News @ M-Media
Blog
  • ယခုနှစ်ရာသီ ပထမဆုံးဖလားအဖြစ် လိဂ်ဖလားအား ချယ်ဆီးဆွတ်ခူး
    ယခုနှစ်ရာသီ ပထမဆုံးဖလားအဖြစ် လိဂ်ဖလားအား ချယ်ဆီးဆွတ်ခူး
    မတ် ၂၊ ၂၀၁၅
    M-Media
    league cup
    – ယမန်နေ့က ၀င်ဘလေကွင်းတွင် ကစားခဲ့သည့် ချယ်ဆီးနှင့် စပါးတို့၏ လိဂ်ဖလားနောက်ဆုံး ဗိုလ်လုပွဲတွင် ချယ်ဆီးက ဒီယေဂိုကော်စတာနှင့် ဂျွန်တယ်ရီတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။
    လန်ဒန်မြို့ခံပြိုဘက် ၂ သင်းဖြစ်သည့် ၎င်းတို့၏ပွဲမှာ မြိုင်ခဲ့ပြီး ပထပိုင်းပြီးကာနီးတွင် တယ်ရီက ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ၅၆ မိနစ်တွင် ဒီယေဂိုကော်စတာ၏ ကန်သွင်းချက် စပါးနောက်ခံလူ ကီလီဝေါလ်ကာနှင့် ထိကာ လမ်းကြောင်းပြောင်းသွားပြီး ဂိုးဝင်သွားသောကြောင့် ချယ်ဆီးတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ကာ ပွဲပြီးသည်အထိ ထိုရလဒ်အတိုင်း ဦးဆောင်နိုင်ခဲ့သောကြောင့် လိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။
    အဆိုဖလားမှာ မော်ရင်ဟို ချယ်ဆီးသို့ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာပြီးနောက် ပထမဆုံးရရှိခဲ့သည့် ဖလားဖြစ်ပြီး ယခုနှစ် ဖလားသုံးလုံး ရည်မှတ်ချက်ကိုလည်း ရှင်သန်လာစေခဲ့သည်။ မော်ရင်ဟိုကမူ အသင်းသားများအားလုံးကို ချီးကျူးခဲ့ပြီး ထိုပွဲအတွက် အကောင်းဆုံးကစားသမားများမှာ ပါဝင်ကစားခဲ့ခြင်းမရှိသည့် ကော်တွိုက်စ်၊ ဖိလစ်လူးဝစ်နှင့် အန်ဒရီယက် ခရစ်စတန်ဆန်တို့ ဖြစ်သည်ဟု ဆိုသည်။
    “ရိုးရိုးသားသားပြောရရင် ကျွန်တော့်အတွက်တော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားက ကော်တွိုက်စ်ဖြစ်ပြီး သူဟာ ဆီးမီးဖိုင်နယ် လီဗာပူးလ်နဲ့ပွဲမှာ တော်တော်ကောင်းခဲ့ပါတယ်။ နောက်တစ်ယောက် အကောင်းဆုံး ကစားသမားက ဖိလစ်လူးဝစ်ဖြစ်ပြီး သူ ဒီနေ့ မကစားခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်နဲ့ ၂ ပွဲစလုံး တော်တော်ကောင်းခဲ့ပါတယ်။ နောက်ထပ် အကောင်းဆုံး ကစားသမားကတော့ အန်ဒရီယက်စ် ခရစ်တန်ဆန်ဖြစ်ပြီး ရှရူးဘရီနဲ့ကစားခဲ့တဲ့ ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” ဟု ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။
    ထို့ပြင် မော်ရင်ဟိုက စပါးအသင်းကိုလည်း ချီးကျူးခဲ့သည်။
    “သူတို့ဟာ ကျွန်တော်တို့ကို ခက်ခဲစေခဲ့ပြီး သူတို့အတွက် ကျွန်တော် စိတ်မကောင်းပါးဘူး။ စပါးဟာ ခေါင်းတွေမော့ပြီး ဒီနေရာကိုလာရောက်ဖို့ (ဗိုလ်စွဲဖို့) ထိုက်တန်တဲ့အသင်းပါ”
    Ref: Goal.com
  • လေကြောင်းခြေရာခံစနစ်သစ်ကို မလေး၊ အင်ဒိုနှင့် သြစတေးလျတို့ စမ်းသပ်အသုံးပြုမည်
