို ကူညီပေးဖို့အတွက် တစ်လကို ကန်ဒေါ်လာ သန်း ၂၂၀ လောက် လိုအပ်တယ်လို့ ဆိုပါတယ်။

    တာလီဘန်အစိုးရဟာ သူတို့ မသိမ်းပိုက်ခင်က ရှိခဲ့တဲ့ စီးပွားရေးအနေအထား ပြန်ရောက်အောင် မလုပ်နိုင်သေးသလို အစိုးရ၀န်ထမ်းတွေကိုလည်း လခမပေးနိုင်ပါဘူး။ နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဖဂန်မြို့နေလူထုကလည်း ကျေးလက်ဒေသကလူတွေနည်းတူ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို ကြုံတွေ့လာရပါတယ်။

    Ref: Aljazeera

  • ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်မှာ စစ်တပ်က ၀န်ကြီးချုပ်နဲ့ အစိုးရအရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ မြို့တော်ခါတွန်ကိုသွားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

    တနင်္ဂနွေနေ့ သန်းခေါင်းယံကတည်းက စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်းတွေ ထွက်လာတာဖြစ်ပြီး တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြန်ကြားရေး၀န်ကြီးက ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို စစ်တပ်က အမည်မသိနေရာတစ်ခုဆီ ဖမ်းဆီးခေါ်ဆောင်သွားကာ အာဏာသိမ်းလိုက်တယ်လို့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၀န်ကြီးချုပ်နဲ့အတူ အစိုးရအကြီးအကဲ တော်တော်များများလည်း အဖမ်းခံလိုက်ရပါတယ်။

    စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်း ဆူဒန်ပြည်သူတွေဟာ လမ်းပေါ်ထွက်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။

    အာဏာရှင်ဟောင်း အိုမာရ် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ဆူဒန်ကို ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေ့ါ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက အုပ်စိုးနေတာပါ။ အာဏာရှိစဥ်မှာကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ဘရှီးကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ကို တင်ဖို့လည်း ဆူဒန်အစိုးရက ကြိုးစားနေပါတယ်။

    ဒါပေမယ့် စစ်တပ်နဲ့ ကြားဖြတ်အစိုးရတို့အကြား သဘောထားမတိုက်ဆိုင်မှုတွေ ပြီးခဲ့တဲ့ လတွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    စစ်တပ်က ခေါင်းဆောင်တစ်ချို့နဲ့ အာဏာရှင်ဟောင်း ဘရှီးကို ထောက်ခံသူတွေ ပူးပေါင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ပြီး တားဆီးနိုင်ခဲ့တယ်လို့ ကြားဖြတ်အစိုးရက စက်တင်ဘာလမှာ ထုတ်ပြန်ဖူးပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    Ref: Aljazeera

  • တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    တရုတ်တွင် ပုံပြောင်းကိုဗစ် တစ်ကျော့ပြန်ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁

    M-Media

    -မြို့တော်ဘေဂျင်းအပါအ၀င် တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်လာတာကြောင့် လော့ဒေါင်းချမှုတွေ၊ အခြားကန့်သတ်မှုတွေ ပြန်လည် လုပ်ဆောင်လာရပါတယ်။

    တနလာနေ့မှာ ကူးစက်မှု ၃၉ ခု ထပ်တွေ့ခဲ့ပြီး တစ်ပတ်အတွင်း ၁၀၀ ကျော် ရှိလာတာပါ။ ဘေဂျင်းက ပိုးတွေ့တဲ့ အိမ်ယာအများအပြားကို အာဏာပိုင်တွေက လော့ဒေါင်းချလိုက်ပြီး မလိုအပ်ရင် အပြင်မသွားဖို့နဲ့ လူစုလူ၀ေး မလုပ်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    လူအများအပြားကို ဆေးစစ်မှာကြောင့် ပိုးတွေ့သူအရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ တရုတ်က တစ်ကျော့ပြန်ကိုဗစ်ဟာ နိုင်ငံတစ်၀ှမ်း လည်ပတ်ခဲ့တဲ့ ခရီးသွားအုပ်စုတစ်ခုကနေ စတင်ကူးစက်တာ ဖြစ်ပါတယ်။

    မြို့တော်ဘေဂျင်းက ခရီးသွားနေရာ ၅ ခုကို ပြန်ပိတ်ပြီး မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းလိုက်သလို၊ အင်းနားမွန်ဂိုလီးယားဒေသနဲ့ ဂန်းဆူပြည်နယ်တို့က တစ်ချို့ နေရာတွေမှာလည်း ကိုဗစ်ကန့်သတ်မိန့်တွေ ပြန်လည်ထုတ်ပြန်ထားပါတယ်။

    ကိုဗစ်စတင်ပေါက်ဖွားရာ ၀ူဟန်မြို့မှာလည်း ရောဂါတစ်ကျော့ပြန်လာမှာကို စိုးရိမ်တဲ့အတွက် မာရသွန်ပြိုင်ပွဲတစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။

