News @ M-Media

Blog

  • ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူများ၏ ဆုံးရှုံးမှု အလွန်များပြား

    ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူများ၏ ဆုံးရှုံးမှု အလွန်များပြား

    မတ် ၁၂၊ ၂၀၁၅
    M-Media

    99268f789ca44c85bc72339a9c91ab91_18

    – ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီး ပျပ်မျှအသက်ရှည်မှု နှုန်းထားမှာလည်း နှစ် ၂၀ လျော့ကျခဲ့ကာ စီးပွားရေး ဆုံးရှုံးမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၂၀၀ ဘီလီယံခန့် ရှိခဲ့ပြီဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကြွယ်ဝမှု၊ အခြေခံအဆောက်အဦးများ၊ တက္ကသိုလ်များနှင့် အလုပ်လုပ်နိုင်သည့် ပမာဏများမှာလည်း ပျောက်ပျက်ခဲ့ရသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    ပြည်တွင်းစစ်အတွင်း ဆီးရီးယားပြည်သူ ၃ သန်းနီးပါးမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး ထို့ကြောင့် လူပေါင်း ၁၂ သန်းမှာ ၎င်းတို့၏ အဓိက၀င်ငွေများ ဆုံးရှုံးခဲ့ရသည်။ အလုပ်လက်မဲ့နှုန်းမှာ ပဋိပက္ခမဖြစ်ပွားခင် ၂၀၁၁ ခုနှစ်က ၁၄.၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ၅၇.၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

    “အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ လူ့အဖွဲ့အစည်းဟာ အလုပ်လုပ်ခွင့်နဲ့ ၀င်ငွေရနိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ အခုအချိန်မှာ ပြည်သူ ၅ ယောက်မှာ ၄ ယောက်ဟာ ဆင်းရဲမွဲတေတဲ့အခြေအနေမှာ နေထိုင်နေရပါတယ်။ ဆင်းရဲသူတွေရှိတဲ့နိုင်ငံ ဖြစ်လာတာကြောင့် ပြည်သူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အသက်ဆက်ရေး အခြေခံ အစားအသောက်လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့အခြေအနေကို သက်ဆင်းခဲ့ရပါတယ်“ ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    စီးပွားရေးနှင့် ပတ်သက်၍လည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားပြီး ၄ နှစ်ကျော်ပြီဖြစ်သည့် စစ်ပွဲက နိုင်ငံ၏ စီးပွားရေးပြိုကွဲမှုနှင့် လူမှုရေးအစိတ်စိတ်အမွှာမွှာဖြစ်မှု ပမာဏကိုလည်း ၂ ဆဖြစ်စေခဲ့သည်ဟု ဆိုသည်။ ထိုရလဒ်ကြောင့် ဆီးရီးယားလူဦးရေကို ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ၂၀၁၀ ခုနှစ်က ၂၀.၈၇ သန်း ရှိရာမှ၊ ပြီးခဲ့သည့်နှစ်တွင် ၁၇.၆၅ သန်းသာ ရှိတော့သည်။

    ဆီးရီးယားမှာ လက်ရှိအချိန်တွင် ဒုက္ခသည်အရေအတွက် ၃.၃၃ သန်းဖြင့် ပါလက်စတိုင်းပြီးနောက် ဒုက္ခသည် ဒုတိယအများဆုံးတိုင်းပြည် ဖြစ်လာခဲ့ပြီး ဒုက္ခသည် ၆.၈ သန်းမှာ နိုင်ငံအတွင်းပြန့်နှံ့နေရာ ၁.၅၅ သန်းမှာ အခြားသော အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

    ဆီးရီးယားပြည်တွင်းစစ်အတွင်း ယခုအချိန်အထိ သေဆုံးသူမှာ ၂၁၀၀၀၀ ကျော်ဦး ရှိနေပြီး ဒဏ်ရာရသူအရေအတွက်မှာ ၈၄၀၀၀၀ ခန့် ရှိနေသည်။

