News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (မတ်-၅၊ ၂၀၁၅)

    မတ် ၁၊ ၂၀၁၅
    M-Media

    – ယူကရိန်းနေ့စဉ် သတင်းစာ Sevodnya က ၎င်း၏ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒွန်ညက်မြို့ အနောက်မြောက်ဘက်ရှိ ရွာတစ်ခုတွင် ဗုံးဆံထိမှန်၍ သေဆုံးခဲ့သည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ယူကရိန်းစစ်တပ်ကမူ နိုင်ငံအရှေ့ပိုင်း တိုက်ခိုက်မှုများမှာ ယမန်နေ့ညမှစတင်ကာ သိသိသာသာ လျော့ကျခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အစိုးရတပ်များ ထိန်းချုပ်ထားသော အက်ဗ်ဒီဗ်ကာဒေသသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

    – ကိုလံဘီယာ သမ္မတဟောင်း အလ်ဗာရို ယူရိုက်ဘ်လက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး မာရီယာ ဒဲလ် ပီလာရ်ကို တရားသူကြီးများ၊ နိုင်ငံရေးသမားများနှင့် သတင်းထောက်များအား တရားမ၀င် ထောက်လှမ်းစုံစမ်းခဲ့မှုအတွက် ကိုလံဘီယာတရားရုံးက ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်။

    – မော်စကိုမြို့လယ်ကောင်တွင် သောကြာနေ့ညက သေနတ်ဖြင့်ပစ်သတ်ခြင်း ခံလိုက်ရသည့် အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား သတ်ဖြတ်သူကို တရားဥပေဒရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး အဆိုပါအမှုအား စုံစမ်းစစ်ဆေးရန်အတွက်လည်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

    – ဆွဇ်နာမည်ကြိး တင်းနင်းသမား ရော်ဂျာဖက်ဒါရာမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ATP Dubai duty free championships တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက် နိုဗက်ဂျိုကိုဗစ်အား ယမန်နေ့က အနိုင်ကစားကာ ဗိုလ်စွဲနိုင်ခဲ့ပြီး ထိုဗိုလ်စွဲမှုမှာ ၎င်း၏ ၇ ကြိမ်မြောက် ဗိုလ်စွဲမှုလည်း ဖြစ်ခဲ့သည်။

    Ref: News agencies

  • ငြိမ်းချမ်းရေးအတွက် ပန်းပေးတဲ့ ကနေဒါမွတ်စလင်များ

    ငြိမ်းချမ်းရေးအတွက် ပန်းပေးတဲ့ ကနေဒါမွတ်စလင်များ

    မတ် ၁၊ ၂၀၁၅
    M-Media

    canada 1

    – မိမိတို့၏ အသိုင်းအ၀ိုင်းအပေါ် အထင်အမြင်လွဲမှားမှုများ များပြားလာသည့်အတွက် ငြိမ်းချမ်းရေး သရုပ်သကန်ကိုပြသရန် ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ် အဒ်မွန်တွန်မြို့မှ မွတ်စလင်အဖွဲ့များက လမ်းသွားလမ်းလာများအား ပန်းများကမ်းသည့် လှုပ်ရှားမှုတစ်ခုကို ပြီးခဲ့သည့် တစ်ပတ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ကျွန်မတို့ဟာ နှင်းဆီပန်းအဖြူတွေကို ကမ်းခဲ့ကြပြီး ငြိမ်းချမ်းရေး မြှင့်တင်ဖို့လည်း သတင်းစကား ပါးခဲ့ကြပါတယ်။ ကျွန်မတို့ဟာ အစွန်းရောက်တွေမဟုတ်ပါဘူး။ လူတွေ ကျွန်မတို့ကိုကြောက်တာ ကျွန်မတို့ မလိုချင်ပါဘူး။ ကျွန်မတို့ဟာ အခြားလူတွေလိုပါပဲ” ဟု အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မာရ်ဝါ ဖာရ်ဟတ်က Edmonton Journal ဂျာနယ်သို့ ပြောကြားခဲ့သည်။

    ဖာရ်ဟတ်နှင့် မွတ်စလင်ငြိမ်းချမ်းရေးအဖွဲ့မှ အခြားသော အဖွဲ့ဝင်များမှာ အက်ဒ်မွန်တွန် မြို့လယ်ကောင်တွင် နှင်းဆီဖြူ အပွင့် ၅၀၀ ကျော်ကို လမ်းသွားလမ်းလာများအား ကမ်းပေးခဲ့ကြသည်။ အဆိုပါ ပန်းများတွင် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် ပိုမိုနားလည်လာရေး အထောက်အကူဖြစ်စေရန် သတင်းအချက်အလက်အချို့ကို ရေးသားထားသော စာရွက်များလည်း ပါဝင်ခဲ့သည်။

    IS နှင့် အလ်ရှာဘတ်တို့ကဲ့သို့ အစ္စလာမ်ကို အလွဲသုံးစားလုပ်နေသော အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး မီဒီယာများတွင်လည်း အစ္စလာမ်နှင့်ပတ်သက်၍ လွဲများစွာဖော်ပြနေကြသည့်အတွက် အထင်အမြင်လွဲမှုများကို တန်ပြန်တိုက်ဖျက်ရန် ရည်ရွယ်သော အဆိုပါလှုပ်ရှားမှုကို စတင်ရန် ထိုအဖွဲ့မှာ ပြီးခဲ့သည့် သီးတင်းပတ် ၃ ပတ်ကတည်းက အိုက်ဒီယာ ရခဲ့ခြင်းဖြစ်သည်။

    အဆိုပါလှုပ်ရှားမှုမှာ အလွန်အကျိုးရှိခဲ့ပြီး လမ်းသွားလမ်းလာများက မွတ်စလင်လူငယ်များ ကမ်းသော နှင်းဆီဖြူများကို အပြုံတစ်ပိုင်းဖြင့် ယူဆောင်ခဲ့ကြပြီး အချို့ကလည်း မေးခွန်းမေးခဲ့ကြသည်ဟု ဖာရ်ဟတ်ကဆိုသည်။

    “အစ္စလာမ်ကို ပရိုမိုးရှင်းလုပ်နေတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပရိုမိုးရှင်းလုပ်နေတာပါ။ အဲဒီမှာ ကျွန်မတို့ဟာ ဖော်ရွေမှုလေးတွေ ပေးလိုက်တာပါပဲ။ အစွန်းရောက်သမားတွေမှာ ဘာသာတရားမရှိပါဘူး။ သူတို့က ကျွန်မတို့ သာသနာကို ယူလိုက်တယ်။ ပြီးတော့ သူတို့ရဲ့ အစွန်းရောက်အခြေအနေတွေဆီ ပြောင်းလဲလိုက်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဆဲလီ ဖာရ်ဟတ်ဆိုသည့် အခြားမွတ်စလင်အမျိုးသမီးတစ်ဦကလည်း သူမအနေဖြင့် မြောက်ကယ်ရိုလိုင်းနားတွင် မွတ်စလင်လူငယ် ၃ ဦး နေအိမ်၌ အသတ်ခံလိုက်ရပြီးနောက်ပိုင်း လူ့အဖွဲ့အစည်းအတွင်း တက်ကြွသည့် အခန်းကဏ္ဍမှပါဝင်ရန် စိတ်အားထက်သန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွမတို့ဟာ သာမန်လူတွေပဲဖြစ်တယ်ဆိုတာ လူတွေကို သိစေချင်ပါတယ်။ မွတ်စလင်ဖြစ်ဖြစ်၊ မွတ်စလင်မဟုတ်သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ လူကောင်းဖြစ်ရင် ရပါပြီ” ဟု ဆဲလီက ပြောကြားခဲ့သည်။

    ကနေဒါနိုင်ငံ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူမှာ ၂.၈ ရာခိုင်နှုန်းရှိသည်။

    Ref: Onislam

  • မိမိတွင် ဖိအားရှိနေသည်ဟု အာဆင်ဝင်းဂါး ၀န်ခံ

    မိမိတွင် ဖိအားရှိနေသည်ဟု အာဆင်ဝင်းဂါး ၀န်ခံ

    မတ် ၁၊ ၂၀၁၅
    M-Media

    wger

    – အာဆင်နယ်နည်းပြအဖြစ် မိမိမှာ ဖိအားများကို ခံစားနေရသည်ဟု နည်းပြ၀င်းဂါးက ၀န်ခံလိုက်ပြီး ကျန်ရှိသည့် ရာသီ လက်ကျန်ပွဲများအတွက် မိမိတို့အသင်း၏ အိမ်ကွင်းပုံစံက အရေးပါသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် အာဆင်နယ်မှာ အိမ်ကွင်း၌ မိုနာကိုအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ်ခဲ့ပြီးနောက် ၀င်းဂါးအပေါ် ဝေဖန်မှုအသံများမှာ ပိုမိုကျယ်လောင်လာခဲ့ပြီး ထိုအရှုံးကလည်း ချန်ပီယံလိဂ်မှ ထွက်ခွာရရန် နီးစပ်ခဲ့သည်။

    “(အခြားနည်းပြတွေလိုပဲ) ကျွန်တော်လည်း ဖိအားတွေ ရှိနေပါတယ်။ ပွဲတွေကို အနိုင်ကစားချင်ပြီး (မိုနာကိုနဲ့ပွဲမှာ) အနိုင်မရခဲ့တာက အလွန် စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကစားပွဲရဲ့ အစိတ်အပိုင်းပါပဲ။ (ချန်ပီယံလိဂ်မှာ) လွန်ခဲ့တဲ့လေးနှစ်စလုံး တိုးတက်မှုမရှိတာ မှန်ပါတယ်။ ပြီးတော့ ဒါကြောင့်ပဲ ဗုဒ္ဓဟူးနေ့က ဒီရလဒ်ဟာ စိတ်ပျက်စရာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်အဖြစ် ယနေ့တွင် အဲဗာတန်နှင့် ကစားရမည်ဖြစ်ပြီး ယခုနှစ်တွင် အသင်းအနေဖြင့် အောင်မြင်မည်လားဟု မေးမြန်းခဲ့ရာ ၀င်းဂါးက “ရာသီကုန်တဲ့အထိ စောင့်ကြတာပေါ့။ ကျွန်တော်တို့အခု ၄၈ မှတ် ရနေတယ်။ ရာသီကုန်တဲ့အထိ ကြည့်ရပါမယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref:Goal.com

  • အီရတ်အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်

    အီရတ်အမျိုးသားပြတိုက် ပြန်လည်ဖွင့်လှစ်

    မတ် ၁၊ ၂၀၁၅
    M-Media

    abd

    – အမေရိကန်၏ ကျူးကျော်စစ် စတင်ပြီးနောက် ပိတ်ပစ်ခဲ့ရပြီး လုယက်မှုများ၊ ခိုယူမှုများဖြင့် ရင်ဆိုင်ခဲ့ရသည့် အီရတ် အမျိုသားပြတိုက်အား ယမန်နေ့တွင် ပြန်လည်ဖွင်လှစ်လိုက်ပြီဟု သိရသည်။

    ဖွင့်ပွဲအခမ်းအနားသို့ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ် အက်ဘာဒီ တက်ရောက်ခဲ့ပြီး မိမိအနေဖြင့် နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် မူဆိုးလ်မြို့တွင် ရှေးဟောင်း ပစ္စည်းများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်များကိုလည်း ရှုတ်ချခဲ့သည်။

    “အဲဒီ ရိုင်းစိုင်းပြီး၊ ရာဇ၀တ်ကောင် အကြမ်းဖက်သမားတွေက လူသားတွေရဲ့ သမိုင်းအမွေအနှစ်တွေနဲ့ အီရတ်ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းနေကြပါတယ်။ အီရတ်မှာ သူတို့ကျစေခဲ့တဲ့ သွေးတစ်စက်ချင်းအတွက်နဲ့ အီရတ်ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးခဲ့ကြတဲ့အတွက် ပြန်လည်ပေးဆပ်ဖို့ ကျွန်တော်တို့ သူတို့ကို ဖမ်းဆီးသွားမှာပါ” ဟု အက်ဘာဒီက ဆိုသည်။

    စစ်ပွဲဖြစ်ပွားစဉ် ၁၂ နှစ်တာကာလအတွင်း အဆိုပါ ပြတိုက်မှ ရှေးဟောင်းပစ္စည်းပေါင်း ၁၅၀၀၀ ကျော် လုယက်ခံခဲ့ရပြီး ၃ ပုံ ၁ ပုံကို ပြန်လည်ရရှိခဲ့သည်။ ယခုဖွင့်လှစ်ခဲ့သည့် အဆိုပါပြတိုက်တွင် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀၀၀ ကျော်မှ ရှေးဟောင်းပစ္စည်းများလည်း ပါဝင်သည်။

    အီရတ်နိုင်ငံမှာ ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များ ပေါများသည့်နေရာအဖြစ် ကျော်ကြားပြီး အီရတ်ကို လူ့ယဉ်ကျေးမှု၏ မူလဘူတအဖြစ် သတ်မှတ်ကြသည်။

    Ref: bbc

  • ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    ဆီရာလီယွန်နီ ဒုတိယသမ္မတ အီဘိုလာစိုးရိမ်မှုကြောင့် သီးသန့်ခွဲနေ

    မတ် ၁၊ ၂၀၁၅
    M-Media

    srln

    – မိမိ၏ သက်တော်စောင့်များထဲမှတစ်ဦးမှာ အီဘိုလာဖြင့် သေဆုံးခဲ့ပြီးနောက်ပိုင်း ဆီရာလီယွန်နီ၏ ဒုတိယသမ္မတ ဆမ် ဆူမာနာက အီဘိုလာစိုးရိမ်ရမှုကြောင့် ၎င်းကိုယ်တိုင် သီးသန့်နေထိုင်နေသည်ဟု အစိုးရက ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပြီး အဆိုပါ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တွန်းလှန်ရေးအတွက် ခရီးသွားမှု ကန့်သတ်ချက်များကိုလည်း ဆီယာလီယိုက ပြန်လည် သတ်မှတ်ထားသည်။

    သေဆုံးသွားသည့် ဆူမာနာ၏သက်တော်စောင့်မှာ အသက် ၄၂ နှစ်အရွယ် ဂျွန် ကိုရိုမာဆိုသူဖြစ်ပြီး သောကြာနေ့က အီဘိုလာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆူမာနာက ကြိုတင်ကာကွယ်မှုအဖြစ် ၎င်းတို့၏အိမ်တွင် သီးသန့်နေထိုင်ခဲ့ကာ ကျန်းမာရေးတာဝန်ရှိသူများက ဆောင်ရွက်နေသော စမ်းသပ်စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းနေသည်။

    ဒုတိယသမ္မတအနေဖြင့် အန္တရာယ်ရှိသော အနေအထားတွင် မရှိသော်လည်း ရောဂါပိုး ပေါက်ဖွားကူးစက်နိုင်သည့် အချိန်ကာလဖြစ်သော ၂၁ ရက်အထိ ရုံးသို့မသွားရန် ဆုံးဖြတ်ခဲ့ပြီး နေအိမ်မှနေ၍ အလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

    ဆီရာလီယွန်နီတွင် ပြီးခဲ့သည့်တစ်ပတ်အတွင်း အီဘိုလာကူးစက်သူ ၁၈ ဦးရှိခဲ့ပြီး ယခင်တစ်ပတ်ထက် ၂ ဦးတိုးလာခဲ့ကာ
    ထိုပမာဏမှာ နိုင်ငံအတွင်း ယခင်လများ၌ ရောဂါကူးစက်မှုနှုန်းလျော့ကျမှုကို ပျက်ဆီးစေခဲ့သည်။ ထို့ကြောင့် ခရီးသွားလာမှု
    ကန့်သတ်ချက်များကို အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    Ref: Aljazeera