    Ref: CNA

  • ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက ကျူးကျော်အိမ်ယာ အလုံး ၁၃၀၀ ထပ်ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်တွင် အစ္စရေးက ကျူးကျော်အိမ်ယာ အလုံး ၁၃၀၀ ထပ်ဆောက်မည်

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒေသတွေမှာ ကျူးကျော်အိမ်ယာ ၁၃၅၅ လုံး ဆောက်လုပ်မယ့် အစီအစဉ်ကို အစ္စရေးက ထုတ်ပြန်ကြေငြာလိုက်ပြီး ပါလက်စတိုင်းဖက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလာပါတယ်။

    လက်ယာပါတီ New Hope က အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အစ္စရေး အိုးအိမ်ဝန်ကြီးလည်းဖြစ်တဲ့ ဇီဗ် အီလ်ကင်က ‘ဇိုင်ယွန်ရည်မှန်းချက် ပြည့်၀ဖို့အတွက် အနောက်ဖက်ကမ်းမှာ ဂျူးတွေအများအပြားတည်ရှိရေးဟာ အဓိကကျတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဇိုင်ယွန်ရည်မှန်းချက်ဆိုတာ ပါလက်စတိုင်းပိုင်နက်တစ်ခုလုံးကို သိမ်းပိုက်ရေးဖြစ်ပြီး ၁၈ ရာစုလောက်ကတည်းက ကမ္ဘာတစ်ဝှမ်းကဂျူးတွေ ပူးပေါင်းကြံစည်လာတာ ဖြစ်ပါတယ်။

    နာဇီရန်ကြောင့် အရှေ့ဥရောပက ထွက်ပြေားလာတဲ့ဂျူးတွေ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ကာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး၊ အဲဒီအချိန်ကစလို့ ကျန်ရှိတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို တစ်စတစ်စ အစ္စရေးက သိမ်းပိုက်လာတာပါ။

    ပါလက်စတိုင်းတွေဟာ အရှေ့ဂျေရုစလင်အပါအဝင် အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ဒေသပေါင်းပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်လိုနေတာ ဖြစ်ပါတယ်။

    အစ္စရေးရဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် အခုလို ခြိမ်းခြောက်မှုတွေ၊ ကျူးကျော်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် အမေရိကန်နိုင်ငံက ရင်ဆိုင်ဖြေရှင်းကြဖို့ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှတေယာက မနေ့က အစိုးရအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံတည်ရှိရေးအဖြေကို ထိခိုက်စေတဲ့အတွက် ရှုတ်ချကြောင်း၊ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေကြာင်း ရှတေယာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အနောက်ဖက်ကမ်းက အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအရေအတွက်ဟာ ၄၇၅၀၀၀ ရှိနေပါပြီ။ ဒီအိမ်ယာတွေဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြောကြားထားပါတယ်။

    ဂျော်ဒန်နိုင်ငံက အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားနိုင်ရေး  အာဆီယံက စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်

    အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားနိုင်ရေး အာဆီယံက စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်

    အောက်တိုဘာ ၂၄၊ ၂၀၂၁
    M-Media

    -အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားကာ နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံညှိုင်းအဖြေရှာနိုင်ရေး အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ထားပါတယ်။

    အခုတစ်ပတ်နှောင်းပိုင်းမှာ အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပမှာပါ။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုမှာ ပူးပေါင်းပါဝင်မှုမရှိတဲ့အတွက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံက အစည်းအဝေးတက်ခွင့် မပေးပါဘူး။

    အစည်းအဝေးအပြီး အာဆီယံဥက္ကဌက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ဧပြီလက ရထားတဲ့ သဘောတူညီချက်တွေအတိုင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို လက်ခံကာ နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်ပေးရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

    ဒီကြေငြာချက်မူကြမ်းကို Kyodo သတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရီဝမ်ယူစွဖ်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပြီး မြန်မာနိုင်ငံကိုလာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့တွေ့နိုင်ရေး တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်ကောင်စီက ခွင့်မပြုပါဘူး။

    အာဆီယံဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်တို့ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးဘဲ၊ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ သူတစ်ဦးကို မြန်မာကိုယ်စားပြု တက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

    စစ်ကောင်စီဟာ အထူးကိုယ်စားလှယ် အရီဝမ်ယူစွဖ်ကို အဝေးရောက်အစိုးရ NUG နဲ့ မဆက်သွယ်ဖို့ သတိပေးထားသလို၊ မိမိတို့ဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့် အပြည့်အ၀ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    အရီဝမ်ယူစွဖ်ဟာ ထိပ်သီးအစည်းအဝေးအပြီးမှာလည်း မြန်မာနိုင်ငံကို သွားရောက်နိုင်ရေး စစ်ကောင်စီနဲ့ ဆက်လက်ညှိနှိုင်းဖို့ရှိတယ်လို့ အာဆီယံအဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Ref: Bangkok Post