    Ref: Aljazeera

  • ကျောင်းသားမဟုတ်ဘူးလို့ ဦးရဲထွဋ်ပြောဆိုထားတဲ့ မုတ်ဆိတ်နဲ့လူရဲ့ ရင်ဖွင့်သံ

    ကျောင်းသားမဟုတ်ဘူးလို့ ဦးရဲထွဋ်ပြောဆိုထားတဲ့ မုတ်ဆိတ်နဲ့လူရဲ့ ရင်ဖွင့်သံ

    mote sate 2 edit
    မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ  ကျောင်းသားသပိတ် စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေဟာ အွန်လိုင်းသုံးစွဲသူ ပြည်သူအကြားရော မီဒီယာလောကမှာပါ ဒီကနေ့အထိ ပလူပျံနေအောင် ရှယ်နေကြ တင်နေကြ ပြောဆိုနေကြတုန်းပါပဲ။

    အဲ့ဒီ ဓာတ်ပုံတွေထဲကမှ ဓာတ်ပုံတခုမှာ မုတ်ဆိတ်နဲ့ ကျောင်းသားတွေဘက်က ကာကွယ်ဖြေရှင်းပေးနေတဲ့ လူတယောက်ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် သူ့ဖေ့ဘုတ်စာမျက်နှာထက်မှာ “ပထမဆုံးပုံ ညာဘက်ထောင့်က လူကတော့ ကျောင်းသား ဟုတ်မယ်မထင်ဘူး။” လို့ ဓာတ်ပုံနဲ့တကွ ပြောဆိုရေးသားထားပါသေးတယ်။

    mote sate

    ပိုဆိုးတာက သူ့ကို ဖေ့ဘုတ်သုံးစွဲသူအကြား မွတ်စလင်ဘာသာဝင် ကုလားလူမျိုးပါဆိုပြီး အပြင်းအထန် စွပ်စွဲ ဝေဖန် နေကြခြင်းပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီက စုံစမ်းကြည့်လိုက်တော့ အဲ့ဒီလူဟာ ကြို့ပင်ကောက်မှာ နေထိုင်သူ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဦးဆိုသူပါ။ ဒီတော့ အခုလို သူ့အပေါ် ဝေဖန် ပြောဆိုနေတာ တွေနဲ့ ပတ်သက်လို့ ဦးထွန်းထွန်းဦးထံ မေးမြန်းကြည့်တဲ့အခါမှာတော့

    “ကျနော့ကို လူတွေက ကုလားလို့ထင်နေကြတယ်။ တကယ်တော့ ကျနော်က မြန်မာ ဗုဒ္ဓဘာသာဝင်အစစ်ပါ။ ကျနော်ရဲ့ မုတ်ဆိတ်ကြောင့် လူတွေက ကျနော်ကို မွတ်စလင်ကုလားလို့ အွန်လိုင်းမှာပြောဆိုနေကြတယ်။ ကျနော့ရဲ့ ခံယူချက်က ဒီမိုကရေစီရမှ ဒီမုတ်ဆိတ်ကို ရိတ်မယ်လို့ ဆုံးဖြတ်ထားတယ်။ အခု ကြို့ပင်ကောက်က တချို့ မွတ်စလင်တွေက ကျနော်ကို ဖုန်းဆက်မေးမြန်းကြတယ်။ ကျနော့ကြောင့် ဘာသာရေးပြသနာ တခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုပြီးတော့ပေါ့။ ကျနော်လည်း အခု အိမ်မှာ မနေရဲဘူး။ ရဲတွေက လိုက်ဖမ်းနေတယ်။ ကျနော်က ဘယ်ပါတီ ဘယ်အဖွဲ့ဝင်မှလည်းမဟုတ်ပါဘူး။ ဆန္ဒပြကျောင်းသားတွေကို ကူညီချင်တဲ့ဆန္ဒနဲ့ သူတို့ရဲ့လိုအပ်တာတွေကို လိုက်ကူညီပေးနေတာပါ။” လို့ ဦးထွန်းထွန်းဦးက သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

