News @ M-Media

Blog

  • ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    ထိုးကွက်ပြောင်းမှ ပက်ကွီအိုအား မေ၀ယ်သာနိုင်မည်ဟု မိုက်တိုင်ဆန်ပြော

    မတ် ၁၃၊ ၂၀၁၅
    M-Media

    268D278E00000578-0-image-a-38_1426187268454

    – မေ ၂ ရက်နေ့ ပက်ကွီအိုနဲ့ ထိုးမယ့်ပွဲမှာ ဖလွိုက်မေ၀ယ်သာအနေနဲ့ နိုင်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ထိုးပုံထိုးနည်းကို ဆန်းသစ်ရမယ်လို့ ကမ္ဘာ့လက်ဝှေ့ကျော်ဟောင်း မိုက်တိုင်ဆန်က သတိပေးလိုက်ပါတယ်။

    သံခဲမိုက်လို့ အမည်ပြောင်ပေးခြင်း ခံထားရတဲ့ မိုက်တိုင်ဆန်တစ်ယောက် သူ့ရဲ့ လက်ဝှေ့လောကထဲ စတင်ဝင်ရောက်တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားမှာ ဒီလိုပြောလိုက်တာဖြစ်ပြီး မေ၀ယ်သာရဲ့ ခံစစ်အသားပေး ထိုးကွက်ကြောင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    “ပက်ကွီအိုနိုင်မယ်လို့ အစကတည်းက ကျွန်တော်ထင်ခဲ့ပါတယ်။ သူဟာ အဆက်မပြတ်လှုပ်ရှားသူ တစ်ယောက်ပါ။ ထောင့်တိုင်းကနေ သူ ၀င်ထိုးတတ်ပါတယ်။ သူဟာ သက်လုံလည်းအပြည့်ရှိပြီး အမြဲတမ်း လက်သီးတွေ လွှတ်တတ်ပါတယ်။ ဘယ်တော့မှ မရပ်ပါဘူး” လို့ မိုက်တိုင်ဆန်က ဆိုပါတယ်။

    ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးဖြစ်လာမယ့် မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ပွဲအတွက် နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ နှစ်ယောက်စလုံးက ပြောကြားခဲ့ပါတယ်။

    မေ၀ယ်သာနဲ့ပက်သက်လို့ တိုင်ဆန်က “ဖလွိုက်က ချော့ပြီးတော့ ထိုးတတ်ပါတယ်။ ပြီးတော့ သူ့ရဲ့လက်သီးကလည်း ပိုပြီး တိကျပါတယ်။ ဒါပေမယ့် မန်နီ (ပက်ကွီအို) လို တစ်ချီတည်းမှာ လက်သီအလုံး ၁၀၀ လောက် ထိုးတာမျိုးမလုပ်ပါဘူး။ မန်နီကို အလဲထိုးနိုင်ဖို့တော့ အလားအလာမရှိပါဘူး။ ဒါ့ကြောင့် တကယ်လို့ သူနိုင်ချင်ရင် ပြောင်းလဲရပါလိမ့်မယ်။ လက်သီးကို ပိုမသုံးဘူးဆိုရင် သူ မနိုင် နိုင်ပါဘူး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    နောက်ပြီး မေ၀ယ်သာရဲ့ အခုကြိုးစားမှုဟာ မလုံလောက်သေးဘဲ ပက်ကွီအိုကို ဒုက္ခပေးနိုင်ခဲ့တဲ့ တင်မ် ဘရက်ဒလေနဲ့ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်တို့ရဲ့ ထိုးပေါက်တွေကို ကြည့်ဖို့လိုပြီး အခုပုံစံနဲ့ မတူညီတာမျိုး လုပ်ရလိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အသက် ၂၁ နှစ်နဲ့ လက်ဝှေ့သမိုင်းမှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ ဒီသတိပေးချက်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကိုတော့ လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာနဲ့ ၅၇ ပွဲနိုင် ၅ ပွဲသာရှုံးထားတဲ့ ပက်ကွီအိုတို့ရဲ့ မေ ၂ ရက်နေ့ထိုးပွဲမှာ စောင့်မျှော်ကြည့်ရှု ရပါလိမ့်မယ်။

