မတ် ၂၊ ၂၀၁၅
M-Media
– သောကြာနေ့ညက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား ဂုဏ်ပြုသည့်အနေဖြင့် ရုရှားပြည်သူ ထောင်ပေါင်းများစွာတို့က ယမန်နေ့တွင် မြို့တော် မော်စကို၌ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် ယခင်က စီစဉ်ထားခဲ့သည့် အဆိုပါချီတက်ပွဲကို နမ်စတော့ဗ်က ဦးဆောင်ရန် ဖြစ်သော်လည်း ယခုတွင်မူ ၎င်း၏ အောက်မေ့ဖွယ် ချီတက်လမ်းလျှောက်မှုသာ ဖြစ်ခဲ့သည်။ အဆိုပါချီတက်လမ်းလျှောက်ပွဲသို့ လူပေါင်း ၁ သိန်းနီးပါး တက်ရောက်ခဲ့ကြသည်။
ဆန္ဒပြသူများမှာ နမ်စတော့ဗ်၏ ဓာတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ ပူတင်အစိုးရအား ဆန့်ကျင်သော ကျွေးကျော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။
နမ်စတော့ဗ်က သမ္မတပူတင်၏ ယူကရိန်းပေါ်လစီမှာ ရူးနှမ်းပြီး ရန်လိုသော ပေါ်လစီသာဖြစ်သည်ဟု ရေဒီယို အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပြီး နာရီးပိုင်းအကြာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ ၎င်း၏ မဟာမိတ်များကမူ နမ်စတော့ဗ်သေဆုံးမှုတွင် ရုရှားအစိုးရက ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။
နမ်စတော့ဗ်သေဆုံးရာ Great Moskvoretsky တံတားသို့ ဖြတ်သန်းချီတက်ခြင်းမပြုမီ အတိုက်အခံပါတီကို ထောက်ခံကြသူများက ကရင်မလင်နန်းတော်နှင့် မဝေးသည့်နေရာတွင် စုဝေးခဲ့ကြပြီး အချို့က “ပူတင်မရှိသော ရုရှား” ဟု ဟစ်အော်ခဲ့သည်။
မော်စကိုအပြင် စိန့်ပီတာစဘတ်မြို့တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူတို့က ထိုကဲ့သို့ ချီတက်လမ်းလျှောက်မှုများ ပြုလုပ်ခဲ့သည်။
Ref: BBC၊ Aljazeera