    ဦးထွန်းထွန်းဦးဟာ ဆန္ဒပြကျောင်းသားတွေအပြင် အဲ့ဒီနေ့က ရဲတွေ ရိုက်နှက်ဖမ်းဆီးတဲ့အချိန်မှာ တောထဲ ၀င်ပြေးပြီး ရှောင်ပုန်းခဲ့ကြရတဲ့ သတင်းသမားတွေကိုပါ ကူညီပေးခဲ့သူဖြစ်တယ်လို့ အဆိုပါနေ့က လက်ပံတန်းမှာ သတင်းလိုက်ယူခဲ့တဲ့ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် ကိုလ၀ီက ဆိုပါတယ်။

    Mr.beard 1 (2) edit

    “ဦးထွန်းထွန်းဦးက ကျနော်တို့ သတင်းသမားတွေတောထဲမှာ ပိတ်မိနေစဉ်တုန်းကလည်း ကူညီပေးခဲ့သူတယောက်ပါ။ သူအခုလို အပြောခံ ဝေဖန်ခံနေရတဲ့အပေါ်ကို ကျနော်တို့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။” လို့ ကိုလ၀ီက ပြောပါတယ်။

    ပုံ-၁ ကျောင်းသားတွေနဲ့အတူ ဦးထွန်းထွန်းဦး(ဓာတ်ပုံ- စိုင်းဇော်/ The Irrawaddy)
    ပုံ၂ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်နဲ့အတူတွေ့ရတဲ့ ဦးထွန်းထွန်းဦး (ဓာတ်ပုံ – MOI webportal myanmar facebook)
    ပုံ-၃ ဆန္ဒပြကျောင်းသားနဲ့ သတင်းသမားတွေကိုကူညီခဲ့တဲ့ ဦးထွန်းထွန်းဦး

    ဧရာဝတီ ဘလောဂ်မှ ကူးယူဖော်ပြသည်။

    http://blog.irrawaddy.org/2015/03/blog-post_12.html

  • မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဘက်သို့ ပြန်လှည့်ရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုဆို

    မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဘက်သို့ ပြန်လှည့်ရမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုဆို

    မတ် ၁၂၊ ၂၀၁၅
    M-Media

    1073082_heroa

    – မိမိတို့အသင်းအနေဖြင့် ပီအက်စ်ဂျီအား အနိုင်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ၀န်ခံလိုက်ပြီး ထိုအရှုံးအား တွယ်တာမနေဘဲ ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန် အာရုံစိုက်ရမည်ဟု ပြောကြားလိုက်သည်။

    စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ယနေ့နံနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့တွင် ချယ်ဆီးမှာ ပွဲချိန်အတော်များများကို ၁ ယောက်အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပီအက်စ်ဂျီအား အနိုင်ကစားနိုင်ခြင်း မရှိဘဲ ၂ ဂိုး စီသရေကျခဲ့ကာ အဝေးဂိုးရလဒ်ဖြင့် ကွာတားဖိုနယ်တက်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

    “တကယ်တော့ ပွဲဟာ ၂ ကြိမ်လောက် ကျွန်တော်တို့လက်ထဲမှာ (အနိုင်ရဖို့) ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်အသင်းက ကျွန်တ်ာတို့ထက် ပိုပြီး တောင့်တင်းခဲ့ပါတယ်။ သူတို့ဟာ ပွဲရဲ့ ဖိအားကို ကျွန်တော်တို့ထက်ပိုပြီး ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ၁၁ ယောက် ၁၀ ယောက်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အနိုင်ရလိုမှုဖိအား ပိုများသွားပါတယ်။ သူတို့ဟာ ရှုံးမှာကို မမှုဘဲ ပွဲကိုပဲ အာရုံစိုက်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲတာမျိုး မလုပ်နိုင်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ဦးဆောင်ဂိုးများကို ၂ ကြိမ်တိုင်တိုင် သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ ပြန်ပေးခဲ့ရပြီး မော်ရင်ဟိုကမူ ထိုဂိုး ၂ ဂိုးအတွက် လက်ခံရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အသင်းမှာ အာရုံစိုက်မှုကို ပရီးမီးယားလိဂ်ဘက်သို့ လှည့်ရမည်ဖြစ်ပြီး ဖလားရရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    “အခုအချိန်ဟာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိပြီး အသင်းကို ပြန်လည်ဆန်းစစ်ရမယ့် အချိန်ပါ။ ဘာ့ကြောင့်လည်းဆိုတော့ တနင်္ဂနွေနေ့မှာ ပွဲကစားဖို့ရှိနေပြီး ပရီးမီးယားလိဂ်ကို ဗိုလ်စွဲဖို့ လိုနေလို့ပါပဲ”