    Ref: Dailymail

  • ဒူဘိုင်းဈေးရောင်းပွဲတော်တစ်ခုတွင် အစ္စလာမ်ကိုပြောင်းလဲသက်ဝင်သူ ၅၇ ဦးရှိခဲ့

    ဒူဘိုင်းဈေးရောင်းပွဲတော်တစ်ခုတွင် အစ္စလာမ်ကိုပြောင်းလဲသက်ဝင်သူ ၅၇ ဦးရှိခဲ့

    မတ် ၁၃၊ ၂၀၁၅
    M-Media

    12-3-15_Dozens-Revert-to-Islam-at-Dubai-Festival (1)

    – ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ပြီးခဲ့တဇန်န၀ါရီလက ကျင်းပခဲ့တဲ့ ဈေးရောင်းပွဲတော်မှာ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ခဲ့ကြပြီး အစ္စလာမ်သာသနာရဲ့ တိုးတက်မှုကို ရောင်ပြန်ဟပ်စေခဲ့ပါတယ်။

    “၂၀၁၅ မဟာဗျူဟာအစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ်၊ ကျွန်မတို့ ဌာနခွဲဟာ ဒူဘိုင်းက ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေး အခမ်းအနားတွေကို အစ္စလာမ်ရဲ့ အခြေခံစည်းမျဉ်းတွေနဲ့ တန်ဖိုးတွေကို မီးမောင်းထိုးပြတဲ့နေရာမှာ၊ အစ္စလာမ်နဲ့ပတ်သက်လို့ စူးစမ်းမေးမြန်းမှုတွေကို ဖြေကြားရာမှာနဲ့ အစ္စလာမ်နဲ့ ပတ်သက်တဲ့ နားလည်မှုလွဲမှားခြင်းတွေကို ပြင်ဆင်ဖြေရှင်းရာမှာ ကောင်းမွန်စွာအသုံးချဖို့ ကြိုးစားနေပါတယ်” လို့ အစ္စလာမ်ရေးရာနှင့် အလှူဒါနပြုရေးလှုပ်ရှားမှုဌာနရဲ့ သစ်လွင်မွတ်စလင်ဌာနခွဲ ဥက္ကဌ အမျိုးသမီး ဟူဒါ အလ် ကာဘီက ဆိုပါတယ်။

    ဌာနရဲ့ ပြောကြားမှုအရ ပြီးခဲ့တဲ့ ဇန်န၀ါရီမှာပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်အတွင်းမှာ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်လာသူအရေအတွက်ဟာ ၅၃ ဦး လောက် ရှိတယ်လို့ သိရပါတယ်။

    ဒီသစ်လွင်မွတ်စလင်တွေဟာ Al Reef ရှော့ပင်းမောလ်မှာ ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းဆုံ ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာဖြစ်ပါတယ်။  အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးမှုတွေ၊ ဟောပြောမှုတွေနဲ့ ကြေညာမှုတွေကို ဘာသာစကားမျိုးစုံနဲ့ ပြုလုပ်ခဲ့ပြီး အစ္စလာမ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ ရာစုနှစ်နဲ့ ချီလာတဲ့ အစ္စလာမ့်ယဉ်ကျေးမှုတွေအကြောင်း အသိပညာပေးမှုတွေကို မြင့်တက်လာစေဖို့ ရည်ရွယ်ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

    ဒီနှစ်ရဲ့ သစ်လွင်မွတ်စလင်တွေက ယူအေအီးနိုင်ငံမှာ နေထိုင်းရင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတဲ့ ပထမဆုံး အသုတ်တော့ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်အတွင်း ယူအေအီးနိုင်ငံမှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူအရေအတွက်ဟာ ၂၁၁၅ ဦးကျော် ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့နေတဲ့ အစ္စလာမ်ဘာသာတရားအတွက် နှစ်သက်လိုလားမှု တိုးလာတယ်ဆိုတာကို ရောင်ပြန်ဟပ်နေတာလည်း ဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်မှာ ယူအေအီးနိုင်ငံအတွင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူ အရေအတွက်ဟာ ၁၉၀၇ ဦး ရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ ၁၃၈၀၊ ၂၀၁၀ ခုနှစ်မှာ ၁၅၀၀ ၊ ၂၀၀၉ ခုနှစ်မှာ ၁၀၅၉ စသဖြင့် အသီးသီးရှိခဲ့ကြကာ ယူအေအီးနိုင်မှာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူတွေဟာ နှစ်စဉ်တိုးတက်လျက် ရှိနေပါတယ်။

    အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ဖို့ ဆွဲဆောင်တဲ့အချက်ကတော့ ဒီအယူဝါဒရဲ့ ခွင့်လွှတ်သနားညှာတာမှုနဲ့ လူသားအားလုံးအကြားက သာတူညီမျှမှုကို မြှင့်တင်ပေးတဲ့ ယုတ္တိယုတ္တာတန်တဲ့ သွန်သင်ဆုံးမချက်တွေကြောင့်ဖြစ်တယ်လို့ လေ့လာမှုများက ဆိုပါတယ်။

    Ref: Onislam

     

  • စင်ကာပူတွင် ဗလီဝတ်ကျောင်းတော် အသစ်တလုံး ဆောက်လုပ်ခွင့်နှင့် အဟောင်းများ တိုးချဲ့မွမ်းမံခွင့်ရ

    စင်ကာပူတွင် ဗလီဝတ်ကျောင်းတော် အသစ်တလုံး ဆောက်လုပ်ခွင့်နှင့် အဟောင်းများ တိုးချဲ့မွမ်းမံခွင့်ရ

    မတ် ၁၂ ၊ ၂၀၁၅
    M-Media
    Yusof Ishak mosque– အစ္စလာမ်ဘာသာဝင်တွေ လွယ်ကူစွာ ၀တ်ပြုနိုင်ဖို့အတွက် စင်္ကာပူအရှေ့ပိုင်း လူအများဆုံးနေထိုင်ရာ Tampines North ဘက်မှာ ဗလီဝတ်ကျောင်းတော်အသစ်တစ်လုံး တည်ဆောက်သွားမယ်လို့ မွတ်စလင်ရေးရာဝန်ကြီး ဒေါက်တာ ယာကွဘ် အီဗရာဟင်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    “Tampines North ကို အဓိကလူနေထိုင်ရာအဖြစ် တည်ဆောက်နေခြင်းနဲ့အတူ  အဲဒီမှာ ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်သွားမယ်ဆိုတာကို ဝမ်းသာလှိုက်လှဲစွာနဲ့ ကြေငြာလိုပါတယ်။ အဲဒီ ဗလီဝတ်ကျောင်းတော်မှာ Tampines North ၊ အဲဒီနားက Pasir Ris နဲ့ နေရာနှစ်ခုလုံးက စက်မှုဇုန်မှာရှိတဲ့ နေထိုင်သူအသစ်တွေ ၀တ်ပြုနိုင်ပါလိမ့်မယ်” လို ဒေါက်တာ ယာကွဘ်က ကော်မတီဆွေးနွေးပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

    ဒီဗလီဝတ်ကျောင်းအသစ်ဆောက်လုပ်တာကို အဲဒီဒေသမှာ ရှိတဲ့ နေထိုင်သူအရေအတွက်၊ ၀တ်ပြုရာနေရာ အခြေအနေတို့နဲ့ ချိန်ဆ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

