News @ M-Media
Blog
  • အီရတ်အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်
    အီရတ်အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်
    မတ် ၁၊ ၂၀၁၅
    M-Media
    abd
    – အမေရိကန်၏ ကျူးကျော်စစ် စတင်ပြီးနောက် ပိတ်ပစ်ခဲ့ရပြီး လုယက်မှုများ၊ ခိုယူမှုများဖြင့် ရင်ဆိုင်ခဲ့ရသည့် အီရတ် အမျိုသားပြတိုက်အား ယမန်နေ့တွင် ပြန်လည်ဖွင်လှစ်လိုက်ပြီဟု သိရသည်။
    ဖွင့်ပွဲအခမ်းအနားသို့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ် အက်ဘာဒီ တက်ရောက်ခဲ့ပြီး မိမိအနေဖြင့် နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် မူဆိုးလ်မြို့တွင် ရှေးဟောင်း ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့သည်။
    “အဲဒီ ရိုင်းစိုင်းပြီး၊ ရာဇ၀တ်ကောင် အကြမ်းဖက်သမားတွေက လူသားတွေရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ အီရတ်ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြပါတယ်။ အီရတ်မှာ သူတို့ကျစေခဲ့တဲ့ သွေးတစ်စက်ချင်းအတွက်နဲ့ အီရတ်ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးခဲ့ကြတဲ့အတွက် ပြန်လည်ပေးဆပ်ဖို့ ကျွန်တော်တို့ သူတို့ကို ဖမ်းဆီးသွားမှာပါ” ဟု အက်ဘာဒီက ဆိုသည်။
    စစ်ပွဲဖြစ်ပွားစဉ် ၁၂ နှစ်တာကာလအတွင်း အဆိုပါ ပြတိုက်မှ ရှေးဟောင်းပစ္စည်းပေါင်း ၁၅၀၀၀ ကျော် လုယက်ခံခဲ့ရပြီး ၃ ပုံ ၁ ပုံကို ပြန်လည်ရရှိခဲ့သည်။ ယခုဖွင့်လှစ်ခဲ့သည့် အဆိုပါပြတိုက်တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀၀၀ ကျော်မှ ရှေးဟောင်းပစ္စည်းများလည်း ပါဝင်သည်။
    အီရတ်နိုင်ငံမှာ ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များ ပေါများသည့်နေရာအဖြစ် ကျော်ကြားပြီး အီရတ်ကို လူ့ယဉ်ကျေးမှု၏ မူလဘူတအဖြစ် သတ်မှတ်ကြသည်။
    Ref: bbc
  • ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ
    ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ
    မတ် ၁၊ ၂၀၁၅
    M-Media
    srln
    – မိမိ၏ သက်တော်စောင့်များထဲမှတစ်ဦးမှာ အီဘိုလာဖြင့် သေဆုံးခဲ့ပြီးနောက်ပိုင်း ဆီရာလီယွန်နီ၏ ဒုတိယသမ္မတ ဆမ် ဆူမာနာက အီဘိုလာစိုးရိမ်ရမှုကြောင့် ၎င်းကိုယ်တိုင် သီးသန့်နေထိုင်နေသည်ဟု အစိုးရက ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပြီး အဆိုပါ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တွန်းလှန်ရေးအတွက် ခရီးသွားမှု ကန့်သတ်ချက်များကိုလည်း ဆီယာလီယိုက ပြန်လည် သတ်မှတ်ထားသည်။
    သေဆုံးသွားသည့် ဆူမာနာ၏သက်တော်စောင့်မှာ အသက် ၄၂ နှစ်အရွယ် ဂျွန် ကိုရိုမာဆိုသူဖြစ်ပြီး သောကြာနေ့က အီဘိုလာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆူမာနာက ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့၏အိမ်တွင် သီးသန့်နေထိုင်ခဲ့ကာ ကျန်းမာရေးတာဝန်ရှိသူများက ဆောင်ရွက်နေသော စမ်းသပ်စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေသည်။