    Ref: Goal.comv

  • မိမိတို့၏ သဘောထားနှင့် အစ္စလာမ်၏ သင်ကြားမှုအစစ်အမှန်များကို အများပြည်သူသိရှိစေရန် ကနေဒါမွတ်စလင်များ ကြော်ငြာလှုပ်ရှားမှုတစ်ခု ပြုလုပ်

    မိမိတို့၏ သဘောထားနှင့် အစ္စလာမ်၏ သင်ကြားမှုအစစ်အမှန်များကို အများပြည်သူသိရှိစေရန် ကနေဒါမွတ်စလင်များ ကြော်ငြာလှုပ်ရှားမှုတစ်ခု ပြုလုပ်

    မတ် ၁၂၊ ၂၀၁၅
    M-Media

    10-3-15_Canada-Muslims-Campaign-Against-Extremists

    – အစွန်းရောက်များကို ဆန့်ကျင်ကာ တိုင်းပြည်နှင့် ပြည်သူများအား အားပေးထောက်ခံရန်နှင့် အစ္စလာမ်၏ စစ်မှန်သော ပုံရိပ်ကို သိရှိစေရန်ရည်ရွယ်၍ ကြော်ငြာလှုပ်ရှားမှုကို ကနေဒါ မွတ်စလင်အဖွဲ့တစ်ခုက ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

    အဆိုပါ လှုပ်ရှားမှုကို ကနေဒါရှိ အကြမ်းဖက်ဆန့်ကျင်ရေး မွတ်စလင်အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ ကနေဒါမွတ်စလင်များ၏ သဘောထားနှင့် အစ္စလာမ်၏ စစ်မှန်သော သွန်သင်ချက်များကို အများပြည်သူများ သိရှိစေရန် ဘတ်စ်ကားဂိတ်၊ ရထားဘူတာများကဲ့သို့ လူသွားလူလာများသည့် နေရာများတွင် ကြေညာသင်ပုန်းများဖြင့် ဖော်ပြသည့် လှုပ်ရှားမှုဖြစ်သည်။

    “ကနေဒါကို ထိခိုက်တဲ့ ဒါမှမဟုတ် ကနေဒါနိုင်ငံသားတစ်ယောက်ကို နာကျင်စေတဲ့ ဘယ်လိုမွတ်စလင်မျိုးမဆို အစ္စလာမ်ရဲ့ ရန်သူပါပဲ။ ကနေဒါမှာ ကျွန်တော်တို့မွတ်စလင်တွေဟာ ခင်ဗျားတို့ကို ဂရုစိုက်ပြီး ၀န်းရံထားတယ်ဆိုတာ ကနေဒါပြည်သူတွေကို သိစေချင်ပါတယ်။ ခင်ဗျားတို့ရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံပေးဖို့ ကျွန်တော်တို့ ဘာမဆိုလုပ်သွားမှာပါ” ဟု တိုရွန်တိုမြို့ရှိ မီးရထားဘူတာရုံတစ်ခုတွင် ကပ်ထားသော ပိုစတာ၌ ရေးသားဖော်ပြထားသည်။

