News @ M-Media

Blog

  • ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    ကာဘွန်ထုတ်လွှတ်မှုကို ၂၀၂၆၀ တွင် သုညအထိ လျှော့ချရန် ဆော်ဒီ ရည်မှန်းထား

    အောက်တိုဘာ ၂၄၊ ၂၀၂၁

    M-Media

    -သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှုကို ၂၀၆၀ ခုနှစ်ရောက်ရင် လုံး၀မရှိတော့အောင် လုပ်ဆောင်ဖို့ ရည်မှန်းထားကြောင်း ဆော်ဒီအာရေဗျက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဆော်ဒီဟာ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံပါ။ မနေ့က ဆော်ဒီရဲ့ ပထမဆုံး ပတ်၀န်းကျင်ထိန်းသိမ်းမှုဆိုင်ရာဖိုရမ် Saudi Green Initiative Forum ကို ပေးပို့တဲ့ မိန့်ခွန်းမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ကာဘွန်ထုတ်လွှတ်မှု လျှော့ချမယ့် သူတို့ရဲ့ ရည်မှန်းချက်ကို ထည့်သွင်း ဖော်ပြထားပါတယ်။

    ရေနံထုတ်လုပ်ရောင်းချမှုဟာ ဆော်ဒီစီးပွားရေးရဲ့ အဓိကကျောရိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်း မှီခိုရမှုကို လျော့ချနိုင်ရေး ပြီးခဲ့တဲ့ နှစ်တွေမှာ ကြိုးစားလာခဲ့ပါတယ်။

    အိမ်ရှေ့မင်းသားက ဆော်ဒီဟာ ၂၀၃၀ မတိုင်ခင် သစ်ပင် သန်းပေါင်း ၄၅၀ စိုက်ပျိုးဖို့၊ စိုက်ပျိုးလို့မရတဲ့ ဒေသတွေကို ပြုပြင်ဖို့၊ ကုန်းတွင်းပိတ် ရီယာ့ဒ်မြို့ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့၊ ကာဘွန်ထုတ်လွှတ်မှု တန်ပေါင်း သန်း ၂၀၀ လျှော့ချဖို့ ရည်မှန်းထားကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၆၀ ခုနှစ်မှာ ကာဘွန်ထုတ်လွှတ်မှု လုံး၀မရှိဖို့ ရည်မှန်းထားတဲ့ နိုင်ငံတွေထဲမှာ ရုရှားနဲ့ တရုတ်တို့ ပါ၀င်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒီရည်မှန်းချက်ကို ၂၀၅၀ အရောက်မှာ ပြည့်မီအောင် ဆောင်ရွက်မှာပါ။

    ၂၀၃၀ ခုနှစ်မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်းလျော့ချရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်မယ်လို့လည်း ဆော်ဒီက ကတိပြုထားပါတယ်။

    Ref: Aljazeera

  • ကျောင်းသားများကို အိမ်စာလျှော့မည့် ဥပဒေတစ်ခု တရုတ်ပြဌာန်း

    ကျောင်းသားများကို အိမ်စာလျှော့မည့် ဥပဒေတစ်ခု တရုတ်ပြဌာန်း

    အောက်တိုဘာ ၂၃၊ ၂၀၂၁
    M-Meida

    -ကျောင်းသားတွေ အိမ်စာအလွန်အကျွံလုပ်ရတဲ့ အခြေအနေကို တားဆီးဟန့်တားမယ့် ဥပဒေတစ်ခုကို တရုတ်နိုင်ငံက ပြဌာန်းလိုက်ပါတယ်။

    အခုနှစ်အတွင်း တရုတ်အစိုးရဟာ လူငယ်တွေကို ပိုမိုထိန်းချုပ်ဖို့ ကြိုးစားလာတာပါ။ ၁၈ နှစ်အောက်ကလေးတွေ ဂိမ်းကစားချိန်ကို ကန့်သတ်တဲ့ ဥပဒေတစ်ခုကို အတည်ပြုခဲ့သလို၊ လူငယ်တွေ အတုယူမှားစေတယ်ဆိုတဲ့ စွဲချက်နဲ့ အွန်လိုင်း၊ ရုပ်မြင်သံကြားက ထင်ပေါ်ကျော်ကြားတစ်ချို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကန့်သတ်ခဲ့ပါတယ်။

    အခု အိမ်စာဥပဒေကတော့ အဓိကဘာသာရပ်တွေမှာ ကျောင်းကပေးတဲ့ အိမ်စာနဲ့ အပြင်ကျူရှင်တွေ၊ ဂိုက်တွေကပေးတဲ့ အိမ်စာတွေ ထပ်တာကို တားဆီးဖို့ဖြစ်ပါတယ်။

    အဲဒီလို အိမ်စာတွေ မထပ်အောင်၊ ကလေးတွေ နားချိန်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းအချိန်ရအောင်၊ ဖိအားတွေမရှိအောင်၊ အင်တာနက်သုံးစွဲချိန် လျော့သွားအောင် မိဘတွေက စီမံပေးရမှာဖြစ်ပြီး ဒါကို ပြည်နယ်အစိုးရက ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေအသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    တရုတ်အစိုးရ ပညာရေးဝန်ကြီးဌာနဟာ စနေ၊ တနင်္ဂနွေနဲ့ အခြားကျောင်းပိတ်ရပ်တွေမှာ ကလေးတွေ ကျူရှင်ထားတာကို တားမြစ်တဲ့ ဥပဒေတစ်ခုကိုလည်း အရင်က ပြဌာန်းထားပါတယ်။

    တရုတ်လွှတ်တော်က ကလေးတွေ အကျင့်ဆိုးတာ၊ ရာဇဝတ်မှုကျူးလွန်တာတွေအတွက် မိဘတွေကို အပြစ်ပေမယ့် ဥပဒေတစ်ခု ပြဌာန်းဖို့ လုပ်နေတယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

    Ref: Reuters

  • မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုမြင်လာရနိုင်

    မြန်မာနိုင်ငံမြောက်ပိုင်းတွင် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုမြင်လာရနိုင်

    အောက်တိုဘာ ၂၃၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ အင်အားစုစည်း ပြင်ဆင်နေတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားမှုတွေ ဖြစ်လာမယ့်အန္တရာယ်ရှိနေတာကို ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်လာပြီး လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်လည်း ပေါ်ပေါက်လာပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူအရေအတွက် ၁၁၀၀ ကျော်သွားပြီး ထောင်နဲ့ချီ အကျဉ်းချ ခံထားရပါတယ်။

    ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ရှင်းလင်းဖို့ စစ်ကောင်စီက ထောင်နဲ့ချီတဲ့တပ်တွေကို ပြင်ဆင်နေပြီး ရက်စက်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မှူးနှစ်ဦးကို ကွပ်ကဲဖို့ တာဝန်ပေးထားပါတယ်။ စစ်ဆင်ရေး မကြာခင် စတင်မယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။

    မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုမိုမြင်တွေ့လာရနိုင်တယ်လို့ မနေ့က သတိပေးခဲ့ပါတယ်။

    “ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ပိုမိုဖြစ်လာနိုင်မှုအတွက် အဲဒီဒေသက မြန်မာပြည်သူတွေ ပြင်ဆင်ထားသလို ကျွန်တော်တို့အားလုံးလည်း ပြင်ဆင်ထားသင့်ပါတယ်။ ကျွန်တော့်တွက်ကိန်း မှားပါစေလို့သာ မျှော်လင့်ပါတယ်”

    တပ်တွေစုစည်းပြီး လက်နက်ကြီးတွေပါ နိုင်ငံမြောက်ဖက်ရွှေ့ထားတယ်ဆိုတဲ့သတင်းတွေ ရထားကြောင်း၊ အရင်က တွေ့ရှိချက်တွေကိုကြည့်ရင် အာဏာသိမ်းစစ်ကောင်စီဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇတ်မှုတွေကို ကျူးလွန်တယ်ဆိုတာ တွေ့ရကြောင်း အန်ဒရူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အခုနည်းလမ်းတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်တဲ့ တိုက်ခိုက်မှုတွေ ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာ မကျူးလွန်ခင် ပြင်ဆင်တဲ့ နည်းလမ်းတွေနဲ့ တော်တော်လေး သွားဆင်နေပါတယ်”