    Maarof mosque

    အခုအချိန်မှာတော့ စင်ကာပူ အရှေ့ခြမ်းမှာရှိတဲ့ ပြည်သူတွေ ၀တ်ပြုနိုင်ဖို့အတွက် ၀တ်ပြုသူ ၄၅၀၀ လောက်ဆံ့တဲ့ Al Ansar ဗလီဝတ်ကျောင်းတော်ကို လာမယ့်လမှာ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီဗလီဝတ်ကျောင်းတော်မှာ မူလက လူပေါင်း ၁၀၀၀ လောက်သာ ၀တ်ပြုနိုင်တာဖြစ်ပြီး အခုလက်ရှိမှာ တိုးချဲ့မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
    .
    Tampines ဒေသမှာရှိတဲ့ Darul Ghufran ဗလီဝတ်ကျောင်းတော်ကိုလည်း လူပေါင်း ၁၀၀၀ ထပ်မံဝတ်ပြုနိုင်ဖို့အတွက် ၂၀၁၆ မှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး  Pasir Ris မှာရှိတဲ့  Al Istighfar ဗလီဝတ်ကျောင်းတော်ကိုလည်း တိုးချဲ့ဖို့အစီအစဉ်နဲ့အတူ သုံးသပ်မှုတွေပြုလုပ်နေပြီး နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုလည်း သတ်မှတ်ထားပြီးဖြစ်တယ်လို့ ဒေါက်တ ယာကွဘ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    .Al Islah mosque
    Punggol က Al Islah ဗလီဝတ်ကျောင်းတော်ကို အခုနှစ် ရမ်ဇာန်ဥပုသ်လနဲ့ ဟာရီရာယာ (အီဒွဒ်ဖိသီရ်ပွဲတော်) အမီ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး Jurong West က  Maarof ဗလီဝတ်ကျောင်းတော်နဲ့  Woodlands က Yusof Ishak ဗလီဝတ်ကျောင်းတော်တွေ အတွက် အဆင့်မြှင့်တင် တိုးချဲ့မှုတွေကိုလည်း မကြားသေးခင်ကစလို့ ပြုလုပ်နေတယ်လို့ ဒေါက်တာ ယာကွဘ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတဲ့ ဒီဗလီဝတ် ကျောင်းတော် ၃ လုံးဟာ ၀တ်ပြုသူ ၁၃၀၀၀ လောက်အတွက် နေရာပေးနိုင်မှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ စင်ကာပူမှာရှိတဲ့ စုစုပေါင်း ဗလီဝတ်ကျောင်းတော် ၉ လုံးကို အဆင့်မြှင့်တင် တိုးချဲ့နိုင်ခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ နောက်ထပ် ၅ လုံးကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်ရှိနေပါတယ်။

    Al Ansar mosque

    “ကျွန်တော်တို့ရဲ့ ဗလီဝတ်ကျောင်းတော်တွေဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ဘ၀အတွက် အဓိကဆုံချက်ပါပဲ။ ကျွန်တော်တို့ရဲ့ ဗလီဝတ်ကျောင်းတော်တွေဟာ ၀တ်ပြုဖို့နဲ့ ဘာသာရေး အသိပညာ သင်ကြားပို့ချဖို့အတွက် လုံခြုံပြီး အကျိုးသက်ရောက်ကာ မြေတောင်မြှောက်ပေးတဲ့နေရာတွေ အသေအချာဖြစ်လာဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ နိဂုံးချုပ်အနေနဲ့ ဒေါက်တာ ယာကွဘ်က ပြောကြားခဲ့ပါတယ်။

    ref:- CNA/es

  • အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    အတိုက်အခံခေါင်းဆောင်အား သတ်သည်ဟု ၀န်ခံခဲ့သူ ဖိအားကြောင့်ဟု ရုရှားလူ့အခွင့်အရေးကောင်စီပြော

    မတ် ၁၂၊ ၂၀၁၅
    M-Media

    fe0cda16700e46e3aed49fcd42d2b997_18 (1)

    – အတိုက်အခံခေါင်းဆောင် ဘောရစ်နမ်စတော့ဗ် အသတ်ခံရမှုတွင် ပါဝင်သည်ဟု ၀န်ခံထားသည့် ချေချင်းညာ ဒေသမှ ရဲအရာရှိဟောင်း ဇူးရ် ဒါဒါယက်ဗ်မှာ ညှင်းပန်းနှိပ်စက်မှုကြောင့် ၀န်ခံရသည့် အလားအလာမျိုး ရှိပုံရသည်ဟု ရုရှားလူ့အခွင့်အရေးကောင်စီမှ ပြောကြားလိုက်သည်။