    ဒုတိယသမ္မတအနေဖြင့် အန္တရာယ်ရှိသော အနေအထားတွင် မရှိသော်လည်း ရောဂါပိုး ပေါက်ဖွားကူးစက်နိုင်သည့် အချိန်ကာလဖြစ်သော ၂၁ ရက်အထိ ရုံးသို့မသွားရန် ဆုံးဖြတ်ခဲ့ပြီး နေအိမ်မှနေ၍ အလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။
    ဆီရာလီယွန်နီတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်း အီဘိုလာကူးစက်သူ ၁၈ ဦးရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ၂ ဦးတိုးလာခဲ့ကာ
    ထိုပမာဏမှာ နိုင်ငံအတွင်း ယခင်လများ၌ ရောဂါကူးစက်မှုနှုန်းလျော့ကျမှုကို ပျက်ဆီးစေခဲ့သည်။ ထို့ကြောင့် ခရီးသွားလာမှု
    ကန့်သတ်ချက်များကို အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။
    Ref: Aljazeera
  • ဘာဘာတော့ဗ်မှာ မိုနာကို၏ အီဗရာဟီမိုဗစ်ဖြစ်သည်ဟု ပီအက်စ်ဂျီနည်းပြဆို
    ဘာဘာတော့ဗ်မှာ မိုနာကို၏ အီဗရာဟီမိုဗစ်ဖြစ်သည်ဟု ပီအက်စ်ဂျီနည်းပြဆို
    မတ် ၁၊ ၂၀၁၅
    M-Media
    bbt
    – မိမိအသင်းတွင် အီဗရာဟီမိုဗစ်က အရေးပါသကဲ့သို့ မိုနာကိုတွင်လည်း ဘာဘာတော့ဗ်မှာ အရေးပါသည်ဟု ပီအက်စ်ဂျီနည်းပြ လော့ရန့် ဘလန့်စ်က ပြောကြားလိုက်သည်။
    မန်ယူနှင့် စပါးအသင်းတို့၏ တိုက်စစ်မှူးဟောင်းဖြစ်သူ ဘာဘာတော့ဗ်မှာ ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ခြေစွမ်းကောင်းများပြသခဲ့ပြီး မိုနာကိုက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ထိုပွဲတွင် ၁ ဂိုးသွင်းယူပေးခဲ့သည်။ မိုနာကိုနှင့် ပီအက်စ်ဂျီတို့မှာ ပြင်သစ်လီဂူးအဖြစ် ယနေ့တွင် တွေ့ဆုံယှဉ်ပြိုင်မည်ဖြစ်ပြီး ဘလန့်စ်ကမူ ဘာဘာတော့ဗ်၏ ပါရမီကို ချီးကျူးခဲ့သည်။
    “ဘာဘာတော့ဗ်ဟာ မိုနာကိုအတွက် သိပ်အရေးပါ ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူရဲ့နည်းစနစ်ပိုင်း သိပ်ကောင်းပါတယ်။ ကစားရာမှာပညာသားပါတယ်။ ပြီးတော့ အသင်းကိုငြိမ်အောင် ဆောင်ရွက်ပေးတဲ့ ကစားသမားလည်းဖြစ်ပြီး ဘာ့ကြောင့်လည်းဆိုတော့ သူဟာ ဘောလုံးဆုံးရှုံးမှုနည်းပြီး တစ်ချိန်လုံး လိမ္မာပါးနပ်စွာနဲ့ အသုံးပြုလို့ပါပဲ။ သူဟာ မိုနာကိုအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် အီဗရာဟီမိုဗစ် အရေးပါသလိုပါပဲ” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ဘလန့်စ်က ပြောကြားခဲ့သည်။
    ၂၇ ပွဲ ကစားထားသည့် ပြင်သစ်လီဂူးအမှတ်ပေးဇယားကို လိုင်ယွန်က ၅၄ မှတ်ဖြင့် ဦးဆောင်ထားပြီး ပီအက်စ်ဂျီက တစ်ပွဲလျော့ ၂ မှတ်အကွာဖြင့် ဒုတိယနေရာတွင်ရှိနေသည်။ မိုနာကိုမှာ ၂၅ ပွဲကစားပြီး ၄၃ မှတ်နှင့် အဆင့် ၅ နေရာတွင်ရှိနေသည်။
    Ref: Goal.com
  • ဟောလီးဝုဒ်မင်းသမီး၏ ပျောက်သွားသော အင်္ကျီကို သူခိုးများ ပြန်ပေး
    ဟောလီးဝုဒ်မင်းသမီး၏ ပျောက်သွားသော အင်္ကျီကို သူခိုးများ ပြန်ပေး
    မတ် ၁၊ ၂၀၁၅
    M-Media
    lupita
    – ဟောလီးဝုဒ်မင်းသမီး လူပီတာညွန်အို၏ ကန်ဒေါ်လာ ၁၅၀၀၀၀ တန် အော်စကာပွဲတွက်ဝတ်စုံတွင် တပ်ဆင်ထားသော ပုလဲများမှာ အတုများဖြစ်နေသည်ကို တွေ့ရသောကြောင့် ထိုဝတ်စုံကိုခိုးသွားသည့် သူခိုးများက ပြန်ပေးခဲ့သည်ဟု နာမည်ကျော်များအကြောင်းကို ရေးသားနေသော TMZ.com တွင် ဖော်ပြထားသည်။
    ပုလဲပေါင်း ၆၀၀၀ တပ်ဆင်ထားသည့် အဆိုပါဝတ်စုံကို လူပီတာမှာ ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော အော်စကာဆုပေးပွဲတွင် ၀တ်ဆင်ခဲ့ခြင်းဖြစ်ပြီး အော်စကာဖက်ရှင်များတွင် လူကြိုက်များခဲ့သည်။ ထိုဝတ်စုံမှာ လော့စ်အိန်ဂျလိစ်ရှိ လူပီတာတည်းခိုသည့် ဟိုတယ်အခန်းမှ ဗုဒ္ဓဟူးနေ့တွင် ပျောက်သွားခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ထိုဝတ်စုံအား ခိုးသွားခဲ့သည့် သူခိုးများမှ ပုလဲနှစ်လုံးကို ဖြုတ်ကြည့်၍ လော့စ်အိန်ဂျလိစ် မြို့လယ်ကောင် ကျောက်မျက်ရတနာများရောင်းချသည့်နေရာသို့ သွားရောက်ပြသခဲ့ရာ အဆိုပါပုလဲများမှာ အစစ်မဟုတ်ဘဲ အတုဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
    ထို့ကြောင့် သူခိုးများက အဆိုပါဝတ်စုံကို လော့စ်အိန်ဂျလိစ်ရှိ  London West Hollywood ဟိုတယ်တွင် ပြန်ထားခဲ့ပြီး ၎င်းတို့မှာ ထိုဝတ်စုံကို ဟိုတယ်အိမ်သာခန်းထဲရှိ အမှိုက်ပုံးထဲတွင် အိတ်ဖြင့်ထုပ်ကာ ထားခဲ့သည်ဟု TMZ.com သို့ ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ပါလက်စတိုင်းအား အသိအမှတ်ပြုရေး အစိုးရအား အီတလီလွှတ်တော်အမတ်များ တိုက်တွန်း
    ပါလက်စတိုင်းအား အသိအမှတ်ပြုရေး အစိုးရအား အီတလီလွှတ်တော်အမတ်များ တိုက်တွန်း
    မတ် ၁၊ ၂၀၁၅
    M-Media
    A man hangs a Palestinian flag as others erect a tent at a land that they said was confiscated by Israel, during a protest against land confiscations near the West Bank town of Abu Dis
    – ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရေး အစိုးရအား တိုက်တွန်းထားသော
    ဆုံးဖြတ်ချက်တစ်ခုကို အီတလီ လွှတ်တော်အမတ်များက ထောက်ခံလိုက်သည်ဟု သိရသည်။
    အမေရိကန်ကြားဝင်သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးခဲ့သည့်ဧပြီလက ပျက်သွားပြီးနောက် အီတလီ၏ အစ္စရေးအပေါ် ဝေဖန်မှုမှာ တိုးလာခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းတို့၏ ပိုင်နက်အတွင်း အခြေချအိမ်ရာများ
    ဆောက်လုပ်မှုနှင့်ပတ်သက်၍လည်း ဖိအားပေးခဲ့သည်။
    ပါလက်စတိုင်းအား အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အစိုးရအား တိုက်တွန်းသော အဆိုပါ ဆုံးဖြတ်ချက်ကို ၀န်ကြီးချုပ် မက်တီယိုရန်ဇီ၏ PD ပါတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ရှိ Chamber of Deputies မှ မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၀၀၊ ကန့်ကွက်မဲ ၄၅ မဲ ရရှိခဲ့သည်။
    လွှတ်တော်အမတ်များ၏ အဆိုပါထောက်ခံမှုမှာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံပူးတွဲတည်ရှိရေးအတွက် ညှိနှိုင်းဆွေးနွေးရေးကို ထောက်ခံအားပေးသော အီတလီအစိုးရ၏ ရည်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ချေ။
    ဥရောပနိုင်ငံများထဲတွင် ဆွီဒင်မှာ ပထမဆုံးအဖြစ် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပြီးခဲ့သည့်နှစ်က အသိအမှတ်ပြုခဲ့ပြီး အိုယာလန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ရှိ လွှတ်တော်အမတ်များကလည်း ယခုကဲ့သို့ပင် အစိုးရအား တိုက်တွန်းခဲ့ကြသည်။
    Ref: Reuters