News @ M-Media
Blog
  • ၀က်စ်ဟမ်းအား နိုင်ပွဲမှာ သန်းထီပေါက်သည်ထက် ပိုအရေးပါကြောင်း အက်စတွန်ဗီလာနည်းပြ ဖွင့်ဟ
    မတ် ၄၊ ၂၀၁၅
    M-Media
    sw
    – ယနေ့နံနက်က ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့ခြင်းမှာ ဇနီးဖြစ်သူ သန်းထီပေါက်သည်ထက် ပိုမိုအရေးပါသည်ဟု ခံစားမိခဲ့ကြောင်း အက်စတွန်ဗီလာနည်းပြ တင်ရှားဝုဒ်က ပြောကြားလိုက်သည်။
    ဗီလာပက်ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် အက်စတွန်ဗီလာမှာ ခရစ္စတီယန် ဘန်တီကီ၏ နောက်ဆုံးမိနစ်ပင်နယ်တီနှင့် ၀က်စ်ဟမ်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စပါးနည်းပြဟောင်း တင်ရှားဝုဒ် ဗီလာအား ကိုင်တွယ်ပြီးနောက် ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့သည်။
    ပွဲချိန်အတွင်း ရှားဝုဒ်မှာ အလွန်စိတ်လှုပ်ရှားခဲ့ပြီး ဆုတောင်းမှုအမျိုးမျိုးကိုလည်း ပြုလုပ်ခဲ့ကာ နောက်ဆုံး မိနစ် ပင်နယ်တီဝင်သွားချိန်တွင် အလွန်အမင်း အောင်ပွဲခံခဲ့သည်။
    “မယုံကြည်နိုင်လောက်စရာဖြစ်ပြီး အနိုင်ရတဲ့အတွက် ထူးခြားတဲ့ ခံစားမှုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ဇနီးက သူထီထိုးလာပြီး ဒီထီပေါက်ရင် စတာလင်ပေါင် ၅၄ သန်းလောက်ရမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ ‘ငါ အနိုင် ၃ မှတ်ကို ပိုလိုလားပြီး အဲဒီသန်းထီပေါက်သလိုပဲ’ လို့ ပြန်ပြောခဲ့ပါတယ်” ဟု ရှားဝုဒ်က BT Sport သို့ ပြောကြားခဲ့သည်။
    ထိုပွဲမှာ ရှားဝုဒ်၏ တတိယမြောက်ပွဲဖြစ်ပြီး ပထမ ၂ ပွဲတွင်မူ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ရှားဝုဒ်က မိမိတို့အသင်းမှာ ပထမ ၂ ပွဲတွင် မကောင်းခဲ့ကြောင်း၊ သို့သော်လည်း ယနေ့တွင် ကစားပုံ တိုးတက်ခဲ့ပြီး ပိုမိုတိုးတက်ရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ယခုပွဲအနိုင်မှာ တန်းဆင်းဇုန်နားရောက်နေသည့် အက်စတွန်ဗီလာအတွက် အရေးပါသည့် နိုင်ပွဲလည်းဖြစ်သည်။
    Ref: Dailymail
  • နီပေါလ်လေယာဉ်ကွင်းတွင် တူရကီလေယာဉ်တစ်စင်း ပြေးလမ်းချော် တိမ်းမှောက်
    နီပေါလ်လေယာဉ်ကွင်းတွင် တူရကီလေယာဉ်တစ်စင်း ပြေးလမ်းချော် တိမ်းမှောက်
    မတ် ၄၊ ၂၀၁၅
    M-Media
    plane 1
    – တူရကီလေကြောင်လိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ယနေ့နံနက်အစောပိုင်းက နီပေါလ်နိုင်ငံ ခတ္တာမန်ဒူ လေဆိပ်သို့အဆင်းတွင် လမ်းချော်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ခရီးသည် ၂၃၈ ဦးတင်ဆောင်ကာ အစ္စတန်ဘူလ်မြို့မှ ပျံသန်းလာသည့် လေယာဉ်အမှတ် THY726 မှာ မြူဆိုင်းနေသော အဆိုပါလေဆိပ်သို့အဆင်းတွင် လမ်းချော်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ဘီးကြိုးကာ လေယာဉ်ဦးမှာ မြေကြီးပေါ်တွင် ဒရွတ်တိုက်ပါသွားခဲ့သည်။