    ဒါဒါယက်ဗ်မှာ အဆိုပါ လူသတ်မှုတွင် ပါဝင်သည်ဟု ၀န်ခံထားပြီး တရားစွဲဆိုခြင်း ခံထားရသော်လည်း လူ့အခွင့်အရေးကောင်စီမှ အန်ဒရေ ဘာဘုရှ်ကင်ကမူ ဒါဒါယက်ဗ်မှာ အပြစ်မဲ့ဖြစ်ပြီး ခြိမ်းခြောက်ဖိအားပေးခြင်းကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဇူရ် ဒါဒါယက်ဗ်ဟာ ညှင်းပန်းနှိပ်စက်မှုအောက်မှာ ၀န်ခံခဲ့ရတယ်လို့ ယုံကြည်ရတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးသူတွေ မဟုတ်တာကြောင့် သူ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတာကို အတည်မပြုနိုင်ပေမယ့် သူ့ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာအများအပြားကို တွေ့ခဲ့ရပါတယ်။” ဟု ဒါဒါယက်ဗ်အား သွားရောက်တွေ့ဆုံပြီးနောက် ဘာဘုရှ်ကင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပူတင်အား ဝေဖန်မှုများကို ပွင့်ပွင့်လင်းလင်းပင် ပြုလုပ်သည့် နမ်စတော့ဗ်မှာ ပူတင်အာဏာယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း အသတ်ခံခဲ့ရသည့် အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်လည်း ဖြစ်သည်။

    ဒါဒါယက်ဗ်မှာ ခြေချင်းညာရဲတပ်ဖွဲ့တွင် လက်ထောက်တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အန်ဇာရ် ဂူဘာရှက်ဗ်ဆိုသူနှင့်အတူ ပြီးခဲ့သည့် တနင်္ဂနွေနေ့က တရားစွဲဆို ခံရခြင်းဖြစ်သည်။ ထို့ပြင် အခြား ၃ ဦးကိုလည်း နမ်စတော့ဗ်အသတ်ခံရမှုအတွက် သံသယဖြင့် ဖမ်းဆီးထားသည်။

    ဒါဒါယက်ဗ်က မိမိမှာ အဖမ်းခံရပြီးနောက် ဦးခေါင်းအား အိတ်စွပ်ထားကာ လက်ထိပ်ဖြင့် ၂ ရက်တိုင်တိုင် နေခဲ့ရပြီး ခြိမ်းခြောက်ဖိအားပေးမှုကြောင့် ၀န်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဘာဘုရှ်ကင်က ဆိုသည်။

    “သူတို့က ကျွန်တော့်ကို တစ်ချိန်လုံး “မင်း နမ်စတော့ဗ်ကို သတ်ခဲ့တယ်မဟုတ်လား” လို့ အော်နေပြီး ကျွန်တော်က မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်” ဟုဆိုပြီး နောက်ဆုံးတွင် မိမိနှင့်အတူ ဖမ်းဆီးထားသည့် ရူစ်လန် ယူဆူပေါ့ဗ်အား လွှတ်ပေးစေရန်အတွက် သတ်ဖြတ်သည်ဟု ၀န်ခံခဲ့ကြောင်း ၎င်းသွားရောက်တွေ့ဆုံစဉ် ဒါဒါယက်ဗ်၏ ပြောကြားမှုကို ဘာဘုရှ်ကင်က တစ်ဆင့် ပြန်လည် ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကမူ ဘာဘုရှ်ကင်၏ ပြောကြားမှုကို ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်မှာ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကာ ဒါဒါယက်ဗ်ကို သွားရောက်တွေ့ဆုံခဲ့သည့် ဘာဘုရှ်ကင်နှင့် ၎င်း၏ အဖော်ဖြစ်သူတို့မှာ ရာဇ၀တ်မှုအား ကြားဝင်မှုဖြင့် ဖမ်းဆီးမေးမြန်းခံရနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူမည်းလူငယ်သေဆုံးရာ ဖာဂူဆန်မြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    လူမည်းလူငယ်သေဆုံးရာ ဖာဂူဆန်မြို့ရှိ ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