    စစ်ကောင်စီကို ငွေကြေး၊ လက်နက်တွေ ထောက်ပံ့တာမလုပ်ဖို့၊ သူတို့လိုချင်နေတဲ့ အသိအမှတ်ပြုမှုတွေ မပေးဖို့ အန်ဒရူးက နိုင်ငံတကာအသိုင်းအ၀ိုင်း တိုက်တွန်းခဲ့သလို၊ ဖမ်းထားတဲ့သူတစ်ချို့ကို အခုတစ်ပတ်အစောပိုင်းက ပြန်လွှတ်ပေးတာဟာ နိုင်ငံတကာရဲ့ဖိအားတွေ ထိရောက်တယ်ဆိုတာ ပြသနေတာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

    Ref: The Guardian

  • အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်

    အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်

    အောက်တိုဘာ ၂၁၊ ၂၀၂၁
    M-Media

    -အစိုးရရဲ့ ပြောင်းလဲလာတဲ့ မူဝါဒတွေအလိုက် အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံတစ်ခုကို ဆော်ဒီအာရေဗျမှာ အောက်တိုဘာ ၂၂၊ ၂၃ – ၂ ရက်တာ ကျင်းပဖို့ ရှိနေပါတယ်။

    ဒီညီလာခံကို Imam Mohammad bin Saud အစ္စလာမ်တက္ကသိုလ်က ကမကထပြု ကျင်းပမှာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာက ပညာရှင် ၆၀ ကျော်၊ ဆော်ဒီအစိုးရဝန်ကြီးတွေနဲ့ နိုင်ငံတစ်ဝှမ်း တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်မှာ ဖြစ်ပြီး ခေါင်းစဉ် ၇ ခု ​ဆွေးနွေးသွားမှာပါ။

    ညီလာခံကျင်းပရေး ကော်မတီဝင်ဖြစ်ပြီး၊ ကျောင်းသူရေးရာအသင်းရဲ့ ဒုတိယအကြီးအကဲ ဖြစ်တဲ့ ပရော်ဖက်ဆာ နောဖ် ဘင်သီ အလ် အဂျ်မီက ညီလာခံမှာ ထင်ရှားတဲ့ အမျိုးသမီးပညာရှင်အများအပြား တက်ရောက်လိမ့်မယ်လို့ ပြောပါတယ်။

    “အမျိုးသမီးတွေရဲ့ အဆင့်အတန်း မြှင့်တင်ရေး၊ အမျိုးသမီးတွေရဲ့ လူမှုဘ၀နဲ့ ပုဂ္ဂလအခွင့်အရေး ကာကွယ်ပေးရေး၊ မူဝါဒချမှတ်တဲ့အဆင့်မှာ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးတဲ့ ဥပဒေတွေကြောင့် ဆော်ဒီအမျိုးသမီးတွေဟာ စွမ်းဆောင်ရည်မြှင့်တင်ရေးကို တော်တော်လေး အင်နဲ့အားနဲ့ လုပ်ဆောင်လာနိုင်ကြပါတယ်”

    လူမှုဘ၀တည်ဆောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရေး အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ၊ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းကဏ္ဍ စတာတွေနဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရဥပဒေတွေကို ဘယ်လို ပြုပြင်ပြောင်းလဲမှု လုပ်သင့်လဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ညီလာခံမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ညီလာခံကျင်းပမယ့် Imam Mohammad bin Saud အစ္စလာမ်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ပရော်ဖက်ဆာ အဟ်မဒ် ဆလင်း အလ်-အေမီရီက ညီလာခံကျင်းပရေး ဆော်ဒီအစိုးရက ခွင့်ပြုခဲ့တာဟာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက် အလေးထားလဲဆိုတာကို ပြသနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ညီလာခံမှာ ဆော်ဒီအစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

    ဘုရင်ဆလ်မန်၊ အိမ်ရှေ့မင်းအသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ​ဆော်ဒီအစိုးရဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမျိုးသမီးတွေကို ကား​မောင်းခွင့်ပိတ်ထားတာ၊ အမျိုးသားအုပ်ထိန်းသူပါမှ ခရီးသွားခွင့်ရတာ စတဲ့ ရှေးရိုးစွဲ ကန့်သတ်ချက်တွေကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံအတွင်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေး လမ်းဖွင့်ပေးခဲ့ပါတယ်။

    ညီလာခံမှာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ပတ်သက်ပြီး ဆော်ဒီအစိုးရက ဆောင်ရွက်ထားတဲ့ စီမံကိန်းတွေကိုလည်း သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    Ref: Arab News

  • မြန်မာကိစ္စတွင် အာဆီယံက ယခုထက်ပိုလုပ်ရန် လိုအပ်နေဟု အမေရိကန်ပြော၊ ကန်ကိုယ်စားလှယ်အဖွဲ့ အာဆီယံ ရောက်နေ

    မြန်မာကိစ္စတွင် အာဆီယံက ယခုထက်ပိုလုပ်ရန် လိုအပ်နေဟု အမေရိကန်ပြော၊ ကန်ကိုယ်စားလှယ်အဖွဲ့ အာဆီယံ ရောက်နေ

    အောက်တိုဘာ ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ဟာ သိသာထိရောက်ပေမယ့်၊ အာဏာသိမ်းပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ဖြေရှင်းရေးမှာ အာဆီယံက အခုထက်ပိုပြီးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    အခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်နေ့က ၂၈ ရက်နေ့အထိ ကျင်းပမှာပါ။ မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေ ဖြေရှင်းရေးမှာ အာဆီယံရဲ့ အကြံပြုချက်တွေကို လိုက်နာဆောက်ရွက်ခြင်းမရှိတာ၊ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အစည်းအဝေး မဖိတ်ကြားဘူးလို့ အာဆီယံက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပါတယ်။

    “ဒါဟာ သိသာတဲ့ ခြေလှမ်းပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါမျိုးက မလုံလောက်သေးဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စိန်ခေါ်မှုတွေ၊ အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ခံစားနေရတဲ့ မကြုံစဖူး အခက်အခဲတွေကို ဖြေရှင်းရေးမှာ ပိုပြီး ကျယ်ပြန့်ထိရောက်တဲ့ ကြိုးပမ်းအားထုတ်မှုမျိုး လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီက အရှေ့အာရှနှင့် သမုဒ္ဒရာပိုင်းဒေသ အကြီးတန်းဒါရိုက်တာ အဒ်ဂါ့ ကာဂန်က တတ်သိပညာရှင်များအဖွဲ့ Center for Strategic and International Studies က လုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာမျိုး အသေးစိတ်ကိုတော့ သူက မပြောပါဘူး။

    မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေနဲ့ ပြင်ပက မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ကာဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မြန်မာပြဿနာဟာ သူ့ဟာသူ ဖြေရှင်းလို့ ပြီးသွားမယ့် ပြဿနာမျိုး မဟုတ်ပါဘူး။ ဒီကိစ္စအတွက် ဒေသတွင်းမှာ စိတ်ပျက်မှုတွေ၊ စိုးရိမ်စိတ်တွေ တိုးလာတယ်ဆိုတာ ထင်ရှားတယ်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးယန္တရားက သိသိသာသာကို အားလျော့လာတယ်။ မြန်မာပြည်သူတွေကလည်း မကြုံစဖူးစိန်ခေါ်မှုတွေကို ခံစားနေရပါတယ်”

    အမေရိကန်အစိုးရအကြံပေး ဒဲရစ် ခိုလက်ဦးဆောင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း အာဆီယံဒေသကို ရောက်ရှိနေပြီး အဖွဲ့ဝင်နိုင်ငံတစ်ချို့နဲ့ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။

    စင်ကာပူဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဟိုဟာရှင်နဲ့ မနေ့ကတွေ့ဆုံရာမှာ မြန်မာစစ်ကောင်စီ​ နိုင်ငံရပ်ခြားက ငွေကြေးရယူဖို့ ကြိုးစားမှုကို ကန့်သတ်မယ့် နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ခိုလက်က Twitter စာမျက်နှာမှာ ရေးပါတယ်။

    မနေ့က ထိုင်းနိုင်ငံကိုသွားရောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ခိုလက်တို့အဖွဲ့ဟာ မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေး၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ရင်ဆိုင်လာရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Reuters