    လေကြောင်းထိန်းသိမ်းရေးကမူ အဆိုပါလေယာဉ်မှာ ပြေးလမ်း ချိန်ဆရာတွင် လွဲခဲ့ပြီး ပြေးလမ်းနှင့် ကားလမ်းတို့အကြား ဆင်းသက်မိခဲ့သောကြောင့် ထိုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ခရီးသည်များမှာ ပွန်းပဲ့ဒဏ်ရာများမှလွဲ၍ ဆိုးရွားသော ဒဏ်ရာများ မရှိဘဲ သေဆုံးခဲ့သူလည်း မရှိခဲ့ချေ။
    ခတ္တာမန်ဒူတွင် မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ၂ ရက်တိုင်တိုင် ရှိနေပြီဖြစ်ပြီး တာဝန်ရှိသူများကမူ ရာသီဥတု ဆိုးဝါးမှုနှင့် မြင်နိုင်စွမ်းနည်းမှုတို့က အဆိုပါ မတော်တဆမှု၏ အဓိကအကြောင်းအရင်းဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
    Ref:RT
  • နိုင်ငံတကာ သတင်းတို (မတ် ၃၊ ၂၀၁၅)
    မတ် ၃၊ ၂၀၁၅
    M-Media
    – အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲလ် ဟေးမြို့တွင် မွတ်စလင်လူငယ် ၃ ဦးအား ပြီခဲ့သည့်လတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ခရေ့ဂ်ျစတီဖင်ဟစ်က်ဆိုသူကို သေဒဏ်ချမှတ်ရန်အတွက် အစီအစဉ်ရှိနေည်ဟု ဒါရ်ဟမ်ကောင်တီ ခရိုင် တရားသူကြီး ရော်ဂျာ အဲခိုလ်စ်က ပြောကြားခဲ့သည်။
    – ယီမင်နိုင်ငံတွင် လွန်ခဲ့ည့် ၃ နှစ်က ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသည့် ဆော်ဒီကောင်စစ်အရာရှိ အဘ်ဒူလ် ခါလ်လီဒီကို ၎င်းအား ပြန်ပေးဆွဲသူများက ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် ယမန်နေ့တွင် ရီယာ့ဒ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
    – ပြီးခဲ့သည့် တစ်နှစ်က စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူမှာ ၆၀၀၀ ကျော်သွားခဲ့ပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားလိုက်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်းပင် ပြည်သူနှင့် စစ်သည် ရာပေါင်းများစွာတို့ သေဆုံးခဲ့သည်ဟု ဆိုသည်။
    – ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန် ဘလော့ဂါ အဗီဂျစ်ရွိုင် သတ်ဖြတ်ခံရမှုအတွက် အဓိက တရားခံဟု သံသယရှိသူကို ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားလိုက်သည်။
    Ref: News Agencies
  • ဂျူးဘုရားကျောင်းပြုပြင်ရေး ဘယ်လ်ဂျီယံမွတ်စလင်များ ရန်ပုံငွေရှာမည်
    ဂျူးဘုရားကျောင်းပြုပြင်ရေး ဘယ်လ်ဂျီယံမွတ်စလင်များ ရန်ပုံငွေရှာမည်
    မတ် ၄၊ ၂၀၁၅
    M-Media
    belgium
    – ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း အာလွန်မြို့ရှိ သမိုင်းဝင် ရှေးဟောင်း ဂျူးဘုရားကျောင်းတစ်ခု ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် ရန်ပုံငွေရရှိရေး လှုပ်ရှားမှုကို မွတ်စလင်အသိုင်းအ၀ိုင်းက ဆောင်ရွက်ပေးမည်ဟု သိရသည်။
    “အကူအညီဖြစ်စေဖို့နဲ့ ကျွန်တောတို့ရဲ့ ညီညွတ်မှုကို လူအများကို သက်သေပြဖို့အတွက် ရန်ပုံငွေရှာဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ အလှူဒါနရက်ရောမှုနဲ့ အပြန်အလှန်ကူညီဖေးမှုတွေနဲ့အတူ အာလွန်က မွတ်စလင်လူ့အဖွဲ့စည်းဟာ အများအကျိုးဖြစ်မယ့် ဒီစီမံကိန်းအတွက် ကူညီဖို့ ဆန္ဒရှိပါတယ်” ဟု အာလွန်မွတ်စလင်အသင်းမှ အထွေထွေအတွင်းရေးမှူး မိုဟာမက် ဘူဇ်မာနီက ဥရောပဂျူးသတင်းစာ EJP သို့ မတ်လ ၂ ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
    သေးငယ်သော ဂျူးအသိုင်းအ၀ိုင်းရှိရာ ဘယ်လ်ဂျီယံ၏ ဗိသုကာနှင့် ဘာသာရေးဆိုင်ရာ အမွေအနှစ်ဖြစ်သော အာလွန်မြို့ရှိ အဆိုပါ ဂျူးဘုရားကျောင်း၏ ဆိုးရွားသည့်အခြေအနေကို ကြားသိခဲ့ရပြီးနောက် မွတ်စလင်များက ဂျူးဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံရေး အတွက် ရန်ပုံငွေရရှိရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
    “အတူတကွနေထိုင်ထာ ကြာလာပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ “အတူတကွ လုပ်ဆောင်မှု” ကို တည်ဆောက်ချင်ပါတယ်” ဟူ ဘူဇ်မာနီက ထပ်လောင်းပြောကြားခဲ့သည်။
    လွန်ခဲ့သည့် နှစ် ၁၀၀ အရင်က ဆောက်လုပ်ခဲ့သော အဆိုပါ ဂျူးဘုရားကျောင်းမှာ ၀ါလိုနီယာဒေသ၏ အဓိက သမိုင်းဝင်အမွေအနှစ်အဖြစ် ၂၀၀၅ ခုနှစ်က သတ်မှတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် နွေရာသီက ခြောက်သွေ့ဆွေးမြေ့ပြီး အစိုပြန်မှုများကြောင့် ပြိုကျမည့်အန္တရာကို စိုးရိမ်ရ၍ ပိတ်ပစ်ခဲ့ရသည်။
    အဆိုပါ ဂျူးဘုရားကျောင်း ပြုပြင်မွမ်းမံရေးအတွက် ယူရို ၄ သိန်းခန့် လိုအပ်မည်ဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ထိုငွေပမာဏအထိ ရရှိအောင်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
    ဘယ်လ်ဂျီယံ၏ ၁၁.၃ သန်းသောလူဦးရေတွင် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ ၆၃၈၀၀၀ ခန့်ရှိမည်ဟု Pew သုတေသနစင်တာက ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စာရင်း၌ ဖော်ပြထားသည်။
    ဘရက်ဆဲလ်မြို့တွင်ပင် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ ၂၅ ရာခိုင်နှုန်းရှိပြီး ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင် ၇၇ လုံးရှိကာ နိုင်ငံတစ်ဝှမ်းတွင် ၃၀၀ ကျော် ရှိနေသည်။
    Ref:Onislam
  • အတူပြန်လည် ယှဉ်တွဲနေထိုင်ရေးကို စောင့်မျှော်ကြည့် မိတ္ထီလာမှ ပြည်သူများ
    အတူပြန်လည် ယှဉ်တွဲနေထိုင်ရေးကို စောင့်မျှော်ကြည့် မိတ္ထီလာမှ ပြည်သူများ
    မတ် ၃ ၊ ၂၀၁၅
    M-Media
    notb4
    – ၂၀၁၃ ခုနှစ်က အကြမ်းဖျင်းအားဖြင့် အိမ်ပေါင်း ၈၀၀ နီးပါး ပျက်ဆီးခဲ့သည့် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာရှိ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များမှာ ဘာသာရေး စည်းများခြားကာ သီးခြားစီ ဖြစ်ခဲ့ကြရသည်။ ယခုအချိန်တွင် အဆိုပါ ပြည်သူများက ၎င်းတို့ လူ့အဖွဲ့အစည်း ပြန်လည်ပေါင်းစည်းမှုကို ခွင့်ပြုရန်အတွက် အစိုးရထံ အသနားခံစာတင်ထားသည်။ သို့သော်လည်း အိမ်နီးချင်းများ၏ ငြိမ်းချမ်းရေး အခန်းကဏ္ဍနှင့် ပတ်သက်၍ သံသယရှိနေဆဲပင်ဖြစ်သည်။
    ပဋိပက္ခအတွင်း ထိခိုက် ခံစားခဲ့ရသူများက သမ္မတဦးသိန်းစိန်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း တို့ထံ ၎င်းတို့၏ မေတ္တာရပ်ခံချက်များကို ဖော်ပြထားသောစာကို ပေးပို့ခဲ့သော်လည်း ၎င်းတို့အနေဖြင့် တုံ့ပြန်မှုကို စောင့်မျှော်နေ သည်ဟု ပြောကြားခဲ့သည်။
    နောက်ဆုံးဖြစ်ပွားခဲ့သည့် ပြဿနာက လွန်ခဲ့သည့် ၂ နှစ်ခန့် မိတ္ထီလာရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပွားစဉ်က အစပြုခဲ့သည်။ အနည်းဆုံး လူပေါင်း ၄၀ သေဆုံးခဲ့ပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ကာ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်က ပြည်သူများမှာ အသက်ဘေးအန္တရာယ်မှလွတ်ရန် အနီးအနားရှိ တောထဲတွင် သွားရောက်နေထိုင်ရသည်။
    “တောထဲမှာ ကျွန်မတို့ အတူတူနေခဲ့ရပြီး ၂ ညလောက် အိပ်ခဲ့ရပါတယ်။ ပြီးတော့ မီးလောင်နေတဲ့ ကျွန်မတို့ အိမ်တွေကိုကြည့်ပြီး အတူတူငိုကြွေးခဲ့ရပါတယ်” ဟု ဗုဒ္ဓဘာသာဝင်အမျိုးသမီး မလှမေက ပြောကြားခဲ့သည်။ သူမမှာ ယခုအချိန်တွင် မိတ္ထီလာရှိ ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည်။
    အစိုးရက အိုးအိမ်စွန့်ခွာထွက်ပြေးရသူများဟု သတ်မှတ်ထားသည့် အဆိုပါ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများမှာ ပဋိပက္ခများဖြစ်ပွားပြီး ကနဦးပိုင်းက ယာယီတဲများတွင် စုပေါင်းနေထိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် အစိုးရက နေအိမ်ဆုံးရှုံးသွားသော ပြည်သူများကို ဘာသာတရားကိုလိုက်၍ ခွဲထုတ်ခဲ့ပြီး မတူညီသော ဒုက္ခသည်စခန်းများသို့ ၎င်းတို့အား ပို့ဆောင်ခဲ့သည်။
    မိတ္ထီလာရှိ မွတ်စလင်ပြည်သူများနေထိုင်ရာ ဒုက္ခသည်စခန်းတာဝန်ခံ ကိုအောင်ဌေးက အယူဝါဒ ၂ ခုစလုံးမှ ပြည်သူများ အတူတကွတွဲ၍ နေထိုင်ပါက ပြဿနာဖြစ်မည်ကို စိုးရိမ်ရကြောင်း ဒေသအုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးက ပြောခဲ့သည်ဟု ၎င်းက ဆိုသည်။ ပြဿနာများကို ရှောင်ရှားရန်အတွက် ၎င်းတို့အား သီးခြားစီ ခွဲထားသော အဆိုပါဆောင်ရွက်မှုကို ပြည်သူများက မနှစ်မြို့ဘဲ မလိုအပ်ဟုလည်း ပြောခဲ့သည်။
    “ကျွန်တော်တို့ဟာ ဘာပြဿနာမှမဖြစ်ဘဲ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြပါတယ်” ဟု ဒေသတွင်း ပို့ဆောင်ရေးဆိုင်ရာ လေ့ကျင့်ရေး စင်တာ တစ်ခုကို တာဝန်ယူကြီးကြပ်နေသော ဦးမြင့်လွင်က ဆိုသည်။
    n-MYANMAR-MUSLIM-large570
    အင်းကုန်း သာသနာရက္ခိတ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာဝင်များ၏ ဒုက္ခသည်စခန်း တာဝန်ခံဖြစ်သူ အေးမောင်ဝင်းကလည်း ယခုအချိန်အထိ ပြဿနာမရှိသေးသော်လည်း ဒုက္ခသည်စခန်းများကို ပြန်ပေါင်းလိုက်ပါက ပြသနာများ ပေါ်ထွက်လာနိုင်သည်ဟု ဆိုသည်။ သို့သော်မိတ္ထီလာရှိ ဘာသာပေါင်းစုံမှာ ယခုအချိန်အထိ ရောနှောနေထိုင်ကြတုန်းပင်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ပေ ၃၀ ဆယ်လောက်ရှိတဲ့ လျှောက်လမ်းခြားထားပြီး မတူညီတဲ့ဒေသတွေမှာ နေထိုင်နေရပေမယ့် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်တွေမှာ အတူတကွ အချိန်တွေကို ကုန်ဆုံးလေ့ရှိကြပါတယ်” ဟု ၎င်းက ဆိုသည်။
    မိတ္ထီလာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ကြီးကြပ်နေသည့် ကိုခင်နန်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် အစိုးရက ကျပ် သန်း ၁၀၀ ပေးပြီး တောင်ကြီးနှင့် ရန်ကုန်တို့မှ မွတ်စလင်အလှူရှင်များကလည်း အဆိုပါ ဒုက္ခသည်များအတွက် အိမ်များ ပြန်လည်တည်ဆောက်ပေးကြသည်ဟု ပြောကြားခဲ့သည်။
    ပဋိပက္ခတွင် အိုးအိမ်ဆုံးရှုံးသွားခဲ့ကြသူများမှ ပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်ခဲ့ကြသည့် အိမ်ထောင်စု ၃၀ မှာ ယခုအချိန်တွင် အိမ်အသစ်များ၌ နေထိုင်နေကြရသည်။ လူပေါင်း ၃၀၀၀၀ ခန့်ကတော့ ဒုက္ခသည်စခန်းများတွင်ပင် ရှိနေသေး၏။ မြေကွက်များကို မျှဝေပိုင်ဆိုင်ကြသူများအတွက် တိုက်ခန်းများကို ထပ်မံဆောက်လုပ်နေသည်ဟု ဦးမြင့်လွင်က ဆိုသည်။
    ယခုအချိန်တွင်တော့ မိတ္ထီလာပြည်သူများက ယခင်ကဲ့သို့ အတူယှဉ်တွဲနေထိုင်ရေး မေတ္တာရပ်ခံချက်အတွက် တုံ့ပြန်မှုကို စောင့်ဆိုင်းနေလျက်ပင် ရှိနေလေ၏။
    ref:huffingtonpost
    လေးမောင် ဘာသာပြန်ဆိုသည်။