    မတ် ၁၂၊ ၂၀၁၅
    M-Media

    ferguson-police-chief

    – အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့ရှိ ရဲဌာနနှင့် တရားရုံးတို့မှာ လူမျိုးရေးအရ ဘက်လိုက်ခွဲခြားမှုများ ရှိနေသည်ဟူသော အမေရိကန် တရားရေးဌာနမှ အစီရင်ခံစာကြောင့် ဖာဂူဆန်ရဲတပ်ဖွဲ့အကြီးအကဲ သောမတ်စ် ဂျက်ဆန်က ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့မှာ လူမျိုးရေးခွဲခြားမှုများ ရှိနေသည်ဟု ဝေဖန်မှုများ ရှိလာခဲ့သည်။ ထို့ကြောင့် အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးမှုများကို လနှင့်ချီ ပြုလုပ်ခဲ့ပြီးနောက် အစီရင်ခံစာကို မတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖာဂူဆန် ရဲတပ်ဖွဲ့အတွင်း ဥပဒေပဖြစ်ပြီး အခြေခံဥပဒေနှင့် ဆန့်ကျင်သော ဆောင်ရွက်မှုအများအပြားကို ကျင့်သုံးခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် တရားရုံးမှ တာဝန်ရှိသူအချို့မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ကြပြီး ရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဆန်၏ နှုတ်ထွက်မှုကို ဖာဂူဆန်အုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    “ရဲတပ်ဖွဲ့အကြီးအကဲနဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အပြန်အလှန်အသုံးသပ်မှုနဲ့ ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” ဟု
    သတင်းစာရှင်းလင်ပွဲတွင် ဖာဂူဆန် အုပ်ချုပ်ရေးမှူး ဂျိမ်းစ်နိုလက်စ်က အဆိုပါ ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ဂျက်ဆန်မှာ ဂုဏ်ပြုထိုက်သူ တစ်ဦးဖြစ်ကာ ၎င်း၏ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ဆန္ဒပြသူများကမူ မိုက်ကယ်ဘရောင်းသေဆုံးပြီးကတည်းက ဂျက်ဆန်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

    တရားရေးဌာန၏ စုံစမ်းမှုများအရ ဖာဂူဆန်ရဲတပ်ဖွဲ့မှာ အာဖရိကန်-အမေရိကန်များအား ပုံမှန်လိုလို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး မြို့အတွက် အကျိုးအမြတ်ရရှိရန် ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါအစီရင်ခံစာ ထွက်လာပြီးနောက် နှုတ်ထွက်သွားသူ ၅ ဦးတွင် ဖာဂူဆန်မြို့မန်နေဂျာ ဂျွန်ရှော၊ မြူနီစီပယ် တရာသူကြီး ရော်နယ် ဘရုက်မေယာတို့လည်း ပါဝင်ပြီး ယခုသီတင်းပတ်အစောပိုင်းက နှုတ်ထွက်သွားခြင်းဖြစ်သည်။ အခြား ၃ ဦးမှာ ရဲတပ်ဖွဲ့နှင့် တရားရုံးများမှ ဖြစ်သည်။

    ယခုကဲ့သို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဆန် နှုတ်ထွက်သွားခဲ့ခြင်းအတွက် ရပ်မိရပ်ဖများက ချီးကျူးခဲ့ကြသည်။

    ဖာဂူဆန်နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် လူမည်းအများစုရှိရာ လူ့အဖွဲ့အစည်းတွင် လူဖြူရဲတပ်ဖွဲ့ဝင်များမှာ ပြည်သူလုံခြုံရေး ဖန်ငွေရအောင် ပို၍ အာရုံစိုက်လုပ်ဆောင်ပြီး၊ ရဲတပ်ဖွဲ့ဝင်များမှာ အင်အားအလွန်ကျွံသုံးခြင်း၊ တရားမ၀င်ဖမ်းဆီးခြင်း၊ ခွေးဖြင့် ရှူးတိုက်ခြင်းနှင့် လက်နက်မဲ့များကို ကျင်စက်အသုံးပြု၍ ဖမ်းဆီးခြင်းတို့ကို ပြုလုပ်လေ့ရှိသည်ဟု တရားရေးဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera