News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (မတ် ၈၊ ၂၀၁၅)

    မတ် ၈၊ ၂၀၁၅
    M-Media

    – ဂါဇာကမ်းမြှောင် ကမ်းရိုးတမ်းတွင် ငါးဖမ်းနေသည့် တံငါလှေတစ်စင်းကို အစ္စရေးရေတပ်မှ ယမန်နေ့တွင် ပစ်ခတ်ခဲ့သောကြောင့် တံငါသည်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ အစ္စရေးစစ်တပ်ကမူ အဆိုပါ ငါးဖမ်းလှေမှာ သတ်မှတ်ဧရိယာထက် ကျော်လွန်သွားသည့်အတွက်ကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ပြောကြားခဲ့သော်လည်း ဂါဇာပြည်သူများကမူ သတ်မှတ်ဧရိယာအတွင်း ငါးဖမ်းနေလျှင်လည်း အစ္စရေး စစ်တပ်မှ ပုံမှန်လိုလို ပစ်ခတ်တတ်သည်ဟု ပြောကြားခဲ့သည်။

    – အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များနှင့် သောကြာနေ့က မှားယွင်းပစ်ခတ်မှုကြောင့် IS အဖွဲ့အား တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့မှ ကနေဒါစစ်သားတစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု အမေရိကန်စစ်တပ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – အိမ်ဖြူတော်အနီးရှိ နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာမှုကြောင့် အိမ်ဖြူတော်ကို ယမန်နေ့ နံနက်ပိုင်းက ပိတ်ပစ်ခဲ့ရပြီး လုံခြုံရေးကိုလည်း တင်းကြပ်ခဲ့ရသည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါအသံမှာ အိမ်ဖြူတော်အား ခြိမ်းခြောက်မှုမဟုတ်ဘဲ လမ်းထောင့်ရှိ အစားအသောက်ပို့သည့်ကား မီးလောင်ခြင်းမှ ထွက်ပေါ်လာသည့်အသံ ဖြစ်သည်ဟု နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။

    – နှစ်နိုင်ငံ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နယ်စပ်ပြဿနာအတွက် အိန္ဒိယနှင့် ဆွေးနွေးမှုမှာ တိုးတက်မှုများ ရှိနေသည်ဟု တရုတ်နိုင်ငံခြားရးဝန်ကြီး ၀မ်ယီက ယနေ့တွင် ပြောကြားလိုက်ပြီး အဆိုပါပြဿနာကို သမိုင်းတွင် ထားခဲ့တော့မည်ဟု ဆိုသည်။

    – မာလီနိုင်ငံမြောက်ပိုင်း ကီဒဲလ်မြို့ဆင်ခြေဖုံးရှိ ကုလသမဂ္ဂ အခြေစိုက်စခန်းအနီးတွင် ယနေ့နံနက်ပိုင်းက ဒုံးကျည် တစ်ဒါဇင်ခန့် ကျရောက်ပေါက်ကွဲမှုကြောင့် ကုလ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှ အနည်းဆုံး ၃ ဦး သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောကြားလိုက်သည်။ သို့သော် အဆိုပါဒုံးကျည်ကို မည်သူက ပစ်ခတ်ကြောင်းကို သိရှိရခြင်း မရှိသေးပေ။

    – ဗယ်လက်ကာနိုအား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယနေ့ လာလီဂါပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ပြိုင်ပွဲအားလုံးတွင် ၎င်း၏ ၃၂ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး စပိန်ဘောလုံးသမိုင်းတွင် ဘီဘာအိုတိုက်စစ်မှူးဟောင်း တဲလ်မို ဇာရာ သွင်းယူထားသည့် ဟက်ထရစ်စံချိန်နှင့် တူညီသွားပြီဖြစ်သည်။ ထိုပွဲတွင် တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ၂ ဂိုး သွင်းယူပေးခဲ့သည်။

    Ref: News agencies

  • မျိုးတုန်းသွားပြီဟု ယူဆထားသည့် ငှက်တစ်မျိုးကို မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိ

    မျိုးတုန်းသွားပြီဟု ယူဆထားသည့် ငှက်တစ်မျိုးကို မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိ

    မတ် ၈၊ ၂၀၁၅
    M-Media

    Jerdon s Babbler Myanmar Tizard 1

    – ကမ္ဘာတစ်ဝှမ်းတွင် မျိုးတုန်းပြီဟု ယူဆခဲ့သော သေးငယ်ပြီး ညိုရောင်ရှိသည့် ငှက်မျိုးစိတ်တစ်ခုကို မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပြန်လည် တွေ့ရှိခဲ့ရသည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။

    Jerdon’s babbler ဟုခေါ်သည့် အဆိုပါငှက်ကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ WCS၊ မြန်မာနိုင်ငံ သဘာဝနှင့် တောင်ရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ စင်ကာပူ အမျိုးသား တက္ကသိုလ်တို့က ပြုလုပ်ခဲ့သော သုတေသနတွင် ပြီးခဲ့သည့်နှစ် မေလက တွ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သောကြာနေ့ WCS မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    စာကလေးအရွယ်သာရှိသည့် အဆိုပါငှက်ကို ဗြိတိန်သဘာဝဗေဒပညာရှင် တီ စီ ဂျာဒန်က ၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း သရက်မြို့တွင် ပထမဆုံး တွေ့ရှိခဲ့ရပြီးနောက် ၁၉၄၁ ခုနှစ်တွင် ပဲခူးတိုင်း မြစ်ကျိုးမြို့၌ နောက်ဆုံး တွေ့ရှိခဲ့ရသည်။

    ထို့နောက် မျိုးတုန်းသွားပြီဟု ယူဆခဲ့သော်လည်း ယခု ၇၆ နှစ် အကြာတွင် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ၄၈ နာရီကြာ လေ့လာမှုများ ပြလုပ်ခဲ့ပြီးနောက် ထိုငှက်များအား နေရာအတော်များများတွင် တွေ့ခဲ့ရပြီး ငှက်များတည်ရှိကြောင်း အတည်ပြုနိုင်ခဲ့ကာ အရည်အသွေးမြင့်ဓာတ်ပုံများ ရိုက်ယူခြင်း၊ သွေးနမူနာများ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

    အဆိုပါငှက်များမှာ မျက်ခင်းပြင်တွင် ကျက်စားလေ့ရှိသည့် ငှင်များ ဖြစ်သော်လည်း လယ်ယာလုပ်ငန်းများ ချဲ့ထွင်ခြင်းနှင့် မြို့ပြများ တည်ဆောက်ခြင်းတို့က ၎င်းတို့၏ သဘာဝအလျောက် နေထိုင်ကျက်စားမှုများကို ထိခိုက်နေကြောင်း WCS ၏ ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

    Ref: WCS.org

  • Facebook အသုံးပြုသူ မြန်မာများအကြား အမုန်းတရားအား တွန်းလှန်ရန် ဗုဒ္ဓ၏ အဆုံးအမကို Facebook သုံးမည်

    Facebook အသုံးပြုသူ မြန်မာများအကြား အမုန်းတရားအား တွန်းလှန်ရန် ဗုဒ္ဓ၏ အဆုံးအမကို Facebook သုံးမည်

    မတ် ၈ ၊ ၂၀၁၅
    M-Media
    Wirathu-Grab
    – မြန်မာနိုင်ငံမှာ နှစ်ငါးဆယ်ကြာမြင့်ခဲ့သည့် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်လာချိန်တွင် မြန်မာနိုင်ငံသားများ ကလည်း ဆိုရှယ်မီဒီယာများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ကြပြီး အထူးသဖြင့် Facebook ဖြစ်သည်။ ထို Facebook အား မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်များလည်း သုံးစွဲကြလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မွတ်စလင်ဆန့်ကျင်ရေး သမားများ၏ Facebook တွင် အကြမ်းဖက်ရန်လှုံဆော်မှု ပြဿနာကို Facebook က feature အသစ်များဖြင့် ဖြေရှင်းရန် ဆောင်ရွက်နေလေသည်။

    Facebook သုံးစွဲသူများအနေဖြင့် ပို့စ်တစ်ခုအား “I don’t like this post” ဟု ရွေးချယ်ပါက “Why don’t you want to see this” (ဒါကို ဘာလို့ မကြည့်ချင်တာလဲ) ဆိုသည့် ဘောက်စ်တစ်ခုကျလာပြီး ထိုအထဲတွင် “it’s annoying” (စိတ်ပျက်စရာကောင်းသည်) သို့မဟုတ် “it promotes violence” (အကြမ်းဖက်မှုကို လှုံ့ဆော်ပေးသည်) စသဖြင့် ရွေးချယ်နိုင်သည်။ မြန်မာမှ အသုံးပြုသူများအတွက်ကတော့  Facebook က ရွေးချယ်စရာအသစ်များ ထည့်ပေးထားပြီး “it’s a rumor or has false information” (ကောလဟာလသာဖြစ်သည်။ (သို့) အချက်အလက်မှားနေသည်) နှင့် “it disturbs social harmony” (လူထုသဟဇာတဖြစ်ရေးကို နှောက်ယှက်နေသည်) ဟူ၍ ဖြစ်သည်။ readwriter.com ၏ အဆိုအရ Facebook မှာ မြန်မာနိုင်ငံရှိ အမုန်းတရားများကို တွန်းလှန်ရန် ဒုတိယနည်းလမ်း တစ်ခု ရွေးချယ် ထားပြီး ထိုနည်းလမ်းက ဗုဒ္ဓ ၏ အဆုံးအမအား ပဲ့တင်ထပ်စေမည့် နည်းလမ်းဖြစ်သည်ဟုဆိုသည်။

    အဆိုပါ နည်းလမ်း၏ ခေါင်းစဉ်ကို “Product Manager For Compassion” အဖြစ် ပေးထားသည်ဟု အကောင်အထည်ဖော်မည့် ကီလီဝင်းတားက ဆိုလေသည်။ မြန်မာနိုင်ငံ၏ အခြေအနေတွင် Facebook အနေဖြင့် ဗုဒ္ဓဘာသာ လွှမ်းမိုးသော ဈေးကွက်အတွင်း ထိရောက်သော အသုံးအနှုန်းကို သုံးခြင်းလည်း ဖြစ်သည်။

    10450161_10203827843117608_4528614107977766129_n

    အဆိုပါ ရွေးချယ်မှုအသစ်များအပြင် Facebook မှာ ထိခိုက်နစ်နာစေသည့် ပို့စ်များအတွက် တိုင်ကြားခြင်း (Report လုပ်ခြင်း) လုပ်ငန်းစဉ်ကိုလည်း ချဲ့ထွင်ထားသည်။ နှုတ်စောင့်စည်းမှု အသားပေးခြင်းကိုလည်း ပေါင်းထည့်ထားပြီး လုပ်ကြံ သတင်းစာမျက်နှာကိုလည်း ပိတ်ပစ်ထားသည်။ ထို့ပြင် ကောလဟာလများကို အသုံးပြုသူများ မည်ကဲ့သို့ ခွဲခြားနိုင်သည်ကို ရှင်းလင်းထားသည်။

    Facebook မှာ မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် အထူး စတစ်ကာများကိုလည်း မိတ်ဆက်ပေးထားသည်။ ပို့စ်များတွင် အသုံးပြုနိုင်မည့် အဆိုပါ စတစ်ကာများတွင် “ငြိမ်းချမ်းစွာပြောပါ” “မမျှဝေခင် အရင်စဉ်းစားပါ” စသဖြင့် အပြုသဘောဆောင်သည့် စာတန်းများကို မြန်မာလို ရေးသားထားသည်။ ပြီးခဲ့သည့်လက ဖြန့်ချီခဲ့သည့် အဆိုပါစတစ်ကာများမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး စတစ်ကာများ ဖြစ်လာခဲ့သည်။

    ထိုကဲ့သို့ feature အသစ်များမှာ အကျိုးသက်ရောက်မှုရှိသည်ဟု facebook က ဆိုသည်။ အသုံးပြုသူများမှာ ထိခိုက်နစ်နာစေသည့် ပို့စ်များကို “it disturbs social harmony” (လူထုသဟဇာတဖြစ်ရေးကို နှောက်ယှက်နေသည်) ဟူသော စာတမ်းဖြင့် ပိုမိုတိုင်ကြားကြသည်ဟူ၏။