    အဖွဲ့ဥက္ကဌ စတီဗ် ရော့က်ဝဲလ်ကမူ ထိုလှုပ်ရှားမှုမှာ အစ္စလာမ်နှင့်ပတ်သက်၍ စာနယ်ဇင်းများတွင် ဖော်ပြနေသည့် အဖျက်သဘောဆောင်သော အမြင်များကို တန်ပြန်တိုက်ဖျက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံအတွင်းမှာရှိနေတဲ့ မွတ်စလင်တွေဟာ အစ္စလာမ်နဲ့ပတ်သက်လို့ မှားယွင်းတဲ့ အမြင်တွေကို ပြန့်နှံ့ခွင့်ပြုပြီး ထိုင်မနေသင့်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေမှာ အုတ်အော်သောင်းနင်း ဖော်ပြကြတဲ့ IS၊ တာလီဘန်၊ ဘိုကိုဟရမ်တို့ ဆောင်ရွက်တဲ့ အကြမ်းဖက်မှုအားလုံးကနေ ဒီအဖွဲ့တွေကို အကောင်းမြင်ပြီး သွားရောက်ပူးပေါင်းကြတဲ့ မွတ်စလင်အနည်းငယ်တွေအထိ ဒါတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အမြင်တွေကို ဖြစ်စေပါတယ်။ ပြီးတော့ အစ္စလာမ်ဆိုတာ ဒါမျိုး မဟုတ်ပါဘူး” ဟု ရော့က်ဝဲလ်က ထပ်လောင်းပြောကြားခဲ့သည်။ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်လာသူဖြစ်သည့် ရော့က်ဝဲလ်မှာ TV နှင့် ရေဒီယိုများတွင် အစ္စလာမ်နှင့်ဘာသာရေးအကြောင်းကို ပုံမှန်ဆွေးနွေးတင်ဆက်နေသူလည်း ဖြစ်သည်။

    ထို့ပြင် ၎င်းက ကနေဒါရှိ မွတ်စလင်အများစုမှာ ငြိမ်းချမ်းသူများဖြစ်သည်ဟု ဆိုသည်။

    “တစ်ယောက်ယောက်က IS နဲ့ပေါင်းဖို့သွားပြီ၊ ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ဖို့ သွားပြီဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်တာပါပဲ။ ကျွန်တော်တို့ဟာ ဒီမှာ ကာကွယ်ဖို့ ရှိနေတာပါ။ ကနေဒါနိုင်ငံသားတစ်ယောက် ထိခိုက်ခံရတာဟာ ကနေဒါမွတ်စလင်လူ့အဖွဲ့အစည်းအတွက် ပျော်စရာကိစ္စ မဟုတ်ပါဘူး”

    ၎င်းတို့အဖွဲ့က ဦးစီးဆောင်ရွက်သည့် အဆိုပါ ကြော်ငြာလှုပ်ရှားမှုနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ရရှိခဲ့ပြီး ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဟု ရော့က်ဝဲလ်က ထည့်သွင်း ပြောကြားခဲ့သည်။

    ကနေဒါနိုင်ငံ၏ ၃၂ သန်းသောလူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၂.၈ ရာခိုင်နှုန်းရှိပြီး
    ခရစ်ယာန်ပြီးနောက် အစ္စလာမ်မှာ အကြီးဆုံးအယူဝါဒလည်း ဖြစ်သည်။

    Ref: Onislam

  • အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    အရှုံးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရီးယဲလ်၊ စတမ်းဖို့ဘရစ်ခ်ျမှာ ချယ်ဆီးတို့ အသည်းကွဲခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယကျော့ ပွဲများ

    မတ် ၁၂၊ ၂၀၁၅
    M-Media

    cham 4

    – ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲရဲ့ ဒုတိယအကျော့ ၄ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ
    ကစားခဲ့ပြီး မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ပါတယ်။

    ရီးယဲလ် ၃-၄ ရှော်လ်ကာ (နှစ်ကျော့ပေါင်း ၅-၄ ဖြင့် ရီးယဲလ် နောက်တစ်ဆင့်တက်)

    ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရီးယဲလ်တို့ အရှက်တကွဲ ဖြစ်ခဲ့ရပြီး ကစားပုံလည်း အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဧည့်သည်ရှော်လ်ကာတို့ ကစားပုံညက်ညောခဲ့ပြီး ဦးဆောင်ဂိုးတွေကိုလည်း စရခဲ့တာပါ။ ရီးယဲလ်ကတော့ နောက်က လိုက်ကစားခဲ့ရပြီး ချေပဂိုးအချို့ ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် ပထမကျော့မှာ ၂ ဂိုးပြတ် နိုင်ထားတာကြောင့်သာ ရီးယဲလ်တို့ ကံကောင်းထောက်မပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက ဒီပွဲမှာ ၂ ဂိုးသွင်းပေးခဲ့တာကြောင့် ဥရောပပြိုင်ပွဲတွေမှာ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အတွက်တော့ ရော်နယ်ဒိုတစ်ယောက် ပွဲအပြီးမှာ အိနြေ္ဒမဆည်နိုင်အောင် ပေါက်ကွဲခဲ့ပါတယ်။ ရီးယဲလ်တို့ နောက်ဆုံး ၅ နှစ်ဆက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးပွဲမရှိ စံချိန်တော့ ကျိုးပျက်ခဲ့ရပါတယ်။

    ပေါ်တို ၄-၀ ဘေဆယ် (နှစ်ကျော့ပေါင်း ၅-၁ ဖြင့် ပေါ်တို နောက်တစ်ဆင့်တက်)

    ပထမအကျော့မှာ ၁ ဂိုးစီသရေကျခဲ့ပြီး ပေါ်တူဂီမှာကစားခဲ့တဲ့ ဒီပွဲမှာတော့ အိမ်ရှင်ပေါ်တိုတို့ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၅ နှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ချယ်ဆီး ၂-၂ (နှစ်ကျော့ပေါင်း ၃-၃ ဂိုးဖြစ်သော်လည်း အဝေးဂိုးရလဒ်ဖြင့် ပီအက်စ်ဂျီ နောက်တစ်ဆင့်တက်)

    ပီအက်စ်ဂျီတို့ ထိုက်ထိုက်တန်တန်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ ပဲရစ်မှာ ၁ ဂိုးစီ သရေကျပြီး အဝေးဂိုးအသာရထားတဲ့ ချယ်ဆီးတို့ ပွဲအစမှာ အကုန်ထုတ်မကစားခဲ့ဘဲ၊ ပီအက်စ်ဂျီကလည်း အမှားစောင့်ကစားတာမို့ ပွဲက အနည်းငယ် အေးခဲ့ပါတယ်။ ၃၁ မိနစ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ် တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ချယ်ဆီတို့ တွန်းတွန်းတိုက်တိုက် သိပ်မရှိခဲ့ပါဘူး။ ၈၁ မိနစ်မှာ ကာဟေးလ်က ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ချယ်ဆီးနောက်ခံလူဟောင်း ဒေးဗစ်လူးဝစ်က ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ပွဲကစားချိန် မိနစ် ၉၀ ဟာ သရေနဲ့ပြီးခဲ့ပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

    အချိန်ပို စစချင်းမှပဲ နောက်ခံလူ သီယာဂို ဆေးလ်ဗားက ဧရိယာအတွင်းမှာ လက်နဲ့ထိလို့ ချယ်ဆီးတို့ ပင်နယ်တီရခဲ့ပြီး ဟာဇာ့ဒ်က အမှားအယွင်းမရှိဘဲ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၁၄ မိနစ်မှာတော့ သီယာဂိုဆေးလ်ဗားကပဲ ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီဖြစ်နေပေမယ့် ပီအက်စ်ဂျီက အဝေးကွင်း ၂ ဂိုးရခဲ့တာကြောင့် အဲဒီအားသာချက်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

    ဘိုင်ယန် ၇-၀ ရှက်တာဒိုးနက် (နှစ်ကျော့ပေါင်း ၇-၀ ဖြင့် ဘိုင်ယန်နောက်တစ်ဆင့်တက်)

    ပထမကျော့မှာ ဂိုးမရှိသရေကျခဲ့လို့ ဝေဖန်ခံနေရတဲ့ ဘိုင်ယန်တို့ ပြတ်ပြတ်သားသားပဲ အနိုင်ယူနိုင်ခဲ့ပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေကိုတော့ မူလာက ပင်နယ်တီ တစ်လုံးအပါအ၀င် ၂ လုံး၊ ဘိုအာတင်း၊ ရီဘာရီ၊ ဘက်စ်တူဘာ၊ လီဝန်ဒေါ့စကီးနဲ့ ဂိုတက်ဇ်တို့က ၁ ဂိုးစီ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

    ကျန်တဲ့ ၈ သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို လာမယ့်တစ်ပတ်မှာ ကစားမှာဖြစ်ပြီး ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကိုတော့ ၂၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။