    လေကြောင်းခြေရာခံစနစ်သစ်ကို မလေး၊ အင်ဒိုနှင့် သြစတေးလျတို့ စမ်းသပ်အသုံးပြုမည်
    မတ် ၂၊ ၂၀၁၅
    M-Media
    An airplane takes off at Adolfo Suarez Barajas airport in Madrid
    – သမုဒ္ဒရာအတွင်းသို့ ဖြတ်ကျော်ပျံသန်းသော ခရီးသည်တင်လေယာဉ်များ၏ ပုံမှမဟုတ်သည့် အခြေအနေများကို တာဝန်ရှိသူများ အလျင်အမြန်သိရှိစေရန်အတွက် ခြေရာခံစနစ်သစ်တစ်ခုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် သြစတေးလျတို့က စမ်းသပ် အသုံးပြုတော့မည်ဟု သိရသည်။
    သမုဒ္ဒရာများအပေါ် ပျံသန်းနေသည့် လေယာဥများအနေဖြင့် ယခုလက်ရှိတွင် နာရီဝက်နှင့် မိနစ် ၄၀ ကြာတစ်ကြိမ် အချက်ပြရာမှာ ယခုစနစ်သစ်မှာ ၁၅ မိနစ်တစ်ကြိမ် အချက်ပြမည်ဖြစ်သည်။ သြစတေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရန်ထရက်စ်က အဆိုပါစနစ်မှာ လေယာဉ်များ ပုံမှမဟုတ်သည့် အခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ အချိန်နှင့်အမျှ စောင့်ကြည့်ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားနိုင်မည်ဟု ဆိုသည်။
    “ကမ္ဘာမှာ ပထမဆုံးအနေနဲ့ သုံးနိုင်ငံစလုံးဟာ လေယာဉ်ခြေရာခံနည်းလမ်းသစ်တစ်ခုကို စမ်းသပ်မှာပါ။ အခု ဒီ ကနဦးအဆင့်ကို လက်ရှိ ရှိပြီးသားနည်းပညာနဲ့ ဆီလျော်အောင်လုပ်ထားပြီး ခရီးဝေးသွား ခရီးသည်တင်လေယာဉ် ၉၀ ရာခိုင်နှုန်းကျော်မှာ သုံးထားပါတယ်။ ပြီးတော့ လေကြောင်းထိန်းသိမ်းရေး အနေနဲ့ လေယာဉ်ဟာ ခက်ခဲတဲ့အခြေအနေကို ကြုံတွေ့တဲ့အခါ ဒါမှမဟုတ် ရှိပြီးသား ပျံသန်းမှုအစီအစဉ်ကို သွေဖည်သွားတဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မလားဆိုတာကို ကြည့်ရမှာပါ” ဟု ထရက်စ်က
    ပြောကြားခဲ့သည်။
    မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် MH 370 မှာ ပြီးခဲ့သည့်နှစ်မတ်လက ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား ပျောက်ဆုံးသွားခဲ့ပြီးနောက် လေယာဉ်များ ခြေရာခံစနစ်နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာမှ တိုက်တွန်းမှုများ ရှိလာခဲ့သည်။
    ယခုစနစ်မှာ လေယာဉ်တစ်စီး ပုံမှန်သတ်မှတ်ထားသည့် လမ်းကြောင်းထက် ပေ ၂၀၀ သို့မဟုတ် မျှော်မှန်းထားသည့် လမ်းကြောင်းထက် ရေမိုင် ၂ မိုင်ခန့် သွေဖည်သွားပါက လေယာဉ်အား အလိုအလျောက် ပိုမိုအနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး ၅ မိနစ်တစ်ကြိမ် သို့မဟုတ် အဆက်မပြတ် အချက်ပြသွားနိုင်မည်ဖြစ်သည်။
    Ref: Alarabiya
  • တောင်သူလယ်သမားနေ့ ဂုဏ်ပြု သွေး လှူဒါန်းပွဲ မ.မ.လ ဌာနချုပ် ပြုလုပ်
    တောင်သူလယ်သမားနေ့ ဂုဏ်ပြု သွေး လှူဒါန်းပွဲ မ.မ.လ ဌာနချုပ် ပြုလုပ်
    မတ် ၂၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    1
    ရန်ကုန်။       ။ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့၊ မ.မ.လ ဌာနချုပ်မှ ဦးစီးပြီး သွေးလှူဒါန်းပွဲတစ်ရပ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အမျိုးသား သွေးဌာနတွင် ယနေ့ မနက် (၈)နာရီမှ စတင်ကာ ပြုလုပ်ခဲ့သည်။
    သွေးလှူဒါန်းပွဲ ကျင်းပခဲ့ရခြင်းအကြောင်းကို မ.မ.လ ဌာနချုပ်၏ အမျိုးသမီးရေးရာဌာနမှူးဖြစ်သူ ဒေါ်စန်းစန်းအေး (ခ) ဒေါ်ချိုက ယခုကဲ့သို့ ပြောကြားခဲ့သည်။
    “ကျွန်မတို့ အဖွဲ့ဝင်တွေရော အခြားလာရောက် လှူဒါန်းတဲ့သူတွေရော လိုအပ်တဲ့ လူမျိုးဘာသာမရွေး သုံးစွဲနိုင်ရန် စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းခဲ့ကြတာပါ။ ကျွန်မ ကိုယ်တိုင်လည်း လှူဒါန်းခဲ့ပါတယ်။ ငွေနဲ့ဝယ်လို့မရနိုင်တဲ့အရာကို လှူဒါန်းခဲ့ရတဲ့ အတွက်လည်း အတိုင်းမသိပီတိဖြစ်မိပါတယ်”
    မ.မ.လ အဖွဲ့အနေဖြင့် မြင့်မြတ်သောသွေး လှူဒါန်းခြင်းဖြင့် အကျိုးရှိသော လူမှုရေး၊ ဘာသာရေး လုပ်ငန်းတစ်ရပ်ကို အကောင်အထည်ဖော်ရာ ရောက်သည်ဟု ခံယူယုံကြည်ထားပြီး ယင်းသွေးလှူဒါန်းပွဲတွင် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်ကာ လှူဒါန်းသည့်သွေးနှင့် သွေးပစ္စည်းများသည်လည်း ဘာသာလူမျိုး မခွဲခြားသည့် လူများထံသို့ ပေးသွင်း စီးဆင်းခြင်းဖြင့် လူမျိုးဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးစေသည့် လူသားဝါဒကို တစ်နည်းအားဖြင့် အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပေသည်ဟု မ.မ.လ ဌာနချုပ်မှ ဥက္ကဌဖြစ်သူ အလ်ဟာဂ်ျ ဦးမြင့်ထွန်းမှ ဆိုသည်။
    သွေးလှူဒါန်းပွဲတွင် လာရောက်သွေး လှူဒါန်းခဲ့သော သာကေတမြို့နယ်မှ ကိုမင်းမင်းကလည်း “ကျွန်တော်က ဒီမှာအမြဲလှူနေကြပါ။ ဒါနဲ့ဆို (၁၄) ကြိမ်လောက်ရှိပြီ။ ကျွန်တ်ေလှူလိုက်တဲ့သွေးကို တကယ်လိုအပ်နေတဲ့ သူတွေ အတွက် သုံးစွဲခွင့်ရမယ်ဆိုရင်တော့ ကျွန်တော်အရမ်းကို ပီတိဖြစ်မိမှာပါ။အခုလို လှူရတဲ့ အတွက်လည်း အရမ်းကိုဝမ်းသာမိပါတယ် ” ဟု ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့  မ.မ.လ ဌာနချုပ်မှ ဘာသာ၊ လူမျိုးမခွဲခြားဘဲ မေတ္တာ တရားကို အရင်းပြုပြီး စုပေါင်းသွေး လှူဒါန်းပွဲကို (၄) လလျှင် တစ်ကြိမ်ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် (၁၇) ကြိမ်မြောက်ရှိပြီဖြစ်ပြီး သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် လှူဒါန်းသူ (၁၅၀) ကျော်မှ (၃၀၀) ကျော် ထိရှိကြောင်း မ.မ.လ ဌာနချုပ်မှ ထုတ်ပြန်ထားသည်။
    2 3 4 5 7 8
  • ဂျာမနီနှင့် ဖင်လန်နိုင်ငံရှိ ရေဒီယိုများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အနက်ဖွင့်ဆိုချက်နှင့်တကွ ထုတ်လွှင့်သွားမည်
    ဂျာမနီနှင့် ဖင်လန်နိုင်ငံရှိ ရေဒီယိုများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အနက်ဖွင့်ဆိုချက်နှင့်တကွ ထုတ်လွှင့်သွားမည်
    မတ် ၂၊ ၂၀၁၅
    M-Media
    quran
    – အစ္စလာမ်နှင့် ပတ်သက်၍ ပြည်သူများ၏ အသိပညာ တိုးပွားစေရန်အတွက် ကျမ်းတော်မြတ်မှ ပါဒတော်များ၏ အဓိပ္ပါယ်၊ အနက်ဖွင့်ဆိုချက်များနှင့်တကွ ဖင်လန်နှင့် ဂျာမနီရှိ ရေဒီယိုဌာနများမှ အပတ်စဉ် ထုတ်လွှင့်ပေးတော့မည်ဟု သိရသည်။
    “ကျွန်တော်ပြန်တဲ့ ဘာသာပြန် ဖတ်ကြားတာကို ကြားရမှာ သိပ်ကောင်းပါတယ်။ ကုရ်အာန်းကျမ်းတော်မြတ် တစ်အုပ်လုံးကို ထုတ်လွှင့်ဖို့ဟာ အရေးကြီးပြီး အစ္စလာမ်ဟာ ဆိုးတယ်၊ အကြမ်းဖက်တယ်။ ဒါမှမဟုတ် အစ္စလာမ်ဟာ လှပတယ်၊ ကောင်းမွန်တယ်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုပဲ ထုတ်ပြတာမျိုး မဖြစ်ရပါဘူး။ ပါဒတော်အားလုံးက နားထောင်သူတွေ ဆုံးဖြတ်ဖို့အတွက် ဖြစ်စေမှာပါ” ဟု ကုရ်အာန်ကျမ်းတော်မြတ်ကို ဖင်လန်ဘာသာသို့ ပြန်ဆိုခဲ့သူ ပရော်ဖက်ဆာ ဂျက်ကို ဟာမီန်း-အန့်တီလာက ဖင်လန် ရေဒီယိုကုမ္ပဏီ Yle ၏ Radio 1 သို့ ပြောကြားခဲ့သည်။
    Yle ကုမ္ပဏီက ဆောင်ရွက်မည့် ထို ထုလွှင့်ခြင်းအစီအစဉ်မှာ တစ်ကြိမ်လျှင် နာရီဝက်စီကြာမြင့်မည်ဖြစ်ပြီး အပိုင်းပေါင်း ၆၀ ပါဝင်မည်ဖြစ်သည်။ အပိုင်းတစ်ခုချင်းစီတွင် ဖင်လန်မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင် အီမာမ် အနတ်စ် ဟက်ဂျာနှင့် ပါမောက္ခ ဟာမီန်း အန့်တီလာတို့၏ ဆွေးနွေးခန်းလည်း ပါဝင်မည်ဖြစ်သည်။
    ၎င်းတို့နှစ်ဦးမှာ ဖတ်ကြားခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ် ပါဒတော်၏ ဘာသာရေးနှင့် သမိုင်းကြောင်းဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။
    “အီမာမ် အနတ်စ် ဟက်ဂျာနဲ့ ကျွန်တော်တို့ဟာ စာပိုဒ်တစ်ခုကိုဖတ်ပြီး အဲဒီစာပိုဒ်ကို ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖော်ပြသွားမှာပါတယ်။ အီမာမ်ဟက်ဂျာက ပါဒတော်ရဲ့ လက်တွေ့သဘောနဲ့ ခေတ်ပြိုင် အဓိပ္ပါယ်ကို ပြောသွားမယ်။ ကျွန်တော်ကတော့ ဒီပါဒတော်နဲ့ စက်ဆပ်နေတဲ့ သမိုင်းကြောင်းကို သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဟာမီန်းက ပြောကြားခဲ့သည်။
    ထို့ပြင် ထိုဆွေးနွေးမှုများတွင် လူပြည့်လောကနှင့် နောက်တမလွန်ဘ၀အကြောင်းများ၊ လူများကို အနှောက်အယှက်ပေးသည့် စာတန်မိစ္ဆာအကြောင်းနှင့် နေ့စဉ်ဘ၀ ကျင့်သုံးလိုက်နာရမည့် ညွှန်ကြားချက်များလည်း ပါဝင်မည်ဖြစ်သည်။
    Yle ကုမ္ပဏီကမူ အဆိုပါ အစီအစဉ် ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်ရရှိရန် ဖင်လန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေး တာဝန်ရှိသူများမှ ကိုယ်စားလှယ်များကို ဆော်သြတိုက်တွန်းခဲ့သည်။
    “ဒီအစီအစဉ်က တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့အတွက် အရေးပါတဲ့ အဆင့်ပါပဲ။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဒီထဲမှာ ပါဝင်တာတွေကို ပြောပြဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်” ဟု အီမာမ် အနတ်စ် ဟက်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။
    ဖင်လန်နိုင်ငံ၏ လူဦးရေ ၅.၂ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေ ၄၀၀၀၀ မှ ၄၅၀၀၀ အကြား ရှိနေသည်။
    ဂျာမနီတွင်လည်း ဆောင်ရွက်မည်
    ဂျာမနီ၏ Radio Deutschland ကလည်း ကုန်အာန်ကျမ်းတော်မြတ် ထုတ်လွှင့်မှု စီးရီးအသစ်ကို ယခုလတွင် စတင်မည်ဖြစ်သည်။
    အဆိုပါ အစီအစဉ်ခေါင်းစဉ်ကို Quran declares ဟု အမည်ပေးထားပြီး လာမည့်သောကြာနေ့တွင် စတင်မည်ဖြစ်ကာ အပတ်စဉ် တင်ဆက်သွားမည်ဖြစ်သည်။ ၄ မိနစ်တာ ကြာမြင့်မည့် အဆိုပါ ထုတ်လွှင့်မှုအစီအစဉ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ပထမ ရွတ်ဖတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အစ္စလာမ့်ပညာရှင်တစ်ဦးက အဓိပ္ပါယ်ပြန်ဆိုချက်ကို ပြောကြားသွားမည်ဖြစ်သည်။
    ဂျာမနီတွင် အစ္စလာမ်သာသာဝင်ဦးရေ ၄ သန်းခန့်ရှိမည်ဟု ယုံကြည်ရပြီး ဘာလင်မြို့တစ်မြို့တည်းတွင်ပင် ၂၂၀၀၀၀ ခန့် ရှိနေသည်။
    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်မှ တမန်တော်မုဟမ္မဒ်ထံ ချပေးခဲ့သည့် ကျမ်းစာဖြစ်ပြီး အာရဘီဘာသာစကားဖြင့် ရေးသားထားခြင်ဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကျော် စတင်ကျရောက်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ တစ်လုံးတစ်ပါဒမှ ပြင်ဆင်ပြောင်းလဲထားခြင်း မရှိချေ။
    Ref: Onislam
  • လက်ရှိချန်ပီယံကို လီဗာပူးလ်အနိုင်ယူ၊ အာဆင်နယ်၊ မန်ယူတို့ ၃ မှတ်စီရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇
    လက်ရှိချန်ပီယံကို လီဗာပူးလ်အနိုင်ယူ၊ အာဆင်နယ်၊ မန်ယူတို့ ၃ မှတ်စီရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇
    မတ် ၂၊ ၂၀၁၅
    M-Media
    pml 2.3 a
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ လီဗာပူးလ်တို့ဟာ ထိပ်တန်းအဆင့် ပြန်ရောက်လာပြီဆိုတာကို ပြသနိုင်ခဲ့ပြီး အာဆင်နယ်၊ မန်ယူတို့လည်း မျက်နှာပန်းလှခဲ့ကြပါတယ်။
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ပွဲမှာ ရော်ဂျာရဲ့လီဗာပူးလ် ထိုက်ထိုက်တန်ထန် အနိုင်ရခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲဟာ တော်တော်လေးမြိုင်ခဲ့ပြီး ဟန်ဒါဆန်က ပွဲအစ ၁၁ မိနစ်မှာပဲ ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးလ်တို့ ကစားပုံ ညက်ညောခဲ့ပြီး မနှစ်က ခြေစွမ်းနီးနီး ဒီပွဲမှာ ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ ဇက်ကိုက သူ့ရဲ့ အလုံး ၅၀ မြောက် ပရီးမီးယားလိဂ်ဂိုးနဲ့ ပြန်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၇၅ မိနစ်မှာ ဖီလစ်ပီ ကော်တင်ညိုရဲ့ အင်မတန်လှပတဲ့ ဂိုးကိုတော့ မန်စီးတီးတို့ ပြန်လည်ချေပနိုင်ခြင်းမရှိဘဲ အန်ဖီးလ်ကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။
    ချန်ပီယံလိဂ်မှာ စိတ်ပျက်ခဲ့ရမှုကို အာဆင်နယ်တို့ အဲဗာတန်ကို အနိုင်ယူပြီး ပြန်လည်ကုစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရတာမျိုးမဟုတ်ဘဲ အဲဗာတန်ရဲ့ ထိုးဖောက်မှုကို အာဆင်နယ်နောက်တန်း တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်နိုင်လို့သာ အနိုင် ၃ မှတ်သေချာခဲ့တာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဂျရူးနဲ့ ရိုစစ္စကီးတို့က သွင်းပေးခဲ့တာဖြစ်ပြီး ဒီ ၂ ဂိုးစလုံးကို အိုဇေးလ်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
    မန်ယူကလည်း ရူနီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဆန်းဒါးလန်းကို အနိုင်ရခဲ့ပါတယ်။ ဒီဂိုးတွေဟာ ရူနီရဲ့ ၈ ပွဲဆက် ဂိုးမိုခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်း နောက်ဆုံးမိနစ်တွေမှာ မန်ယူတိုက်စစ်ရဲ့ တိုးဖောက်တိုက်စစ်ဆင်မှုတွေကို ဆန်းဒါးလန်းဂိုးသမား ပန်သီလီမန် အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် မန်ယူတို့ နောက်ထပ် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဗန်ဂါးလ်က ဒီမာရီယာကို မထည့်ခဲ့ဘဲ ပုံမှန်ခြေစွမ်းရဖို့ အချိန်ယူရဦးမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    နယူးကာဆယ်ကတော့ စစ်စီရဲ့ ၃၇ မိနစ်ဂိုးနဲ့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပြီး ဗီလာနည်းပြသစ် တင်ရှားဝုဒ်ရဲ့ ၂ ပွဲဆက် ရာနှုန်းပြည့်အရှုံးလည်း ဖြစ်ခဲ့ပါတယ်။
    ဆောက်သက်တမ်ကတော့ အဝေးကွင်းမှာ ၀က်စ်ဘရွန်းကို ပွဲအစ ၂ မိနစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ်က အဝေးကွင်းမှာ ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအနိုင်ဟာ အလန်ပါဂျူး တာဝန်ယူပြီးတဲ့နောက်ပိုင်း ၅ ပွဲမြောက် အဝေးကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ရာနှုန်းပြည့် အဝေးကွင်းနိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ဘန်လေ ၀-၁ ဆွမ်ဆီး
    မန်ယူ ၂-၀ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ အက်စတွန်ဗီလာ
    စတုတ် ၁-၀ ဟားလ်စီးတီး
    လီဗာပူလ်း ၂-၁ မန်စီးတီး
    အာဆင်နယ် ၂-၀ အဲဗာတန်