    Source:  Lion’s Roar

  • မတရားမှုတွေ တိုက်ဖျက်မယ့် မွတ်စလင်သူရဲကောင်း 

    မတရားမှုတွေ တိုက်ဖျက်မယ့် မွတ်စလင်သူရဲကောင်း 

    မတ် ၈၊ ၂၀၁၅
    M-Media

    cartoon

    – အဓိကမီဒီယာတွေက များသောအားဖြင့် ဖော်ပြကြတဲ့ အစ္စလာမ်နဲ့ပတ်သက်ပြီး မှားယွင်းတဲ့အယူအဆတွေကို ချေဖျက်ဖို့နဲ့ တစ်ကမ္ဘာလုံးက ဘီလီယံနဲ့ချီတဲ့ မွတ်စလင်တွေ ကျင့်သုံးနေကြတဲ့ အစ္စလာမ့်တန်ဖိုးတွေကို ဖော်ပြဖို့အတွက် 3D အန်နီမေးရှင်း ကာတွန်းစီးရီးတစ်ခုကို အမေရိကန်မှာ မကြာခင် ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။

    Buraaq လို့ အမည်ပေးထားတဲ့ အဲဒီ ကာတွန်းရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Buraaq ရုပ်ပြစာအုပ်ရဲ့ ပုံစံအသစ်ဖြစ်ပြီး အမှန်တရား၊ တရားမျှတမှုနဲ့ လွတ်မြောက်မှုတို့အတွက် ရပ်တည်ဆောင်ရွက်ပေးတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။

    “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အဓိက မီဒီယာဖျော်ဖြေရေးတွေမှာ အစ္စလာမ်ရဲ့ သရုပ်သကန်နဲ့ပတ်သက်လို့ အပြုသဘောဆောင်တာတွေ မတွေ့ရဘူးဆိုတာကို ကျွန်တော်တို့ စတင်တွေ့ခဲ့ရပါတယ်။ ရုပ်ရှင်၊ တီဗီစီးရီး၊ စာအုပ်နဲ့ ရုပ်ပြစာအုပ်တွေ လုပ်ကြပါ။ အထူးသဖြင့် ၉/၁၁ အပြီး အဓိကမီဒီယာတွေမှာ မွတ်စလင်တွေကို အဖျက်ဘက်ကပဲ ဖော်ပြနေကြပါတယ်” လို့ ဒီ ကာတွန်းရုပ်ရှင်ကိုထုတ်လုပ်တဲ့ SplitMoonArts အဖွဲ့က သူတိုရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ဒါတင်မကသေးဘဲ မွတ်စလင်တွေအနေနဲ့ မိမိတို့ရဲ့ အနုပညာစွမ်းရည်တွေကို အသုံးပြုပြီး မွတ်စလင်လူငယ်တွေအတွက် အတုယူစရာ၊ လေးစားအားကျလောက်စရာတွေကို ဖန်တီးထုတ်လုပ်ပေးကြဖို့လည်း ဒီအဖွဲ့က ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    အမေရိကန်မွတ်စလင်တွေဖြစ်ကြတဲ့ အနုပညာရှင် အဒီလ် အင်မ်တီယာဇ်နဲ့ စာရေးဆရာ ကာမီလ် အင်မ်တီယာဇ်တို့ ပူးပေါင်းတည်ထောင်ထားတဲ့ SplitMoonArts က ထုတ်လုပ်ခဲ့တဲ့ ဒီ Buraaq ရုပ်ပြစာအုပ်ဟာ အစ္စလာမ်ရဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေကို မီးမောင်းထိုးပြဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

    အခု ဒီ အန်နီမေးရှင်းကာတွန်းကလည်း အစ္စလာမ်ရဲ့ စစ်မှန်တဲ့သွန်သင်ချက်တွေကို ပြန်လည်ထုတ်ဖော်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို 3D အန်နီမေးရှင်းအနေနဲ့ ရုပ်ပြစာအုပ်အနေနဲ့ ဖော်ပြဖို့ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

    “ကျွန်တော်တို့ရဲ့ အန္တိမ ရည်ရွယ်ချက်ကတော့ အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ ဒီ BURAAQ ဇာတ်လမ်းကို
    တီဗီပိတ်ကားမှာ ကြည့်ရဖို့ပါပဲ”

    ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ နိုဗာဆိုတဲ့ မြို့လေးမှာနေပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ အဘ်ဒွလ်လာဆိုတဲ့ မွတ်စလင်လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ ဒီလူငယ်လေးဟာ ဆန်းကျယ်မှုနဲ့ စွန့်စားမှုတွေပေါင်းစပ်ပြီး မတရားမှုတွေကို တိုက်ဖျက်ဖို့၊ အပြစ်မဲ့သူတွေကို ကယ်တင်ဖို့ သူ့ရဲ့စွမ်းအားကို အသုံးပြုပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့ဟာ ယုံမှားသံသယတွေရဲ့အဝေးမှာနေရတာကို ကြိက်ပါတယ်။ ပြီးတော့ ရှင်းလင်းပြီး အပြုသဘောဆောင်ကာ လေးစားအားကျဖွယ်ကောင်းတဲ့ သတင်းစကားတွေကို ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတွေကို ပြောဖို့ အချိန်ရောက်ပါပြီ” လို့ SplitMoonArts အဖွဲ့က ဆိုပါတယ်။

    အရည်အသွေးမြင့် ဒီ 3D အန်နီမေးရှင်း ကာတွန်းဇာတ်လမ်းကို ထုတ်လုပ်ဖို့အတွက် ကန်ဒေါ်လာ ၂ သိန်းလောက် ကုန်ကျခဲ့ပြီး ဒီကုန်ကျစားရိတ်ကို ရဖို့အတွက် သူတို့ တော်တော်လေးကြိုးစားခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

    “အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာအောင် ကျွန်တော်တို့ အတူတကွ လုပ်ဆောင်နိုင်ခဲ့ပါတယ်”

    Ref: Onislam

  • အမေရိကန်ရဲတပ်ဖွဲ့ လူမည်းလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ပြန်

    အမေရိကန်ရဲတပ်ဖွဲ့ လူမည်းလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ပြန်

    မတ် ၈၊ ၂၀၁၅
    M-Media

    aab
    ပြီးခဲ့သည့်နှစ်က မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင် ဖြစ်ပွားခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုတွင် သေဆုံးသွားသော လူမည်းလူငယ် မိုက်ကယ်ဘရောင်း

     

    – အမေရိကန်ပြည်ထောင်စု မက်ဒီဆင်မြို့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် လက်နက်မဲ့ လူမည်းလူငယ်အား သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    သောကြောနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရဲတပ်ဖွဲ့ဝင်မှာ အိမ်တစ်အိမ်တွင် လူတစ်ယောက် နှောက်ယှက်နေသည်ကို ကြားရသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာမှ အဆိုပါလူမည်းလူငယ်က လက်ရောက်ကျူးလွန်သောကြောင့် သေနတ်ဖြင့် ပစ်ခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    “အိမ်ထဲမှာ လူတစ်ယောက်ကို ထုရိုက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ အဲဒီလူငယ်ဟာ ကျွန်တော်ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို လက်ရောက်ကျူးလွန်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြရင်း ရဲက ခြောက်လုံးပြူးထုတ်ပြီး အဲဒီလူကို ပစ်လိုက်တာပါ” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ မိုက် ကိုဗဲလ်က ပြောကြားခဲ့သည်

    သေနတ်မှန်သွားသော အဆိုပါလူငယ်အား အဆိုပါ ရဲတပ်ဖွဲ့ဝင်က ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးခဲ့ပြီး ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ နောက်ပိုင်းတွင် အဆိုပါလူငယ်မှာ ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေမှုများအရ မည်သည့်လက်နက်မှ မတွေ့ရကြောင်း ကိုဗဲလ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါအဖြစ်အပျက်အား မြို့၏ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကောင်စီက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် ထိုမြို့မှ ပြည်သူများမှာ အခင်းဖြစ်ပွားရာနေရာအနီးသို့ လာရောက်စုဝေးခဲ့ကြပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်မှစ၍ အမေရိကန်တွင် လူမည်းများအား ရဲတပ်ဖွဲ့မှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူများကမူ ထိုအဖြစ်အပျက်များတွင် လူမျိုးရေးခွဲခြားမှု အကြောင်းအရင်းများ ပါဝင်လိ့မ်မည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera